ရန်ကုန် တက္ကသိုလ် ဘွဲ.နှင်း သဘင် ခန်းမတွင် နိုဝင်ဘာ ၁၉ ရက်နေ.က အမေရိကန် နိုင်ငံ သမ္မတ အိုဘားမား ပြောကြားခဲ့သော မိန်.ခွန်း
မြန်မာနိုင်ငံမင်္ဂလာပါ (မြန်မာဘာသာဖြင့် နှုတ်ဆက်သောကြောင့် ရယ်သံများနှင့် လက်ခုပ်သံများစွာ ဆူညံသွားသည်)
ဒီတက္ကသိုလ်ကို ရောက်လာခဲ့တဲ့အတွက်၊ ဒီနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်ရတဲ့ အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ဒီနိုင်ငံရဲ့ အရေးပါမှုကြောင့်ပါပဲ။
ခင်ဗျားတို့ဟာ အရှေ့နဲ့ တောင်အာရှရဲ့လမ်းဆုံမှာ တည်ရှိနေတာပါ။ ဒီနိုင်ငံဟာ
ကမ္ဘာမြေပေါ်မှာ လူဦးရေအများဆုံး နိုင်ငံနှစ်ခုရဲ့ နယ်ခြားလည်း ဖြစ်နေပါတယ်။
ခင်ဗျားတို့မှာ နှစ်ထောင်ချီတဲ့ သမိုင်းလည်းရှိတယ်၊ ကမ္ဘာမြေရဲ့
ဖွံ့ဖြိုးမှုအမြန်ဆုံးဒေသရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရာမှာ ကူညီနိုင်တဲ့
အစွမ်းလည်းရှိနေတဲ့ နိုင်ငံပါ။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ခင်ဗျားတို့နိုင်ငံရဲ့ လှပတင့်တယ်မှုနဲ့
မတူကွဲပြားမှုတွေ ကြောင့်ပါပဲ။ ဒီနေ့အစောပိုင်းမှာ ရွှေရောင်လွှမ်းနေတဲ့
ရွှေတိဂုံဘုရားကို ဖူးမြင်ခွင့်ရခဲ့တယ်။ အချိန်ဆိုတဲ့အရာကို လွန်မြောက်တဲ့
မေတ္တာတရားဆိုတဲ့ အိုင်ဒီယာ-ကျွန်တော်တို့ ဒီကမ္ဘာပေါ်မှာ နေထိုင်ခွင့်ရတဲ့
အချိန်ကာလကို သည်းခံမှု(ခန္တီ)နဲ့ ချစ်ခြင်း(မေတ္တာ) ဆိုတဲ့ အရာတွေနဲ့
ဖွင့်ဆိုနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေဟာ ကျွန်တော့်ရင်ကို လှုပ်ခတ်ခဲ့ပါတယ်။
ဒီမြေဟာ ဒီမြို့ဟောင်းကြီးရဲ့ လူနေထူထပ်တဲ့ ရပ်ကွက်ဝန်းကျင်တွေကနေ
ကျေးရွာပေါင်း ၆၀၀၀၀ ကျော်အထိ၊ ဟိမ၀န္တာတောင်ထွတ်ဖျားကနေ၊ ကရင်ပြည်နယ်
သစ်တောတွေအထိ၊ ဧရာဝတီ မြစ်ကမ်းပါးတွေအထိ ကျယ်ပြောတယ်ဆိုတာ
ကျွန်တော်သိထားပါတယ်။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ဒီတက္ကသိုလ်ကို လေးစားမှုကြောင့်ပါပဲ။
ဒီကျောင်းမှာ ကိုလိုနီအုပ်စိုးမှုကို အတိုက်အခိုက်ပြုမှုဟာ ပထမဆုံး
စတင်ခဲ့တယ်။ လွတ်လပ်ရေးလှုပ်ရှားမှုကို မဦးဆောင်မီ ဒီနေရာမှာ
(ဗိုလ်ချုပ်)အောင်ဆန်းဟာ မဂ္ဂဇင်းတစ်စောင်ကို တည်းဖြတ်ခဲ့ပါတယ်။ ကုလသမဂ္ဂကို
မကွပ်ကဲမီ ဒီနေရာမှာ ဦးသန့်ဟာ ကမ္ဘာကြီးရဲ့ လားရာတွေကို ဆည်းပူးခဲ့ပါတယ်။
ဒီနေရာမှာ ပြီးခဲ့တဲ့ ရာစုနှစ်က ပညာရပ်ဆိုင်ရာ လေ့လာမှုတွေ အားကောင်းခဲ့သလို
ကျောင်းသားတွေဟာလည်း အခြေခံ လူ့အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြတာပါ။
အခုနေအခါမှာတော့ ခင်ဗျားတို့ရဲ့ လွှတ်တော်က ဒီကျောင်းတော်ကြီးကို
ပြန်လည်အသက်သွင်းဖို့ သဘောတူခဲ့ကြပြီ ဖြစ်သလို ဒီကျောင်းတော်ကြီးဟာ
သူ့ရဲ့ကြီးမြတ်မှုကို ပြန်လည်ရယူရမှာပါ။ ဘာကြောင့်လဲဆိုတော့
ဒီနိုင်ငံရဲ့အနာဂတ်ကို လူငယ်တွေရဲ့ ပညာရေးက အဆုံးအဖြတ်ပေးမှာ ဖြစ်လို့ပါပဲ။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ကျွန်တော်တို့ နှစ်နိုင်ငံကြားက
သမိုင်းကြောင်းကြောင့်ပါပဲ။ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုတုန်းက အမေရိကန်က
ကုန်သွယ်သူတွေ၊ ကုန်သည်တွေ၊ သာသနာပြုတွေဟာ ဒီနေရာကို လာပြီးတော့ ယုံကြည်မှု၊
ကူးသန်းရောင်းဝယ်ရေးနဲ့ မိတ်ဆွေဖြစ်မှုဆိုတဲ့ ကတိက၀တ်တွေကို
တည်ဆောက်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ် အတွင်းကလည်း ဒီနယ်ခြားတွေကို
ကျွန်တော်တို့ လေယာဉ်မှူးတွေက ဖြတ်သန်းပြီးတော့ တရုတ်နိုင်ငံတွင်းကို
ဝင်ရောက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ စစ်သည်များစွာရဲ့ အသက်တွေ
ပေးဆပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးဟာ ဗြိတိသျှအင်ပါယာအောက်က
ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဟာ ပြည်ထောင်စုမြန်မာနိုင်ငံ
လွတ်လပ်ရေးရတာကို ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
ရန်ကုန်မှာ အမေရိကန်စင်တာတစ်ခု ရှိတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမိသလို
ဒီကျောင်းလိုမျိုး ကျောင်းကြီးတွေနဲ့ ပညာအပြန်အလှန် ဖလှယ်ခွင့်ရရင်လည်း
ဂုဏ်ယူမိမှာပါ။ ကွဲပြားခြားနားတဲ့ ဆယ်စုနှစ်များစွာကို ဖြတ်သန်းလာခဲ့တဲ့
တစ်လျှောက်မှာလည်း အမေရိကန်တွေဟာ ဒီနိုင်ငံနဲ့ ဒီလူမျိုးအပေါ်
တစ်ညီတစ်ညွတ်တည်း သံယောဇဉ် ရှိခဲ့ကြတာပါ။
ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာခဲ့တာဟာ လူသားရဲ့ ဂုဏ်သိက္ခာပေါ်မှာ
အမေရိကန်ရဲ့ ယုံကြည်မှုကြောင့်ပါပဲ။ ကျွန်တော်တို့ နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့
ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ဒါပေမဲ့
ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ
အမြဲတမ်း မျှော်လင့်နေခဲ့တယ်ဆိုတာကို ကျွန်တော်ပြောနိုင်ပါပြီ။
မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်။
ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။
တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသား မိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့
တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။
ရွှေဝါရောင်သင်္ကန်းတွေ လွှမ်းခြုံထားတဲ့ သံဃာတော်တွေက ငြိမ်းချမ်းစွာ
ကန့်ကွက်ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။
ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် သာမန်ပြည်သူတွေက
ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းဖွဲ့စည်းခဲ့ကြတာကိုလည်း ကျွန်တော်တို့
သိခဲ့ရပါပြီ။ လွတ်လပ်မှုသံစဉ်ကို ဖန်တီးခဲ့ကြတဲ့ ဟစ်ဟော့ပ် အနုပညာရှင်တွေရဲ့
စည်းချက်တွေကိုလည်း သိခဲ့ရပါပြီ။ သူတို့ရဲ့ မွေးရပ်နဲ့ မိသားစုတွေဆီကို
ဘယ်တော့မှ အဆက်အသွယ် မပြတ်ကြတဲ့ ဒုက္ခသည်တွေ၊ ပြည်ပမှာ
သွားရောက်နေထိုင်သူတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။
အဲဒါတွေအပြင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ဆန္ဒပြင်းထန်တဲ့ ဂုဏ်သရေကြောင့်
ကျွန်တော်တို့ဟာ စိတ်အားတက်ကြွခဲ့ရပါတယ်။ မျှော်လင့်ချက်တွေ ခင်ဗျားရဲ့
နှလုံးသားထဲမှာ တောက်လောင်နေမယ်ဆိုရင် ဘယ်လူသားကိုမှ အကျဉ်းချထားလို့
မရဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့ပါတယ်။

ကျွန်တော်သမ္မတတာဝန် ထမ်းဆောင်တုန်းက အကြောက်တရားနဲ့ အုပ်စိုးနေတဲ့
အစိုးရတွေဆီကို ''ခင်ဗျားတို့ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင်
ကျွန်တော်တို့က လက်ကမ်းပေးမှာပါ'' လို့ ကျွန်တော် သတင်းစကားတစ်ခု
ပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်းမှာ ပြဇာတ်ဆန်တဲ့
အသွင်ကူးပြောင်းမှုတွေ စတင်ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ငါးစုလောက်
အာဏာရှင်အုပ်စိုးမှုဟာ စတင်ဖြေလျော့လာပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်မှာ
ပြောင်းလဲမှုအတွက် ဆန္ဒဟာ ပြုပြင်ပြောင်းလဲဖို့အတွက် အစီအစဉ်တွေနဲ့
လိုက်လျောညီထွေ ဖြစ်နေပါတယ်။ အခုတော့ အစိုးရအဖွဲ့ကို အရပ်သားတစ်ဦးက
ဦးဆောင်နေပြီး ပါလီမန်ကလည်း ကိုယ်တိုင်အားကောင်းမောင်းသန်
ရပ်တည်နေနိုင်ပါပြီ။ တစ်ချိန်က တရားမ၀င် ကြေညာခံခဲ့ရတဲ့ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ဟာလည်း ရွေးကောက်ပွဲတစ်ခုမှာ ၀င်ပြိုင်ခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွှတ်တော် အမတ်တစ်ယောက် ဖြစ်လာပါပြီ။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ရာပေါင်းများစွာကိုလည်း
ပြန်လွှတ်ပေးခဲ့ပြီးသလို အဓမ္မခိုင်းစေမှုကိုလည်း ပိတ်ပင်ပြီးပါပြီ။
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ
ရခဲ့ပြီဖြစ်သလို ပိုလွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်တွေလည်း
ပေါ်ထွက်လာခဲ့ပါပြီ။
ဒါကြောင့် ဒီကနေ့မှာ ကျွန်တော့်ကတိစကားကို တည်ဖို့ ကျွန်တော်လာခဲ့တာပါ။
မိတ်ဆွေဖြစ်မှုဆိုတဲ့ လက်ကမ်းဖို့ လာခဲ့တာပါ။ အမေရိကဟာ ရန်ကုန်မှာ
သံအမတ်တစ်ယောက် ရှိနေပါပြီ။ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပြီးပါပြီ။
ပြည်သူတွေအတွက် အခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးနိုင်တဲ့
ကမ္ဘာကြီးဖွံ့ဖြိုးရေးအတွက် အင်ဂျင်တစ်လုံးအဖြစ် ပါဝင်လည်ပတ်
မောင်းနှင်ပေးနိုင်တဲ့ စီးပွားရေးကို တည်ဆောက်ဖို့ ကျွန်တော်တို့
ကူညီပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှတ်မှတ်ထင်ထင်ရှိလှတဲ့ ခရီးဟာ
အစပဲရှိပါသေးတယ်။ အများကြီး ရှေ့ဆက်သွားရဦးမှာပါ။ ကျွန်တော်တို့
မြင်တွေ့ခဲ့ရတဲ့ မှိတ်တုတ်မှိတ်တုတ် တိုးတက်မှုလေးတွေဟာ
ငြှိမ်းသတ်ခံရတာမျိုး ဖြစ်သွားလို့ မရပါဘူး။ ဒီမှိတ်တုတ်မှိတ်တုတ်
တိုးတက်မှုကလေးတွေကနေ ဒီတိုင်းပြည်ရဲ့ ပြည်သူတွေအတွက် တောက်ပတဲ့
ဥတ္တရကြယ်တစ်စင်း ဖြစ်လာရပါမယ်။
ဒီအားထုတ်မှုတွေမှာ ခင်ဗျားတို့ရတဲ့ အောင်မြင်မှုတွေက
အမေရိကန်ပြည်ထောင်စုအတွက်လည်း အရေးပါသလို ကျွန်တော့်အတွက်လည်း အရေးပါပါတယ်။
ကျွန်တော်တို့ဟာ မတူညီတဲ့ အရပ်ဒေသတွေကနေ လာကြတာ ဖြစ်ပေမဲ့လည်း တူညီတဲ့
အိပ်မက်တွေကို မျှဝေခံစားနေကြတာပါ။ ကိုယ့်ခေါင်းဆောင်တွေကို
ကိုယ်ရွေးခွင့်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်၊ ပညာသင်ခွင့်နဲ့
ကောင်းကောင်းမွန်မွန်နေခွင့်၊ ကျွန်တော်တို့ရဲ့ မိသားစုနဲ့
ကျွန်တော်တို့ရဲ့ အသိုင်းအ၀ိုင်းကို မြတ်နိုးခွင့်တို့လို အိပ်မက်တွေပေါ့။
ဒါကြောင့် လွတ်လပ်မှုဆိုတာ အကောင်အထည်မရှိတဲ့ အိုင်ဒီယာမဟုတ်ပါဘူး။
လွတ်လပ်မှုဆိုတာ မဲပုံးတွေမှာတင်မကဘဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာပါ
လူသားရဲ့တိုးတက်မှုကို ဖန်တီးပေးတဲ့ တစ်ကယ့်အရာပါ။
ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးကျယ်ဆုံး သမ္မတွေထဲက
တစ်ယောက်ဖြစ်တဲ့ ဖရန်ကလင်ဒီနာရုစဗဲ့က ဒီအမှန်တရားကို နားလည်ခဲ့ပါတယ်။
အမေရိကရဲ့ အကြောင်းတရားဆိုတာ မဲတစ်မဲပေးခွင့်ထက် ပိုတယ်လို့
ဖွင့်ဆိုခဲ့ပါတယ်။ ဒီမိုကရေစီဆိုတာ မဲပေးရုံသက်သက် မဟုတ်ဘူးဆိုတာ
သူနားလည်ခဲ့ပါတယ်။ အခြေခံလွတ်လပ်ခွင့် လေးခုကို ကိုင်စွဲဖို့ ကမ္ဘာကြီးကို
သူတောင်းဆိုခဲ့ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊
လွတ်လပ်စွာကိုးကွယ်ခွင့်၊ ဆန္ဒစွဲတွေကနေ လွတ်မြောက်မှု၊ ကြောက်ရွံ့မှုကနေ
လွတ်မြောက်မှုတို့ပါပဲ။ ဒီလွတ်မြောက်မှု လေးခုဟာ တစ်ခုကိုတစ်ခု
အားဖြည့်ပေးပါတယ်။ အားလုံးကို အမှန်တစ်ကယ် နားမလည်ဘဲ တစ်ခုကို
အမှန်တစ်ကယ်နားလည်ဖို့ဆိုတာ မလွယ်ပါဘူး။
ဒါကြောင့် အဲဒါဟာ ကျွန်တော်တို့အတွက်ရှာတဲ့၊ ပြည်သူအားလုံးအတွက်ရှာတဲ့ အနာဂတ်ပါပဲ။
ပထမဆုံးအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်မှာ ကျွန်တော်တို့ ယုံကြည်ပါတယ်။
ဒါမှ သာမန်လူတွေရဲ့ အသံကို ကြားနိုင်မှာဖြစ်ပြီးတော့ အစိုးရဟာ သူတို့ ဆန္ဒ၊
ပြည်သူ့ဆန္ဒကို ရောင်ပြန်ဟပ် လုပ်ဆောင်နိုင်မှာပါ။
အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေအားလုံးအတွက်
ကတိစကားတွေ ဖြည့်ဆည်းပေးနိုင်ဖို့ ရာစုနှစ် နှစ်ခုကျော်လောက် ကျွန်တော်တို့
လုပ်ခဲ့ကြရတယ်။ ကျွန်ပြုခံရသူတွေ လွတ်မြောက်ဖို့၊ အမျိုးသမီးတွေနဲ့
အာဖရိကန် အမေရိကန်တွေ မဲပေးခွင့်ရဖို့၊ အလုပ်သမားတွေ အဖွဲ့အစည်း
ဖွဲ့စည်းခွင့်ရဖို့ အစရှိသဖြင့်ပေါ့။
ပြီးတော့ ကျွန်တော်တို့ရတဲ့ လမ်းကြောင်းအတိုင်း
တစ်ခြားတစ်နိုင်ငံမှာလည်း ပုံတူကူးဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ
ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့နိုင်ငံဟာ ပြည်သူအားလုံးရဲ့
ခွန်အားကိုသုံးနိုင်ရင် သန်စွမ်းလာမယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး။
ဒါကပဲ နိုင်ငံတွေအောင်မြင်အောင် လုပ်နိုင်တဲ့အချက်ပါ။ အဲဒါကပဲ
ဘယ်ပြုပြင်ပြောင်းလဲမှု စမယ်ဆိုတာကို ဖြစ်စေတာပါ။
ပြည်သူတွေရဲ့ အတူတကွ စုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်နေမယ့်အစား အပြည့်အဝ
လေးစားမှုပေးရပါမယ်။ ဖိနှိပ်ပိတ်ပင်နေမယ့်အစား မီဒီယာအပေါ်
ဆင်ဆာလွှမ်းမိုးထားတာကို ဆက်ပြီး ရုပ်သိမ်းပေးရပါမယ်။ ဒီခြေလှမ်းတွေကို
ဆက်လျောက်လာနိုင်တာနဲ့အမျှ ခင်ဗျားတို့ တိုးတက်လာနိုင်ပါတယ်။ မြစ်ဆုံဆည်
တည်ဆောက်ရေးစီမံကိန်းကို နိုင်ငံသားတွေက ကန့်ကွက်ဆန္ဒပြတဲ့ အသံကို
လျစ်လျူမရှုဘဲ နားထောင်ပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို တရားမ၀င်မလုပ်ဘဲ
ပါဝင်ခွင့်ပြုခဲ့ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲကာလ အတွင်းမှာ
မဲဆန္ဒရှင်တစ်ယောက်က ''ကျွန်တော်တို့မိဘတွေ၊ ဘိုးဘွားတွေ ဒီအတွက်
စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါမှ မြင်မသွားခဲ့ရပါဘူး'' လို့ ပြောခဲ့ပါတယ်။
မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိတဲ့သူတွေဟာ
အကန့်အသတ်ရှိမှုတွေကို လက်ခံရပါမယ်။ ကျွန်တော်တို့ရဲ့ အမေရိကန်စနစ်က
အဲဒီလိုဖြစ်အောင် ဖန်တီးထားတာပါ။ အမေရိကဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး
စစ်ရေးအင်အား ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒါဟာ အရပ်ဘက်
ထိန်းချုပ်မှုအောက်မှာပဲ ရှိရပါမယ်။ ကျွန်တော်က အမေရိကန်သမ္မတအနေနဲ့ စစ်တပ်က
လုပ်ဆောင်ရမှာကို ဆုံးဖြတ်ပေးနိုင်ပေမဲ့ တစ်ခြားဟာတွေ သွားလုပ်ခိုင်းလို့
မရပါဘူး။ သမ္မတအနေနဲ့သာမက တပ်မတော် စစ်သေနာပတိချုပ် အနေနဲ့ပါ ကျွန်တော့်မှာ
တာဝန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ပြည်သူတွေကို တာဝန်ခံရလို့ပါ။
အခြားတစ်ဖက်မှာလည်း သမ္မတအနေနဲ့ တစ်ခါတရံမှာ ကျွန်တော်လုပ်ချင်ရင်တောင်
ကွန်ဂရက်လွှတ်တော်အပေါ်မှာ ကျွန်တော့်ဆန္ဒအတိုင်း လွှမ်းမိုးလို့ မရပါဘူး။
တရားစီရင်ရေးမဏ္ဍိုင်ဟာ သူ့ကိုယ်ပိုင် အာဏာရှိသလို သူရဲ့ကိုယ်ပိုင်
လုပ်ငန်းဆောင်တာလည်း ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်တော့်ရဲ့အာဏာကို
စစ်ဆေးပြီးတော့ ကျွန်တော့်အာဏာကို ဘက်မျှစေပါတယ်။ တရားသူကြီးအချို့ကို
ကျွန်တော်ခန့်ရပေမယ့် သူတို့ဘယ်လို တရားစီရင်မလဲဆိုတာကို ကျွန်တော်ပြောလို့
မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေရိကမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့
ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။
တရားသူကြီးတစ်ဦးဟာ ကျွန်တော် ဥပဒေချိုးဖောက်တာ ဟုတ်မဟုတ်
ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဥပဒေအတွက် အပြည့်အဝ
တာဝန်ရှိပါတယ်။
ကျွန်တော်တို့အမေရိကန်ရဲ့ စနစ်ကို ဘာလို့ပြောပြရတာလဲဆိုတော့
ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့ အနာဂတ်ကို ဘယ်လိုရောက်အောင် သွားရမယ်ဆိုတာ
အတွက်ပါ။ အနာဂတ်တစ်ခု၊ ဥပဒေက ပြည်သူကို

တာဝန်ခံတဲ့အတွက် ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနေရသူ တစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊
ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုအားကောင်းတယ်ဆိုတဲ့ အနာဂတ်။ ဘယ်ကလေးမှ
စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊
အန္တရာယ်ပြုရလွယ်တဲ့ သူတွေကိုတောင် သူတို့တွေက အားနည်းသူတွေဖြစ်ရင်တောင်
ဥပဒေက ကာကွယ်ပေးထားတဲ့ အနာဂတ်ကို ခင်ဗျားတို့ရောက်ဖို့ လိုပါတယ်။
အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်းဆောင်တဲ့
စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက်တင်မြှောက်သူတွေသာ
အုပ်ချုပ်ခွင့်ရဖို့ အာမခံပေးတဲ့ အခြေခံဥပဒေတစ်ခုရှိတဲ့ အနာဂတ်၊
အဲဒီအနာဂတ်ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ထိုက်တန်တဲ့
အနာဂတ်ပါပဲ။
အဲဒီခရီးမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းကို အားကောင်းစေဖို့
ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို သုံးပြီးတော့၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့
လူ့အခွင့်အရေး မြှင့်တင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စစ်ဘက်ကို
စေ့စပ်ညှိနှိုင်းပြီးတော့၊ စီးပွားရေးဖွံ့ဖြိုးမှုရှိတဲ့
ဒီမိုကရေစီဖြစ်လာဖို့ ခင်ဗျားတို့ရဲ့ တိုးတက်အောင် အားထုတ်မှုတွေမှာ
မိတ်ဖက်ဖွဲ့ပြီးတော့ အမေရိကဟာ ခင်ဗျားတို့ခြေလှမ်းတိုင်းကို
ထောက်ပံ့ကူညီပေးသွားမယ်။ ခရီးစဉ် အရှိန်မြင့်လာတာနဲ့အမျှ ခင်ဗျားတို့ဟာ
ကျွန်တော်ပြောတဲ့ ဒုတိယလွတ်မြောက်မှုဖြစ်တဲ့ လူတွေဟာ ဆန္ဒတွေက
လွတ်မြောက်မှုဆိုတဲ့ ယုံကြည်မှုကို ချဉ်းကပ်လာနိုင်အောင်
ကူညီလာနိုင်လိမ့်မယ်။
ဟောင်းလောင်းဖြစ်နေတဲ့ အစာအိမ်တွေအတွက် အာဏာမဲ့ဖြစ်မှုဆိုတဲ့
အကျဉ်းထောင်နဲ့ အစားထိုးရုံနဲ့ မလုံလောက်ပါဘူး။ ဒါပေမဲ့ သမိုင်းကပြနေတာက
ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစိုးရ၊
ပြည်သူတွေအတွက်ဖြစ်တဲ့ အစိုးရတွေဟာ ချမ်းသာဝပြောမှုဆိုတာကို
ပေးစွမ်းနိုင်ရုံထက်ပိုပြီး အားကြီးတယ် ဆိုတာပါ။ ဒါကြောင့် ခင်ဗျားတို့နဲ့
မိတ်ဖက်ဖြစ်မှုကို ရှာဖွေနေတာပါ။
သာမန်ပြည်သူတွေက သူတို့ရဲ့အနာဂတ်အတွက် ပြောပိုင်ခွင့်ရှိရပါမယ်။
ခင်ဗျားတို့ရဲ့ မြေကို ခင်ဗျားတို့လက်ထဲက ယူသွားလို့မရပါဘူး။ ဒါကြောင့်
ပြုပြင်ပြောင်းလဲရေးတွေမှာ သေချာရမှာက ဒီနိုင်ငံက ပြည်သူတွေမှာ အခြေခံကျတဲ့
ပိုင်ဆိုင်မှု အများစုရှိရပါမယ်။ ခင်ဗျားနေပြီး ခင်ဗျားအလုပ်လုပ်တဲ့
မြေနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှု ခေါင်းစဉ်တစ်ရပ်ရှိရမဲ့ အခွင့်အရေး
ရှိပါတယ်။
အရည်အချင်း အစွမ်းအစတွေ ထုတ်သုံးနိုင်လာတဲ့အခါ အခွင့်အလမ်းတွေဟာလည်း
လူတိုင်းအတွက် ဖန်တီးနိုင်လာပါလိမ့်မယ်။ အမေရိကဟာ ဒီမှာစီးပွားရေးလုပ်တဲ့
ကုမ္ပဏီတွေအပေါ် ပိတ်ပင်ထားမှုကို ဖယ်ရှားပေးလိုက်ပါပြီ။ ခင်ဗျားတို့
အစိုးရကလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို
ဖယ်ရှားပေးလိုက်ပြီ ဖြစ်သလို စီးပွားရေးတံခါးဖွင့်ဖို့ ခြေလှမ်းတွေ
လှမ်းနေပါပြီ။ အခုနေအခါမှာ ခင်ဗျားတို့နယ်ခြားတွေကို ဖြတ်ပြီး ဓနဥစ္စာတွေ
ပိုပြီးစီးဆင်းလာပါပြီ။ အဲဒါဟာ လူအမြောက်အများရဲ့ ဘ၀တွေကို
မြင့်မားစေလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြီးတော့
ဒီလိုစီးပွားရေး ဖွံ့ဖြိုးမှုမျိုးမှာ လူတိုင်းမှာ အခွင့်အရေးရှိပြီး
ခင်ဗျားကြိုးစားရင် ခင်းဗျားအောင်မြင်မယ်ဆိုတာမျိုး ရှိလာရင်
နိုင်ငံတစ်နိုင်ငံဟာ ဖွံ့ဖြိုးလာတာနဲ့အတူ လျင်လျင်မြန်မြန်
တိုးတက်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ ဒီလိုဖွံ့ဖြိုးမှုမျိုးဟာ အကျင့်ပျက်ချစားမှုဆိုတာကို
နောက်ချန်ထားနိုင်ပါမှ ဖန်တီးနိုင်မှာပါ။ ရင်းနှီးမြှုပ်နှံမှုကနေ
အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေဟာ
ပွင့်လင်းမြင်သာမှုရှိတဲ့ ဘတ်ဂျက်ကို ဖန်တီးမြှင့်တင်ရမှာ ဖြစ်သလို
ပုဂ္ဂလိကပိုင် လုပ်ငန်းနယ်ပယ်ကိုလည်း မြှင့်တင်ရမှာ ဖြစ်ပါတယ်။

ဥပမာ စံပြုအနေနဲ့ဆိုရင် အမေရိကက ပြောနေတာက ကျွန်တော်တို့ဆီမှာ ကုမ္ပဏီတွေ
အလုပ်လုပ်လုပ်ရင် ကုမ္ပဏီတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပြီး
မြင့်မားတဲ့ စံနှုန်းတွေရှိရပါမယ်။ ပြီးတော့ ကျွန်တော်တို့တွေဟာ
စီးပွားရေးလုပ်ငန်းငယ်တွေကို ထောက်ပံ့ပေးဖို့၊ အသေးစား စွန့်ဦးတီထွင်
လုပ်ငန်းရှင်တွေကိုခွင့်ပြုတဲ့ စီးပွားရေးကို ဖန်တီးပေးဖို့၊
စီးပွားရေးလုပ်ငန်းရှင်ငယ်တွေ အားကောင်းလာဖို့၊ အလုပ်သမားတွေ သူတို့ရတာကို
သူတို့ စုဆောင်းနိုင်ဖို့ ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး
ကျွန်တော်တို့ အလုပ်လုပ်ပါတယ်။ ပြီးတော့ မကြာသေးမီက ခင်ဗျားတို့အစိုးရက
ကျွန်တော်တို့ ပွင့်လင်းအစိုးရ မိတ်ဖက်ပြုမှုလို့ခေါ်တဲ့ အစီအစဉ်မှာ
ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုရမှာပါ။ ဒါမှ
နိုင်ငံသားတွေဟာ ပွင့်လင်းမြင်သာမှုတွေကို မျှော်လင့်လို့ရမှာ ဖြစ်သလို
ပိုက်ဆံတွေ ဘယ်လိုသုံးတယ်။ အစိုးရစနစ် ဘယ်လိုလည်ပတ်တယ်ဆိုတာ တိတိကျကျ
နားလည်လာမှာပါ။
အထက်က ပြောခဲ့တာတွေ အားလုံးအတိုင်း ခင်ဗျားတို့ရဲ့ အသံတွေကို အစိုးရက
ကြားတယ်ဆိုရင်တောင် ခင်ဗျားတို့ရဲ့ အခြေခံ လိုအပ်ချက်တွေပြည်စုံဖို့
အဝေးကြီး လိုဦးမှာပါ။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးဟာ ငတ်မွတ်နေသူတွေ၊
ဖျားနာနေသူတွေ၊ လျပ်စစ်မီး ဒါမှမဟုတ် ရေမရှိဘဲ နေနေရသူတွေရဲ့ နေ့စဉ်ဘဝ
တွေအထိ ရောက်ဖို့လိုတယ်လို့ ပြောတာပါ။ ဒါကြောင့်မို့ အမေရိကန်ဟာ
ခင်ဗျားတို့နဲ့အတူ လက်တွဲပြီး ကျွန်တော်တို့အပိုင်းကို
ကျွန်တော်တို့လုပ်မယ်လို့ ပြောတာပါ။
ဒီကနေ့မှာ ကျွန်တော်တို့ရဲ့ ဦးဆောင်ဖွံ့ဖြိုးရေး အေဂျင်စီတစ်ခုဖြစ်တဲ့
USAID ရဲ့ မစ်ရှင်တစ်ခုကို ဒီနိုင်ငံမှာ ပြန်လည်ထူထောင်လိုက်နိုင်တဲ့အတွက်
ဂုဏ်ယူမိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တစ်ချိန်က အာရှရဲ့ စပါးကျီဖြစ်ခဲ့တဲ့
ဒီနိုင်ငံကို ကူညီရာမှာ၊ ဒီနိုင်ငံရဲ့ နိုင်ငံသားတွေကို
ကျွေးမွေးနိုင်စွမ်းနဲ့ နာမကျန်းသူတွေကို ကုသနိုင်စွမ်းကို
ပြန်လည်ထူထောင်ရာမှာ၊ ဒီနိုင်ငံက ကလေးတွေကို ပညာသင်ကြားရာမှာ၊
ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း ခင်ဗျားတို့ ဆက်သွားနေတဲ့အချိန်မှာ
ဒီနိုင်ငံရဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို တည်ထောင်ရာမှာ
အမေရိကန်ပြည်ထောင်စုဟာ မိတ်ဖက်အနေနဲ့ ကူညီချင်ပါတယ်။
ဒီနိုင်ငံဟာ သဘာဝသယံဇာတတွေနဲ့ ထင်ရှားတဲ့ နိုင်ငံပါ။ ဒီသယံဇာတတွေကို
အလွန်အကျူး ထုတ်ယူခြင်းကနေ ကာကွယ်ပေးရပါမယ်။ ကမ္ဘာ့စီးပွားရေးမှာ
နိုင်ငံတစ်နိုင်ငံရဲ့ အကြီးမားဆုံး သယံဇာတရင်းမြစ်ဆိုတာ အဲဒီနိုင်ငံရဲ့
ပြည်သူတွေပဲဆိုတာ ကျွန်တော်တို့ မေ့လို့မဖြစ်ပါဘူး။ ဒါကြောင့်
ဒီပြည်သူတွေကို ရင်းနှီးမြှုပ်နှံခြင်းနဲ့ပဲ ဒီနိုင်ငံဟာ
ပိုမိုသာယာဝပြောမှုဆိုတဲ့ တံခါးကို ဖွင့်နိုင်ပါလိမ့်မယ်။
ဘာကြောင့်လည်းဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ အလားအလာတွေကို
ဖော်ထုတ်ပေးတယ်ဆိုတာဟာ အဲဒီနိုင်ငံက ပြည်သူအားလုံးရဲ့ အားကောင်းမှု
အထူးသဖြင့် လူငယ်တွေရဲ့ အားကောင်းမှုပေါ်မှာ မှီတည်နေလို့ပါပဲ။
ပညာရေးဟာ အမေရိကန်အနာဂတ်အတွက် သော့ချက်ဖြစ်သလို ခင်ဗျားတို့ရဲ့
အနာဂတ်အတွက်လည်း သော့ချက်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်မို့ ကျွန်တော်တို့
ခင်ဗျားတို့ရဲ့ အိမ်နီးချင်းတွေနဲ့ လက်တွဲလုပ်ကိုင်နေသလို ခင်ဗျားတို့နဲ့
ရှေ့ဆက်လုပ်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ အခွင့်အလမ်းတွေချဲ့ထွင်ဖို့
ကျွန်တော်တို့ရဲ့ ကျောင်းသားတွေ အပြန်အလှန်ဖလှယ်ဖို့ မျှော်လင့်နေတာ
ဖြစ်ပါတယ်။ ဒီနိုင်ငံက ကျောင်းသားတွေ အမေရိကန်ပြည်ထောင်စုကိုလာပြီး
ကျွန်တော်တို့ဆီက သင်ယူစေချင်သလို အမေရိကန်ကျောင်းသားတွေလည်း ဒီကိုလာပြီး
ခင်ဗျားတို့ဆီက သင်ယူစေချင်ပါတယ်။
ဒီအမှန်တရားကနေ ကျွန်တော်ဆက်ပြီး ဦးတည်ပြောချင်တာက ရှေ့မှာပြောခဲ့တဲ့
တတိယလွတ်မြောက်မှုပါပဲ။ လွတ်လပ်စွာကိုးကွယ်ခွင့် ဆိုတာပါ။ ခင်ဗျားကြိုက်တာ
ခင်ဗျားကိုးကွယ်ခွင့် ဆိုတာဟာ အခြေခံကျတဲ့ လူသားဂုဏ်သိက္ခာ အခွင့်အရေးပါပဲ။
ဒီနိုင်ငံဟာ ကျွန်တော်တို့နိုင်ငံလိုပဲ မတူကွဲပြားစွာ တည်ရှိမှုနဲ့
ကောင်းချီးပေး ခံထားရပါတယ်။ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။
လူတိုင်းဟာ တစ်ဒေသတည်းက လာတာမဟုတ်ပါဘူး။ လူတိုင်းဟာ တစ်မျိုးတစ်စားတည်း
ကိုးကွယ်ယုံကြည်ကြတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ မြို့ကြီးတွေ
မြို့ငယ်တွေမှာ ဘုရားပုထိုးတွေ၊ ဗလီတွေ၊ ချာ့ခ်ျကျောင်းတွေ ဘေးချင်ယှဉ်
တည်ရှိနေပါတယ်။ ခင်ဗျားတို့ရဲ့ သမိုင်းဇာတ်လမ်းမှာ ရာပေါင်းများစွာသော
လူမျိုးစုတွေ ပါဝင်နေပါတယ်။ ဒီနယ်ခြားမျဉ်းတွေကြားမှာပဲ မရေတွက်နိုင်တဲ့
အသက်တွေ သေကြေပျက်စီးစေတဲ့၊ မိသားစုတွေ တစ်ကွဲတစ်ပြားဆီဖြစ်စေတဲ့၊
အသိုင်းအ၀ိုင်းတွေကို ကွဲပြားသွားစေတဲ့ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး
ပုန်ကန်ထကြွမှုတွေဖြစ်ပွားနေတာကို ကျွန်တော်တို့ မြင်ခဲ့ရပြီးဖြစ်သလို
အဲဒါဟာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ ကြားခံနေတယ်ဆိုတာကိုလည်း
မြင်ခဲ့ရပြီးပါပြီ။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မအောင်မြင်ဘဲ ဘယ်ပြုပြင်ပြောင်းလဲမှုမှ
မအောင်မြင်နိုင်ပါဘူး။ (လက်ခုပ်သံများ) အခုနေအချိန်အခါဟာ အပစ်အခတ်
ရပ်စဲရေးတွေကနေ အရှည်တည်တဲ့ အခြေချနေထိုင်မှုအဖြစ် အသွင်ပြောင်းဖို့၊
ပဋိပက္ခတွေ ရှိနေဆဲဖြစ်တဲ့ ကချင်ပြည်နယ်လို နေရာမျိုးတွေမှာ
ငြိမ်းချမ်းရေးရအောင် လုပ်ဖို့အတွက် တကယ်ကို
ကောင်းတဲ့အခွင့်အလမ်းတစ်ခုဖြစ်တဲ့ အခိုက်အတန့်ပါပဲ။ ဒီအားထုတ်မှုတွေဟာ
ပိုပြီး မျှတရှည်ကြာတဲ့ ငြိမ်းချမ်းရေးဆီကို ဦးတည်သွားရပါမယ်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်တဲ့သူတွေကို ကူညီဖို့
နေရာရွှေ့ပြောင်းခဲ့သူတွေ အိမ်ပြန်နိုင်တဲ့ အခွင့်အရေးရှိဖို့ ဆိုတာလည်း
အပါအ၀င်ဖြစ်ပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို
ကျွန်တော်တို့ ကြည့်ကြည့်ပါမယ်။ ဒါကြောင့်ပဲ ဒုက္ခတွေအများကြီး ကြုံခဲ့ရသလို
တင်းမာမှုအန္တရာယ်တွေ ဆက်ရှိနေမယ့် အလားအလာတွေလည်း မြင်နေရပါတယ်။
ကာလရှည်ကြာစွာပဲ တိုင်းရင်းသားလူမျိုးစု ရခိုင်တွေအပါအ၀င် ဒီပြည်နယ်က
ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ကြုံခဲ့ရပါတယ်။
ဒါပေမဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုအတွက်
ခြွင်းချက်ဆိုတာမရှိပါဘူး။ ရိုဟင်ဂျာတွေ ကိုယ်တိုင်ကလည်း ခင်ဗျားတို့မှာ
ရှိသလို ကျွန်တော်တို့မှာ ရှိသလို တူညီတဲ့ လူ့ဂုဏ်သရေဆိုတာ ရှိပါတယ်။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတာ အချိန်ယူရပါတယ်။ ဒါပေမဲ့
ကျွန်တော်တို့ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ကံကြမ္မာအတွက် ဒီနိုင်ငံရဲ့
အနာဂတ်ကံကြမ္မာအတွက် ဥပဒေမဲ့ ပြုမူမှုတွေကို ရပ်တန့်ဖို့ အကြမ်းဖက်မှုတွေကို
ရပ်တန့်ဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ တရားမမျှတတဲ့ ကိစ္စတွေကို
ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ဖြေရှင်းဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
ကူညီမှုနဲ့ နိုင်ငံသားဖြစ်မှုဆိုတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့
သန္နိဋ္ဌာန်ချထားတာကို ကျွန်တော်ကြိုဆိုပါတယ်။ ခင်ဗျားတို့ ရှေ့ဆက်တဲ့နေရာမှာ
ကမ္ဘာကြီးဟာ အဲသလို အမြင်မျိုးကို ထောက်ပံ့ပေးမှာပါ။

နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် အငြင်းပွားမှုတွေ ရှိခဲ့ပြီး
ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဘာကြောင့်လည်းဆိုတော့
ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့နေရာ အနှံ့အပြားကလာတဲ့ ပြည်သူတွေနဲ့
ဖွဲ့စည်းထားတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ နိုင်ငံတစ်ခုဖြစ်လို့ပါပဲ။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျွန်တော်တို့ သင်ယူနိုင်ခဲ့တာက တချို့သော
မူဝါဒတွေဟာ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တယ်ဆိုတာပါပဲ။ ခင်ဗျားဘယ်လိုပုံရှိတယ်။
ခင်ဗျားဘယ်က လာတယ်။ ခင်ဗျားဘယ်ဘာသာရေးကို ကိုးကွယ်တယ်ဆိုတာ
အကြောင်းမဟုတ်ဘဲ လူတိုင်းပေါ်မှာ ကျင့်သုံးနိုင်တဲ့ မူဝါဒတွေပါ။ သူတို့
ဘယ်သူဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို
ထိခိုက်မယ့် သူတို့အိမ်တွေ မီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ
လူတွေနေထိုင်ခွင့်ပါပဲ။
ဒီနိုင်ငံက ပြည်သူတွေကပဲ ခင်ဗျားတို့ပြည်ထောင်စုကို ဖွင့်ဆိုခွင့်
အပြည့်အ၀ ရှိပါတယ်။ ဒီနိုင်ငံသားတစ်ယောက်ဆိုတာ ဘယ်လိုဆိုတဲ့
ဖွင့်ဆိုချက်ကို ဖွင့်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မှာရှိတဲ့
ယုံကြည်မှုက မတူကွဲပြားခြားနားမှုတွေကို ခင်ဗျားတို့အနေနဲ့ အားနည်းချက်အဖြစ်
မမြင်ဘဲ ခွန်အားအဖြစ် ကိုင်စွဲနိုင်တယ်ဆိုတာပါ။ ခင်ဗျားတို့တိုင်းပြည်ဟာ
မတူကွဲပြား ယဉ်ကျေးမှုတွေကြောင့် အားကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့
ခင်ဗျားတို့ ဒီအခွင့်အရေးကို အရယူရပါမယ်။ ဒီခွန်အားကို အသိအမှတ်ပြုရပါမယ်။
ကျွန်တော် ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျွန်တော့်ကိုယ်ပိုင် တိုင်းပြည်၊
ကျွန်တော့်ကိုယ်ပိုင်ဘ၀က ဒါကို သင်ကြားပေးလိုက်လို့ပါ။
အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊
ဟိန္ဒူနဲ့ ဘယ်ဘာသာကိုမှ မယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံပါ။
ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာစကားတိုင်းက ပုံသွင်းပေးပြီး
ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းစစ်နဲ့
လူမျိုးရေးခွဲခြားမှုတွေရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ကြရပြီးပါပြီ။ ဒါပေမယ့်
ကျွန်တော်တို့သမိုင်းက လူတွေရဲ့နှလုံးသားထဲက မုန်းတီးမှုတွေ လျော့ကျပြီး
လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားသတ်မှတ်ထားတဲ့
မျဉ်းတွေပျက်ပြယ်သွားတဲ့အကြောင်း ကျွန်တော်တို့ကို ပြသခဲ့ပါပြီ။ ပြီးတော့
ဘာများကျန်ရစ်ခဲ့ပါသလဲ။ အမေရိကမှာ ရိုးရှင်းတဲ့ အမှန်တရား
တစ်ခုပဲကျန်ခဲ့ပါတယ်။ အများကြီးထဲမှာမှ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်း၊
ကျွန်တော်တို့ဟာ ပြည်သူတစ်ရပ်တည်း ဆိုတာပါပဲ။ အချိန်နဲ့အမျှ ဒီအမှန်တရားဟာ
ကျွန်တော်တို့ယူနီယံကို ပိုပြီးအင်အားကောင်းအောင် လုပ်ခဲ့ပါတယ်။
ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီ
အခြေခံစည်းမျဉ်းတွေကို ချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။
ဒီကမ္ဘာမှာ သြဇာအကြီးဆုံးနိုင်ငံရဲ့ သမ္မတအနေနဲ့ ခင်ဗျားတို့အရှေ့မှာ
ကျွန်တော်ရောက်နေပါတယ်။ ‘ဒါပေမဲ့ ကျွန်တော့ အသားအရောင်ဟာ တစ်ခါတုန်းကတော့
ကျွန်တော့်ရဲ့ မဲပေးခွင့်ကို ငြင်းဆိုနေခဲ့တယ် ဆိုတာကို အသိအမှတ်ပြုပေးပါ။
ဒီလိုအသိအမှတ်ပြုလိုက်ရင် ကျွန်တော်တို့နိုင်ငံဟာ သူ့ရဲ့ကွဲပြားမှုတွေကို
ကျော်လွန်နိုင်ခဲ့သလို ခင်ဗျားတို့ရဲ့ ကွဲပြားမှုတွေကို ခင်ဗျားတို့လည်း
ကျော်လွန်နိုင်မယ်ဆိုတဲ့ အသိတစ်ခုကို ပေးမှာပါ။
ဒီနယ်နိမိတ်ပိုင်နက်အတွင်းမှာ နေထိုင်ကြတဲ့ လူသားတိုင်းဟာ
ခင်ဗျားတို့နိုင်ငံအကြောင်းရဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။
ဒါကိုခင်ဗျားတို့က လက်ခံကြိုဆိုရမှာပါ။ ဒီလိုကွဲပြားမှုတွေကို ခင်ဗျားတို့က
အသိအမှတ် ပြုမယ်ဆိုရင် ဒါဟာ အားနည်းချက် မဟုတ်ပါဘူး။ ဒါဟာခွန်အားပါ။
ဒီနေ့ကျွန်တော်ဆွေးနွေးမယ့် နောက်ဆုံးသော လွတ်လပ်မှုဆိုတာနဲ့
ပတ်သက်တဲ့နေရာကို ရောက်လာပါပြီ။ ဒါဟာ စိုးရိမ်ကြောက်ရွံ့ခြင်းတွေကနေ
လွတ်လပ်စွာ နေထိုင်နိုင်ဖို့ ပြည်သူတွေအားလုံးရဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။

ကြောက်ရွံ့ခြင်းဆိုတာဟာ နည်းမျိုးစုံနဲ့ လူသားနဲ့
သူတို့ရဲ့အိပ်မက်တွေကြားထဲမှာ အင်အားပဲဖြစ်ပါတယ်။ ပဋိပက္ခတွေကို
ကြောက်ရွံ့တာ။ စစ်ပွဲတွေကို ကြောက်ရွံ့တာ။ အတိတ်နဲ့ မတူတော့တဲ့ အနာဂတ်ကို
ကြောက်ရွံ့တာ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးကို
ပြန်လည်နေရာချထားတဲ့ အပြောင်းအလဲတွေကို ကြောက်ရွံ့တာ။ ပုံစံမတူတဲ့
လူတွေကို၊ နေရာမတူတဲ့ လူတွေကို ကြောက်ရွံ့တာ။ ကိုးကွယ်မှုပုံစံမတူတဲ့
လူတွေကို ကြောက်ရွံ့တာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အမှောင်မိုက်ဆုံးကာလ
အကျဉ်းချခံထားရစဉ်မှာ သူဟာကြောက်ရွံ့မှုမှ လွတ်မြောက်ရေးအကြောင်းကို
အက်ဆေးရေးခဲ့ပါတယ်။ အာဏာကို စွဲကိုင်ထားတဲ့ ပျက်စီးနေတဲ့ လူတွေက
ရှုံးနိမ့်မှာကို ကြောက်ရွံ့ကြတယ်လို့ သူကပြောခဲ့ပါတယ်။ 'အာဏာကို
စွဲကိုင်ထားတဲ့ ပျက်စီးနေတဲ့ လူတွေက ရှုံးနိမ့်မှာကို ကြောက်ရွံ့တယ်။
အာဏာကို အသုံးချပြီး ပျက်စီးနေတဲ့သူတွေက အာဏာရဲ့ ဖိစီးနှိပ်စက်မှုကို
ကြောက်ရွံ့ပါတယ်'။
‘ဒီကြောက်ရွံ့မှုတွေက ခင်ဗျားတို့ကို နောက်ကျန်ရစ်စေခဲ့ နိုင်ပါတယ်။
အာဏာဟာ ပြည်သူတွေရဲ့ ကြောက်ရွံ့မှုဆီက လာတာမဟုတ်ဘဲ ပြည်သူတွေရဲ့
မျှော်လင့်ချက်ဆီကနေ လာတာဆိုတာကို နားလည်လာနေတဲ့ ခေါင်းဆောင်တွေကို
ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ အခုအချိန်ဟာ ပြောင်းလဲမှုတွေ ရှိလာပြီး
အပြောင်းအလဲတွေ ဆက်လက်ဖြစ်နေရမယ်လို့၊ ခုချိန်ဟာ ကွဲပြားခြားနားနေရမယ်လို့
အခိုင်အမာဆိုနေတဲ့ နိုင်ငံသားတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။
ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့သလို 'ကြောက်ရွံ့မှုဟာ ယဉ်ကျေးတဲ့ လူသားရဲ့
သဘာဝအခြေအနေ မဟုတ်ဘူးဆိုတာ' ကို ကျွန်တော်ယုံကြည်ပါတယ်။ ကြောက်ရွံ့မှုဟာ
ဒီနိုင်ငံမှာ ဘ၀ရဲ့ သဘာဝအခြေအနေ မဟုတ်ဘူးဆိုတာကို ကမ္ဘာကို ခင်ဗျားတို့က
ဒီနေ့ဖော်ပြနေပါပြီ။
အဲဒါကြောင့် ကျွန်တော်ဒီမှာ ရှိနေတာပါ။ အဲဒါကြောင့်ပဲ
ကျွန်တော်ရန်ကုန်ကို လာခဲ့တာပါ။ အဲဒါကြောင့်ပဲ ဒီဒေသအတွက်သာမက ကမ္ဘာအတွက်ပါ
အရေးကြီးတဲ့ အရာတွေ ဒီမှာဖြစ်ပေါ်နေတာပါ။ လူတွေအများကြီးကို အားကျစေနိုင်တဲ့
ခရီးတစ်ခုကို ခင်ဗျားတို့ သွားနေတဲ့ အတွက်ကြောင့်ပါ။ နိုင်ငံတစ်နိုင်ငံဟာ
ပိုကောင်းတဲ့ နေရာတစ်နေရာကို ပြောင်းလဲနိုင်မလားဆိုတာအတွက် ဒါဟာ
စမ်းသပ်မှုတစ်ခုပါ။
အမေရိကန်ဟာ ပစိဖိတ်နိုင်ငံ တစ်နိုင်ငံပါ။ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ
ပစိဖိတ်နိုင်ငံတွေနဲ့ ကျွန်တော်တို့ အနောက်တိုင်းက ပြည်သူတွေနဲ့
စည်းနှောင်ထားတယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့
စီးပွားရေး ပြန်လည်ဦးမော့လာရင် ကြီးမားလှတဲ့ တိုးတက်မှုကြီးကို
ကျွန်တော်တို့ ရှာတွေ့မယ်လို့ ယုံကြည်တဲ့ နေရာပါ။ ကျွန်တော်တို့ရဲ့
နိုင်ငံခြားရေး မူဝါဒတွေကို စစ်ပွဲတွေက ဆယ်စုနှစ်တစ်ခုကြာအောင်
လွှမ်းမိုးထားတာ အဆုံးသတ်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသဟာ ကောင်းမွန်တဲ့
ငြိမ်းချမ်းရေးတစ်ရပ် တည်ဆောက်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေအတွက်
ဗဟိုချက်ဖြစ်လာမှာပါ။
ဒီအရှေ့တောင်အာရှမှာ နိုင်ငံတွေနဲ့ ပြည်သူတွေအကြား ပေါင်းစည်းညီညွတ်မှု
အလားအလာတွေ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ သမ္မတအနေနဲ့ ကျွန်တော်ဟာ
အာဆီယံကို လက်ခံကြိုဆိုရတာ အကြောင်းများစွာ ရှိပါတယ်။ ဒီဒေသမှာ
အင်ဒိုနီးရှားမှာ ကျွန်တော့်ရဲ့ ငယ်ဘ၀အချိန်အများစု ကုန်ဆုံးခဲ့ရတယ်ဆိုတဲ့
အချက်ထက်ပိုပါတယ်။
အာဆီယံနဲ့အတူ နိုင်ငံတွေဟာ ပြောင်းလဲနေတယ်ဆိုတာ ကျွန်တော်တို့
မြင်တွေ့နေရပါတယ်။ ဒီနိုင်ငံတွေဟာ တိုးတက်နေပြီး ဒီနိုင်ငံတွေမှာ
ဒီမိုကရေစီဖြစ်ထွန်းနေပါတယ်။ အစိုးရတွေဟာ ပူးပေါင်းဆောင်ရွက် နေကြပါတယ်။
သမုဒ္ဒရာတွေ၊ ကျွန်းတွေ၊ သစ်တောတွေ၊ မြို့ တွေ၊ လူမျိုးစုံ၊ ဘာသာစုံ
ဖြန့်ကျက်ထားတဲ့ မတူကွဲပြားမှုတွေအပေါ်မှာ တိုးတက်မှုတွေကို တည်ဆောက်နေပါတယ်။
ကျွန်တော်တို့ရဲ့ မတူညီမှုတွေကို ဘေးဖယ်ထားပြီး အပြန်အလှန်လေးစားမှုနဲ့
နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက်ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်ဆောင်ရွက်မယ်ဆိုရင်
၂၁ ရာစုဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာကို ပြသနိုင်မှာပါ။
ဒီရန်ကုန်ကနေ အာရှအတွက် ကျွန်တော်သတင်းစကားတစ်ခု ပါးချင်ပါတယ်။ အတိတ်ရဲ့
အကျဉ်းချမှုတွေကနေ ကျွန်တော်တို့ကို အဓိပ္ပာယ်ဖွင့်ဆိုစရာ မလိုပါဘူး။
အနာဂတ်ကိုပဲ ကျွန်တော်တို့ မျှော်လင့်ဖို့လိုပါတယ်။ မြောက်ကိုရီးယားရဲ့
ခေါင်းဆောင်မှုအတွက် ရွေးချယ်စရာတစ်ခု ကျွန်တော်ကမ်းလှမ်းထားပါတယ်။
ခင်ဗျားတို့ရဲ့ နျူးကလီးယားလက်နက်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းမှုနဲ့
တိုးတက်မှုလမ်းကြောင်းကို ရွေးချယ်လိုက်ဖို့ပါပဲ။ ခင်ဗျားတို့
ရွေးချယ်ခဲ့မယ်ဆိုရင် အမေရိကန်က လက်ဆန့်တန်းထားတာကို တွေ့ရမှာပါ။

၂၀၁၂ ခုနှစ်မှာ အရှေ့ အနောက် တောင် မြောက် ကွဲလွဲမှုတွေအပေါ်
ကျွန်တော်တို့ ဖက်တွယ်ထားဖို့ မလိုတော့ပါဘူး။ ခင်ဗျားတို့ မြောက်ဘက်က
အိမ်နီးချင်း တရုတ်ရဲ့ ငြိမ်းချမ်းစွာ တိုးတက်မှုကို ကျွန်တော်တို့
ကြိုဆိုပါတယ်။ ခင်ဗျားတို့ရဲ့ အနောက်ဘက်က အိမ်နီးချင်း အိန္ဒိယကိုလည်း
ကြိုဆိုပါတယ်။ ကုလသမဂ္ဂမှာ အမေရိကန်ဟာ နိုင်ငံကြီးကြီးသေးသေး
ဘယ်နိုင်ငံနဲ့မဆို ဆောင်ရွက်ပြီး ပိုငြိမ်းချမ်းပြီး ပိုသာယာဝပြောတဲ့
ပိုပြီးတော့ တရားမျှတတဲ့ ပိုပြီးတော့ လွတ်လပ်တဲ့ ကမ္ဘာတစ်ခုအတွက် ဖြည့်ဆည်း
ဆောင်ရွက်သွားမှာပါ။ အဲဒါအပြင် အမေရိကန်ဟာ နိုင်ငံတကာဥပဒေရဲ့ ၀တ္တရားတွေ
သူ့နိုင်ငံပြည်သူတွေရဲ့ အခွင့်အရေးတွေကို လေးစားတဲ့ ဘယ်နိုင်ငံနဲ့မဆို
မိတ်ဆွေဖြစ်သွားမှာပါ။
‘ဒီလိုနိုင်ငံကို ဒီလိုကမ္ဘာကို ဒီသမိုင်းဝင်မြို့မှာ ခင်ဗျားတို့
စတင်တည်ဆောက်နိုင်ပါတယ်။ အထီးကျန်နေခဲ့တဲ့ ‘ဒီနိုင်ငံဟာ ဖွံ့ဖြိုးမှုနဲ့
ဒီမိုကရေစီလက်ချင်းယှက်သွားနေတဲ့ ခရီးကို နောက်တစ်ကြိမ် သွားနေပြီဆိုတာနဲ့
နိဒါန်းသစ်တစ်ခုရဲ့ စွမ်းအားကို ကမ္ဘာကို ပြသနိုင်မှာပါ။ ‘ဒီနိုင်ငံမှာ
ခင်ဗျားတို့ ခုဒီမှာထိုင်နေကြတဲ့ သူတွေလို အခွင့်အရေးကို
မခံစားနိုင်တဲ့လူတွေ မရေမတွက်နိုင်အောင်
ရှိနေတယ်ဆိုတာ သိထားပြီး
ကျွန်တော်ပြောတာပါ။ လျှပ်စစ်မီးမရတဲ့ သူတွေ သန်းချီရှိနေပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရပြီး လွတ်မြောက်လာဖို့ စောင့်စားနေရတဲ့
လူတွေရှိနေဆဲပါ။ ဒုက္ခသည်တွေ၊ မျှော်လင့်ချက်ဆိုတာ
ဟိုးမိုးကုတ်စက်ဝိုင်းမှာရှိနေတဲ့ တစ်စုံတစ်ရာဖြစ်နေဆဲ ဒုက္ခသည် စခန်းတွေမှာ
နေနေရတဲ့ အိုးမဲ့အိမ်မဲ့ ပြည်သူတွေရှိနေပါတယ်။
ဆင်းရဲနေကြတဲ့သူတွေ၊ ၀ိုင်းပယ်ခံထားရတဲ့သူတွေ၊
လက်လွတ်ဆုံးရှုံးသွားကြတဲ့သူတွေ၊ မေ့လျော့ခံထားရတဲ့ သူတွေ အပါအ၀င်
ခင်ဗျားတို့နဲ့အတူ အမေရိကန် ရှိနေပါတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အသံကို
လူတိုင်းက ကြားနိုင်မယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့
ဦးနှောက်ထဲမှာ ခင်ဗျားတို့အကြောင်းကို သယ်ဆောင်ထားပါတယ်။ ကျွန်တော်တို့ရဲ့
နှလုံးသားထဲမှာ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်ထားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂၁ ရာစုမှာ နည်းပညာ ကျယ်ပြန့်လာမှု၊ အတားအဆီးတွေ
ပြိုလဲလာမှု၊ လွတ်လပ်မှုရဲ့ ရှေ့တန်းမျက်နှာစာတွေဟာ
သူတို့အချင်းချင်းကြားမှာတင် ဖြစ်ထွန်းနေတာမဟုတ်ဘဲ နိုင်ငံတွေနဲ့
လူတစ်ဦးချင်းကြားမှာ ဖြစ်ထွန်းနေလို့ပါပဲ။
အကျဉ်းသားဟောင်းတစ်ဦးက သူ့နိုင်ငံသားတွေကို ပြောတဲ့အခါမှာ အခုလို
ထည့်ပြောခဲ့ဖူးပါတယ်။ 'နိုင်ငံရေးဆိုတာ ခင်ဗျားတို့ရဲ့ အလုပ်ပဲ၊
နိုင်ငံရေးသမားတွေအတွက်တင် မဟုတ်ဘူး။' အမေရိကန်မှာ ကျွန်တော်တို့
ပြောလေ့ရှိတာက ဒီမိုကရေစီအတွက် အရေးကြီးဆုံး ရုံးဟာ နိုင်ငံသားတွေရဲ့
ရုံးပါ။ သမ္မတမဟုတ်သလို လွှတ်တော်ဥက္ကဋ္ဌလည်း မဟုတ်ပါဘူး။ ပြည်သူတွေပါ။
‘ဒီခရီးစဉ်ဟာ အလွန့်အလွန်ထူးခြားပြီး ခက်ခဲတဲ့ စိန်ခေါ်မှုပြင်းထန်တဲ့
တစ်ခါတစ်ရံမှာ စိတ်ရှုပ်စရာကောင်းလှတဲ့ ခရီးစဉ်လို့ ထင်ကောင်းထင်မှာပါ။
အဆုံးမှာတော့ လွတ်လပ်မှုဆိုတာ ဘာလဲလို့ အဓိပ္ပာယ်ဖွင့်ဆိုရမှာက ဒီနိုင်ငံရဲ့
နိုင်ငံသားတွေပါပဲ။ စစ်မှန်တဲ့ တော်လှန်ရေးစိတ်ဓာတ်ဆိုတာ ကျွန်တော်တို့ရဲ့
နှလုံးသားကိုယ်စီမှာ စတင်ခဲ့ကြတဲ့အတွက်ကြောင့် ခင်ဗျားတို့ဟာ လွတ်လပ်မှုကို
ဖမ်းဆုပ်ရမယ့် သူတွေပါပဲ။ ခင်ဗျားတို့ရဲ့ ခေါင်းဆောင်များစွာက ပြသခဲ့ကြတဲ့
သတ္တိမျိုးကို လိုအပ်နေပါတယ်။
စိန်ခေါ်မှုကြီးတွေကတော့ ရှေ့ခရီးမှာ ရှိနေမှာပါ။ အပြောင်းအလဲရဲ့
အင်အားကို တောင့်ခံနေကြတဲ့ သူတွေလည်း ရှိနေမှာပါ။ ဒါပေမယ့် ဒီနိုင်ငံဟာ
နောက်ပြန်မလှည့်နိုင်တော့တဲ့ တစ်စုံတစ်ရာ ဖြစ်နေတယ်ဆိုတာ ပြီးတော့
ဒီနိုင်ငံကို မြှင့်တင်နိုင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒ၊ ကမ္ဘာအတွက် ဧရာမ
ဥပမာတစ်ခု ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ကျွန်တော် ဒီမှာရှိနေတာပါ။
အဲဒါတွေအပြင် ဒီခရီးရှည်ကြီးမှာ အမေရိကန်ဟာ ခင်ဗျားတို့နဲ့အတူ မိတ်ဖက်အဖြစ်
ရှိနေမှာပါ။ ကျေးဇူးတင်ပါတယ်။(မြန်မာဘာသာဖြင့် ကျေးဇူးတင်ကြောင်းပြောကြား)
(မိန်.ခွန်းကိုEleven Media Group မှ ကူးယူဖော်ပြ ခြင်းဖြစ်ပြီး ဓါတ်ပုံမှာ Eleven Media Group နှင်. Popular Myanmar News တို.မှ ရယူပါသည်)
အထက်ပါ မိန်.ခွန်းနှင်. ပတ်သက်ပြီး အမေရိကန် သမ္မတ သည် လက်တန်း ပြောဆိုခဲ့ခြင်းမဟုတ်ပဲ
သူ၏ လက်ဝဲ လက်ယာ နှစ်ဖက်၌ Teleprompter ခေါ်
ကိရိယာ နှစ်ခုကိုတပ်ဆင်ပေးထားကြောင်းတွေ့ရသည်ဟုဆိုပါသည်။ထိုပုံကို Popular Myanmar News ၏ Facebook စာမျက်နှာတွင် အထောက်အထားနှင်. ပြသထားပါသည်။အောက်တွင်ကြည်.ရှုနိုင်ပါသည်။
ယင်း Teleprompter
ကိရိယာ၏ ရုပ်မြင်မှန်ပြားဝယ် မိန့်ခွန်းစာသားများ ပေါ်လာခြင်းကို မစ္စတာ
အိုဘားမားက မြင်နေရသည်။ အဆိုပါ Teleprompter ကိရိယာမျိုးကို
အမေရိကန်နိုင်ငံ၏ ၃၆ ဦးမြောက် သမ္မတ လန်ဒန် ဘီ ဂျွန်ဆင် လက်ထက်ဖြစ်သော ၁၉၆၄
ခုနှစ်ကတည်းကပင်လျှင် အသုံးပြုခဲ့ကြောင်းသိရသည်။