Friday, August 23, 2013

မောင်ခိုင်မာရဲ. ကဗျာ တစ်ပုဒ် ( (၅၆) နှစ်သားတစ်ယောက်ရဲ့ ကသောက်ကရောက် အချစ်စစ်တမ်း )

 (၅၆) နှစ်သားတစ်ယောက်ရဲ့ ကသောက်ကရောက် အချစ်စစ်တမ်း


တကယ့်ကို အမှတ်တမဲ့ပါပဲ
ဒြပ်မဲ့ အချစ်ဆူးချွန်ချွန်နဲ့ 
... မြစ်နဖူးအစွန်မှာ သွားထိုင်ပြီး
နဂါးဖဖ်းဖို့  အားစမ်းခဲ့တဲ့ အချစ်
ဟိုတုန်းက ... (၁၆) နှစ်။

ထိလိုက်ရင် ... ရွှေစင်
ခြွေလိုက်ရင် ... ပတ္တမြား
မှော်ဆရာတောင် ဖျားလောက်ရဲ့
ကဗျာသမားတစ်ယောက်ရဲ့ အချစ်
ဟိုတုန်းက ... (၂၆) နှစ်။

ခေတ်ကြို ခရီးအဆန်မှာ
အချစ်ကို အထီးကျန် မဖြစ်စေရ
မီးလျှံတွေစားပြီး ခွန်အားသစ်
ဖီးနစ်ငှက်တစ်ကောင်ရဲ့ အချစ်
ဟိုတုန်းက ... (၃၆) နှစ်။

မသိသေးတာတွေ သိလိုက်ရပြီ
အဲဒီအခိုက်အတန့် လေးမှာပဲ
ပြေးလမ်းပေါ်မှာ ငေးကြောင်ကြောင်ပ
သွေးပေါင်ကျခဲ့ရတဲ့ အချစ်
ဟိုတုန်းက ... (၄၆) နှစ်။

မီးကျီးခဲ ရဲရဲပေါ်မှာ
နှစ်စီးတွဲ အချစ်အိုကြီးပါတကား
ဆီပျောက်, မီးပျောက် ဘီးလည်းပေါက်ခဲ့
ခရီးမရောက်တော့တဲ့ အချစ်
ကွန်ပြူတာခေတ်ထဲက ... (၅၆) နှစ်။

အလို “ငါးဆယ့်ခြောက်” ကိုမှ
အားနဲ့ မြှောက်ပြီး ...
ဓားနဲ့ ပေါက်လိုက်တာ ဘယ်သူလဲဟေ့။ ။

မောင်ခိုင်မာ

No comments:

Post a Comment