Saturday, January 6, 2018

ဖြစ်လာနိုင်ဖွယ်ရှိသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ်




 စစ်ဘက်ရေးရာ ကျွမ်းကျင်သူ သမိုင်းပညာရှင် အငြိမ်းစား ဗိုလ်မှူး ဒေါက်တာအောင်မျိုးနှင့် တွေ့ဆုံခြင်း



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် တပ်မတော်၏ ကွပ် ကွဲမှု အောက်တွင်သာ တည်ရှိပြီး လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးသည် မြန်မာ့နိုင်ငံရေးတွင် လွန်စွာ အရေးပါသည့် ရာထူး ထိပ်တန်းနေရာဖြစ်သည်။ အစိုးရအဖွဲ့တွင် ဒုတိယသမ္မတတစ်ဦး အဆိုပြုနိုင်ခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပြည်ထောင်စု ၀န်ကြီး နေရာအပြင် ပြည်နယ်နှင့်တိုင်း နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီးများကို အဆိုပြု အမည်စာရင်း တင်သွင်းနိုင်ခြင်း၊ ပြည် ထောင်စု၊ ပြည်နယ်/တိုင်း လွှတ်တော်အားလုံးတွင် တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းခန့်အပ်နိုင်ခြင်းတို့သည် အခြေခံဥပဒေက တပ်ချုပ်ကို သီးသန့် ပေးထားသော အာဏာများပင်ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အငြိမ်းစားယူသွားပါက တပ်ချုပ်သစ် ရွေးချယ်မည့် အလားအလာများနှင့်ပတ်သက်ပြီး စစ်ဘက်ရေးရာ ကျွမ်းကျင်သူလည်းဖြစ်၊ သမိုင်းပညာရှင်တစ်ဦးလည်းဖြစ်သူ အငြိမ်းစား ဗိုလ်မှူး ဒေါက်တာအောင်မျိုးနှင့် ခေတ်သစ် သတင်းဌာနက တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အလွန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ဘယ်လိုရွေးချယ်မလဲ

ဖြေ။ တပ်မတော်ရဲ့ သဘောထားကတော့ ပြောင်းလဲသွားဖို့မရှိပါဘူး။ မရှိဘူးဆိုတာက တပ်မှာ က ဗိုလ်ချူပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ က အသက် ၆၀ ပြည့်ချိန်မှာ ပင်စင်ယူရမှာဖြစ်ပေမယ့် ပင်စင်မယူဘဲ အသက် ၈၀ လောက်အထိ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တော့ အနှစ် ၂၀ လောက်မှာ မျိုးဆက်ပြတ်သွားတယ်။ သူများနိုင်ငံ တွေမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ကို ၄၊ နှစ်ပဲ တာဝန် ထမ်းဆောင်ကြတာ။ ဆိုတော့ ရာထူးသက်တမ်း နှစ် ၂၀ လောက်ကြာတော့ သူများ နိုင်ငံ တွေက တပ်ချုပ်တွေရဲ့ သက်တမ်း ခု၊ ခုစာလောက် တာဝန် ထမ်းဆောင်ခဲ့ကြတာပဲ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ အာဏာသိမ်းတုန်းက ဗိုလ်ကြီးအဆင့်လောက်ပဲရှိတဲ့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အခု တပ်ချုပ်ဖြစ်လာတာ။ အဲဒီတော့ မျိုးဆက် ကွာဟ မှုကြီးတယ်။ ကြီးပြင်းလာရတဲ့ အတိုင်းအတာလည်းရှိတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တပ်ချုပ် ဖြစ်လာဖို့ ဖြတ်သန်းလာပုံက ပုံစံတကျ ချထားခဲ့တဲ့ပုံစံပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဖြတ်သန်းပုံက အရင်ရှေ့ကလူတွေ ဖြတ်သန်းမှုပုံစံနဲ့ မတူဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်အဖြစ် ရွေးချယ် ဖြတ်သန်းလာရတဲ့ ပုံစံက နောက်ထပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှစ်ဆက်လောက် အထိ ဒီပုံစံနဲ့ပဲ ရွေးချယ်ဖြတ်သန်းရမယ့်ပုံစံလို့ ဆိုရမယ်။ ဒီအတိုင်း သွားဦးမယ်။ နောက် ၁၀ နှစ်စာလောက်အထိ ဒီအတိုင်းပဲသွားမယ်။ ၂၀၂၀ ခုနှစ်အထိတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ရှိနေလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူသွားရင်လည်း သူ့ပုံစံအတိုင်းပဲ ပုံစံတူ တပ်ချုပ်သစ်တစ်ယောက် ပေါ်လာမယ်။



မေး။ အခု တပ်ထဲမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အပတ်စဉ် ၂၅ ဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ နှစ်ဦးက တပ်ချုပ်သစ်ဖြစ်လာဖို့ အလားအလာ များတယ်ဆိုပြီး ပြောဆို ခန့်မှန်းတာတွေရှိတယ်။ ဘယ်သူဖြစ်မယ်ထင်လဲ။

ဖြေ။ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ကျနော်ခင်ပါတယ်။ ကိုစိုးဝင်းနဲ့ ကျနော်နဲ့ တပ်မ တစ်ခုတည်းမှာ အတူတူနေခဲ့ရတယ်။ ကိုစိုးဝင်းက အေးလည်းအေးတယ်။ တော်တော် အေးအေးဆေးဆေးနေတတ်တဲ့သူ။ အတော်ကို အေးဆေးစွာ နေတတ်တဲ့သူပါ။ သူက ကျနော်ထက်တစ်နှစ်ငယ်တယ်။ ကိုစိုးဝင်းက အခု အသက် ၅၉ နှစ်ရှိနေပြီ။ နောက် ၂၀၂၀ ဆိုရင် သူက အသက် ၆၂ နှစ်ဖြစ်နေပြီ။ တပ်ချုပ်နဲ့ ဒုတပ်ချုပ်က အသက် ၆၅ နှစ်အထိ တာဝန် ထမ်းလို့ရတယ်ဆိုပြီး ခြွင်းချက်ပေးထားတာရှိတယ်။ ၂၀၂၃ ခုနှစ်မှာ ကိုစိုးဝင်းက ၆၅ နှစ်ပြည့်မယ်။ အဲဒီတော့ ၂၀၂၀ ကျော်လို့ ကိုမင်းအောင်လှိုင်အနားယူသွားတယ်ဆိုရင်တောင် ကိုစိုးဝင်းကလည်း ၂၀၂၃ အထိပဲ သူက တပ်ချုပ်လုပ်လို့ရမယ့် အနေအထားမျိုး။ သက်တမ်း တစ်ခု အပြည့် ၂၀၂၀ ကနေ ၂၀၂၅ အထိ သူ လုပ်လို့မရဘူး။ အဲဒီတော့ တပ်ချုပ်သစ် ထားမယ်ဆိုရင်လည်း သက်တမ်းတစ်ခုတော့ အပြည့်ထားမှာပဲ။ ကိုစိုးဝင်းက Generation Skip သဘောအရ တပ်ချုပ်နေရာအတွက်တော့ ခုန်ကျော်ခံရဖို့ ပိုများတယ်။

အဲဒီတော့ သက်တမ်းတစ်ခုအပြည့်တာဝန်ထမ်းဆောင်နိုင်တဲ့သူကို ကြည့်လိုက်တော့ တပ်ချုပ်သစ်ရာထူး အတွက် အံကိုက် အဖြစ်ဆုံးက ဗိုလ်ချုပ်ကြီးမြထွန်းဦးပဲရှိတယ်။

မေး။ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဘယ်လိုလူစားလဲ။

ဖြေ။ သူက အရည်အချင်းရှိတယ်။ သူ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ သင်တန်း သား ဘ၀တုန်းက ကျနော်က သူရဲ့ Thesis ကို Supervisor လုပ်ပေးရတယ်။ သူ့အကြောင်းကို သိတယ်။ တော်တော်အရည်အချင်းရှိတယ်။ စာလည်းဖတ်တယ်။ အဲဒီသင်တန်းမှာ သူက ဒုတိယရတယ်။ လူတော်ပါ။

မေး။ တကယ်လို့သာ ဗိုလ်ချုပ်ကြီးမြထွန်းဦးသာ တပ်ချုပ်သစ်ဖြစ်လာခဲ့ရင် တပ်မတော်မှာ ပြုပြင်ပြောင်းလဲမှုတွေ မြင်ရမလား။ တကယ့်ပဲ တပ်မတော်က နိုင်ငံရေးက ဆုတ်ခွာပြီး ကာကွယ်ရေးတာဝန်ပဲ ထမ်းဆောင်တာမျိုးရော မြင်ရလာနိုင်လား။

ဖြေ။ တကယ်လို့သာ ဗိုလ်ချုပ်ကြီးမြထွန်းဦးသာ တပ်ချုပ်ဖြစ်လာခဲ့ရင် အခု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် အကောင်အထည်ဖော်နေတဲ့ တပ်မတော်ပြုပြင်ပြောင်းလဲရေးက အရှိန်တက်မှာသေချာတယ်။ သူကိုယ်တိုင်က ပုဂ္ဂိုလ်ရေးရိုးသားမှုရှိတယ်။ သူတိုင်းမှူးဖြစ်တုန်း က နေစရာမရှိဘူး။ သူ့ကလေးတွေ ရန်ကုန်မှာ ကျောင်းထားဖို့တောင် ထားစရာနေစရာ အခန်းမရှိဘူး။ ရိုးသားတဲ့သူတွေထဲမှာပါတယ်။ ခုနက မေးတဲ့ အကယ်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်ချုပ်ဖြစ်လာရင် တပ်က နိုင်ငံရေးက ဆုတ်ခွာမလား ဆိုတာနဲ့ပတ်သက် လို့ကတော့ မဖြစ်နိုင်သေးဘူး။ သူက စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်းဖြစ်တယ်။ ရှစ်လေးလုံး အရေးအခင်းဖြစ်တဲ့အချိန်မှာ တပ်မတော်ထဲကို သူတို့ ရောက်နေပြီ။ သူတစ်ယောက်တည်းပြောင်းချင်ရင်တောင် မဖြစ်ဘူး။ ဘေးအသိုင်းအ၀ိုင်း ရှိတယ်။ အသိုင်းအ၀ိုင်းကို ကျော်လွှားဖို့ ဆိုတာမဖြစ်နိုင်ဘူး။ တပ်မတော်သားတွေမှာငါတို့ကပဲ နိုင်ငံကို ချစ်တယ်။ ငါတို့ ပါမှ ဖြစ်မယ်ဆိုတဲ့ အယူအဆလေးကတဖြည်းဖြည်း မှိန်လာပေမယ့် ပျောက်ကွယ်မသွားနိုင်သေးဘူး။ သူ့နောက်ကို ဆက်ခံမယ့်သူမှ ဖြစ်လာနိုင်မယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး( တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး)

မေး။ တပ်ချုပ်ရွေးချယ်ပုံစံက တပ်မတော်မှာ အစဉ်အလာ စီနီယာအရလား။ နီးစပ်မှုရှိတဲ့ သူကို ရွေးချယ်တဲ့သဘောလား။ သမိုင်းအစဉ်အလာပြန်ကြည့်ရင် ဘယ်လိုပုံစံနဲ့ တပ်ချုပ်ကို ရွေးချယ်ခဲ့ကြတာလဲ

ဖြေ။ ထိုင်းတပ်မတော်နဲ့ပတ်သက်လို့ ရေးထားတာ ဖတ်လိုက်ရတယ်။ ထိုင်းတပ်မတော် ကလည်း ဆရာတပည့် စနစ်နဲ့သွားတယ်။ အမေရိကားမှာလည်း ဆရာတပည့်စနစ်က ရှိတာပဲ။ ဒီမှာလည်း သေချာပေါက်ရှိတယ်။ အစဉ်အလာ စီနီယာအတိုင်းမသွားဘူး။ တပ်မတော် မပြောနဲ့ဦး။ ဦးစီးဌာနမှာတင်ကို ဆရာတပည့်စနစ်ကို ကျင့်သုံးတယ်။ တကယ်တော်တဲ့သူကိုပဲ ပေးမယ်။ တကယ်တော်တဲ့သူနေရာမှာလည်း တော်တဲ့ အဓိပ္ဗာယ်သတ်မှတ်ချက်မှာ ကိုယ် စိတ်ချ ယုံကြည်ရတယ်ဆိုတဲ့အချက်လည်း ပါနေတယ်။ နီးစပ်မှုဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။

မေး။ သမ္မတမှာ သမ္မတ အရည်အချင်းသတ်မှတ်ချက်ဆိုတာရှိတယ်။ ၀န်ကြီးဆိုရင်လည်း ၀န်ကြီးအရည်အချင်း သတ်မှတ်ချက်တွေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်း ထား တယ်။ လွှတ်တော်အမတ်ဆိုရင်တောင်မှ သူ့မှာ သတ်မှတ်ချက်တွေရှိတယ်။ အဲဒီတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ရာထူးအတွက်ကျတော့ သတ်မှတ်ချက် မထား သင့်ဘူးလား။ လွှတ်တော်က တပ်ချုပ် အရည်အချင်းသတ်မှတ်ချက်တွေ မပြဋ္ဌာန်း သင့်ဘူးလား။

ဖြေ။ ကျနော့်အမြင်တော့ အမေရိကားမှာဆိုရင် တပ်ချုပ်က သမ္မတပဲ။ သမ္မတက တပ်ချုပ်ဆိုပေမယ့်လည်း သူ့မှာတော့ အထက်လွှတ်တော်မှာဆိုရင် ကာကွယ်ရေး ဆိုင်ရာကော်မတီဆိုတာရှိတယ်။ ကော်မတီက တပ်နဲ့ပတ်သက်လို့ ဆုံးဖြတ်တာတွေရှိတယ်။ ဒီနိုင်ငံမှာ အဲဒါမျိုးမရှိဘူး။ မရှိတဲ့အပြင်မှာ ၁၉၅၉ တပ်မတော်အက်ဥပဒေဆိုတာ ရှိပေမယ့် လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဲဒီတပ်မတော်အက်ဥပဒေက မကျော်နိုင်ဘူး။ ကျော်လို့လည်းမရဘူး။ အကျော်လည်းခံမှာမဟုတ်ဘူး။ ကျော်ဖို့လုပ်ရင်လည်း တပ်မတော်က သေချာပေါက်ကာကွယ်လိမ့်မယ်။ လက်လည်းခံမှာမဟုတ်ဘူး။ လက်ခံမှာ မဟုတ်သလို လုပ်လို့လည်းရမှာမဟုတ်ဘူး။ ဒီအသိုင်းအ၀ိုင်းမှာလည်း လုပ်လို့လည်းမရဘူး။ ဒီအသိုင်း အ၀ိုင်းက လာတဲ့သူတွေက ဒီပုံစံပဲထွက်မှာပဲ။ တပ်ချုပ်ရာထူးဆိုတာက Designated လုပ်ထားပြီးသား။ Nominated မဟုတ်ဘူး။ ရာထူးလက်ခံမယ့်သူကို သင့်တော်သူကို ဒီဇိုင်းချပြီး ရွေးတယ်ဆိုတဲ့ သဘောပဲ။

စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ကျောင်းဆင်း ဗိုလ်ချုပ်မျိုးဇော်သိန်း( ယခု ဒုတိယဗိုလ်ချုပ်ကြီး ကစထမှူး)

မေး။ ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အာဏာ မစွန့်မီတုန်းက တပ်ချုပ်ရာထူးအတွက် စစ် တက္ကသိုလ် အပတ်စဉ် ၁၈ ဆင်း ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကို ကျော်ပြီး အပတ်စဉ် ၁၉ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ရွေးလိုက်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တပ်ကနေ ထွက်သွားတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ကြားခဲ့ရတယ်။ စီနီယာအရ အပတ်စဉ် ၁၈ ကျောင်းဆင်းက တပ်ချုပ် ဖြစ်သင့်ပေမယ့် ၁၉ သွားဖြစ်တော့ မကျေ မနပ်ဖြစ် ပြီး ထွက်သွားတယ်လို့လည်း ပြောကြတယ်။ အဲဒီလိုမျိုး ပြဿနာတွေ ထပ်ဖြစ်မလာနိုင်ဘူး လား။

ဖြေ။ စီနီယာဆိုတာက Rank(ရာထူး) ကို ကျော်လို့မရဘူး။ ကိုယ့်ထက် ဂျူနီယာ ဖြစ် ပေမယ့် လည်း ရာထူးကြီးလာရင်တော့ အလေးပြုရတာပဲ။ ဂျူနီယာပေမယ့် ရာထူးကြီး တဲ့သူက စီနီယာရာထူးငယ်နေသူကို အကိုကြီးလို့ လေးစားသမှုနဲ့ ခေါ်ချင်ခေါ်မယ်။ ပြောချင်တာကတော့ စီနီယာ ဆိုတာက Rank ကို ကျော်လို့ကိုမရဘူး။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူး မစွန့်မီတုန်းက စစ်ရုံးမှာ ဦး ခေါ်ထားခဲ့တယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ပေါ့။ ဦးကို စစ်ရုံးခေါ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကဲခတ်နေတာ။ နောက်ဆုံးကျမှ တစ်ဦးကို ရွေးချယ်သွားတာ။ အဲဒီတော့ ပြောချင်တာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဘယ်လို စံသတ်မှတ်ချက်တွေနဲ့ ရွေးသွားလဲဆိုတာ ကျနော်တို့လည်း မသိနိုင် ဘူး။ သေချာတာကတော့ ဦးကို စစ်ရုံးခေါ်ပြီး သူအကဲခတ်တယ်။ နောက်ဆုံးကျမှ သူ သင့်တော်မယ်လို့ ယူဆတဲ့သူကို ရွေးပြီး ပေးလိုက်တာပဲ။

မေး။ ဒါဆိုရင် တပ်ချုပ် သစ်ဖြစ်လာမယ့် သူက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကြိုက်နှစ် သက်ပြီး ရွေးချယ်မယ့်သူပဲ တပ်ချုပ်သစ်ဖြစ်လာမှာပေါ့။

ဖြေ။ မှန်တယ်။ ဒါပေမယ့် အရင်ကတည်းက ဘယ်သူပြီး ဘယ်သူတက်မယ်ဆိုတာ တိုင် ပင်ပြီး Line up လုပ်ထားခဲ့ပုံပဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက Line Up လုပ်ထားခဲ့ပြီးသားလို့ ကျနော်က မြင်တယ်။ ၂၀၂၅ အထိ သူ လုပ်ထားခဲ့ပုံရတယ်။ ၂၀၂၅ အလွန် တပ်ချုပ် ရာထူး အတွက်ကတော့ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ Line Up လုပ်မှာပေါ့။

မေး။ ရာထူးပေးတဲ့အခါမှာ နီးစပ်မှုနဲ့ ပေးတယ်။ အစဉ်အလာအရမဟုတ်တဲ့အခါမှာရော ရေရှည်မှာ ပြဿနာ မရှိနိုင်ဘူးလား။

ဖြေ။ ပြဿနာ မရှိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရ တင်ဦး အဖြုတ်ခံရတဲ့ ကိစ္စလောက်ရဲဘော်တွေ မကျေနပ်တာရှိမလား။ ရဲဘော်တွေက သူ့ကို အရမ်းချစ်ကြတာ။ ချစ်တာက ချစ်တာ တစ်ပိုင်းပဲ။ စစ်တပ်မှာက အုပ်စုဖွဲ့ပြီး ကလန် ကဆန် လုပ်မယ်ဆိုတာ လုံးဝမရှိဘူး။ အပေါ်နဲ့အောက်မှာဆိုရင် သားနဲ့အဖ ချင်းတောင်မှ တည့်တာ မှမဟုတ်တာ။ ပွတ်တိုက်မှုဆိုတာကတော့ရှိတယ်။ လူ့သဘာဝအရ ကတောက် ကဆ ဆိုတာ တော့ ရှိမယ်။ တပ်မှာက အစဉ်အလာမကောင်းတာတွေကို လုပ်ဖို့ တပ်မတော် သားတွေက ၀န်လေးတယ်။

မေး။ ဘယ်အချိန်လောက်မှ တပ်မတော်က နိုင်ငံရေးက ပြန်ပြီး ဆုတ်ခွာမလဲ။ ခန့်မှန်းခြေ ဆိုရင် ဘယ်တော့လောက်မှ တပ်က နိုင်ငံရေးက ထွက်မလဲ။

ဖြေ။ အရင်ခေတ်မှာ အာဏာရှိခဲ့တဲ့ လူတွေလည်းမရှိတော့တဲ့အချိန် ကျနော်တို့ တွေ လည်း အိုပြီး ဘာမှ မလုပ်နိုင်တော့တဲ့အချိန် ကျရင်တော့ ဖြစ်မယ်။ မျိုးဆက်သစ် လက်ထက်မှာမှဖြစ်မယ်။ အဲဒါကလည်း တားလို့မရဘူးနော်။ ဖြစ်ကိုဖြစ်မှာ။ တားလို့ကို မရဘူး။ တားရင် သမိုင်းတရားခံ ဖြစ်မှာ။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ( စစ်ဦးစီးအရာရှိချုပ်(ကြည်း)) ညာအစွန်

မေး။ တပ်ချုပ်သစ်ရွေးချယ်တာနဲ့ပတ်သက်လို့ အရပ်သားအစိုးရကနေ ရွေးချယ် ခန့်အပ် တာမျိုးဖြစ်လာဖို့က မလွယ်သေးဘူးပေါ့။

ဖြေ။ အဲဒါကတော့ စောင့်ရမယ်။ တပ်မတော်က လက်ရှိလည်း အရပ်သား သမ္မတ လက်အောက်မှာပဲ။ သမ္မတက နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပဲ။ တပ်မတော်က အရပ်သား သမ္မတ လက်အောက်မှာ ရှိနေတယ်။ ရှိနေတာကိုလည်း လက်ခံပေးရမယ်။ ပြီးတော့ သမ္မတက သူ့ကိုလည်းခေါ်ပြီး ညွှန်ကြားချက်ပေး။ သူ့အခက်အခဲကိုလည်း မေး။ ကိုယ်လိုချင်တာလည်း ပြော၊ ခိုင်း။ အဲဒီလိုဖြစ်စေချင်တယ်။ အခုလက်ရှိက ဒီဇင်ဘာ ၂၉ ရက်နေ့ နိုင်ငံပိုင်သတင်းစာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သတင်းက စာမျက်နှာ မှာ ရောက်နေတယ်။ အဲဒါက မသိလို့ ဖြစ်တာလား၊ မတော်တဆဖြစ်သလား။ မသိဘူး။ တကယ်တော့ ရှေ့မျက်နှာဖုံး မထည့်နိုင်ရင် နောက်ကျောဖုံး။ မရရင်ရင် နိုင်ငံပိုင် သတင်းစာ စာမျက်နှာ မှာ ထည့်သင့်တယ်။ စာမျက်နှာ ရောက်နေတာ တပ်မတော်လူတွေ စိတ်ကောင်းမှာမဟုတ်ဘူး။

မေး။ ဆက်စပ်မေးခွန်းပါ။ အခု အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက မကောင်းတဲ့ အနေ အထားလား။

ဖြေ။ ပြောရရင်တော့ ကွဲနေတာပေါ။ အခုက Opposition အဆင့် လွန်သွားပြီ။ Division ဆိုတဲ့ အဆင့်ရောက်နေတယ်။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက Division ရောက် နေ တယ်။ ကွဲနေတော့ နိုင်ငံရေး စစ်ရေးမှာ မအောင်မြင်နိုင်တော့ဘူး။ နိုင်ငံရေးမှာလည်း မအောင် မြင်ဘူး။ စစ်ရေးမှာလည်း မအောင်မြင်ဘူး။ တိုင်းပြည်မှာ ကြည့်မယ်ဆိုရင်မဲအများဆုံး ရလို့သာ အစိုးရတက်ဖြစ်နေပေမယ့်လည်း တဖက်မှာ ဆန့်ကျင်ဘက် အုပ်စုကြီးကလည်း နည်းတာမဟုတ်ဘူး။ Division ဖြစ်နေတာက မကောင်းဘူး။ အားလုံးညီညွတ်မှ တိုင်းပြည် တိုးတက်မယ်။



ဒေါက်တာအောင်မျိုး၏ကိုယ်ရေးအကျဉ်း


အမည်-ဒေါက်တာအောင်မျိုး (အငြိမ်းစားဗိုလ်မှူး)

မွေးနေ့- မြန်မာသက္ကရာဇ် ၁၃၂၀ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက်

ပညာအရည်အချင်း- B.A (History). M.A(History). M.Res. Ph.D သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းထံတွင် ပညာသင်ယူခဲ့။

အလုပ်အကိုင်- ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၆၁ တက်ရောက်ပြီး ၁၉၈၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကာ ဗိုလ်မှူး ရာထူးဖြင့် အငြိမ်း စားယူ။
- ၂၀၀၂ ဒီဇင်ဘာတွင် အမျိုးသားမော်ကွန်းတိုက် ညွှန်ကြားရေးမှူးချုပ်အဖြစ် စတင်တာဝန်ယူ။
- ၂၀၀၈ မှ ၂၀၁၂ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်။
- ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံး ရုံးအဖွဲ့မှူး။
- နိုင်ငံတော်ပိုင် အဆောက်အအုံများရောင်းချရေး ကော်မတီရုံး ရုံးအဖွဲ့မှူး နိုင်ငံပိုင်သိမ်းဆည်းပစ္စည်းများ စီမံခန့်ခွဲ့ရေးကော်မတီရုံး ရုံးအဖွဲ့မှူး၊ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပေဒ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး။
-၂၀၁၅ ခုနှစ်တွင် အမျိုးသားမော်ကွန်းတိုက် ညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် အငြိမ်းစားယူခဲ့။

(၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြထားပြီးဖြစ်သော အင်တာဗျူးဖြစ်ပါသည်)

No comments:

Post a Comment