Wednesday, April 24, 2013

ဧရာဝတီ နှင်. ဒါနန်းကလပ် ပွဲအကြောင်း ရေးကြသမျှ



AFC Cup ကို လက်ပြနှုတ်ဆက် လိုက်ရပြီ ဖြစ်သည့် ဧရာဝတီ ဟူသောခေါင်းစဉ်နှင်.ရေးသားခဲ့သော Soccer Myanmar မှ Post


အိမ်ကွင်းတွင် လက်ခံကစားရခြင်း ဖြစ်သည့် အပြင် ဦးဆောင်ဂိုးပါ သွင်းယူနိုင်ခဲ့သော်လည်း နာကျင်အချိန်ပို (၂)မိနစ်တွင် ပေးခဲ့ရသည့် ပင်နယ်တီကြောင့် ပွဲအပြီးတွင် ဧည့်သည် ဒါနန်းကို (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ကာ ၂၀၁၃ ခုနှစ် AFC Cup ပြိုင်ပွဲကို ဧရာဝတီ ယူနိုက်တက် အနေဖြင့် အုပ်စုအဆင့်မှပင် လက်ပြနှုတ်ဆက် ခဲ့ရပြီ ဖြစ်သည်။ ပွဲချိန် (၈၇)မိနစ်တွင် ကွင်းလယ်လူ ဖြိုးကိုကိုသိန်း ထုတ်ပယ် ခံခဲ့ရခြင်း ကလည်း ဧရာဝတီ၏ ယခုရှုံးပွဲအပေါ် သက်ရောက်မှု ရှိစေခဲ့သည်။ အခြား ကစားသမား တစ်ဦးဖြစ်သည့် ဟိန်းသီဟဇော် မှာလည်း ပွဲချိန် (၉၄)မိနစ်တွင် တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရသေးသည်။

ဧရာဝတီသည် အောင်မင်းခန့်၊ ဇော်ဇော်ဦး၊ နေလင်းအောင်၊ မာယန်၊ ဟိန်းသီဟဇော်၊ ဖြိုးကိုကိုသိန်း၊ ဒေါမနစ်၊ အိုတိုမို၊ နန္ဒလင်းကျော်ချစ်၊ နေလင်းထွန်း၊ လီအန်ဒရို တို့ကို ပွဲထွက် ကစားသမားများ အဖြစ် အသုံးပြုကာ ဒါနန်းကို ရင်ဆိုင်ခဲ့သည်။ ပွဲအစပိုင်းတွင် ဧရာဝတီသည် အိမ်ရှင်အသင်း ပီပီ ဒါနန်းကို ဖိအားပေး ကစားခဲ့သည်။ ထို့ကြောင့် ပွဲချိန် (၂၃)မိနစ်မှာပင် ကွင်းလယ်လူ နန္ဒလင်းကျော်ချစ်က ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပြီး ဧရာဝတီကို ဦးဆောင်စေခဲ့သည်။ ဧရာဝတီသည် ယခုပွဲကို အနိုင်ရပါမှ နောက်တစ်ဆင့် တက်နိုင်ရေး အတွက် မျှော်လင့်ချက် ရှိမည် ဖြစ်သကဲ့သို့ ဒါနန်းမှာလည်း ယခုပွဲကို အနိုင်ရပါမှ နောက်တစ်ဆင့် အတွက် သေချာမည် ဖြစ်ရာ အရှုံးဂိုးကို ပြန်လည် ချေပနိုင်ရေး အတွက် တစ်ဖြည်းဖြည်း ပြန်လည် အားစိုက်လာခဲ့သည်။ ထို့ကြောင့် ပွဲချိန် (၄၁)မိနစ်တွင် ကွင်းလယ်လူ ကွက်အန်းက အသင်းအတွက် ချေပဂိုး သွင်းပေးနိုင်ခဲ့သည်။ ချေပဂိုး ပေးလိုက်ရသည့် အတွက် ပုံစံပျက်သွားခဲ့သည့် ဧရာဝတီသည် (၂)မိနစ် အတွင်းမှာပင် ဒါနန်းကို နောက်တစ်ဂိုး ထပ်ပေးခဲ့ရသည်။ ထိုဂိုးကို လူစားဝင် တိုက်စစ်မှူး ဟမင်တွန်းက ပွဲချိန် (၄၃)မိနစ်တွင် သွင်းပေးခဲ့ခြင်း ဖြစ်သည်။ ပထမပိုင်းတွင် (၁)ဂိုး ရှုံးနေခဲ့သည့် ဧရာဝတီသည် ဒုတိယပိုင်းတွင် ချေပဂိုး ရရှိရေးအတွက် ကြိုးပမ်းလာခဲ့ရာ ပွဲချိန် မိနစ်(၅၀)မှာပင် ချေပဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ဂျပန်ကွင်းလယ်လူ အိုတိုမို က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ရလဒ် တူညီသွားချိန်တွင် အနိုင်ရရေး အတွက် (၂)သင်းလုံး အာရုံစိုက် ကြိုးပမ်းလာခဲ့သည်။ ပွဲချိန် မိနစ် (၈၀) နောက်ပိုင်းတွင် ဒါနန်းက ပိုမို ဖိကစားလာနိုင်ပြီး ဒါနန်း၏ တိုက်စစ်ကို ဟန့်တားရင်း ဧရာဝတီ ကစားသမားများ မကြာခဏ ပြစ်ဒဏ် ကျူးလွန်မိလာခဲ့သည်။ ထို့ကြောင့်ပင် ပွဲချိန် (၈၇)မိနစ်တွင် ကွင်းလယ်လူ ဖြိုးကိုကိုသိန်း ဒုတိယ အ၀ါကတ် ပြသခံရပြီး ကွင်းထဲမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ဖြိုးကိုကိုသိန်း ထုတ်ပယ်ခံရပြီး (၅)မိနစ် အကြာမှာပင် ဖိကစား နေနိုင်သည့် ဒါနန်းတို့ အတွက် အနိုင်ဂိုး ဖြစ်စေမည့် ပင်နယ်တီ ကန်သွင်းခွင့်ကို ရရှိခဲ့သည်။ ထိုပင်နယ်တီကို အသင်းခေါင်းဆောင် ငုယင်မင်ဖောင်းက အပိုင်ကန်သွင်းကာ ဒါနန်းအတွက် အနိုင်ဂိုးကို ရယူခဲ့သည်။ လက်ကျန် မိနစ် အနည်းငယ်တွင် ဧရာဝတီတို့ ချေပဂိုး ရရှိရေးအတွက် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ဘဲ နောက်ခံလူ ဟိန်းသီဟဇော်ပင် ထပ်မံထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ယခုပွဲ အရှုံးကြောင့် ဧရာဝတီ အနေဖြင့် အုပ်စုတက်ရေး လက်ကျန် မျှော်လင့်ချက်ကို လက်လွှတ်လိုက်ရပြီ ဖြစ်ကာ AFC Cup ပြိုင်ပွဲကို အုပ်စုအဆင့်မှပင် (၂)နှစ်ဆက် လက်ပြ နှုတ်ဆက်ခဲ့ရပြီ ဖြစ်သည်။

အခြား အုပ်စုတွင်း ပွဲစဉ်တစ်ပွဲ ဖြစ်သည့် မော်လ်ဒိုက်ဗ် ကလပ် မာဇီယာနှင့် အုပ်စုထိပ်ဆုံးမှ ကီလန်တန်တို့၏ ပွဲစဉ်တွင် အိမ်ရှင် မာဇီယာက အံ့အားသင့်ဖွယ် ခြေစွမ်းပြကာ ကီလန်တန်ကို (၆-၁)ဂိုးဖြင့် အနိုင်ယူခဲ့သည်။ ကီလန်တန်အတွက် ဆာဖ၀မ်က ပွဲချိန် (၇)မိနစ် ကတည်းက ဦးဆောင်ဂိုး သွင်းယူပေးခဲ့သော်လည်း အိမ်ရှင် အသင်းအတွက် မိနစ်(၄၀)တွင် ရာရှစ်၊ အက်ဗဒူလာက (၅၆)မိနစ်၊ အာဆာက (၇၇)မိနစ်၊ အဒူဟမ်က (၈၂)မိနစ်နှင့် (၈၅)မိနစ်၊ အလီက (၈၈) မိနစ်များတွင် ဂိုးများ ဆက်တိုက် သွင်းယူခဲ့ကြသောကြောင့် ကီလန်တန်တို့ ဂိုးပြတ်ရှုံးနိမ့် ခဲ့ရသည်။ အုပ်စု ရပ်တည်မှု အနေအထား အရ ဇယားထိပ်ဆုံးမှ ကီလန်တန်မှာ အုပ်စု အဆင့်မှ လွတ်မြောက်ရန် သေချာသွားပြီ ဖြစ်ပြီး ကျန်တစ်နေရာကို ဒါနန်းနှင့် မာဇီယာတို့၏ ထိပ်တိုက် တွေ့သည့် ပွဲစဉ်မှ အနိုင်ရသည့် အသင်းက ရရှိမည် ဖြစ်သည်။

Myanmar Goal ကတော. ဤ ပွဲကို

ကစားသမားနှစ်ဦးထုတ်ခံရပြီး ဧည့်သည်အား ရှုံးနိမ့်ခဲ့သည့် ဧရာဝတီ ဟူသောခေါင်းစဉ်ဖြင်. ရေးသားခဲ့သည်

 2013 AFC Cup အုပ်စု(G) အုပ်စုပွဲစဉ် တစ်ပွဲဖြစ်သည့် ဧရာဝတီ အသင်းနှင့် ဗီယက်နမ်ကလပ် ဒါနမ်အသင်းတို့မှာ ဧပြီ ၂၃ ရက်(ယနေ့) ညနေ ၅း၀၀ နာရီ သုဝဏ္ဏကွင်း၌ ကစားခဲ့ရာ အိမ်ရှင် ဧရာဝတီ အသင်းသည် ကစားသမားနှစ်ဦး အထုတ်ခံရပြီး ဧည့်သည် ဒါနမ်အသင်းအား ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
   ဧရာဝတီအသင်းသည် ပွဲချိန် ၂၂ မိနစ်တွင် နန္ဒလင်းကျော်ချစ်၏ သွင်းဂိုးဖြင့် ဧည့်သည်အသင်းအား ဦးဆောင်ကစားနိုင်ခဲ့သော်လည်း ပွဲချိန် ၄၀ နှင့် ၄၂ မိနစ်များတွင် ဧည့်သည်အသင်းမှ ဟန်ကွမ်နမ်နှင့် ဟာမင်တောင်တို့ က ချေပဂိုးနှင့် ဦးဆောင်ဂိုး ပြန်လည် သွင်းယူခဲ့သည်။ ပထမပိုင်းပွဲပြီးဆုံးချိန်တွင် ဒါနမ်အသင်း က ဧရာဝတီအသင်းအား ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ဒါနမ်အသင်းကပွဲ အား ပိုမို ဖိကစားခဲ့သော်လည်း ပွဲချိန် ၄၉ မိနစ်တွင် ဧရာဝတီကွင်းလယ်လူဆာတို၏ အမှတ်မထင် အဝေးကန်ချက် ဂိုးဖြင့် အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့သည်။
  ပွဲချိန် ၈၅ မိနစ်တွင် ဧရာဝတီနောက်ခံလူဖြိုးကိုကိုသိန်းမှာ ကွင်းလယ်ဒိုင်လူကြီးအား စောဒက တက်ခဲ့ သဖြင့်နှစ် ၀ါတစ်နီဖြင့် ထုတ်ခံခဲ့ရသည်။ မိနစ် ၉၀ တွင် ဧရာဝတီနောက်ခံလူမာဂျန်သည် ပင်နယ်တီဧရိယာအတွင်း၌ ဒါနမ် တိုက်စစ်မှူးအားကြမ်းတမ်းစွာ ကစားခဲ့သဖြင့် ကွင်းလယ်ဒိုင်လူကြီးမှ ပင်နယ်တီ ပေးခဲ့သည်။ အဆိုပါပင်နယ်တီ အား ဒါနမ်အသင်းမှ ငုရင်မင်ပေါင်က အမှားအယွင်းမရှိ ကန်သွင်းခဲ့သောကြောင့် ဧည့်သည်ဒါနမ်အသင်းက အိမ်ရှင် ဧရာဝတီအသင်းအား ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
  ထို့နောက် ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပိုတွင် ဧရာဝတီနောက်ခံလူ ဟိန်းသီဟဇော်သည်ဒါနမ်တိုက်စစ်မှူးအား ကစားပုံကြမ်းခဲ့သောကြောင့် ဒိုင်လူကြီးမှတိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။ ဧရာဝတီအသင်းသည် ဒါနမ် အ သင်းအား ရှုံးနိမ့်ခဲ့သဖြင့် ငါးပွဲကစား တစ်ပွဲနိုင်၊ လေးပွဲရှုံး ရမှတ် ၃မှတ်ဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး လာမည့် ဧပြီ ၃၀ ရက်တွင် မလေးရှားကလပ် ကီလန်တန်အသင်းနှင့် အဝေးကွင်းတွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် သွားရောက်က စားရမည်ဖြစ်သည်။
 

 

No comments:

Post a Comment