Thursday, August 8, 2013

SEA Game အကြို အားရစရာ လေ့ကျင့်ပြင်ဆင်မှုများဖြင့် မြန်မာဘောလုံးအသင်း နောက်ဆုံး သတင်းများ (သရော်စာ)

သူရဿဝါ
နည်းပြချုပ် "ပတ်ဟောင်ဖွာ" ကိုင်တွယ်နေတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ SEA Game အကြို ပြင်ဆင်လေ့ကျင့်မှုများနဲ့ ခြေစမ်းပွဲများကို အဆက်မပြတ် ပြုလုပ်နေပြီး အားရဖွယ်ရာ တရိပ်ရိပ်အောင်မြင်မှု ရလဒ်များ ရရှိနေကြောင်း သတင်းရရှိပါတယ်ခင်ဗျာ။ 

SEA Game မှာ အိမ်ရှင်နိုင်ငံအဖြစ် ဆင်နွှဲမယ့် မြန်မာဘောလုံးအသင်းကို မြန်မာဘောလုံးအဖွဲ့ချုပ်က ဗိုက်ရွှဲဖို့ ရည်ရွယ်၊ အဲ.. သီးခံတော်မူပါခင်ဗျာ.. ဗိုလ်စွဲဖို့ရည်ရွယ်ထားတယ်လို့ သိရှိရပြီး ပထမဆုံး အဆင့်အနေနဲ့ အသင်းမှာ ရှိတဲ့ ကစားသမားတွေကိုပဲ နှစ်ဖက်ခွဲပြီး အပြန်အလှန် ကစားခိုင်းရာမှာတော့ ကစားသမား အကုန်လုံးဟာ ခြေရည်တူညီနေတဲ့အတွက် လေးဆယ့်ခြောက်ပွဲဆက်တိုက် ဂိုးမရှိ သရေကျခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲဒီနောက်မှာတော့ တခြားသော အသင်းများနဲ့ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားခဲ့ရာ ပထမဆုံးပွဲအဖြစ် "မရမ်းကုန်းမူကြို" အသင်းကို လေးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယမြောက် ခြေစမ်းပွဲမှာတော့ "မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်မစွမ်း" အသင်းကို ဂိုးမရှိ သရေဖြစ်အောင် ကစားနိုင်ခဲ့တဲ့ အတွက် အသင်းရဲ့ ရလဒ်ဟာ တဖြည်းဖြည်း တိုးတက် ကောင်းမွန် လာခဲ့တာ ဖြစ်ပါတယ်။

"မသန်မစွမ်း" အသင်းနဲ့ ဂိုးမရှိ သရေကစားနိုင်ခဲ့တဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မြန်မာအသင်း နည်းပြ "ပတ်ဟောင်ဖွာ" က ပြောကြားခဲ့ရာမှာတော့ "မသန်မစွမ်း" အသင်းထက် ခြေစွမ်းပိုင်းမှာ မြန်မာ့ လက်ရွေးစင် အသင်းက ပိုမိုသာလွန် ခဲ့ပေမယ့်လည်း တစ်ဖက်အသင်းက ဘီးတပ်ကုလားထိုင်များ အကူအညီကို အားပြုပြီး ကစားသွားခဲ့တာ ဖြစ်ကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအသင်း အနေနဲ့ မသန်မစွမ်း အသင်းကို တစ်ဂိုးမှ မပေးရအောင် ကစားကွက် အသာစီးနဲ့ ခံကန်နိုင်ခဲ့ကြောင်း မစားရဝမခန်း ပြောကြားခဲ့ပါသေးတယ်ခင်ဗျာ။ နောက်ထပ် ခြေစမ်းပွဲ တစ်ပွဲအဖြစ် ပြည်ပကိုထွက်ပြီး ဘရာဇီးနိုင်ငံမှာ သွားရောက်ကာ "ဘရာဇီး လက်ရွေးစင် မျက်မမြင်" အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ တစ်ဂိုး ဂိုးမရှိနဲ့ အံ့အားသင့် ဂုဏ်ယူဖွယ်ရာ အနိုင်ယူပြီး နိုင်ငံ့ဂုဏ် ဆောင်ခဲ့ကြကြောင်း သိရှိရပါတယ်ခင်ဗျာ။ အဲဒီပွဲမှာ "ဘရာဇီး မျက်မမြင်" အသင်းက ကစားသမား ကိုးယောက်ကို တစ်ခါတည်း လိမ်ခေါက်ပြီး အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ရှေ့တန်း ငိုက်စစ်မှူး၊ အဲ.. သီးတစ်ခါလောက် ခံတော်မူပါခင်ဗျာ၊ ရှေ့တန်း တိုက်စစ်မှူး "ဂေါ်ဂိုဂို" ဟာ Man of the Match ရရှိ ခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံခြား ခြေစမ်းပွဲ ကစားခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ခြေစွမ်းပိုမို တိုးတက်လာခဲ့တဲ့ မြန်မာဘောလုံး အသင်းဟာ ပြည်တွင်းကို ပြန်ရောက်တဲ့အချိန်မှာ နာမည်ကြီး ပြည်တွင်းကလပ် အသင်းတစ်သင်းနဲ့ ကစားခဲ့ရာမှာ လေးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး သူတို့နဲ့ ကစားခဲ့တဲ့ အသင်းကတော့ "နှင်းဆီကုန်း ဘိုးဘွားရိပ်သာ" ကလပ်အသင်း ဖြစ်တယ်လို့ သိရှိရပြီး ပြေးအားနဲ့ သက်လုံပိုင်းတို့မှာ နှစ်သင်းလုံး အတူတူလောက်ပဲရှိခဲ့ပေမယ့် အဆုံးသတ် ကံတရားပိုင်းမှာ မြန်မာအသင်းက အသာစီးရရှိ ခဲ့တာ ဖြစ်တယ်လို့လည်း အတွင်းသတင်းများက တိုးတိုးတိတ်တိတ် ဖွင့်ချခဲ့ပါတယ်။ ဒါနဲ့ စကားမစပ်.. မြန်မာ ဘောလုံးအသင်းရဲ့ ခြေစွမ်းခြေစရှိတဲ့ ကစားသမားတွေကို ဆုရွေးချယ် ပေးအပ်ခဲ့တဲ့ ပွဲမှာတော့ မြန်မာ့လက်ရွေးစင် အရန်ဂိုးသမား "ဖုန်းတစ်ဂိုး" က "အကောင်းဆုံး ကစားသမားဆု" ရရှိခဲ့ပြီး သူဟာ ထူးခြားတဲ့ ကမ္ဘာ့စံချိန် တစ်ရပ်အဖြစ် "သုံးနှစ်ဆက်တိုက် ဂိုးမပေးရ" စံချိန်ကို တင်နိုင်ခဲ့ပြီး အဲဒီသုံးနှစ်အတွင်း တစ်ပွဲမှလည်း ဝင်မကစား ခဲ့ရကြောင်း သိရှိရပါတယ်။ "အသန့်ရှင်းဆုံး ကစားသမားဆု" ကိုတော့ မြန်မာ့ လက်ရွေးစင် ကွင်းလယ်ကစားသမား "လယ်တယ်တယ်" က ရရှိသွားပြီး သူဟာလည်း လက်ရွေးစင် ဖြစ်ကတည်းက တစ်ပွဲမှ မကစားရသေးဘဲ ဂျာစီအကျီ င်္တောင် ချွေးတစ်စက်မှ မထွက်တဲ့အတွက် ဒီဆုကို ရရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ "တစ်နှစ်တာ သွင်းဂိုးအများဆုံးဆု" ကိုတော့ စုစုပေါင်းသွင်းဂိုး (၉၉)ဂိုးနဲ့ နောက်တန်း တိုက်စစ်မှူး "ကိုလှူဒါန်း" က ရရှိခဲ့ပြီး အဲဒီ ဂိုးတွေအားလုံးဟာ ကိုယ့်ဂိုးကိုယ် စွမ်းစွမ်းတမံ သွင်းနိုင်ခဲ့တာဖြစ်ကြောင်းလည်း ဂုဏ်ယူဖွယ်ရာ သိရှိရပါတယ်ခင်ဗျာ။

ခုလို အနေအထားတွေကြောင့် မြန်မာ့လက်ရွေးစင် အသင်းရဲ့ အခြေအနေ တိုးတက်မှုတွေကို နည်းပြချုပ် "ပတ်ဟောင်ဖွာ" အနေနဲ့ နှစ်ထောင်းအားရ ဖြစ်လျက်ရှိပြီးတော့ ခြေစမ်းပွဲမှာ လူအဟောင်းတွေကို စမ်းပြီးပြီ ဖြစ်တဲ့အတွက်ကြောင့် တကယ့်ပြိုင်ပွဲကျရင် လူအသစ်တွေကို စမ်းဖို့ အစီအစဉ်ရှိတယ်လို့ ဆိုထားပြီး လူအသစ်တွေကလည်း အစမ်းခံဖို့ကို ရင်တဖိုဖို စောင့်နေကြကြောင်း သတင်းရရှိပြန်ပါတယ်ခင်ဗျာ။ သူ့အသင်းကို ယုံကြည်မှုအပြည့်ရှိနေတဲ့ နည်းပြချုပ်ဟာ လာမယ့် SEA Game ပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်း အနေနဲ့ "နိုင်ရင် နိုင်ပြီး မနိုင်ရင် ရှုံးမှာဖြစ်ကြောင်း" ရဲရဲတောက်စကား ပြောကြားခဲ့တယ်လို့လည်း သိရှိရပါတယ် ခင်ဗျာ။ မြန်မာအသင်း ယှဉ်ပြိုင်တဲ့ပွဲများအနက် နိုင်တဲ့ပွဲများကိုတော့ "ဘလိုင်းပျက်" ရုပ်သံလိုင်းရဲ့ ဈေးအကြီးဆုံး Package ဖြစ်တဲ့ Package-420 ကနေ တိုက်ရိုက် ထုတ်လွှင့်မှာဖြစ်ပြီး ရှုံးတဲ့ပွဲများကိုတော့ မသိချင်ယောင်ဆောင်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။ မြန်မာ့ဘောလုံး ပရိသတ်များအနေနဲ့လည်း "ကမ္ဘာ့အားကစား မြန်မာမှာ လောင်းရမည်" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တစ်ခဲနက် အားပေးကြဖို့ စောင့်ဆိုင်းနေကြတယ်လို့ သိရှိရပါတယ်ခင်ဗျာ။
 By သူရဿဝါ @ ရသစာပေ အနုပညာ ဘလော.ဂ်

No comments:

Post a Comment