Friday, October 4, 2013

ထူးအိမ်သင် ကဗျာ - စင်သီယာ



 ( ၁ )
ငါမငိုဖူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဖူး …
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီ
မကြွေနဲ့စင်သီယာ
ငါ …



( ၂ )
ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့မီနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာဘယ်မှာလဲ။



( ၃ )
ငါမပြောတော့ဖူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဖူး .. ။



( ၄ )
မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘဝ … မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့ … ။



( ၅ )
မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ဝါးမြို ခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘဝမှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်

သျှပ်မှူးကျော်

No comments:

Post a Comment