Thursday, August 8, 2013

ဒန့် ကျွဲပင်ပေါ်ကဆုဖလားများ


ရုပ်သံအစီအစဉ်တစ်ခုတွင် ကလေးသီချင်းဆိုပြိုင်ပွဲတစ်ခုထုတ်လွှင့်ပြသနေသည်။ ကလေးငယ်များ၏ဝတ်စားဆင်ယင်ပုံက လူကြီးများကဲ့သို့ ။ အသက်ရှစ်နှစ်အရွယ်ပြိုင်ပွဲဝင်မိန်းကလေးတစ်ဦးစင်ပေါ်သို့ တက်လာသည်။ ဝတ်ထားသည်ကလည်း စကတ်အတိုကလေးကိုမှ ဗိုက်သားပေါ်သော အင်္ကျီကလေးနှင့်၊ဒေါက်ဖိနပ်နှင့်။ မျက်နှာတွင်လည်း မိတ်ကပ်များ၊မျက်တောင်အတုများ၊နှုတ်ခမ်းနီများ၊ပါးနီများနှင့်။အစီအစဉ်တင်ဆက်သူက သူမနာမည်ကိုမိတ်ဆက်ပေးပြီးနောက် ထိုကလေးငယ်သည် သီချင်းဆိုရန် မိုက်ခွက်ကို ဟန်ပါပါလှမ်းယူလိုက်သည်။ထို့ နောက် သူမယှဉ်ပြိုင်မည့် ဖြူဖြူကျော်သိန်း၏ သီချင်းစာသားကို လူကြီးသံပါပါ ဟစ်လိုက်သည်။ ဆိုလည်းဆို ၊ ကလည်းက၊ အလှုပ်အရမ်းများကလည်းစည်းချက်ကျကျ။စင်ပေါ်တွင်လည်း တေးသရုပ်ဖော်ကမည့် ကလေးငယ်လေးများက သူမနည်းတူ ဝတ်စားထားကြသည်။ စင်အောက်တွင်လည်း သူမနှင့်အတူယှဉ်ပြိုင်နေသည့် ပြိုင်ပွဲဝင်ကလေးငယ်များကို လူကြီးပေါက်စလေးများအသွင်နှင့်တွေ့ ရသည်။ ဒိုင်များကလည်း အံ့သြမှင်သက်လျက်။ ပရိသတ်များကလည်းလက်ခုပ်သံတဖြောင်းဖြောင်း။ ဤသည်မှာ လွန်ခဲ့သော နှစ်နှစ်၊သုံးနှစ်ခန့် မှစ၍ ခေတ်စားလာခဲ့သော ကလေးသီချင်းဆိုပြိုင်ပွဲတစ်ခု၏မြင်ကွင်းဖြစ်သည်။

"ကလေးတွေသီချင်းဆိုတာလေးက ပိုချစ်ဖို့ ကောင်းတယ်။ လူကြီးတွေ သီချင်းဆိုပြိုင်တာထက် ကလေးတွေဆိုတာကိုပိုပြီးကြည့်ချင်တာ။ ကလေးသီချင်းဆိုပြိုင်ပွဲ တီဗွီကလာမယ့်နေ့ ဆို တကူးတကကိုစောင့်ကြည့်ရတယ်။ မကြည့်ဖြစ်ဘဲလွတ်သွားရင်လည်း ခွေပြန်ဝယ်ကြည့်တယ်" ဟု ကလေးသီချင်းဆိုပြိုင်ပွဲပရိသတ်ဖြစ်သူ အိမ်ရှင်မတစ်ဦးကပြောကြားသည်။ ယခုအခါ ကုန်ပစ္စည်းအရောင်းမြှင့်တင်ပွဲများ၊ ဆိုင်သစ်ဖွင့်ပွဲများတွင်လည်း ကလေးငယ်များသီဆိုဖျော်ဖြေနေမှုများကိုမြင်တွေ့ လာရသည်။ ထို့ အပြင် ကုန်တိုက်များမှကျင်းပသည့် ကလေးသီချင်းဆိုပြိုင်ပွဲများ၊ ကလေးမော်ဒယ်ရှိုးပြိုင်ပွဲများ ၊ မိန်းကလေးငယ်များအတွက် လှယဉ်ကျေးမယ်ပြိုင်ပွဲများကလည်း တစ်ခုပြီးတစ်ခုပေါ်ပေါက်လာသလို ကလေးများ၏ သီဆိုမှုများ၊ ဖျော်ဖြေမှုများကလည်း အံ့သြစရာတွေဖြစ်လာသည်။



မဝေးသေးသည့် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုစာကဆိုလျှင် ကလေးပြိုင်ပွဲဟူ၍ မူကြိုကျောင်းအချင်းချင်း ကစားခုန်စားပြိုင်ပွဲများဖြစ်သည့် "ချစ်စရာ့အရွယ်ကစားကြမယ်"သာရှိခဲ့သည်။ ကလေးများမှာလည်း မူကြိုဝတ်စုံဆင်တူလေးများနှင့် ကလေးသဘာဝ ဆော့ကစားကြသည်။ ဆော့ကစားကြပုံများမှာ ပီဘိကလေးသရုပ်ပေါ်လွင်ပြီး စောင့်ကြည့်စရာ ကဏ္ဍတစ်ခုဖြစ်ခဲ့သည်။သီချင်းဆိုပြိုင်ပွဲများမှာလည်း ကလေးသီချင်းများသာဖြစ်ပြီး တေးသရုပ်ဖော်မှုလေးများကလည်း ချစ်စဖွယ်ကောင်းသည်။ကဗျာရွတ်ပွဲလေးများမှာလည်း သနပ်ခါးပါးကွက်ကြား၊ကြက်တောင်စည်းလေးများနှင့် ကလေးငယ်များ၏ အသံစာစာရွတ်ဖတ်သံလေးများနှင့်စိုပြေခဲ့သည်။ ဆို၊က၊ရေး၊တီးပြိုင်ပွဲများတွင် မြို့ နယ်ကိုယ်စားပြုအဖြစ်အသက်အလိုက်ပါဝင်ယှဉ်ပြိုင်မှုများသည်လည်း မြန်မာ့ယဉ်ကျေးမှုအတွက် မျိုးဆက်သစ်များကိုစင်တင်ပေးနိုင်ခဲ့သည်။

ယခုအချိန်မှာတော့ အစီအရီပေါ်လာသော သီချင်းဆိုပြိုင်ပွဲများ၊ မော်ဒယ်ရှိုးများသည်ပင် ကလေးသူငယ်များ၏ ဖျော်ဖြေရေးကဏ္ဍတစ်ခုသဖွယ်ဖြစ်လာသည်။ ကြည့်ရှုခံစားရုံသာမက ကိုယ်တိုင်ဝင်ရောက်ပါဝင်ဆင်နွှဲလိုသော ကလေးများကလည်း မိဘများကို ပူဆာလာကြသည်။
ကြော်ငြာများ၊ ဓာတ်ပုံများတွင်လည်း မိတ်ကပ်အဖွေးသား၊ ဒေါက်ဖိနပ်များ၊ နေကာမျက်မှန်များနှင့် ကလေးရုပ်မပေါက်သလိုဖြစ်လာကြသည်။ ဓာတ်ပုံရိုက်ရာတွင်လည်း မိန်းကလေးများသည် ခါးလေးကော့ ၊ တင်လေးပစ်။ ယောက်ျားလေးများဆိုလျှင်လည်း ဆံပင်အထောင်လေးများနှင့်။ သီချင်းဆိုရာတွင်လည်း လူကြီးသီချင်းများကို ရင်ခေါင်းသံဖြင့်အော်လိုက်ရမှ။ လူကြီးတွေကသလို အနောက်တိုင်းအကများကိုလည်း ကလာသည်။ဤသို့ ဖြင့် ကလေးက ကလေးသဘာဝများပျောက်ဆုံးလာကြသည်။

ပြေးလွှားဆော့ကစားစရာ ကစားကွင်းများနည်းပါးလာခြင်း၊ ကလေးအချင်းချင်းခုန်ပေါက်ဆော့ကစားနည်းများကို ဂိမ်းများကဲ့သို့ မခုံမင်တော့ခြင်း၊ ခေတ်မီ ကစားစရာပစ္စည်းများ၊ အီလက်ထရောနစ်ဖျော်ဖြေရေးပစ္စည်းများ ပေါများလာခြင်းကြောင့် ကလေးငယ်များ၏ ကစားပုံကစားနည်းများသည် ယခင်ကနှင့်မတူဘဲ ကွဲပြားလာသည်ကိုတွေ့ ရသည်။ မြန်မာ့ရိုးရာကစားနည်းအများစုမှာ ဥာဏ်ရည်ကို အသုံးချစေပြီး ပြေးလွှားစေသောနည်းများဖြစ်သောကြောင့် ကလေးငယ်များကို ကလေးပီပီကစားစေနိုင်သည့်နည်းများဖြစ်သော်လည်း ယခုခေတ် ဂိမ်းများမှာမူ အခန်းတွင်းအောင်းပြီး မျက်လုံးအားစိုက်ရသော ကစားနည်းများသာဖြစ်သည်။ ယခင်ခေတ်ကနှင့်မတူတော့သော ရုပ်ဝတ္ထုဖျော်ဖြေရေးပစ္စည်းများတိုးတက်လာခြင်းကလည်း ကလေးငယ်များ၏ ဆော့ကစားပုံများကိုသာမက စိတ်ပိုင်းဆိုင်ရာများကိုပါ တနည်းတဖုံပြောင်းလဲစေသည်။



ပျိုဖော်ဝင်ချိန်စောလာကြပြီး ကလေးဘဝတိုတောင်းလာခြင်းကြောင့် အတုယူရာစံနှုန်းများခြားနားလာသည်။အသက်ဆယ်နှစ်အရွယ်ကလေးက လူကြီးသဖွယ် ဝတ်စားချင်လာသည်။ကစားခုန်စားခြင်းကို မက်မောရမည့်အစား အလှအပကိုမက်မောလာကြသည်။ကြီးလာရင် ဘာလုပ်မယ်ဟူသော မေးခွန်းများကို သားသားကြီးလာရင် ဆရာဝန်လုပ်မယ်။ သမီးကြီးလာရင် အင်ဂျင်နီယာလုပ်မယ်ဟုဖြေကြားမှုများအစား ဆရာဝန်-အဆိုတော်လုပ်မယ်၊ အင်ဂျင်နီယာ-ရုပ်ရှင်မင်းသားလုပ်မယ် ဟူသော စကားလုံးများတွေ့ လာရသည်။အဆို ၊အကဝါသနာကို ရှေ့ တန်းတင်လွန်းလျှင် ကျောင်းစာဘက်၌လစ်ဟင်းနိုင်သည်ကို မိဘများသွန်သင်သင့်သော်လည်း ယခုအခါ မိဘများကိုယ်တိုင်က မိမိကလေးသီချင်းဆိုပြိုင်ပွဲတွင် ဆုရသည်ကို ဂုဏ်ယူဝင့်ကြွားပြိုင်ဆိုင်လာကြသည်။ မိဘများသည် မိမိကလေးများ၏ပညာရေးတွင်ပြိုင်ဆိုင်ခြင်းထက် အဆို၊အက၊သရုပ်ဆောင်မှုများတွင် ဂုဏ်တုဂုဏ်ပြိုင်ဖြစ်လာသည်ကိုလည်း တွေ့ နေရသည်။

ကလေးဟူသည် ပင်ကိုယ်သဘာဝအရ ချစ်စရာကောင်းပြီးသားဖြစ်သည်။ ပန်းကလေးများသဘာဝအတိုင်းမွှေးသည်ကို ရေမွှေးသွားဆွတ်လျှင် မမွှေးတော့သကဲ့သို့  ရှိပြီးသား ကလေးဂုဏ်ရည်ကိုပျောက်အောင် လူကြီးရုပ်ဖမ်းခြင်းများသည် ချစ်စရာကောင်းတော့မည်မဟုတ်ပေ။ ကလေးသဘာဝအရ ဆိုချင်ဆို၊ကချင်က ၊မည်သို့ ဖျော်ဖြေသည်ဖြစ်စေ ပရိသတ်ကချစ်ခင်ပြီးသားဖြစ်သည်။ ကလေးများသရုပ်ဆောင်ခြင်း၊ သီဆိုခြင်းများသည် ကလေးဂုဏ်တစ်ခုသာဖြစ်ပြီး သူတို့ လေးများ အရွယ်ရောက်လာသောအခါတွင် ငယ်ရုပ်ပျောက်သွားနိုင်သည်။ အသံပြောင်းသွားနိုင်သည်။ ထိုအခါ အောင်မြင်မှုများ လျော့သွားမည့်ဒဏ်ကို ဆယ်ကျော်သက် ဘဝမှာ ကြုံတွေ့ လာရခြင်းက စိတ်ဓာတ်ကျမှုများကိုဖြစ်ပေါ်စေနိုင်သည်။ ပညာရေးဆုံးခန်းမတိုင်ခင် ရလာသော ကလေးဘဝအောင်မြင်မှုများသည် ရေတိုသာဖြစ်ပြီး ရေရှည် အောင်မြင်မှုမဖြစ်နိုင်ပေ။ မိမိကလေးဘဝတုန်းက ပရိသတ်ကလည်း လူကြီးဘဝပရိသတ်ဖြစ်ချင်မှဖြစ်လာပေမည်။ဤသည်မှာ သတိပြုစရာအချက်တစ်ခုဖြစ်ပါသည်။

ကလေးဘဝကအောင်မြင်မှုများကို ယစ်မူးပြီး ကြီးလာသောအခါ ပျက်စီးသွားတတ်သော ကလေးသရုပ်ဆောင်၊အဆိုတော်တို့ ၏ နမူနာများစွာရှိပါသည်။ ဟောလိဝုဒ်ရုပ်ရှင်လောကတွင် ကလေးသရုပ်ဆောင်များ ကြီးကောင်ဝင်သောအခါ ဆိုးသွမ်းရမ်းကားမှုများ၊ မူးယစ်ဆေးစွဲမှုများကို သတင်းများတွင်မကြာခဏကြားနေရသည်။ယခင်က မြန်မာနိုင်ငံတွင် ကလေးသရုပ်ဆောင်အရေအတွက် နည်းနေသေးသော်လည်း ယခုအခါတွင် ကလေးသရုပ်ဆောင် ၊အဆိုတော်များ များပြားလာခြင်းက စိုးရိမ်စရာတစ်ခုဖြစ်လာခဲ့သည်။

ပညာရေးဆုံးခန်းမတိုင်ခင် သရုပ်ဆောင်၊အဆိုတော်အဖြစ်အသက်မွေးခြင်းများမဖြစ်စေရန် ကလေးများပညာရေးဆုံးခန်းတိုင်အောင် မိဘများက ထိန်းမတ်ပေးသင့်ပါသည်။ ရုပ်ရည်ဖြင့် အောင်မြင်ခြင်းသည် ဆယ်စုနှစ်တစ်ခုမှသည် နှစ်ခုတိုင်သာ အောင်မြင်နိုင်ပါလိမ့်မည်။ ရေရှည် အသက်မွေးရန်လွယ်ကူမည်မဟုတ်ပေ။ရုပ်ရည်ဟူသည်လည်း ပြောင်းလဲတတ်မြဲ၊ ပရိသတ်ဟူသည်လည်းပြောင်းလဲတတ်မြဲဖြစ်သောကြောင့် အဆို၊အကဝါသနာပါသော ကလေးများ၏ပညာရေးကိုဦးစားပေးရန်လိုပါသည်။ ပညာခေတ်တွင် ပညာသည်သာအဓိကဖြစ်ပြီး ပညာရဲရင့်ခြင်းသည်သာ ပွဲလယ်တင့်နိုင်မည့်အကြောင်း မိဘများက သွန်သင်ပေးရမည်ဖြစ်ပါသည်။




ပြည်တွင်းတွင် အောင်မြင်ကျော်ကြားနေသော ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှ ဇာတ်လိုက်မင်းသမီးငယ်လေးတစ်ဦး၏ အင်တာဗျူးတစ်ခုကို မကြာသေးမီက ဖတ်ရှုလိုက်ရသည်။ သူမအနေဖြင့် ဆယ်တန်းစာမေးပွဲဖြေခါနီးတွင် သရုပ်ဆောင်လိုင်းထဲရောက်လာသောကြောင့် ပညာရေးဆုံးခန်းမတိုင်ခဲ့ရခြင်းကို ဝမ်းနည်းမိသည်တဲ့။ ပညာရေးအခြေအနေအကြောင်းကို မေးလာခဲ့လျှင် သူမမှာ အားငယ်တတ်သည်ဟုလည်းသိရသည်။ ပညာရေးတစ်ပိုင်းတစ်စနှင့် အနုပညာလောကထဲရောက်လာခြင်းက ဆယ်ကျော်သက်များတွင် ဒဏ်ချက်တစ်ခုဖြစ်လာစေနိုင်သည်။

ကလေးများ၏ အဆို၊အက ဝါသနာများသည် ချစ်စရာကောင်းသည်မှာမှန်ပါသည်။ စင်ပေါ်တက်ရဲသော သတ္တိများကိုချီးကျူးသင့်သည်မှာမှန်ပါသည်။ သို့ သော်
ကလေးများက ကလေးနှင့်မလိုက်သော ဝတ်စားဆင်ယင်မှုများဖြစ်လာခြင်း၊ ရုပ်ရည်နှင့်ပတ်သက်၍ ဂုဏ်တုဂုဏ်ပြိုင်ဖြစ်လာခြင်း၊ မိန်းကလေးငယ်များ အလွန်အမင်းပြင်ဆင်ခြယ်သလွန်းခြင်း၊ လှယဉ်ကျေးမယ်ပြိုင်ပွဲများတွင် တင်ကော့၊ ရင်ကော့များပြုလုပ်လာခြင်းက လိင်အကြမ်းဖက်မှုများကို အားပေးစေသောအချက်များအနက်မှ တစ်ခုဖြစ်လာနိုင်သည်။ ၂၀၁၃ခုနှစ် ဇူလိုင်လအထိ ဖြစ်ပွားခဲ့သောမုဒိမ်းမှုများတွင် အသက်မပြည့်သေးသောကလေးငယ်များအပေါ်ကျူးလွန်သည့် သက်ငယ်မုဒိမ်းမှုများက ထက်ဝက်ကျော်ရှိနေကြောင်းတွေ့ ရသည်။ မန္တလေးတိုင်းဒေသကြီးတစ်ခုတွင်ပင် ၂၀၁၃ခုနှစ်အတွင်းဇူလိုင်လအထိ ဖြစ်ပွားခဲ့သော မုဒိမ်းမှု (၄၇)မှုအနက် (၂၆)မှုမှာ သက်ငယ်မုဒိမ်းမှုဖြစ်သောကြောင့် မိဘများအနေဖြင့်လည်း စိုးရိမ်ဖွယ်ရာဖြစ်လာခဲ့သည်။

ကောသလအိပ်မက်(၁၆)ချက်တွင် ဒန့် ကျွဲပင်က အသီးများသီးခြင်းမှာလည်း တစ်ချက်အပါအဝင်ဖြစ်ပြီး ကလေးများအရွယ်ရောက်မှုစောလာခြင်းကိုဆိုလိုသည်ပင်ဖြစ်သည်။ ယခုအချိန်တွင် ကလေးအရွယ်နှင့်မမျှသော ဝတ်စားဆင်ယင်မှုများ၊ လူကြီးသံများကိုတုပသီဆိုရသော ပြိုင်ပွဲများကြောင့် ကလေးများမှာ ကလေးတို့ ၏ သဘာဝရုပ်လက္ခဏာများပျောက်ဆုံးလာနေသည်ကိုတွေ့ ရသည်။ ခေတ်ပေါ်အဆိုအက အနောက်တိုင်းယဉ်ကျေးမှုစီးကြောင်းတွင် မျောပါရင်း ရိုးရာယဉ်ကျေးမှုထိန်းသိမ်းလိုစိတ်များပျောက်ဆုံးလာရသည်။ ကလေးဂုဏ်ပျောက်ဆုံးလာခြင်း၊ပညာရေးတစ်ပိုင်းတစ်စဖြစ်ခြင်း၊ အရွယ်မတိုင်မီ လိင်အကြမ်းဖက်ခံရလာနိုင်ခြင်း၊ ဆယ်ကျော်သက်ဘဝ စိတ်ဓာတ်ကျခြင်း၊ လူကြီးဘဝတွင် ပရိသတ်လက်ခံမှုပျောက်ဆုံးလာခြင်းစသော နောက်ဆက်တွဲဆိုးကျိုးပေါင်းများစွာဖြစ်လာနိုင်သည်။

အဆို၊ အကပြိုင်ပွဲများသည် မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ကလေးများကို ကလေးဂုဏ်ဖော်ထုတ်ပေးခြင်းသာဖြစ်သင့်ပါသည်။ကလေးများအတွက် ကလေးဆန်သော ပြိုင်ပွဲများသာကျင်းပပေးသင့်ပါသည်။
အရွယ်နှင့်မမျှသော သီဆိုဖျော်ဖြေ ကပြမှုများသည် ကြည့်၍ကောင်းသည်ဟုထင်ရသော်လည်း နောက်ဆက်တွဲအနေဖြင့် သက်ပြင်းချစရာလည်းဖြစ်လာခဲ့သည်။သရုပ်ဆောင်မှု ဆုဖလားများ၊ အသံကောင်းမွန်မှုရမှတ်ကြယ်ပွင့်လေးများ၊ အဆိုအက ဆုတံဆိပ်များ အစီအရီသီးနေသည့် ဒန့် ကျွဲပင်ပေါက်လေးများကို ကြည့်ကာ ကလေးများ၏အနာဂတ်အတွက် ရင်လေးမိပါတော့သည်။

ယဉ်ယဉ်နှောင်း @့ 5-8-2013ထုတ် The Voice Daily သတင်းစာပါ ဆောင်းပါး 

No comments:

Post a Comment