Friday, September 27, 2013

ဧမာနွေလ ကြာအိုင်လင်း နှင်. I Love Myanmar

သတင်းစာထဲမှာ မကြာမကြာတွေ.နေ၇တဲ့ လွမ်းဆွတ်ခြင်း စာတမ်းလေးကို သတိထားမိပါတယ် ၊ ကွယ်လွန်သွားရှာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးအတွက် မိသားစုတွေ ရဲ.ဆုတောင်းလေးမို. သေချာဖတ်မိသလို သိလည်း သိချင်လာမိပါတယ် ..နောက် I Love Myanmar ဆိုတာကရော ဘာလည်းလို. သိချင်လာခဲ့ပါတယ် ..တစ်နေ.တော. ဒါနဲ.ပတ်သက်တဲ့ အကြောင်းအရာစုံကို တွေ.လိုက်ရတာမို. မူရင်းအတိုင်းပဲ ကူးယူဖော်ပြလိုက်ပါတယ် ..

လောကကနေ စောစီးစွာထွက်ခွာသွားသော သမီးငယ်လေး
သမီးလေးရဲ့ နောက်ကြောင်းကို အနည်းငယ် ဝေမျှရမယ်ဆိုရင် ၂၀၀၇ အောက်တိုဘာလ ၁၃ နေ့ရက်မှာ အမေရိကနိုင်ငံ မဉ္ဖူရီပြည်နယ် ကမ်းစပ်မြို့တွင် ဗိုက်ခွဲခြင်းဖြင့် မွေးဖွါးခဲ့ပါသည်။ သားဦးကိုလဲ ဗိုက်ခွဲမွေးခဲ့ရတဲ့အတွက် သမီးလေးကို ဒုတိယအကြိမ်အဖြစ် ဗိုက်ခွဲမွေးရတဲ့အခါ မြန်မာပြည်ရှိ ဒေသတော်တော်များများမှာ ဆေးရုံမရှိလို့ အချိန်မတန်ဘဲ အသက်ဆုံးပါးသူ မိခင်တွေ၊ ကလေးသူငယ်တွေကို မေ့ဆေးပျယ်ပျယ်ခြင်း သတိရမိပါတယ်။ 

သမီးလေး ဖွါးမြင်ပြီး ၅ ရက်အတွင်းမှာ မြန်မာပြည်ရှိ အသိမိတ်ဆွေများကို ဆက်သွယ်ခဲ့ပြီး နယ်စွန်နယ်ဖျားတွေမှာ ဆေးရုံဆောက်လုပ်လှူဒါန်းလိုပါသဖြင့် နေရာရှာပေးပါရန် ကမ်းလှမ်းခဲ့ပါသည်။ မကြာခင် လပိုင်းအတွင်းမှာ သမီးလေးနာမည်နဲ့ ဧမာနွေလဖေါင်ဒေးရှင်း ကို အမေရိကနိုင်ငံမှာ မှတ်ပုံတင်လိုက်ပါတယ်။ သမီးလေး ၃ လ အရွယ်မှာ ကရင်ပြည်နယ်မှာ ဆေးရုံဆောက်လုပ်ရန် အစီအစဉ်ဆွဲကြပါတယ်။ လိုအပ်ငွေကိုလဲ မြန်မာပြည်ကို ပို့လိုက်ပြီးဖြစ်ပါတယ်။ ဆေးရုံဆောက်ရန် ပြင်ဆင်နေဆဲမှာ မေလ ၃ ရက်နေ့မှာ နာဂစ်မုန်တိုင်းကျရောက်ပါတယ်။ ဆေးရုံဆောက်ဖို့ ရည်ရွယ်ထားတဲ့ ငွေကြေးတွေကို နာဂစ်ဒါဏ်သင့်သူတွေ ကူညီဘို့ မျှားဦးလှည့်လိုက်ပါတယ်။

ဧမာနွေလကြာအိုင်လင်း မမွေးဖွါးခင်ကတည်းက သမီးလေးရဲ့အခန်းကို ပန်းရောင်သန်းတဲ့ အကောင်းဆုံးပစ္စည်းတွေနဲ့ ပြင်ဆင်ခဲ့ပါတယ်။ အခန်းတွင်း လေထုသန့်ရှင်းမှုကိုလဲ ကိရိယာနဲ့တိုင်းတာပါတယ်။ သူမဘ၀မှာ ဘာမှလိုလေသေးမရှိခဲ့ပါဘူး။ အမေရိကန် အသိမိတ်ဆွေများပင် အံ့သြလောက်အောင် သမီးလေးအတွက် ပြင်ဆင်ခဲ့ပါတယ်။

ဧမာနွေလကြာအိုင်လင်းရဲ့ အသားအရေသည်လည်း ပန်းရောင်သန်းနေပြီး သူမကိုမြင်ဖူးသူတိုင်း သူမရဲ့အလှကြောင့် အံ့သြစေပါတယ်။ တနေရာရာသို့ လမ်းထွက်လျှောက်ရင် လမ်းသွားလမ်းလာများ မနေနိုင်၊ ပြန်လှည့်လာကာ ကလေးကို ကြည့်ကြပါတယ် ဓါတ်ပုံရိုက်ကြပါတယ်။ အရုပ်ကလေးလို လှပတယ်လို့ ဆိုကြပါတယ်။ မွေးကတည်းက တချက်မှ မငိုပါ။ တယောက်ယောက်မှ ကြည့်လိုက်ရင် ပြုံးနေလေ့ရှိတယ်။ သို့သော် နာဂစ်မုန်တိုင်းတိုက်ပြီးနောက် မိခင် မြန်မာပြည်သွားခါနီးတွင် ၀မ်းနည်းနေသည်ကို တွေ့ရပါတယ်။ မြန်မာပြည်ကို ခေါ်သွားမယ်လို့ ပြောရင် ပြုံးလာပြန်ပါတယ်။ ထိုအချိန်တွင် ၇လသာ ရှိသေးတဲ့အတွက် ဘာကြောင့် မြန်မာပြည်သွားခြင်း မသွားခြင်း သဘောကို နားလည်တယ်ဆိုတာ အခုထိ စဉ်းစားရခက်နေဆဲ ဖြစ်ပါတယ်။

နာဂစ်ဒါဏ်ကြောင့် သေဆုံးသူ မိသားတစ်စုရဲ့အလောင်းတန်းစီနေတဲ့ ကလေးလေးတွေရဲ့ ဓါတ်ပုံကို တွေ့ပြီး ကူညီရန် မြန်မာပြည်သို့ ပြန်လာတဲ့အခါ သမီးလေးသည် ၇လ အရွယ်မှာ ဖြစ်ပါတယ်။ စိတ်ဒွိဟဖြစ်ခဲ့ပါတယ်။ သမီးလေး ငယ်သေးတယ် နုနယ်သေးတယ် မခွဲရက်ဘူး။ တစ်ဖက်မှာလဲ တစ်သက်မှာ တစ်ခါကြုံရတဲ့ မုန်တိုင်းဒါဏ်သင့်သူများရဲ့ မျက်နှာလေးတွေကို မြင်တော့ မနေနိုင်အောင် ဖြစ်မိပါတယ်။ နောက်ဆုံးမှာ သမီးလေးကို ချီပြီ မြန်မာပြည်ကမ်းရိုးတန်းခရီး ထွက်လာခဲ့ပါတယ်။ ခရီးစဉ်တလျှောက်မှာ သမီးကို သမီးဘ၀မှာ ဒီလိုအလှူအဒါန်းလုပ်ဘို့ မွေးလာတာ အားတင်းထားပါ။ အခုကတည်းက လေ့ကျင့်ပေးထားတာလို့ ပြောလာခဲ့ပါတယ်။ 



ဘိုကလေးမြို့နယ်မှာ အလှူအဒါန်းလုပ်ပြီးပြန်လာပြီး တစ်ပတ်အတွင်းမှာ အအေးမိပြီး အဆိပ်တက်ကာ သွေးလွန်ပြီး pneumonia septicemia ဖြင့် ရန်ကုန်ကလေးဆေးရုံကြီးမှာ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ ၁၁လ အရွယ်မှာ ဆုံးသွားပါတယ်။ ထိုအချိန်မှာ မိခင်အနားမှာ မရှိခဲ့ပါ။ နယ်စွန်ခရီးသွားရမှာမို့ ဘိုကလေးကနေ ပြန်လာတာ သမီးလေးပင်ပန်းမယ် ခရီးကြမ်းထပ်မခေါ်ရက်ဘူးဆိုပြီး ရန်ကုန်မှာ အဘိုးအဘွားနဲ့ နေခဲ့ပါတယ်။ ၁၆ ရက်နေ့ခင်းကတည်းက သမီးလေး မျက်ရည်ပေါက်ပေါက်ကျတယ်လို့ ဆိုပါတယ်။ စကားမပြောနိုင်သေးတာမို့ ဆေးရုံတင်ပါတယ်။ သွေးလွန်တဲ့အတွက် သွေးလှူရှင်မှ သွေးသွင်းပေးပါတယ်။ သွေးလှူရှင်ဘယ်သူဆိုတာ အခုထိ မသိပါဘူး။ ၅ နှစ်ကြာပြီဖြစ်ပါသော်လည်း ကျေးဇူးမမေ့သေးပါဘူး။ အလှူအဒါန်း ဆက်တိုက်လုပ်လာတာမို့ သွေးလှူရှင်ကို မစုံစမ်းဖြစ်သေးပါ။ မကြာခင် ကလေးဆေးရုံမှတဆင့် ရှာပါမယ်။

စက်တင်ဘာ ၁၆ ရက် ညနေကတည်းက အသက်ကယ်စက်လေးဖြင့် အသက်ရူစေခဲ့ပါတယ်။ မိခင်ရောက်လာတဲ့အခါမှာ အသက်ကယ်စက်မှ မကယ်နိုင်တော့တဲ့အချိန်ဖြစ်နေပါပြီ။ အသက်ကယ်စက်ကလေးကို ဖြုတ်လိုက်တဲ့အခါမှာ ပိုပြီး ရင်နာလာပါတယ်။ အသက်ကယ်စက်မှာ သံချေးများတက်နေတာကို တွေ့ရပါတယ် (ကလေးဆေးရုံရဲ့ အပြစ်မဟုတ်ပါ) ရန်ကုန်မြို့ ကလေးဆေးရုံကြီးရဲ့ တခုတည်းသော အသက်ကယ်စက်ကို မြင်တော့ ကလေးဆေးရုံကို ပြုပြင်မယ်လို့ နှလုံးသားထဲ ကိန်းအောင်းသွားပါတယ်။ သမီးလေး နှစ်လည်အမှတ်တရအဖြစ် ကလေးဆေးရုံ အရေးပေါ်အခန်းကို ပြုပြင်တဲ့အခါ တခြားစက်များနဲ့အတူ အသက်ကယ်စက် နှစ်လုံးတပ်ပါတယ်။ ထို့နောက်ပိုင်း ရင်ချင်းကပ်ကလေးတွေ မွေးလာလို့ ခွဲစိတ်တဲ့အခါ အသက်ကယ်စက် နှစ်လုံးကို အသုံးပြုကြောင်း၊ အရင်က အသက်ကယ်စက်တစ်လုံးကို အလှည့်ကျ ပေးခြင်းမှ ကင်းဝေးပြီဖြစ်ကြောင်း ကလေးဆေးရုံမှ အကြောင်းကြားလာပါတယ်။

သမီးလေးကြောင့် ပြုလုပ်ခဲ့တဲ့အရာတွေသည် မြန်မာပြည်မှ ကလေးများစွာ ကောင်းကျိုးခံစားရတာ သိရတဲ့အခါ သမီးလေးအတွက် ဂုဏ်ယူလို့ မဆုံးဖြစ်မိပါတယ်။ ဒါပေမယ့် ဖြစ်နိုင်လို့ ၂၀၀၈ ခုနှစ် သြဂုတ်လခန့်သို့ အချိန်ပြန်ဆွဲခွင့် ပြန်ရခဲ့မယ်ဆိုရင် တမျိုးတမယ်ပြုပြင်ခွင့်ရမယ်လို့ ယနေ့အထိ ဆန္ဒဖြစ်မိတာကိုတော့ ၀န်ခံပါရစေ။ သမီးလေး ဆေးရုံတက်ခါနီး မျက်ရည်ပေါက်ပေါက်ကျတယ်ဆိုတာ သိရတဲ့အခါ ကလေးလေးမို့ နာကျည်းခြင်းကို မဖေါ်ပြတတ်သေးသော်လည်း မိခင်ရဲ့ မျက်နှာကို နောက်ဆုံးမြင်ချင်တယ်လို့များ တောင်းဆိုနေသလားလို့ တွေးမိတဲ့နေ့တိုင်း မျက်ရည်မစဲနိုင်တဲ့နေ့ ဖြစ်နေဆဲပါ။

သမီးဆုံးတာ ၁၇ ရက်နေ့မှာဖြစ်ပါတယ်။ ၂၁ ရက်နေ့မှာ မြန်မာပြည်ကနေ ပြည်ပပြန်ထွက်မယ်လို့ ရည်ရွယ်ခဲ့ပါတယ်။ လေယာဉ်လက်မှတ်များလဲ စီစဉ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် မိခင်မှ မြန်မာပြည်မှာ နေချင်သေးတယ် ခရီးစဉ်ဖျက်မယ်လို့ ပြောခဲ့မိပါတယ်။ ၁၇ ရက်နေ့မှာ သမီးလေးဆုံးတော့ ၂၁ ရက်နေ့ ပြည်ပထွက်မယ့် ခရီးစဉ်ကို တကယ်ဖျက်လိုက်ရပါတယ်။ မိခင်မှ မြန်မာပြည်မှာ နေချင်တဲ့ဆန္ဒကို သမီးလေးက ဖြည့်ဆည်းပေးလိုက်ပါတယ်။ မိခင်ရဲ့စိတ်ကို သိသူလေး။ ဖြည့်ဆည်းတတ်သူလေး။ အလိမ္မာလေး။

သမီးလေးဆုံးပြီးနောက်ပိုင်းမှာ နာဂစ်ဒေသအတွက် အလှူအဒါန်းတိုးချဲ့ပါတယ်။ နာဂစ်ဒါဏ်သင့်သူများနဲ့ နေရတာ နှစ်သိပ်မှုရခဲ့တယ်။ အလွမ်းပြေစေပါတယ်။ သမီးလေးသာ မဆုံးခဲ့ရင် အချိန်တိုတိုလေးအတွင်းမှာ ဒီလောက်ဆက်တိုက်လှူဖြစ်မယ်မထင်ပါဘူး။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၅နှစ်အတွင်း မရောက်ဖူးသေးတဲ့ မြန်မာပြည်နယ်စွန်နယ်ဖျားထိ ခရီးဆက်ဖြစ်ခဲ့ပါတယ်။

သမီးလေးရဲ့ဓါတ်ပုံနဲ့ သူမအကြောင်းကို ဖေါ်ပြလေ့မရှိခဲ့ဖူးပါ။ တောင်းဆိုသူများလာသောကြောင့် ဒီနှစ် ၅ နှစ်ပြည့် နှစ်လည်အမှတ်တရအဖြစ် တင်ဖြစ်ပါတယ်။ I LOVE MYANMAR facebook စတင်ပြီးနောက်ပိုင်းမှာ မမြင်ဖူးသူတွေ မသိသေးသူများထံမှ မေ့စစ်လေးတွေ ဖတ်ရတော့ ခွန်အားဖြစ်စေခဲ့ပါတယ်။ တစ်ဦး တစ်ယောက်တိုင်းဆီမှာ ကျေးဇူးတင်စကား မပြောဖြစ်သေးသည်ကို ခွင့်လွှတ်ပါရန်။

မိမိသည် မြန်မာပြည်မှာ မွေးဖွါးခဲ့တာ မြန်မာပြည်မှာ ပညာသင်ခဲ့ရတာလည်း ကျေးဇူးမမေ့ပါဘူး။ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများကြားမှာ ကြီးပြင်းခွင့်ရတာကိုလည်း ဂုဏ်ယူလို့ မဆုံးပါဘူး။ သမီးလေးကို မြန်မာပြည်မှာ သဂြိုလ်ခွင့်ရခဲ့တာကိုလည်း ကျေနပ်တယ်။ မြန်မာပြည်အပေါ် ကျေးဇူးအကြွေး နဲ့ မေတ္တာအကြွေးများသာ ရှိပါတော့သည်။

ကိုယ့်အချစ်ဆုံးသူ ဆုံးပါးသွားလို့မျော်လင်ချက်ကင်းမဲ့သွားသလိုဖြစ်ခဲ့ပေမယ့် အချိန်တန်လာရင် ကောင်းကင်ဘုံမှာ ပြန်ဆုံမယ်ဆိုတဲ့ ယုံကြည်မျော်လင့်ချက်ဖြင့် အသေးငယ်ဆုံးသောသူများအား မစရင်း….

လီဗီဆပ်နိုင်ထန်း @ i Love Myanmar Page

No comments:

Post a Comment