Sunday, January 21, 2018

ဦးစံမြင့် ( သို. ) ရုပ်ရှင်ထဲက ဗြိတိသျှ သခင် - ခက်ဇော်


၁၉၈၇ ခုနှစ်က ဖြစ်သည်။

ပုဇွန်တောင်နွားသတ်ရုံတွင် သတ်ဖြတ်ရန်အတွက် ဖမ်းဆီးလာသော ကျွဲကြီးတစ်ကောင် ရုတ်တရက် လွတ်ထွက်သွားပြီး သားသတ်ရုံဝန်ထမ်းတစ်ဦးကို ချိုဖြင့်အသေခတ်ပစ်လိုက်သည်။
သေတွင်းမှ လွတ်လာသော ထိုကျွဲရိုင်းကြီးသည် မြင်မြင်သမျှ လူများကို လိုက်လံဝှေ့ခတ်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည်။
မင်္ဂလာတောင်ညွန့်ရဲစခန်းက ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ ဖုန်းဆက်လာသည်။
ဦးစံမြင့်ဆိုသူကို စခန်းသို့ ချက်ချင်းလွှတ်ပေး လိုက်ရန်
အဆိုပါ ဦးစံမြင့်သည် စခန်းသို့ရောက်သည်နှင့် စခန်းမှ အရာရှိများက ဒသမ ၃၀၃ ရိုင်ဖယ်ကို ထုတ်ပေးသည်။ ထို့နောက် အထက်အမိန့်အရ ကျွဲရိုင်းကြီးကို အသေပစ်ခတ်ရမည်ဟုဆိုကာ ကျွဲရိုင်းကြီး သောင်းကျန်းနေသည့် နေရာသို့ ခေါ်သွားတော့၏။
မင်္ဂလာတောင်ညွန့်မြို့နယ်ထဲတွင် ကျွဲရိုင်းကြီးက မြင်သမျှ ပတ်ရမ်းနေသည်။ ထောင်ချီသော လူအုပ် ကြီးကလည်း ခပ်ဝေးဝေးမှ အုံလျက် ဝိုင်းကြည့်နေ၏။
ကျွဲရိုင်းကြီး သောင်းကျန်းနေသည့်အနီးသို့ ရိုင်ဖယ်သေနတ်ကိုင်ထားသော အင်္ဂလိပ်ကြီးတစ်ယောက် ဝင်လာသည်ကို တွေ့တော့ သူတို့ ဝိုင်းအော်တားကြသည်။
အချို့ကလည်း အင်္ဂလန်က မုဆိုးကြီးလာပြီ ဆိုပြီး ပြောကြသည်။
အချို့ကတော့ တိရစ္ဆာန်ဥယျာဉ်မှ ဆေးဝန်ထမ်း ကိုစံမြင့်ဆိုသည်ကို သိကြသည်။
ကျွဲရိုင်းကြီးနှင့် ကိုက်နှစ်ရာအကွာအဝေးတွင် သူနေရာယူလိုက်သည်။ မည်းမည်းမြင်ရာ လိုက်ခတ် နေသည့် ကျွဲက သူ့ရှိရာ တစ်ဟုန်ထိုးပြေးလာ၏။
‘ကလစ်’ ခနဲ မောင်းကို တင်သည်။ ခလုတ်ကို ညှစ်သည်။
‘ဒိုင်း’ ဆိုသည့် အသံနှင့်အတူ ကျွဲရိုင်းကြီး၏ ယာဘက်မျက်လုံး ပွင့်ထွက်သွားပြီး လဲကျသွားသည်။
လူအုပ်ကြီးက လက်ခုပ်ဝိုင်းတီးကြသည်။
ရိုင်ဖယ်ကိုင်ထားသည့် မြို့လယ်ခေါင်မှ မုဆိုးကြီး ခမျာ ထိုအခါမှ သက်ပြင်းချနိုင်တော့၏။
မြို့လယ်ခေါင်တွင် ကျွဲရိုင်းကြီးကို ရိုင်ဖယ်သေနတ်ဖြင့် နှိမ်နင်းခဲ့သည်မှာ ရုပ်ရှင်ဇာတ်ဝင်ခန်းမဟုတ်။
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် သည်းထိပ်ရင်ဖို တကယ့်အဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။

ထိုမုဆိုးကြီးသည် မည်သူနည်း

ထိုသို့ ရုပ်ရှင်ဆန်သော စွန့်စားခန်းများကို ပြင်ပဘ၀တွင် အမှန်တကယ်ဖြတ်သန်းခဲ့ရသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဦးစံမြင့်သည် နောင်တစ်ချိန်တွင် မြန်မာ့ ရုပ်ရှင်လောက၏ အင်္ဂလိပ်အရာရှိအခန်းများကို သရုပ်ဆောင်ရသူ သခင်ကြီး ဖြစ်လာလေသည်။
ငယ်စဉ်ဘ၀က မြန်မာ့တော်လှန်ရေးဇာတ်ကားများ ကြည့်ဖူးသူတိုင်း သူ့ကို အမှတ်ရကြလိမ့်မည်။
မကြာသေးမီ နှစ်ကာလများကလည်း သူ့ အကြောင်း ကို ဂျာနယ်များ၊ ရုပ်သံမီဒီယာများတွင် တွေ့မြင်ခဲ့ကြရသည်။
မောင်မင်းလူကလေး ’ ဆိုသော မာန်ပါ လှသည့် ဘိလပ်သံဝဲဝဲ မြန်မာစကားသံသည် သူ့ အမှတ်တံဆိပ် ဖြစ်ခဲ့သည်။
သာမန် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဟုသာ လူအများက သိထားကြသော အသက် ၈၇ နှစ်အရွယ် သခင်ကြီး ခေါ် အဘ ဦးစံမြင့်၏ ပြင်ပဘ၀ ဖြတ်သန်းမှုများကား ရုပ်ရှင်ဇာတ်ဝင်ခန်းများထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းလှသည်ကိုတော့ လူသိနည်းလွန်းလှသည်။
သူဖြတ်သန်းခဲ့သောဘ၀သည် စွန့်စားခန်းများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

ဦးစံမြင့်ကို စစ်ကြိုခေတ် ၁၉၃၁ ခုနှစ်၊ ပြည်မြို့တွင် မွေးဖွားခဲ့သည်။
ဖခင်ဖြစ်သူမှာ ပထမကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် တာဝန်ကျသည့် ဥရောပစစ်သားတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူမှာ မြန်မာလူမျိုးတစ်ဦးဖြစ်သည်။
မောင်စံမြင့် အသက်ခြောက်နှစ်အရွယ်၊ ဒုတိယကမ္ဘာစစ်မဖြစ်မီတွင်ပင် ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့သည်။
မောင်စံမြင့်တို့ မောင်နှမခြောက်ဦးမှာ မိခင် ကြီးနှင့်အတူ ရုန်းကန်လှုပ်ရှားရင်း ကျောင်းနေခွင့်မရခဲ့ပေ။
“အသက် ၁၂ နှစ်လောက်ရောက်တော့ ကျွန်တော် ကျောင်းအရမ်းနေချင်လာတယ်။ အဲဒါနဲ့ အင်္ဂလိပ် မြန်မာ အလွတ်သင်ကျောင်းတစ်ခုကိုသွား ပြီး ကျောင်းအုပ်ဆရာကြီးကို သွားတောင်းပန်ပြီး ပြောတယ်။ ဆရာကြီးက ကျောင်းလခလွတ်ကျောင်းထားပေးတယ်။ ကျွန်တော်က နောက်မှ သင်ရပေမယ့် သေချာသင်တော့ အတန်းတွေ ကျော်တက်ခွင့်ရတယ်။ လေးနှစ်လောက်အတွင်းမှာကို ခုနစ်တန်းအောင်ခဲ့တယ်” ဟု ဦးစံမြင့်က ဆိုသည်။

ထိုခေတ်က ခုနစ်တန်းအောင်လျှင် ရုံးအုပ် စာရေးကြီး၊ ကျောင်းဆရာ စသည်ဖြင့် အလုပ်ရနိုင်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ်တွင်မူ ဦးစံမြင့်သည် ဗမာ့တပ်မတော် အမြောက်တပ်ရင်းသို့ ဝင်ခဲ့သည်။
“သမ္မတကြီး ဦးဘဦး လက်ထက်၊ ၁၉၅၂ မှာ ကျွန်တော့် ယူဂိုဆလားဗီးယားနိုင်ငံကို ပညာတော် သင်သွားရတယ်။ ၇၆ မမ အမြောက်နဲ့ ပတ်သက်ပြီး ပစ်ခတ်ရေး၊ ပြုပြင်ရေးတွေကို ခြောက်လသင်ခဲ့ရတယ်” ဟု ဦးစံမြင့်က ပြောပြသည်။

၁၉၅၄ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ ဆဲလ်ကိုးဒါး မြို့သို့ ထပ်မံပညာတော်သင်စေလွှတ်ခြင်းခံရပြီး တိရစ္ဆာန်ဆိုင်ရာဆေးပညာကို သင်ယူခဲ့ရသည်။
၇၆ မမ အမြောက်ကြီးများမှာ မြင်းများဖြင့် သယ်ယူရသည်ဖြစ်သဖြင့် ဦးစံမြင့်သည် မြင်းများနှင့် ပတ်သက်သည့် ပညာရပ်များ၊ မြင်းစီးခြင်းများ၊ မြင်း တို့၏ ကျန်းမာရေးဆိုင်ရာတို့အားလည်း တစ်ပါတည်း ကျွ မ်းကျင်အောင် သင်ယူခဲ့ရ၏။

“အဲဒီက ပြန်ရောက်တာနဲ့ တရုတ်ဖြူစစ်ဆင်ရေးမှာ ဝင်တိုက်ရတော့တာပဲ။ ရန်ကြီးအောင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး၊ လွိုင်တွန်းစခန်းစစ်ဆင်ရေး၊ အောင်မေဃစစ်ဆင်ရေးတွေမှာ အမြောက်တပ်နဲ့အတူ ဝင်တိုက်ခဲ့ရတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ တခြားအဆင့်တွေက ဒုတိယဗိုလ်မှူးကြီးတင်ဦး (ယခုဦးတင်ဦး NLD)ကို အရမ်းလေးစားနေကြတဲ့အချိန်၊ သူက ကျွန်တော်တို့ အောက်ခြေရဲဘော်တွေဘက်က အမြဲတမ်း ရပ်တည်တယ်။ ကျွန်တော်တို့ကို တပ်ထဲမှာ မနက်ဆို လက်ဖက်ရည် အမြဲတိုက်ရာက ဆန်ပြုတ်ပြောင်းတိုက်ပါဆိုတဲ့ အမိန့်ကို ဗိုလ်တင်ဦးက ကျွ န်တော်တို့ငယ်သားတွေဘက်က ရပ်တည်ပြီး တိုက်ဖျက်ခဲ့တာ။ အဲဒီတုန်းကသူက စစ်မြေပြင်တပ်မှူးဆိုတော့ သူ့လက်အောက်မှာ တိုက်ရတာမို့ ကျွန်တော်တို့က အရမ်းတက်ကြွကြတာ” ဟု ဦးစံမြင့်က ဂုဏ်ယူဝံ့ကြွားစွာပြောပြသည်။

၁၉၆၀ တွင် အရာရှိလောင်းရွေးချယ်သည့်အထဲ ပါခဲ့သော်လည်း ဦးစံမြင့်မှာ နိုင်ငံခြားသွေးပါနေသည့်အတွက် အရာရှိဖြစ်ရန် အခွင့်မရခဲ့ချေ။
“အောင်ပန်းအမြောက်တပ်မှာ ရှိနေတုန်းက မင်းသားတင်ညွန့်တို့၊ ရွှေဘတို့၊ သင်းသင်းလဲ့တို့က အောင်ပန်းမှာ ရုပ်ရှင်လာရိုက်တယ်။ သူတို့က ကျွန်တော်တို့တပ်က မြင်းတွေ ငှားရိုက်တော့ ကျွန်တော်က လိုက်ကူညီပေးရတယ်။ ကျွန်တော်က မြင်းစီးကျွမ်းကျင်တော့ မင်းသမီးရှေ့မှာ မြင်းကို မတ်တတ်စီး၊ ဘေးစောင်းစီး၊ ပုံစံအမျိုးမျိုးစီးပြတော့ သူတို့က သဘောကျတယ်။ အဲ့ဒီလိုနဲ့ ရုပ်ရှင်လောကက လူတွေနဲ့ ရင်းနှီးခဲ့ရတယ်”ဟု ဦးစံမြင့်က ဆိုသည်။



၁၉၆၂ ခုနှစ်တွင် တပ်မှထွက်ပြီးနောက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်ဆေးကုသရေးဆရာအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။
တိရစ္ဆာန်ဥယျာဉ်တွင် တာဝန်ထမ်းဆောင်စဉ် ဦးစံမြင့်ကို သစ်ထုတ်လုပ်ရေးက ခေါ်ယူပြီး ပဲခူးရိုးမထဲတွင် ဆင်ဖမ်းသည့်လုပ်ငန်းကို တာဝန်ယူဦးစီး လုပ်ကိုင်စေပြန်သည်။
“တစ်ရက်မှာ သစ်လုပ်ငန်းက ဆင်တစ်ကောင်က မုန်ယိုပြီး ဆင်ဦးစီးကို အစွယ်နဲ့ထိုးသတ်တယ်။ ပြီးတော့ တောထဲဝင်သွားတယ်။ သစ်တင်ကားတွေ တောထဲလာရင် ကားတစ်စီးလုံးလဲအောင် ထိုးချပစ်တာ။ အဲဒီကောင်ကြီးကို ပစ်ဖမ်းဖို့ကျတော့လည်း ကျွန်တော်ပဲ ဦးဆောင်ရတာပါပဲ။ တကယ့်ကို သက်စွန့်ဆံဖျားပစ်ဖမ်းရတာပါ” ဟု ဦးစံမြင့်က ဆိုသည်။

ဦးစံမြင့်သည် ထိုကဲ့သို့သော ဆင်သုံးကောင်အထိ ဖမ်းပေးခဲ့ရသည်။
တိရစ္ဆာန်ဥယျာဉ်သို့ ပြန်ရောက်သည့်အခါတွင်လည်း မြို့လယ်ကောင်တွင် ကျွဲရိုင်းကို ပစ်ဖမ်းပေးရခြင်း၊ မေ့ဆေးပေးထားသော ခြင်္သေ့များ၊ ကျားများကို လှောင်အိမ်ထဲဝင်ကာ မေ့ဆေးပြေဆေးပြန်ထိုးပေးရခြင်း စသည့် သက်စွန့်ဆံဖျား အလုပ်များသာ လုပ်ကိုင်ပြီး ပျော်မွေ့ခဲ့သည်။

ထူးထူးခြားခြား အာဇာနည်နေ့ဗုံးကွဲမှုမှာ ကိုရီးယားက ဖောက်ခွဲရေးသမားတွေကို လိုက်ဖမ်းတော့ ဦးနေဝင်းကနေ မေ့ဆေးနဲ့ပစ်ဖမ်းဖို့ အမိန့်ပေးတယ်။ အဲဒါနဲ့ ကျွန်တော့်ကို မေ့ဆေးသေနတ်ကိုင်ပြီး လိုက်ခဲ့ဖို့ ခေါ်တယ်။ ဟယ်လီကော်ပရာနဲ့ ခေါ်သွားတာ။ ဒါပေမဲ့ ကျွန်တော်တို့ ရောက်တဲ့အချိန် မြေပြင်လုံခြုံရေးတွေက လုံးထွေးဖမ်းလို့ ဟိုက အသေခံဗုံးခွဲလိုက်တာ သေတဲ့သူတွေက သေနေပြီ။ အဲဒီ ကင်မင်ချူးလည်း လက်ပြတ်သွားတယ်

ဦးစံမြင့်သည် သမိုင်း၏ လူသိနည်းသည့် မှန်ကူကွက်များတွင်လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည့် သက်ရှိမှတ်တမ်းကြီး ဖြစ်နေပြန်သည်။
တိရစ္ဆာန်ရုံတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယခင်က ခင်မင်ခဲ့သည့် ရုပ်ရှင်လောကသားများနှင့် ချိတ်ဆက်မိကာ သူ့အား ရုပ်ရှင်ဇာတ်ကားများတွင်ပါဝင်ရန် ကမ်းလှမ်းခဲ့ကြသည်။
နဂိုကပင် ဝါသနာပါလှသော ဦးစံမြင့်ကား ရုပ်ရှင်ဇာတ်ကားများတွင် အင်္ဂလိပ်အရာရှိအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။

“ကျွန်တော်က အင်္ဂလိပ်ရော၊ ဟင်ဒီရော ဘာသာစကားနှစ်မျိုးတတ်တယ်။ ဒါပေမဲ့ သရုပ်ဆောင်တဲ့အခါကျ ဗမာစကားကို အင်္ဂလိပ်လေသံပေါက်အောင် မပြောတတ်ဘူး။ အဲ့ဒါနဲ့ စနေမ ဇာတ်ကားမှာ ဒေါ်ဝါဝါဝင်းရွှေက မောင်မင်း။လူကလေးဆိုတဲ့ ဒိုင်ယာလော့ခ်ကို သင်ပေးတယ်။ အရင်ခေတ် အင်္ဂလိပ်အရာရှိတွေ စကားပြောပုံပြောနည်းကို သူက ကောင်းကောင်းသိတယ်။ အဲဒါနဲ့ ကျွန်တော်က မောင်မင်းလူကလေးဆိုတာကို ကျွ မ်းကျွ မ်း ကျင်ကျင်သရုပ်ဆောင်နိုင်သွားတာ”ဟု ဦးစံမြင့်က ဆိုသည်။
ဦးစံမြင့်သည် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းဘ၀နှင့် သရုပ်ဆောင်ဘ၀တွင် နှစ်ပေါင်းလေးဆယ်ကျော်ကြာ ကျင်လည်ခဲ့သည်။

န၀တအစိုးရခေတ်တွင် တရုတ်နိုင်ငံသို့သွားရောက်ကာ ဆတ်ချို နုဆေးဖော်နည်းကို သင်ယူခဲ့ရပြီး ထိုစီမံကိန်းတွင် ပါဝင်ခဲ့ရသည်။
ဆတ်သတ္တဝါများနှင့်ပတ်သက်ပြီး ကျွမ်းကျင် သူတစ်ယောက်လည်း ဖြစ်ခဲ့သည်။
သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ် ကားများစွာကို ရိုက်ခဲ့သော်လည်း ဦးစံမြင့် ဖြတ်သန်းခဲ့သည့် ဘ၀ဖြတ်သန်းမှုများမှာ ထိုရုပ်ရှင်များထက် ပိုမိုရုပ်ရှင်ဆန်သည်။
တရုတ်ဖြူစစ်ဆင်ရေးတွင် ပါဝင်ခဲ့သူ စစ်သားကြီး။
နိုင်ငံတကာအဆင့်မီ မြင်းစီးကျွ မ်းကျင်သူ။ တိရစ္ဆာန်ဆေးကုသရေးပညာရှင်။
မြို့ပြမုဆိုး ။ ဆင်ဖမ်းသမား။ ဆတ်ချိုနုဆေးဝါး ထုတ်လုပ်သူ ပညာရှင်။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ပါလီမန်ခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ ဒီမိုကရေစီခေတ် ခေတ် ခြောက်ခေတ်ကို ဖြတ်သန်းခဲ့ပြီး သက်ရှိသမိုင်းစာအုပ် ကြီးဖြစ်နေသည့် ဦးစံမြင့်၏ ဘ၀ဖြတ်သန်းမှု စွန့်စား ခန်းများသည် ရုပ်ရှင်တစ်ကားစာနီးပါးပင် ရှိနေသည်။

“ရုပ်ရှင်ထဲက အင်္ဂလိပ်အရာရှိကြီးလို့ အများမြင်ကြတဲ့လူတစ်ယောက်ရဲ့ ပြင်ပဘ၀မှာ ထူးခြားတဲ့ အတွေ့အကြုံတွေအများကြီးပဲ။ အခုအချိန်မှာ ကျွန်တော်က အဲဒါတွေကို ပြောပြချင်နေခဲ့တာ။
ကျွန်တော့်ဘ၀ကမှ တကယ့် ရုပ်ရှင်ဆန်ဆန်ဖြတ်သန်းခဲ့ရတာ
အသက် ၈၇ နှစ်အရွယ် အဘိုးအိုသည် သူ့ တစ်ဘ၀စာ အမှတ်တရများကို ထိုနှယ့် ကျေနပ်အားရ စွာ ပြောပြရင်း ရယ်မောနေသည်။

ထို့နောက် သူ့ကျွန်မခံမီ ဇာတ်ကားရိုက်စဉ်က သုံးသည့် ပါတော်မူဇာတ်ဝင်တေးသီချင်းကို ဌာန်ကရိုဏ်း ကျကျဖြင့် ဆိုပြလိုက်သေးသည်။
ဘိုင်စကုပ်အပြင်မှ သခင်ကြီးကား မြန်မာ့ဂီတ အဆိုပညာတွင်လည်း ခေသူတော့ မဟုတ်။

ခက်ဇော်(KZ)

The Voice    မှ ဖော်ပြထားမှုအား

Thwin Myint မှ Facebook တွင်တင်ပြသည်ကို
ကူးယူဖော်ပြပါသည် ။