Tuesday, August 6, 2013

ရန်ကုန် - နေပြည်တော် ဘောလုံးပွဲ သတင်း (သရော်စာ )

သည်းခံတော် မူပါခင်ဗျာ၊ အခုအချိန်ကစပြီး ရန်ကုန်ယူနိုက်တက် အသင်းနဲ့ နေပြည်တော် ယူနိုက်တက် အသင်းတို့ရဲ့ ချစ်ကြည်ရေး ခြေသရမ်းပွဲကြီး သတင်းများကို စတင်ညာပါတော့မယ်၊ အဲလေ.. သည်းထပ်မံ ခံတော်မူပါခင်ဗျာ.. စတင် ကြေညာပါတော့မယ် ခင်ဗျာ။ 
သတင်း.. မစုံမလင်မှာ၊ ဆောရီး.. သည်းနောက်တစ်ဖန် ခံတော်မူပါ ခင်ဗျာ..

အခုအချိန်က စတင်ပြီးတော့မှ ရန်ကုန် ယူနိုက်တက် အသင်းနဲ့ နေပြည်တော် ယူနိုက်တက် အသင်းတို့ရဲ့ ချစ်ကြည်ရေး ခြေသရမ်း ပွဲကြီးကို စတင် တော့မှာ ဖြစ်ပါတယ် ခင်ဗျ။ အထူးတန်း ပွဲကြည့်စင် ညောင်ပင် ခွကြားမှာတင်မက ရိုးရိုးတန်း ပွဲကြည့်စင် လမ်းဘေး မှာပါ လာရောက် ကြည့်ရှုသူတွေ များလှပါတယ် ခင်ဗျ။ ဒီပွဲဟာ အလွန် ထူးခြားတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ် ခင်ဗျ။

ဒီပွဲကို ရန်ကုန်အသင်းက သုဝဏ္ဏ ကွင်းထဲမှာ ကျင်းပ စေချင်သလို နေပြည်တော် အသင်းကလည်း ဝဏ္ဏသိဒ္ဓိ ကွင်းမှာ ကျင်းပစေချင်တဲ့အတွက် သူ့ကွင်း ကိုယ့်ကွင်း ငြင်းခုံကြရာကနေ ဘောလုံး မကန်ခင် လူချင်း ကန်ကုန်ကြမှာ စိုးတာက တစ်ကြောင်း၊ နောက်ပြီး ရန်ကုန်ကွင်းထဲ ကန်မယ်ဆိုရင် ထီးတွေ၊ ဖိနပ်တွေ အလကားနေရင်း ကွင်းထဲရောက်ကုန်မှာ ဖြစ်ပြီး နေပြည်တော် ကွင်းထဲ ကန်မယ်ဆိုရင်လည်း ထိုင်ခုံတွေ ကျိုးကုန်မှာ ဖြစ်တယ်ဆိုတာကို ဒိုင်လူကြီးဖြစ်သူ ဦးအငယ်ကောင်က ကြိုတင်သိရှိပြီး ဖြစ်တာက တစ်ကြောင်းတို့ကြောင့်.. ရန်ကုန်-နေပြည်တော် မိုးယို လေယို အဝေးပြေး လမ်းမကြီးပေါ်မှာ ကျင်းပဖို့ ဆုံးဖြတ် ခဲ့ပါတယ် ခင်ဗျ။

ကျွန်တော် ကြေညာနေတဲ့ အချိန်မှာပဲ နှစ်သင်းစလုံး ထိုင်နေရာကနေ ဖုတ်ဖက်ခါပြီး လမ်းမပေါ် တက်လာ ကြပါတယ် ခင်ဗျ။ အဲ.. နှစ်သင်းစလုံး ကလည်း အဖြူရောင်တွေချည်းပဲ ၀တ်ဆင် ထားကြ ပါတယ်ခင်ဗျ။ အကျီ င်္ ပြန်လဲခိုင်းတာလည်း ဘယ်သူမှ ပြန်မလဲချင် ကြပါဘူး ခင်ဗျ။ အဲဒီမှာ ဒိုင်လူကြီး ဦးအငယ်ကောင်က အိတ်ထဲက အကြွေစေ့ရှာတယ်.. မတွေ့ဘူးခင်ဗျ၊ ဘယ်လိုမှ ရှာမတွေ့တဲ့အဆုံးမှာ တစ်သောင်းတန် နှစ်ရွက်ကို ထုတ်တယ်ခင်ဗျ။

ပြီးတော့ နှစ်ဘက်အသင်း ခေါင်းဆောင်တွေကို အနိုင်အရှုံး ဘူကြီး ပွတ်ခိုင်းတယ် ခင်ဗျ။ ခုဆို ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အရ ရန်ကုန်အသင်းက အကျီ င်္ချွတ်ကန်မှာ ဖြစ်ပြီး နေပြည်တော် အသင်းကတော့ ဘောင်းဘီချွတ်ကန်မှာ ဖြစ်ပါတယ် ခင်ဗျ။

အဲ.. စပါပြီခင်ဗျ။ ရန်ကုန်ယူနိုက်တက် အသင်းတိုက်စစ်မှူး ဆွဲတယ်ခင်ဗျ။ ထပ်ဆွဲတယ် ခင်ဗျ။ ဘောလုံးကို မဆွဲဘဲ နေပြည်တော် အသင်းနောက်ခံလူရဲ့ ဆံပင်ကို သွားဆွဲတာပါ ခင်ဗျ။ ဒိုင်လူကြီး ဦးအငယ်ကောင်က အ၀ါကဒ်ထက် ပိုထိရောက်တဲ့ ဝက်သားခုတ်ဓားမကြီးပြပြီး သတိပေးထား ပါတယ်ခင်ဗျ။ နေပြည်တော်အသင်း ကုန်တင်တယ် ခင်ဗျ၊ အဲလေ.. ကန်တင်တယ် ခင်ဗျ။ အဲဒီ ဘောလုံးကို ရန်ကုန် အသင်း နောက်ခံလူ လည်ပင်းနဲ့ ဖမ်းထိန်းတယ် ခင်ဗျ။ အသေသတ် ပါတယ် ခင်ဗျာ၊
အဲ.. သေသပ် ပါတယ် ခင်ဗျာ။

ဒါပေမဲ့ ဘောလုံးမှန်ပြီး လည်ဇလုပ်ကြီး အထဲချိုင့်ဝင်သွားတဲ့ အတွက် ရန်ကုန်နောက်ခံလူ သတိလစ်သွားပါတယ် ခင်ဗျာ။ ဒိုင်လူကြီး ဦးအငယ်ကောင် ဘောင်းဘီအိတ်ထဲက ဝီစီထုတ်ပေမယ့် ဝီစီပါမလာဘဲ နှဲကြီး ထွက်လာပါတယ် ခင်ဗျာ။ ဒါနဲ့ ထွက်လာတာပဲ မှုတ်တော့မယ်ဆိုပြီး အချက်ပေး နှဲကြီးမှုတ်ပြီး “Fair Play” လို့ အော်တယ် ခင်ဗျ။

အဲဒီမှာတင်ပဲ ရန်ကုန်အသင်းဂိုးသမား အသင့်ပါလာတဲ့ ဖဲထုပ်ကိုချပြီး ကုလားဖန် ထိုးပါတယ် ခင်ဗျ။ သူ့အနားကိုလည်း တခြားကစားသမားတွေ ဝိုင်းလာပါတယ်ခင်ဗျာ။ ဒါကို ဒိုင်လူကြီးက ဖဲပလေး ဆိုတာ ဖဲကစား ခိုင်းတာ မဟုတ်ဘဲ (Fair Play) လို့ ပြောတာ ဆိုပြီး ရန်ကုန်ဂိုးသမားကို အုတ်နီခဲပြပြီး သတိပေးထား ပါတယ် ခင်ဗျ။ အခုဆို နေပြည်တော်အသင်းက ပြန်ရသွားပြီး ကန်တယ် ခင်ဗျ။ နောက်တစ်ချက် ကန်တယ်။ ထပ်ကန်ပါတယ် ခင်ဗျား။

ဒါပေမဲ့ ဘောလုံးကို ကန်တာ မဟုတ်ဘဲ ရန်ကုန်ယူနိုက်တက် အသင်းသားကို ဆောင့်ကန် တာကြောင့် ဒိုင်လူကြီးက ထောင့်ကန်ဘောထက် ပြင်းထန်တဲ့ “ဆောင့်ကန်ဘော” ပေးထား ပါတယ် ခင်ဗျ။ အဲဒီ ဘောလုံးကို ရန်ကုန်အသင်း ကန်တယ်.. ဘေးစည်းကို ကျော်သွားပါတယ်ခင်ဗျ။ နေပြည်တော် အသင်းက လက်ပစ်ဗုံးရတယ်.. ဘယ်နားကို ပစ်ရကောင်းမလဲ ကြည့်နေတယ်.. စနက်တံဖြုတ်တယ်၊ အဲ.. သီးခဏခဏ ခံတော်မူပါ ခင်ဗျာ..
စစ်ပွဲသတင်းနဲ့ ရောသွားလို့ပါ၊

နေပြည်တော် အသင်းက လက်ပစ်ဘော ရတယ်၊ မြှောက်ပေးလိုက်တယ်.. အလယ်တန်းလူ ရသွားတယ်.. ဘောလုံးကို ဆွဲပြေးလာတယ်၊ အဲဒါကို ရန်ကုန်အသင်း နောက်ခံလူတစ်ယောက် ခြေစုံပစ်ပြီး ဝင်ကန်တဲ့အတွက် ဒိုင်လူကြီး ဦးအငယ်ကောင်က “ပြစ်ကန်ဘော” ပေးလိုက်ပါတယ် ခင်ဗျာ။

နေပြည်တော်အသင်း အဲဒီဘောလုံးကို ကန်တင်တယ်၊ ရန်ကုန်က ပြန်ရသွားပြီး ဆွဲပြေးရာမှာတော့ နေပြည်တော် အလယ်တန်းလူက ဆွဲပြေးလာတဲ့သူကို နဖူးနဲ့ပြေးလိုက်လိုက်ပါတယ်။ ရန်ကုန်အသင်း ဘောလုံးသမား ဖူးယောင်ပြီး ပါးကြီးဖောင်းသွားတဲ့အတွက် ဒိုင်လူကြီးက “ဖောင်းဘော” ပေးထားပါတယ် ခင်ဗျာ။ ပွဲက အတော်ကို ကြမ်းနေတဲ့အတွက် ဒိုင်လူကြီး ဦးအငယ်ကောင်က သူ့ခါးမှာစည်းထားတဲ့ ကာရာတေး ခါးပတ်နက်ကို နှစ်သင်းစလုံးဆီ လှန်ပြပြီး “တဂီးဂီး” ဒေါသထွက်တဲ့ အသံနဲ့အော်ဟစ် သတိပေး ထားပါတယ် ခင်ဗျ။

ရန်ကုန်အသင်းက ဖောင်းဘောကို ကန်တင်လိုက်တယ်.. နေပြည်တော် ဂိုးဧရိယာထဲကျတယ်.. ရန်ကုန် ယူနိုက်တက် ရှေ့တန်းလူ ရထားပြီ.. အပိုင်ကန်တော့မယ်.. အဲဒီအချိန်မှာပဲ ရန်ကုန်ရှေ့တန်းလူ ကို နေပြည်တော် နောက်တန်းလူက အတင်းဝင်ပြီး ဘောလုံးကိုမလုဘဲ လူကို ပယ်ပယ်နယ်နယ်တီးတဲ့အတွက် ဒိုင်လူကြီး ဦးအငယ်ကောင်က “ပယ်ပယ်နယ်နယ်တီး” ပြစ်ဒဏ်ဘော ပေးလိုက်ပါပြီခင်ဗျာ။

ပယ်နယ်တီ ရသွားတဲ့အတွက် ရန်ကုန် အသင်းသားတွေ ပျော်ပြီးတော့ ကဗျာလွတ် ယိမ်းကနေကြတဲ့ အချိန်မှာပဲ နေပြည်တော် အသင်းက သူတို့ကို ရန်စတာဆိုပြီး အားကျမခံ ဒစ္စကိုဒန့်စ်တွေ ပြန်ဆွဲပါတယ်ခင်ဗျ။ ရန်ကုန်ကလည်း အကျောမပေးဘူးခင်ဗျာ.. သူတို့ထက်သာအောင် ဆက်စီဒန့်စ် ပြန်ကပြတယ်ခင်ဗျ။

အဲဒါကို မခံနိုင်တဲ့ နေပြည်တော် ဘောလုံးသမား တစ်ယောက်က ရန်ကုန် အသင်းသား တစ်ယောက်ဆီ အတင်းပြေးပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ လက်သီးနဲ့ ပြေးထိုးတယ်ခင်ဗျ။ ရန်ကုန်အသင်းကလည်း မဆိုစလောက်ကလေး “ဖြောင်း” ခနဲနေအောင် ယုယုယယ ပါးပြန်ချတယ်ခင်ဗျ။ နောက်ဆုံး မှာတော့ နှစ်ယောက်စလုံး တွေ့ရာ မှီရာ အပြန်အလှန် ချစ်ကြည်ရေးယူပြီး ဖက်ကိုက်နေကြပါပြီခင်ဗျာ။ အဲဒါကို မြင်ပြီး ရန်မဖြစ်စေချင်တဲ့ ကွင်းထဲက ပရိသတ်တစ်ယောက် ဟာလည်း ဖျန်ဖြေဖို့အတွက် ဝါးရင်းတုတ်ကြီးကိုင်ပြီး ကွင်းထဲကို ပြေးချလာပါတယ်ခင်ဗျ။

အခြေအနေကတော့ တော်တော်ကို ရှုပ်ထွေးကုန်ပါပြီခင်ဗျာ။ ဒိုင်လူကြီး ဦးအငယ်ကောင်ခမျာလည်း ကြားထဲဝင်ပြီး ဆွဲရင်း တားရင်းနဲ့ မျက်နှာတစ်ခုလုံး စုတ်ပြဲဖူးယောင်နေပါပြီခင်ဗျာ။

အဲဒီအချိန်မှာပဲ .. “အမျိုးသား စည်းလုံးညီညွတ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး” ဆိုတဲ့ အသံကြီးနဲ့ စာတန်းကြီး ရုတ်တရက် ထွက်ပေါ်လာပြီး ဘောလုံးပွဲကို ဆက်မပြတော့တဲ့အတွက် ကျွန်တော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ ရန်ကုန်-နေပြည်တော် ချစ်ကြည်ရေး ခြေသရမ်း ဘောလုံးနပမ်းပွဲကြီးကို ဒီမှာတင်ပဲ ရပ်နားလိုက်ရပါတယ်ခင်ဗျာ..

ဘောလုံးချစ် ပရိသတ်ကြီးလည်း လောင်းကျိုးလိုရာဆန္ဒ .. အဲလေ၊ သီးတစ်ခေါက်တော့ ခံတော်မူပါဦးခင်ဗျာ.. ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။

(SEA Game အကြို မြန်မာ့လက်ရွေးစင်အသင်း ပြင်ဆင်နေမှု သတင်းများကိုတော့ နောက်တစ်ပုဒ်ကျမှ ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ)

 ရေးသားသူ- ကမ္ဘာကျော်သူရဿဝါ @ အနုပညာရသ ဘလော.

No comments:

Post a Comment