လက်ချင်း ခိုင်ခိုင်တွဲလို့
မျက်လုံးချင်းက မခွဲနိင်တဲ့ အကြည့်နဲ့
တွယ်ငြိနေကြတယ်....
ဒီလိုနဲ့ပဲ
ကိုယ်တို့ နှလုံးသားမှတ်တမ်း
စခဲ့ကြတယ် ....
ဒီဇင်ဘာရဲ့ ညဥ့်တညဥ့်မှာပေါ့
လေထဲမှာ
ဒန်းပန်းရနံ့တွေ မွှေးပျံနေတယ်
ကိုယ့်တယောကလေးက
မြေကြီးပေါ်မှာ
ဘာသိဘာသာ လျောင်းနေရှာတယ်......
မင့်ပန်းကုံးကလည်း
သီလက်စနဲ့
မင်းနဲ့ကိုယ် နှစ်ဦးသားရဲ့
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်.......
မင်းရဲ့ လိမ္မော်ရောင် ဇာမျက်နှာဖုံးက
ကိုယ့်မျက်လုံးတွေကို
ယစ်ဝေစေတယ်......
မင်းသီပေးတဲ့ စံပယ်ကုံးက
အဆောင်အယောင် တစ်ခုလို
ကိုယ့်ရင်မှာ အလှိုင်းတကြီး ဖြစ်ရတယ်.....
ပေးလိုက် ပြန်ယူလိုက်
ခုထုတ်ပြလိုက် တော်ကြာ ၀ှက်ထားလိုက်
လုပ်တမ်း ကစားကြတယ်......
အပြုံးအရယ်တွေ တချို့
ရှက်သွေးကြွယ်တာလေးတွေ တချို့
နောက် ချိုနွဲ့ပြီး အားမပါတဲ့
အရုန်းအဖယ် တချို့နဲ့လေ........
မင်းနဲ့ကိုယ် နှစ်ဦးသားရဲ့
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်.......
လက်ရှိအနေအထားကို ကျော်ပြီး
အသိခက် လျှို့ဝှက်တာလည်း မရှိဘူး
မဖြစ်နိင်တာကို
အဖြစ်ဖြစ်အောင် လုပ်တာလည်း မရှိဘူး
ကြည်နူးမှုရဲ့ နောက်မှာ
အရိပ်လည်း မထိုးဘူး
အမှောင် ပိန်းပိန်းမှာ
မျက်ရမ်း မှန်းဆ နေစရာလည်း မလိုဘူး.....
မင်းနဲ့ကိုယ် နှစ်ဦးသားရဲ့
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်....
ကိုယ်တို့နှစ်ယောက်ဟာ
ထာဝစဉ် ဆိတ်ငြိမ်ရာမှာ
စကားတွေ
တောင်စဉ် ရေမရ မပြောကြဘူး.....
မျှော်လင့်ချက်ရဲ့
အဆုံးစွန်က အရာတွေကို
တမ်းတမ်းတတ လက်တပြပြလည်း
မလုပ်ဘူး.......
ကိုယ်တို့အပေးနဲ့အရ
မျှတပါတယ်....
အပျော်ကို မဖျက်ဆီးဘူး
အပျော်ထဲကနေ
ဝေဒနာ အရက်ချိုထွက်လာအောင်
အဖုံးကို အတင်းလှည့်ပြီး
သွန်မငှဲ့ခဲ့ကြဘူး.....
မင်းနဲ့ကိုယ် နှစ်ဦးသားကြားမှာ
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်.....။ ။
ရာဘန္ဒြာနတ်(သ်)တဂိုး
No comments:
Post a Comment