Sunday, August 25, 2013

ရုပ်ရှင်အစည်းအရုံး ပထမဆုံးကြုံရတဲ့ ဆန္ဒပြပွဲ


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌနှင့်ဗွီဒီယိုအခြေခံဥက္ကဌတို့အား ရာထူးမှနုတ်ထွက်ပေးရန်အတွက် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဗိုလ်ချုပ်ပန်းခြံဘေး၌ သြဂုတ်လ ၂၄ရက်နေ့က ပြုလုပ်ခဲ့ကြသည်။


 
ဆန္ဒဖော်ထုတ်သူများသည် လူအင်အား ၁၀၀ နီးပါးခန့်ဖြင့် ထုတ်ဖော်ခဲ့ခြင်းဖြစ်ကာ “အလုပ်မလုပ်တဲ့ ဗွီဒီယို(ဗဟို) လိုမရှိ” “ကိုယ့်အခွေကိုယ်ရောင်း လာဘ်စားတဲ့ဗွီဒီယို(ဗဟို)အလိုမရှိဟူသော” “အုပ်စုဖွဲ့ ရုပ်ရှင်အစည်းအရုံးအလိုမရှိ”စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
 “သူတို့တွေက ကျွှန်မကိုတိုင်ကြားတဲ့သူရဲ့တစ်ဖက်သတ်ကြားနာစွပ်စွဲချက်တွေနဲ့ ရန်ကုန်တိုင်း ဒေသကြီးဗီဒီယို အခြေခံအဖွဲ့ ဥက္ကဌ နေရာကနေထုတ်ပစ်တယ်၊ရုပ်ရှင်အစည်းအရုံးမှာ ဒီမိုကရေစီ မရသေးပါဘူး သူတို့သဘောအတိုင်း လုပ်ချင်ရာ လုပ်နေ ကြတာပါ”ဟု စု ဗီဒီယိုထုတ်လုပ်ရေးမှဒေါ်စန်းစန်းမော် ကပြောသည်။



အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ ရုပ်ရှင်အစည်းအရုံးမှပိတ်ပင်ခြင်းခံထားရသည့် ထုတ်လုပ်ရေးသမားများနှင့် အလွှာ(၁၀)လွှာမှ ရုပ်ရှင်လောကသားများ ပါဝင်ခဲ့ကာ နေ့လည် ၁၁ နာရီမှ ၁၂ နာရီအထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

“ကိုညွန့်မြန်မာညီညီအောင်ကိုလည်း ဇာတ်ကားရိုက်ကူးခွင့် ပိတ်ထားတယ်၊ သူတို့တွေက NGO အဖွဲ့အစည်းနဲ့မတူပဲ အာဏာရှင် ဆန်ဆန် လုပ်ဆောင်နေကြတယ်။သူတို့ရဲ့လုပ်ရပ်တွေက ကျွန်တော်တို့အတွက် လုံးဝလက်ခံနိုင်စရာ မရှိလို့ပါ၊ ”ဟု မာန်ထက်ချီ ဗွီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုက ပြောသည်။



အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ မကွေးတိုင်းဗွီဒီယိုအခြေခံအဖွဲနှင့်မွန်ပြည်နယ် ဗွီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူများမှလည်း ပါဝင် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရှိရသည်။
ထိုကဲ့သို့ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ကိုလူမင်းမှ ယခုကဲ့သို့ပြောကြားထားသည်ဟု ဒုတိဥက္ကဋ္ဌဖြစ်သူ ဦးအေးကြူလေးမှ ၄င်း၏စကားကိုအခြေခံ၍ ယခုကဲ့သို့ဆိုသည်။

“ တကယ်ဆန္ဒထုတ်ဖော်မဲ့သူတွေက ဘာကိုတောင်းဆိုချင်တာလဲ၊ ရုပ်ရှင်အလွှာ(၁၀)လွှာက ဘယ်လိုခွဲထားတာလဲ၊ တကယ်ပြုပြင်သင့်တဲ့ဟာဆိုရင် ဂရုတစိုက်ပြုပြင်ပေးမယ်လို့ ကိုလူမင်းကပြောပါတယ်၊ ဆန္ဒထုတ်ဖော်တာကတော့ လူတိုင်း ထုတ်ဖော်နေကြတာပဲ ” ဟု ဦးအေးကြူလေးမှ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုဆန္ဒထုတ်ဖော်မှုမှာ ကျောက်တံတားရဲစခန်း၏ ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ကျောက်တံတားရဲစခန်းမှ သိရှိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌမှာ ဦးလူမင်းဖြစ်ပြီး ဗွီဒီယိုအခြေခံဥက္ကဌမှာ ဦးဝင်းကြည်ဖြစ်သည်ဟု သိရသည်။ဦးလူမင်းမှာ ဦးဇင်ဝိုင်းဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပြီးနောက် တာဝန်လွှဲပြောင်းလက်ခံခဲ့ရာမှ ၂လအကြာ၌ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခံခဲ့ရခြင်း ဖြစ်သည်။



၎င်းတို့က ရည်ရွယ်ချက်အနေဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုလောကသားများဟာ စနစ်သစ်မှာ ထူးထူးရှားရှားပြောင်းလဲမှုမရှိခဲ့ဘူး။ အများနည်းတူ ပြောင်းလဲစေချင်တယ်။ အခုဆိုရင် ရုပ်ရှင်နှင့်ဗီဒီယိုက အများကြီးနောက်ကျကျန်နေတာတွေ့ရတယ်။ ဒါကြောင့် အခုလို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ဖြစ်တာပါဟု ထုတ်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက Popular News ဂျာနယ်သို.ပြောကြားခဲ့သည် ။


"အခုလို ဆန္ဒဖော်ထုတ်ရတာ ကျွန်တော်တို့ ထုတ်လုပ်သူတွေ အနေနဲ့ အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။ ကိုလူမင်းရဲ့ အုပ်ချုပ်မှု၊ လမ်းညွှန်မှုအောက်မှာ လုပ်ကိုင်ရတာ အဆင်မပြေတော့ဘူး။ NGO အဖွဲ့တစ်ခုရဲ့ ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ အသက် ၅၀ မပြည့်ဘဲ လုပ်ခွင့်မရှိဘူးဆိုတာ လွှတ်တော်မှာလည်း သတ်မှတ်ထားတယ်။ ကျွန်တော်တို့က ဥက္ကဋ္ဌကို ရင့်ကျက်ပြည့်ဝတဲ့ အတွေ့အကြုံရှိတဲ့သူ ဖြစ်စေချင်တယ်။ အဲဒီလို အတွေ့အကြုံရှိတဲ့သူမျိုး လိုအပ်တယ်။ ကိုလူမင်းက သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် အတ္တရှိနိုင်တယ်။ ကျွန်တော်နဲ့ ကိုလူမင်းနဲ့ ရန်သူလည်း မဟုတ်ဘူး။ ထုတ်လုပ်သူတွေ အဆင်ပြေစေချင်လို့ ကိုလူမင်းဆင်းပေးပါ။ အခုဆိုရင် ဖြန့်ချိရေးပိုင်း တော်တော်လေး ဒုက္ခရောက်နေတယ်။ အခြား NGO တွေက အများကောင်းကျိုးရှိအောင် လုပ်ကြတာ။ အခု ရုပ်ရှင်အစည်းအရုံးကတော့ အာဏာလိုချင်လို့ လုပ်သလို ဖြစ်နေတယ်။ ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်မှုကို လိုချင်တာ။ အာဏာရှင် ဆန်တာကို မလိုချင်ပါဘူး" ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် မဟော်ဂနီ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ကိုဂျမန်းက Eleven Media သို. ပြောကြားပါသည်။

"ဆန္ဒဖော်ထုတ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ရုပ်ရှင်အစည်းအရုံးရဲ့ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုကို လောကသားတွေ လက်မခံနိုင်ဘူး ဆိုတာကို နိုင်ငံတော် အကြီးအကဲတွေရော၊ သက်ဆိုင်ရာ အဖွဲ့တွေပါ သိစေချင်တာကြောင့်ပါ။ လိုအပ်ချက်ကတော့ ရှိနေတဲ့ အဖွဲ့တွေ ဆင်းပေးဖို့ပါပဲ။ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ကာလအတွင်းမှာ ကျွန်တော်တို့ လုပ်ငန်းတွေ ကျဆင်းသွားတယ်။ အဲဒီအတွက် အစည်းအရုံးရဲ့ လုပ်ရပ်က မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ ပြန်လည်ရွေးချယ် တင်မြှောက်ဖို့လိုတယ်။ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်။ ရက်ပိုင်းအတွင်း ဖြစ်သွားတဲ့ ဦးညီညီအောင် ကိစ္စဆိုလည်း ဆုံးဖြတ်ချက် မှားတယ်လို့ ပြောရမယ်" ဟု မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုက ပြောကြားသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ငန်း သုံးလရပ်ဆိုင်းခဲ့သည့်အပြင် ထိုဖြစ်ရပ်မတိုင်မီ အချိန်ကလည်း ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းအချို့ကို ပိတ်ခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မြောက်ဥက္ကလာပ ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌကို အဖွဲ့အစည်း ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့သည့်အတွက် ထိုကိစ္စရပ်နှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ၎င်းကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌရာထူးမှ ရပ်ဆိုင်းမှု ပြုလုပ်ခဲ့ကြောင်း ဒေါ်စန်းစန်းမော်က ဆိုသည်။
(ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်) @ EMG

"မြောက်ဥက္ကလာပ ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌကို ထုတ်ပယ်ခဲ့တာက ကျွန်မတစ်ယောက်တည်းရဲ့ သဘောဆန္ဒ မဟုတ်ဘူး။ အဖွဲ့အစည်းရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တာပါ။ သူ့ရဲ့လုပ်ဆောင်ချက် မှားယွင်းမှုတွေကိုလည်း ကျွန်မမှာ တင်ပြစရာ ရှိပါတယ်။ အဝေးပြေး ကားကွင်းတွေကနေ နယ်တွေကို ခိုးကူးခွေတွေ ပျံ့နှံ့နေတဲ့အတွက် ဖမ်းဆီးဖို့ ကျွန်မမြောက်ဥက္ကလာ ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌကို အကြောင်းကြားပါတယ်။ ကိုယ်တိုင်လည်း သွားရောက်ခဲ့ပါတယ်။ သူက နောက်နေ့ဖမ်းပါမယ်ပြောပြီး တစ်ပတ်ဆယ်ရက် ကြာတဲ့အထိ မဖမ်းခဲ့ပါဘူး။ အဲဒါကြောင့် သြဂုတ် ၆ ရက်မှာ သူ့ကိုထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၇ ရက်မှာ မြောက်ဥက္ကလာ ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌနဲ့ အပေါင်းအပါ ၂၀ လောက် အစည်းအရုံးကို လာတိုင်တယ်။ ကျွန်မတို့က ဖြေရှင်းဖို့ စောင့်နေပါတယ်။ ကျွန်မကို လုံးဝမခေါ်ပါဘူး။ ၈ ရက်မှာ မြောက်ဥက္ကလာပ ဥက္ကဋ္ဌကို ပြန်ခန့်ဖို့ ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူးက စာထုတ်ခဲ့ပါတယ်။ ကျွန်မကို မေးမြန်းခြင်းမရှိဘဲ ဦးလူမင်းက ၉ ရက်မှာ ကျွန်မကို ရာထူးက ရပ်ဆိုင်းလိုက်ကြောင်း စာထုတ်ပြန်ပါတယ်။ ဘယ်လောက်အာဏာရှင်ဆန်တဲ့ လုပ်ရပ်ပါလဲ။ နောက်ရက်မှာ ကျွန်မကို အပုပ်ချထားတဲ့ ၁၂ မျက်နှာပါတဲ့စာကို အခြေခံအဖွဲ့ ဥက္ကဋ္ဌတွေကို ဝေတယ်။ ရုပ်ရှင်အစည်းအရုံး ၀က်ဘ်ဆိုက်မှာ တင်ထားပါတယ်။ ၁၂ ရက်မှာ ကျွန်မရုံးသွားတဲ့အခါ ရုံးမှာရှိတဲ့ ဖိုင်တွေအကုန်လုံးကို ဗီဒီယို အခြေခံအဖွဲ့ (ဗဟို)ရုံးခန်းဘက်ကို ရွှေ့ထားတယ်။ ဒါက အာဏာရှင် မဆန်ဘူးလား။ ၁၂ ရက်ညမှာ ဗဟန်းမြို့နယ် ရဲစခန်းကို ၈/၂၀၂ နဲ့ အမှုဖွင့်ထားပါတယ်။ ၁၃ ရက်မှာ ဦးတိုက်လျှောက်ထားပါတယ်" ဟု ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ (ဥက္ကဋ္ဌ) ဟောင်း ဒေါ်စန်းစန်းမော်က ပြောကြားသည်။

"တကယ်ဆို အနုပညာ သမားတွေရော ပြည်သူတွေရော အများကရော ပြောနေတာတွေက ဒီမိုကရေစီ အရေးပါ။ အများပြည်သူရဲ့ ဆန္ဒဆိုတာကို ပြောနေတဲ့ အချိန်ပါ။ လူ့အခွင့်အရေးဆိုတာ လေးစားရမယ် ဆိုတာကို ကျွန်တော်တို့ အနုပညာ သမားတွေက လမ်းပြနေရမယ်။ စာတွေရေးသားတယ်။ ရုပ်ရှင်တွေ ရိုက်ကြတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ အနုပညာ သမားတွေကို ဦးဆောင်နေတဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ ဗီဒီယို (ဗဟို)က ဒီလိုမျိုး လုပ်တယ်။ မွန်ပြည်နယ်မှာ လာရောက်ပြုလုပ်သွားတဲ့ ဗီဒီယိုအခြေခံအဖွဲ့ ပြန်လည်ဖွဲ့စည်းတာကလည်း လုံးဝတရားမျှတခြင်း မရှိပါဘူး။ မဲပေးခွင့်မရတဲ့ မြို့နယ်တွေလည်း အများကြီးပါပဲ" ဟု မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ ကိုဇော်ဝင်းကလည်း ပြောဆိုခဲ့သည်။

(ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်) @ EMG
 
 ထိုဆန္ဒထုတ်ဖော်ပွဲအပေါ် ဒါရိုက်တာဝိုင်းက..(Mediaများသို့အသိပေးခြင်း...ကျနော်နှင့်ဦးဝင်းကြည် တို့ဖြစ်ခဲ့သောပြသနာသည်...နှစ်ဦးနှစ်ဖက်ကျေနပ်စွာပြီးဆုးံသွားပြီဖြစ်ကြောင်း...mediaများမှနေ၍
အသိပေးပြောကြားပြီးဖြစ်ပါသည်...သို့သော်ယခုဆန္ဒထုတ်ဖေါ်မှုတွင်မိမိတို့၏နာမည်များအားရေးသားပြီး
အနုပညာလောကသားများ
အထင်အမြင်လွဲမှားအောင်ပြုလုပ်ခြင်းအားအပြင်းအထန်ရှုတ်ချပါသည်...
ထိုဆန်ကျင်ဆန္ဒပြခြင်းသည်...အာဏာရရန်အတွက်ကြိုး
စား
နေသောလူတစု၏လုပ်ရပ်သာဖြစ်ကြောင်း...မိမိအပါအဝင်အနုပညာကို
ချစ
်မြတ်နိုးသူလူအများစုက....လုးံဝရှုတ်ချပါကြောင်းအသိပေးအပ်ပါသည်) ဟု ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ထို.အပြင် "သူတို့က ရာထူးကထုတ်ပယ် ခံရတဲ့အတွက် ဆန္ဒဖော်ထုတ်တာပါ။ သူတို့က တော်တော်ကို စည်းကမ်းပျက်တဲ့အတွက် အစည်းအရုံးကလည်း ထုတ်ပယ်ခဲ့တာလို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။
 
"အခု ဆန္ဒဖော်ထုတ်တဲ့ အထဲမှာ ထုတ်လုပ်သူတွေ ပါတာပေါ့လေ။ အနုပညာသည်တွေကို ကိုယ်စားပြုတာတော့ မဟုတ်ပါဘူး။ လူနည်းစုလေး ဆိုတာကို သိစေချင်ပါတယ်" ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရှင်းပြခဲ့သည်။

ရုပ်ရှင်နှင့် ဗီဒီယိုလောကသား အချို့၏ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ချက်တစ်ရပ်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။          
"ဒီနေ့ ဆန္ဒဖော်ထုတ်ခဲ့တာကို ပြန်လည်သုံးသပ်ပြီးတော့ ရုပ်ရှင်အစည်းအရုံး ကိုယ်စားပြုအနေနဲ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်သွားမှာပါ။ ဒီလို ဆန္ဒဖော်ထုတ်မှုကို အပြစ်မမြင်ပါဘူး။ နိုင်ငံသား တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ရပိုင်ခွင့် တစ်ခုအနေနဲ့ ဆန္ဒဖော်ထုတ် ကြတာပါ။ ဒီအတွက် အပြစ်မမြင်ပါဘူး။ ရုပ်ရှင်အစည်းအရုံးရဲ့ တကယ်လိုအပ်ချက်တွေကို ထောက်ပြနိုင်ရင် ကျေးဇူးတင်ရမှာပါ" ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက ပြောကြားသည်။

ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ ဦးလူမင်းက တာဝန်စတင်ယူကာစ အချိန်က ''ကိုယ့်ဘဝ အတွက် စိန်ခေါ်မှု တစ်ခုပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ဖက်ကလည်း ဒီအနုပညာ အလုပ်တွေ လုပ်နေ ရတော့ ဒါကို ငါလုပ်နိုင်ပါ့မလားပေါ့။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါအရ ကိုယ်လုပ်မှ ဖြစ်မယ်ဆိုတာသွား တွေ့တော့ ကိုယ်ဖြစ်အောင် လုပ်မယ်ဆိုပြီး ဒီတာဝန်တွေ ယူခဲ့တာပါ။ အဲဒီတော့ ဒါက ကိုယ့်ရဲ့စိန်ခေါ်မှု တစ်ခုပါပဲ။
ကိုယ့် အနေနဲ့ကလည်း ကိုယ့်စီးပွား ကိုယ်ရှာ ကိုယ့်ထမင်း ကိုယ်စားပြီး ဘယ်သူမဆို အေးအေးဆေးဆေး နေချင်ကြတာ ကြီးပါပဲ။ ဥက္ကဋ္ဌ နေရာ ဆိုတာကလည်း လူတိုင်း သိပါတယ်။ ဒါ အများအတွက် လုပ်ပြီး ပြောဆို ဝေဖန်ခံရတဲ့ နေရာပေါ့။ တစ်နည်းပြောရင် အကောင်း အပြောခံရတဲ့ နေရာမဟုတ်ပါဘူး။ ဒါပေမဲ့ လည်း ကိုယ် အရိုးသားဆုံးပဲ လုပ်မယ်။ အဲ့လိုလေး လိပ်ပြာသန့်နေမှ ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ် ယုံကြည် မှုရှိမှာပေါ့။ ကိုယ် အဲဒီအတိုင်းပဲ သွားမှာပါ။ ကိုယ့်ပရိသတ် ကို ပြောချင်တာက ''ကိုယ်ဒီလို အလုပ်တွေ  လုပ်နေရလို့ ကိုယ့်ရဲ့ အနုပညာ ပိုင်းတွေကို လျော့သွားမှာ မစိုးရိမ်ပါနဲ့၊ ကိုယ် နှစ်ဆပိုပြီး ဂရုစိုက် လုပ်ထား ပါတယ်''ဟု ပြောကြားခဲ့သည် ။

Source ; myitmakhamediagroup ,oppsiteye ,Asian Fame Media Group , Eleven Media Group &.  မြ၀တီ
 

No comments:

Post a Comment