Friday, April 5, 2013

*ကျောင်းတော်တမ်းခြင်း*(ပုသိမ်တက္ကသိုလ် အမှတ်တရ)


(၁)

ကြုံဆုံပြီးရင်…ခွဲခွာကြရတာ

လောကရဲ့ နိယာမတစ်ခုပါပဲ

အကန့်အသန့် တစ်ခုထဲက…

ပျော်ရွှင်မှု၊၀မ်းနည်းမှု၊ အချစ်၊အလွမ်း

အဖြူရောင်တွဲလက်တွေရဲ့

ထားခဲ့ဖူးတဲ့ သစ္စာတရား

အချိန်ယန္တရားရဲ့ တိုက်စစ်မှာ

မှုန်ဝါးကွယ်နစ်ခဲ့ ကြပြီ …။

ငါ့ အမှတ်တရအားလုံး

ငါ နဲ့ အဝေးဆုံးမှာ

ငါချန်ထားခဲ့ရပြီ ….။

နေရစ်တော့ကွယ် … …
 


(၂)

ဆောင်းအ၀င်တွေ့ကြုံရမဲ့…

ကျောင်းရင်ငွေ့လှုံနေ့စွဲတွေကို

လွမ်းတယ်…

နှင်းတွေဝေတဲ့ ဒီဇင်ဘာပေါ့

ကျောင်းတော်က …သူ့ရင်ဘတ်ကို

ဆွဲဖွင့်လိုက်တယ်

“ဟုတ်ကဲ့! …ရင်သပ်ရှုမောဖွယ်

မြ၀ါးရုံပြပွဲ စတင်ပါပြီ”

မတူညီတဲ့ ဒေသတွေက

မတူညီတဲ့ သူတိုင်းရဲ့

တူညီတဲ့ အိပ်မက်တွေခင်းကျင်းပြသ

အရောင်အသွေးစုံ လှပလို့ …

သူ့ အရွယ်နဲ့ သူ့မျှော်လင့်ချက်

တက္ကသိုလ်ဆိုတဲ့ ကမ္ဘာသစ်မှာ

လူနဲ့ အိပ်မက် ထိပ်တိုက်တွေ့ခဲ့ကြတယ်

တက္ကသိုလ်နယ်မြေရယ်…

ကန်သာယာရယ်…

ကျောင်းတော်ကြီးရယ်…

သူငယ်ချင်းတွေရယ်…

ခွဲခွာခြင်းဆိုတာ…

ဘယ်တုန်းကမှ မတွေးခဲ့တဲ့

ကြမ္မာရိုင်းပဲ ဖြစ်ရဲ့ …။

အဓိပ္ပါယ်ရှိတဲ့ နှင်းစက်တွေနဲ့

အဓိပ္ပါယ်ရှိတဲ့ မိုးစက်တွေနဲ့ …

ဥသြသံတွေပျောက်…

နွေမရောက်အောင်ပဲ

ဆုတောင်းခဲ့ကြတယ်

နောက်လိုက်…ပြောင်လိုက်…

စိတ်ကောက်လိုက်

ပျော်ရွှင်မှုတွေပဲ… ပွေ့ပိုက်ခဲ့ကြတယ်။
 

(၃)

သူငယ်ချင်း…အိပ်မက်ချင်းလက်ကမ်း

ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်

တစ်ယောက်ကို တစ်ယောက်ယုံကြည်

တူညီတဲ့ အဓိဌာန်နဲ့

ငါတို့ တွဲခဲ့တဲ့…လက်

ထားခဲ့တဲ့…သစ္စာ

အဖြူရောင်လမ်းမပေါ်မှာပဲ…

အမြဲအတူရှိကြမယ်…

ဘ၀လမ်းဆိုတာ.. ကြမ်းတမ်းလိမ့်မယ်လို့

ဘယ်တုန်းကမှ မထင်ခဲ့ကြဘူး…

စ,လိုက် နောက်လိုက်.. ပျော်ရွှင်လိုက်

Canteen မှာ အချိန်ကုန်လိုက်နဲ့

ကျောင်းမှန်ပြီး အတန်းမတက်ခဲ့တဲ့နေ့တွေ…

ငြင်းလိုက်…ခုန်လိုက်

စကားများလိုက်နဲ့

လက်ဖက်ရည်ဆိုင်က… ညနေခင်းတွေ..

ဂီတာတစ်လက်နဲ့ အိပ်ပျက်ခဲ့တဲ့

ကျောင်းတော်ရဲ့ ညလယ်ခင်းတွေ

ဒီမှာဟေ့!... ဘ၀ဆိုတာ

သောကတွေနဲ့ ကင်းဝေးရာ…

အချိန်ယန္တရားကို..

ပျော်ရွှင်မှုတွေနဲ့ ပဲ လည်ပတ်စေခဲ့တယ်..

ဒီလိုနဲ့..သူငယ်ချင်း

သုံးနှစ်ဆိုတဲ့ ကာလ လွန်မြောက်

မေ့ထားတဲ့ ကြမ္မာရိုင်းက

ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်…။
 

(၄)

တကယ်တော့.. သူငယ်ချင်း

ဘ၀ဆိုတာ..

တော်ရာမှာနေကြရတာပါ…

ထားခဲ့ဖူးတဲ့သစ္စာ…

တွဲခဲ့ဖူးတဲ့.. အဖြူရောင်လက်

ပျော်ခဲ့ဖူးတဲ့.. ကျောင်းသားဘဝ

အားလုံးသော အမှတ်တရများ…

ခု..အားလုံးကိုနှုတ်ဆက်ဖို့…

ရထားတို့ …ဥသြဆွဲလိုက်ကြပြီ ….

ဘ၀ ကိုဖွင့်ဆိုခဲ့သူတို့

ခွဲခွာခြင်းကို .. သီအိုရီမထုတ်ခဲ့ရင် ကောင်းလိမ့်မယ်

ဒါပေမဲ့..သူငယ်ချင်းရယ်

က,ကွက်တွေ အမြဲလှမှတော့…

ဘ၀ ဘယ်ဟုတ်တော့မလဲ…။

ငါတို့ ဆုံစည်းကြတာ

ငါတို့ ခွဲခွာကြဖို့ပဲ

မက်ခဲ့ကြတဲ့ အိပ်မက်ကိုယ်စီ

တူညီခဲ့တဲ့ သစ္စာတရား…

မင်းတို့ အားလုံးကို…ကျေးဇူးတင်ပါတယ်

သူငယ်ချင်းရေ…

ငါ့ရဲ့ ဒီဇင်ဘာတွေ…ငါ့ရဲ့မိုးရာသီတွေ

အဓိပ္ပါယ်မဲ့ရတော့မယ်…

ရင်ဘတ်ထဲမှာ…နွေရာသီတွေပြည့်နှက

ကျောင်းတော် အလွမ်းတွေနဲ့….

မွန်းကျပ်လို့ … … …။

ချစ်တဲ့ကျောင်းတော်.. ထိုင်ခဲ့ဖူးတဲ့ခုံတန်း

ရေပြင်ကျယ်နဲ့ ကန်သာယာ..

ခြေဆန့်ခဲ့တဲ့ တက္ကသီလာ..

အ၀ါရောင် မလေးပိတောက်ပန်းများ

အားလုံးကိုခွဲခွာရတော့မယ်…

သူငယ်ချင်းရေ..

ငါ့ဘ၀ရဲ့ အပျော်ဆုံးအချိန်တွေကို

ငါတို့ ချစ်တဲ့ ကျောင်းတော်ရဲ့ ရင်ဘတ်ထဲမှာ

မြှုပ်နှံခဲ့ပါပြီ…..

“ နှုတ်ဆက်ပါတယ်…မြ၀ါးရုံ…။”

ကဲ! ကဲ! လက်တွဲတွေ ခဏဖြုတ်

ရည်မှန်းချက်ကိုယ်စီအတွက်

ဘ၀ရဲ့ ဖိနပ်တွေစီး

ကိုယ့်ခရီး ကိုယ်ဆက်ကြပါဆို့…။


ကံမကုန်ရင်တော့ …

ပြန်ဆုံကြဦးမယ်…


သူငယ်ချင်း…

နက်ဖန်ခါတိုင်းမှာ…

အောင်မြင်ပါစေကွာ… …။

                                                                       Aung Myin - Golden Pathein @ Facebook

No comments:

Post a Comment