(၁)
အုန်းပင်စုရွာသည် ဧရာဝတီတိုင်းရှိ ပင်လယ်ပြင်နှင့်အနီးကပ်ဆုံး ကမ်းခြေတံငါရွာလေးဖြစ်သည်။ရွာ၌ အိမ်ခြေလေးရာခန့်ရှိပြီး အများစုသည်ရေလုပ်ငန်းဖြစ်သော တံငါအလုပ်ကိုသာအဓိကထားလုပ်ကိုင်ကြသည်။မိုးရာသီကုန်၍ပွင့်လင်းရာသီသို့ရောက်ပြီဆိုလျှင် ကမ်းခြေသဲသောင်ပြင်၌ ငါးခြောက်လှမ်းသောစင်များဖြင့်ပြည့်လျက်ရှိသည်။ အုန်းပင်စုဆိုသည့်အမည်နာမအတိုင်း ထိုရွာ၌ များပြားလှသော အုန်းပင်တို့က စီတန်းကာပေါက်ရောက်နေကြသည်။ ပင်လယ်ကမ်းခြေတလျှောက် အုန်းပင်စုရွာကဲ့သို့ပင် ရွာတန်းရှည် လေးငါးရွာရှိသည်။ ထိုရွာတို့သည်လည်း တံငါရွာများပင်ဖြစ်သည်။
နေဝင်ရီတရောအချိန်လည်းဖြစ်ပြီမို့ တံငါလှေအစုစုတို့သည်လည်း အလုပ်သိမ်းမည့်အတွက် ကမ်းခြေသို့ပြန်လာနေကြသည်။ငါးဖမ်းလှေငယ်များကို သောင်ပြင်ကမ်းစပ်တွင်ထားရှိကြပြီး တစ်နေ့တာလုပ်ငန်းကို လက်စသပ်ချိန်လည်းဖြစ်သည်။
တံငါသည်တစ်ဦးဖြစ်သော ကိုအုန်းထွန်းသည် ပုခုံးထက်မှ ကျောက်ဆူးကို သဲသောင်ပြင်ပေါ်သို့ ပစ်ချပြီး သူ၏ညာခြေထောက်ဖြင့်ဖိနင်းကာထိုးစိုက်လိုက်သည်။ကျွတ်ထွက်၊ပြုတ်မထွက်သွားရအောင် ဂရုတစိုက်လုပ်ကိုင်ပြီးနောက် ပင်လယ်ကမ်းစပ်ရှိသူ၏လှေသို့ ပြန်သွားသည်။ထို့နောက် တစ်နေ့တာလုံးဖမ်းဆီးထားသော ငါးတောင်းကိုထမ်းကာ သူ၏အိမ်သို့ပြန်သည်။ ။လက်တစ်ဖက်က ဓာတ်မီးကိုကိုင်ထားသည်။ဓာတ်မီးကမကိုင်၍လည်းမဖြစ်ပါ။ရွာလမ်းမရှိ ဖုံများ ၊သဲများတွင် မြွေပွေးကောင်များက ဖုံလူး၍ငြိမ်သတ်နေတက်ကြသည်။ လမ်းသွားလမ်းလာများက မမြင်၍တက်နင်းမိသောအခါ ပြန်လည်ကိုက်ခဲတက်သည်။အဆိပ်ပြင်းလွန်းသောကြောင့် အကိုက်ခံရသူတိုင်း ဆေးရုံ ဆေးခန်းသို့မရောက်မီ ကွယ်လွန်သူကများသည်။ ကျေးလက်ဆေးပေးခန်းရှိသော်လည်း ဆေးဝါးစုံလင်မှုက မရှိ။
သို့ပါသောကြောင့် နေဝင်၍ညမှောင်ပြီဆိုလျင်ဖြင့် ရွာသားတိုင်း ဓာတ်မီးမပါဘဲ ဘယ်ကိုမှ မသွားမလာဝံ့ကြ။
ကိုအုန်းထွန်း သူ၏အိမ်ခြံဝန်းရှေ့ရောက်သည်နှင့် ဇနီးသည်က အပြေးကြိုကာ ပုခုံးပေါ်က ငါးတောင်းကိုကူမသည်။အိမ်ရှေ့ ကွပ်ပျစ်ပေါ်သို့ငါးတောင်းကို ချပြီးနောက်...
"ငါ့ကို သောက်ရေတစ်ခွက်လောက်ပေးစမ်းပါခင်မြရေ"
အဆီပြန်မျက်နှာပေါ်ရှိချွေးတို့ကို သူသုတ်ဖယ်ပြီးသည်နှင့် မီးလင်းလျက်ရှိသော ဓာတ်မီးကိုပိတ်သည်။ စတီးသောက်ရေခွက်ကိုင်ပြီး သူ့ဆီလာနေသော သားအငယ်ကောင်ကို ကြည့်ကာ
"အငယ်ကောင် မင်းအစ်မရော မတွေ့ပါလားကွ၊ဘယ်သွားနေလဲ"
"မိုးမချုပ်ခင်လေးကတော့ တွေ့တယ် အဖေ..။ဒီနေ့ ကျောင်းလည်းပိတ် ၊ကျူရှင်းလည်းပိတ်တော့
အခု ဘယ်အိမ်ကိုအလည်သွားနေလဲ မသိဘူး၊
အိမ်မှာတော့ မရှိဘူး အဖေ"
"အေး.. အေး. .မင်းအစ်မက အရွယ်ရောက်လာပြီ ဆိုတော့
ရွာရိုးတကာလှည့်ပြီး လင်ရှာထွက်နေမှာပေါ့" စကားပြောလျင် ပိဿလေးဘေးပစ်ပြောတက်သောကြောင့် ကိုအုန်းထွန်းအား ဇနီးနှင့်သားသမီးများက အထွန့်တက်၍ စကားမပြောဆိုဝံ့ကြ။ စိတ်မထင်လျှင် မထင်သလို ဓားဆွဲ၊တုတ်ဆွဲကာ ခုတ်ဖို့ထစ်ဖို့တာဆူသည့် အကျင့်ဆိုးကလည်းရှိသည်။ စိတ်ကောင်း၊ စေတနာကောင်းရှိသော်လည်း မိမိစိတ်တိုင်းမကျ ၊မြင်တွေ့သမျှပုံစံမကျလျှင်လည်း ဒိုးဒိုးဒေါက်ဒေါက် ပြောတက်သည်။လူဖြောင့်စိတ်တိုမို့ မျက်နှာကလည်း အပြုံးအရယ်နည်းလှသည်။
ကိုအုန်းထွန်း၌ သားသမီးနှစ်ဦးသာရှိသည်။ သမီးဖြစ်သူက ဆယ်တန်းကျောင်းသူ ၊သားဖြစ်သူ အငယ်ကောင်က ခြောက်တန်းကျောင်းသား။
သားဖြစ်သူ ကမ်းပေးလာသော သောက်ရေကို တစ်ကျိုက်တည်းဖြင့် ကိုအုန်းထွန်း အကုန်သောက်သည်။
"မနက်ဖြန်တစ်ရက်တော့ ငါ အိမ်မှာနားဦးမယ်ကွာ။
ဒီနေ့ ငါဖမ်းပိုက်တွေ ကွဲပြဲလာလို့ ပြန်ဖာရဦးမယ်။
မနက်ကြရင် လှေထဲကပိုက်တွေကို အိမ်ကိုယူလာပေး"
သားငယ်ဖြစ်သူနှင့် ဇနီးဖြစ်သူက ကိုအုန်းထွန်းစကားကို ခေါင်းညိတ်ပြပြီး မည်သည့်စကားတစ်ခွန်းမျှမဟ။ပြီးနောက် မခင်မြမှာ
ငါးအမျိုးအစားများကို ခွဲခြားပြီး ရေခဲပုံးထဲသို့ထည့်သည်။ထိုသို့အမျိုးအစားခွဲပြီးသည်နှင့် ငါးအဝယ်ဒိုင်သို့သွင်းရန်အတွက် အိမ်အပြင်သို့ထွက်သွားလေသည်။
(၂)
ကိုအုန်းထွန်း တစ်ယောက် နံနက်အတော်ပင်နေမြင့်မှ အိပ်ယာနိုးထလာသည်။ သူ အိပ်ယာနိုး၍အိပ်ခန်းမှအထွက်၌ တွေ့လိုက်ရသောမြင်ကွင်းကြောင့် ဒေါသများဆူဝေသွားသည်။အိမ်ဧည့်ခန်းတွင် ညစ်ပေနေသောခြေရာများက မြင်ရက်စရာမရှိအောင် ပေပွနေသည်ကို သူမြင်သွားခြင်းဖြစ်သည်။
"ခင်မြရေ...လာကြည့်စမ်း၊
ဒီမှာ ဘယ်မသာရဲ့ ခွာရာတွေတုန်းဟ၊
အိမ်ဧည့်ခန်းကို ခြေထောက်ကရွံ့တွေပြောင်အောင်
မသုတ်ပဲ ဘယ်ခွေးတိရစ္ဆာန်တွေ တက်သွားတာလဲ"
ခင်ပွန်းဖြစ်သူ၏ ဒေါသတကြီးစကားသံကျယ်ကျယ်ကိုကြားရသောကြောင့် မခင်မြက မီးဖိုချောင်ထဲမှ အပြေးလေးထွက်လာသည်။ပြီးနောက်..ကိုအုန်းထွန်း ညွှန်ပြရာနေရာသို့ မခင်မြကြည့်မိသည်နှင့်..
"အောင်မလေး..ကိုအုန်းထွန်းရယ်၊
ရှင်..တော့ ငရဲတွေကြီးကုန်တော့မှာပဲ။
အဲ့တာ..မနက်က အိမ်ကို ထိုင်ဆွမ်းကြွလာတဲ့
ဦးဇင်းသုံးပါးရဲ့ ခြေရာတွေပါတော်၊
ကျွန်မ နောက်ဖေးမှာ မအားသေးလို့
သန့်ရှင်းရေးမလုပ်ရသေးတာပါ"
ပါးစပ်ကပြောလည်းပြောပြီး မခင်မြမှာ အခန်းဒေါင့်ရှိအဝတ်ကိုယူ၍သန့်ရှင်းရေးလုပ်လိုက်သည်။ကိုအုန်းထွန်းလည်း သူ၏အထင်မှားမှုကိုတွေးပြီးပြုံးလိုက်သည်။နုတ်ဖျားကလည်း..ကန်တော့..ကန်တော့ဟုတီးတိုးရေရွတ်သေးသည်။
ကိုအုန်းထွန်းသည် ရေမိုးချိုးပြီး၊ထမင်းစားပြီးသည်နှင့် အိမ်ရှေ့၌ ငါးဖမ်းပိုက်အကွဲများကို ထိုင်ဖာသည်။ငါဖမ်းပိုက်တွင်လိုအပ်မည့် ခဲသီး၊ဖော့သီးများကိုလည်း ပြန်လည်တပ်ဆင်သည်။ အချိန်နှစ်နာရီခန့်သာကြာပြီးနောက် သူ၏ပိုက်ဖာမှုလဲပြီးဆုံးသွားသည်။
(၃)
ညနေထမင်းစားပြီးသည်နှင့် ကိုအုန်းထွန်းတစ်ယောက် ရွာထဲသို့ လမ်းလျှောက်ထွက်လေသည်။
"ကိုအုန်းထွန်း...ခင်ဗျားဒီနေ့ ငါဖမ်းမထွက်ဘူးလားဗျ"
ရာအိမ်မှူးဖြစ်သူက သူ့ကိုမြင်တွေ့သည်နှင့် လောကွတ်စကားဆိုသည်။
"ဒီနေ့ တစ်ရက်တော့ နားတယ်ဗျာ။
မနက်ဖြန်လည်း အခြေအနေအရပဲ။ပင်လယ်
ထွက်ချင်မှထွက်မယ်။ဒီရက်တွေက ရေသေရက်
တွေဆိုတော့ ငါးသား ဖားသား အရပြုနည်းတယ်ဗျ´
ကိုအုန်းထွန်းမှာ ရေလုပ်သား တံငါသည်မို့အိမ်၌နေရသည်က မရှိ။ငါးပေါ်ရက်များဆိုလျှင် ကိုအုန်းထွန်းသည် သုံးလေးရက်အိမ်သို့ပြန်မလာနိင်။အိမ်ပြန်လာပြန်တော့လည်း ညအိပ်ချိန်၊အနားယူချိန်လေးခဏသာ။ သူသည် အတန်းပညာလည်းမတက်၊ငါဖမ်းအလုပ်မှလွဲ၍ မည်သည့်စီးပွားရေးကိုမှ မလုပ်တက်သောကြောင့်လည်း မိရိုးဖလာ တံငါအလုပ်ကိုသာတစ်စိုက်မတ်မတ်လုပ်ကိုင်နေခြင်းလည်းဖြစ်သည်။ရှိစုမဲ့စု ငွေကြေးတစ်ချို့နှင့်ငါးအဝယ်ဒိုင်လေးဖွင့်ဖို့ကို သူစိတ်ကူးခဲ့ဖူးသည်။ သို့သော် သူ့လိုပြောပေါက်မျိုးနှင့် စီးပွားရေးမဖြစ်နိင်ဘူးဟု မခင်မြကပြောထားသောကြောင့်အကောင်အထည်မဖော်ဖြစ်ခဲ့ပါ။
"အိမ်ထဲကိုကြွခဲ့ပါဦး။ကြုံတုန်းစကားလေးဘာလေးပြောရအောင်"
ရာအိမ်မှူးဖြစ်သူက ဖိတ်ခေါ်သောကြောင့် ကိုအုန်းထွန်းလည်း ခေါင်းညိတ်လက်ခံလိုက်သည်။
"ကျွန်တော်လည်း ရပ်ရေးရွာရေးကိစ္စတွေ
သိချင်နေတာနဲ့ အတော်ပဲဗျာ၊
တစ်နေ့ တစ်နေ့ ပင်လယ်ထွက်လိုက်၊ညဆို အိမ်ပြန်အိပ်လိုက်နဲ့ဆိုတော့
ရွာရဲ့ အခြေအနေကိုလဲ ဘာမှမသိရပါဘူးဗျာ"
ကုလားထိုင်တစ်ခုပေါ်ထိုင်ရင်း အိတ်ကပ်ထဲမှဆေးပေါ့လိပ်ကိုသူထုတ်သည်။အစီခံကိုလက်သဲဖြင့် ကုတ်ခြစ်နေစဉ် ရာအိမ်မှူးက စကားစလာသည်။
"လာမယ့် တပေါင်းလ ရွာဘုရားပွဲအတွက်ဆရာတော်က ကျွန်တော်တို့ကို အစည်းဝေး
သဘောမျိုးတိုင်ပင်ဖို့ခေါ်တယ်ဗျ၊အုပ်ချုပ်ရေးမှူးက မြို့ကပြန်မလာသေးတော့
ကျွန်တော်တို့လည်း ဘာမှမလုပ်တက်ဘူးဖြစ်နေတယ်၊သူပြန်လာမှ ဘုရားပွဲအတွက်
စီမံဆောင်ရွက်ရဦးမယ်.. ကိုအုန်းထွန်းရေ.."
ရာအိမ်မှူးက စကားလည်းပြောရင်း ဓာတ်ဗူးထဲမှ အငွေ့တထောင်းထောင်းထနေသော ရေနွေးများကို ခရားထဲသို့ထည့်ပြီး လ္ဘက်ခြောက်ကိုခပ်သည်။လက်ဖက်ရည်ကြမ်း၊လက်ဖက်၊ငါးခြောက်ဖုတ်များနှင့် ကိုအုန်းထွန်းကို တရိုတသေဧည့်ခံသည်။
"ည..ရပ်ကွက်ရုံးရောက်ရင် အမှုတစ်ခုကိုလည်းရှင်းပေးရဦးမယ်ဗျာ၊ရမ်းကားတဲ့လူကလည်း
ရမ်းကားတယ်၊တဖက်ကလည်း ကျေအေးမပေးနိင်တော့..တစ်ခါတစ်လေ ရပ်ကွက်မှာ
လူကြီးတောင်မလုပ်ချင်တော့လောက်အောင်ပဲ၊ခေတ်ကာလသားသမီးတွေကလည်း
ပြောရဆိုရတာ ခက်လိုက်တာ"
"ဘယ်လိုများဖြစ်လို့တုန်းဗျ"
"ဘယ်လိုဖြစ်တာလဲဆိုတော့..ဂဏာန်းအဝယ်ဒိုင်ကကိုသောင်းလှသား ပေတလူပေါ့ဗျာ၊
ညအချိန်မတော် အုန်းမယ်တို့ဆိုင်ကိုအရက်ထမရောင်းလို့ပြဿနာရှာတာက စတာပဲ"
"ပေတလူကို ကျွန်တော်သိတယ်၊သူ့နာမည်ရင်းတော့မသိဘူးဗျ"
"သူ့နာမည်ရင်းက မြမောင်"
ကိုအုန်းထွန်းက ရေနွေးကြမ်းတစ်ခွက်ကိုသောက်ရင်း ရာအိမ်မှူးကိုခေါင်းညိတ်ပြသည်။
ပေတလူက ရွာတွင်ခပ်ဆိုးဆိုး၊ခပ်ပေပေ။ဖဲဝိုင်း၊ကြက်ဝိုင်း၊အရက်ဝိုင်း နေရာစုံသူကအမြဲပါသည်။မိဘကငွေကြေးပြည့်စုံပြီး ရိုးရိုးကုပ်ကုပ်နေထိုင်တက်သော်လည်း တစ်ဦးတည်းသောသားဖြစ်သူ ပေတလူကရိုင်းစိုင်းသည်။ကျောင်းနေစဉ်ကလည်း အတန်းပိုင်ဆရာမကို လက်ဆွဲပြီးရည်းစားစကားပြောခြင်း၊ကာအိနြေ္ဒပျက်ပြားအောင်ပြုလုပ်ခြင်းတို့ကြောင့် ရာသက်ပန်ကျောင်းထုတ်ခြင်းကိုခံခဲ့ရသူလည်းဖြစ်ပြန်သေးသည်။
"အချိန်မတော်ကြီးဆိုတော့လည်း အုန်းမယ်ကဘယ်ထရောင်းမလဲ၊မရောင်းရကောင်းလားဆိုပြီးတော့ ပေတလူကဆိုင်ကို ညတွင်းချင်း
ဖျက်ဆီးလိုက်တာ ဆိုင်တစ်ခြမ်းပြိုပါလေရောဗျာ၊ မိဘဖြစ်သူ ကိုသောင်းလှကလည်း ဘယ်လိုမှ ပြောမရ၊
ဆုံးမ မရတဲ့ သားဖြစ်သူ ပေတလူကြောင့်တစ်ရက်မှ စိတ်မအေးကြရပါဘူးဗျာ"
"တော်တော်ရမ်းကားတဲ့ကောင်ပဲ၊ဒီကောင်ကျုပ်သားဆိုရင် ကျုပ်ကိုယ်တိုင်
ဓားနဲ့ခုတ်သတ်မိမှာ"
သွားချင်းကြိတ်ပြီး မေးကြောများထောင်ထသည်အထိထိုစကားရပ်ကို ကိုအုန်းထွန်းပြောခြင်းဖြစ်သည်။
(၄)
ဘတ္ထရီမီးချောင်းမှ အလင်းကစူးရှ၍ လင်းကျင်းလွန်းနေပါသည်။ထိုမီးချောင်းနှင့် အနီးဆုံးနေရာရှိ ခုံတန်းပေါ်တွင် သမီးဖြစ်သူ ကျူရှင်မှ ပြန်အလာကို ကိုအုန်းထွန်းနှင့်မခင်မြက ထိုင်စောင့်နေကြသည်။ထိုသို့စောင့်ရင်း ထွေရာလေးပါး စကားတို့ပြောနေကြစဉ် အိမ်ခြံဝန်းအပြင်ဖက်ဆီမှ အသံကျယ်ကျယ်လောင်လောင်ဖြင့် ရန်တွေ့သံကို သူတို့လင်မယားကြားလိုက်ရသည်။ ထိုအသံသည်ကား ကိုအုန်းထွန်း သမီး၏ ဒေါသသံ ၊မကျေမနပ်ဖြစ်ပြီး ရှက်သည့် စိတ်တို့ရောပြွန်းထားသည့် စကားသံဖြစ်သည်။
"နင်..ငါ့အိမ်နားအထိ ရှေ့ဆက်မတိုးလာနဲ့နော်၊နင့် လိုကောင်မျိုးကို သေတောင်မစဉ်းစားဘူး"
ကိုအုန်းထွန်းက ထိုအသံကြားသည်နှင့် ထိုင်ရာမှထကာ ပြေးထွက်သည်။
သူ၏ နုတ်ဖျားမှလည်း အိမ်အပြင်မှ ကြားအောင်အသံကိုမြှင့်လျက်...
"သမီး ဘာဖြစ်တာလဲ၊ဘာဖြစ်တာလဲ"
"အဖေ နဲ့ အမေ ဒီမှာ သမီးကို ပေတလူဆွဲလား၊ရမ်းလား လုပ်ပြီး စော်ကားနေတယ်"
ကိုအုန်းထွန်းလည်း အိမ်ခြံဝရောက်ပြီးကာမှ အနောက်သို့ပြန်လှည့်ကာ အိမ်ခေါင်းရင်း၌ချိတ်ထားသော ငှက်ကြီးတောင်ဓားကို သွားပြေးယူသည်။တိတ်ဆိတ်လျက်ရှိသော ပါတ်ဝန်းကျင်က ရုတ်ချည်းဆူညံကာ
အုန်းအုန်းကျွတ်ကျွတ်ဖြစ်သွားသည်။မခင်မြကလည်း ဘေးအိမ်များကို အကူအညီလှမ်းတောင်းခြင်းကြောင့် ရွာသားတစ်ချို့ထွက်လာကြသည်။
ပေတလူက ရွာထဲမှရွာပြင်ရှိသောင်ပြင်ကမ်းနားဖက်သို့ပြေး၏။ကိုအုန်းထွန်းလည်း ပေတလူနောက်သို့ သဲကြီးမဲကြီးဖြင့် ထပ်ချပ်မကွာလိုက်လေသည်။
"ဟေ့ကောင်..ခွေးသူတောင်းစားမင်း ငါ့လက်က လွတ်အောင်ပြေးထား၊
မိလို့ကတော့ လည်ပင်းပြတ်ပြီသာမှတ်"
ပေတလူက နောက်သို့လှည့်မကြည့်ပဲကမ်းခြေသဲပြင်မွမွပေါ်တွင် အားသွန်ပြေးနေသည်။ ည၏လရောင် ခပ်ပါးပါးလေးကကမ်းခြေသို့ကျရောက်နေသည်။ တစ်ဦးနဲ့တစ်ဦးကလှမ်းကြည့်လျင်မြင်နေရသည်မို့ပြေးသူနှင့် လိုက်သူသည် ထပ်ချပ်မကွာရှိလှသည်။ပေတလူက မူးနေသော်လည်းသတိရှိလှသည်။လူငယ်တစ်ဦးမို့လည်း ပြေးအားကမကျ။ကိုအုန်းထွန်းကလည်း ဇောဖြင့် ရေကုန်ရေခမ်း အမှီလိုက်နေသည်။ငှက်ကြီးတောင်ဓားကိုလည်း ပြုတ်မကျအောင် ညာဖက်လက်ဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား၏။
"အား...အောင်မလေးဗျ၊သေပါပြီ"
ပေတလူက စူးစူးဝါးဝါး အော်သံနဲ့အတူ သဲပြင်ပေါ်သို့လဲကျသွားသည်။သဲတောထဲရှိ မြွေပွေးတစ်ကောင်၏ ကိုက်ခဲမှုကိုခံလိုက်ရသောကြောင့် လဲကျသွားခြင်းရယ်ပါ။
ကိုအုန်းထွန်းကလည်း ပေတလူကို မှီသွားပြီမို့ ငှက်ကြီးတောင်ဓားကို မြှောက်လျက်ခုတ်မည်ပြုသည်။ထိုစဉ်....
"မလုပ်နဲ့..မလုပ်နဲ့ ကိုအုန်းထွန်း၊ခင်ဗျား မှားမယ်"
ကိုအုန်းထွန်းနှင့် ပေတလူနောက်သို့ လိုက်လာသော ရွာသားများထဲမှ ရွာသားတစ်ဦးက တားမြစ်ခြင်းဖြစ်သည်။ မီးအိမ်များ၊ဓာတ်မီးများဖြင့် ထိုနေရာလေးတစ်ဝိုက်က လင်းသွားသည်။ရွာသားတစ်ဦးက ကိုအုန်းထွန်း၏ ဓားကိုဆွဲယူသည်။
"ဒေါသတွေ ဖြေလိုက်ပါဗျာ၊ခင်ဗျားသူ့ကို သတ်စရာမလိုပါဘူး
မကောင်းတဲ့လူက မကောင်းတဲ့လမ်းကိုပဲသွားမှာပါ"
ပေတလူလည်း မည်သည့်ဆေးရုံဆေးခန်းမှမရောက်။အဆိပ်ပြင်းလှသော မြွေဆိပ်ကြောင့်ပင် နာရီပိုင်းအတွင်း၌ သေဆုံးသွားရသည်။
(၅)
ပေတလူ၏ နာရေးရက်လည်ပြီးနောက်တစ်နေ့၌ဖြစ်သည်။ကိုအုန်းထွန်းအိမ်သို့ ရွာမှ ကျောင်းထိုင်ဆရာတော်ကြီးနှင့်အတူ ကိုသောင်းလှတို့ လင်မယားနှစ်ဦးတို့လည်း ကြွရောက်လာကြသည်။
"ဖြစ်ခဲ့သမျှကိစ္စတွေအတွက် ကျွန်တော် တောင်းပန်ပါတယ်ဗျာ၊
ကျွန်တော့်သားလည်း သူ့အကုသိုလ်ကြောင့်ပဲဆိုရမယ်
အခုတော့ အချိန်မတိုင်ခင်၊လူ့သက်တမ်းမကုန်ခင်
သေလမ်းကို မြန်းခဲ့ရပါပြီ"
ကိုသောင်းလှက ကိုအုန်းထွန်းကို တောင်းပန်စကားဆိုသည်။ဆရာတော်ကြီးကလည်း ကိုအုန်းထွန်းနှင့် ကှိုသောင်းလှကိုကြည့်ပြီး တရားသဘောဖြင့် လူလော့ကကြီးတွင်ကျင့်ကြံရမည့် လူမှု့ကျင့်ဝတ်တရားများကိုဟောပြောသည်။
"မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ပေးရမယ်ဆိုရင်
တစ်လောကလုံး အကန်းတွေဖြစ်ကုန်တော့မှာပေါ့၊
အားနည်းတဲ့သူတွေက အားကြီးတဲ့သူတွေဆီက
ခွင့်လွှတ်ခြင်းမခံရဘူး၊အဲဒီလိုပဲ
အားနည်းတဲ့သူတွေက တစ်ချိန်အစွမ်းရှိလာတဲ့အခါမှာ ခွင့်လွှတ်တယ်၊ခွင့်မလွှတ်ဘူးဆိုတာ
ဒကာကြီးတို့တွေရဲ့သဘောပဲ၊ခွင့်လွှတ်တယ်ဆိုရင် ဒကာတို့ဟာ တကယ်ကြီးမြတ်တာပဲ"
"တင်ပါ့ ဘုရား"
"ပြီးတော့ ဒကာကြီးအုန်းထွန်းကိုဘုန်းဘုန်းမှာချင်တာက
ဒေါသကိုရှေ့ထားပြီး စိတ်လိုက်မာန်ပါမလုပ်ဖို့ပဲ၊
ပေတလူကို မြွေဆိုးကမကိုက်လည်း ဒကာကြီးရဲ့ဒေါသစိတ်ကြောင့်ဖြစ်တဲ့ ကာယကံမြောက်ကျူးလွန်မှုမှာပဲ
သူ သေဆုံးသွားနိင်တယ်လေ၊
တရားတဲ့အလုပ်လုပ်ရင် တရားတဲ့လမ်းကိုရောက်မယ်။
မတရားတဲ့အလုပ်ကိုလုပ်ရင် မတရားတဲ့လမ်း၊မကောင်းတဲ့ဘုံကို
ရောက်မယ်ဆိုတာ သံသယမဝင်ပါနဲ့"
"တင်ပါ့ဘုရား တပည့်တော်လည်း အသိတရားရပါပြီ"
ကိုအုန်းထွန်းက ဆရာတော်ကို ဝတ္ထုငွေကပ်ခြင်း၊အအေးကပ်ခြင်းတို့ပြုလုပ်သည်။ ပြီးနောက်တွင် ဆရာတော်လည်း ကျောင်းသို့ပြန်လည်ကြွသွားသလို ကိုသောင်းလှတို့လင်မယားလည်းပြန်သွားသည်။
ထို့နောက် ကိုအုန်းထွန်း၏သမီးဖြစ်သူက ကြမ်းတိုက်ဝတ်ကိုယူကာ ဆရာတော်ကြီးနှင့် ဧည့်သည်များတင်ကျန်ရစ်ခဲ့သော သစ်သားကြမ်းပြင်မှ ခြေရာများကိုတိုက်မည်အပြု၌...
"သမီးပေး ပေး အဖေ့ကိုပေး၊
အဖေကိုယ်တိုင်လုပ်လိုက်မယ်´
ကိုအုန်းထွန်းက ကြမ်းတိုက်ဝတ်ကိုယူလိုက်သည်နှင့် ထိုဖြစ်အင်ကိုဒေါ်ခင်မြကြည့်ကာ ပြုံးရယ်၍သာနေတော့သည်။
ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း ဝန်ခံပါသည်
-------------------------------------------------
အမည်။ ဦးနန္ဒနိုင်ဝင်းထွဋ်
ကလောင်အမည်။ကိုနန္ဒ(ဝါးခယ်မ)
မှတ်ပုံတင်အမှတ်။ 14/ဝခမ(နိုင်)155503
ဖုန်း ။ 09 4312 4991
No comments:
Post a Comment