Sunday, January 19, 2014

မြန်မာနိုင်ငံ၏ ပထမဆုံး သတင်းစာ



မြန်မာနိုင်ငံ၏ ပထမဆုံး သတင်းစာ (မော်လမြိုင် ခရော်နီကယ် သတင်းစာ)ကို  ၁၈၃၆ ခုနှစ် မတ် ၃ ရက်က စတင် ထုတ်ဝေခဲ့သည်။ အင်္ဂလိပ် ဘာသာဖြင့် တစ်ပတ်တစ်ကြိမ် ထုတ်ဝေခဲ့သည်။ စတင် ထုတ်ဝေစဉ်က ဗုဒ္ဓဟူး နေ့တိုင်း ထုတ်ဝေခဲ့ပြီး ၁၈၃၇ ခုနှစ်တွင် စနေနေ့တိုင်း ထုတ်ဝေခဲ့သည်။

မော်လမြိုင် ခရော်နီကယ် သတင်းစာကို တနင်္သာရီတိုင်း ဒေသကြီး ဝန်ရှင်တော် မင်းကြီး ဘလန်ဒယ်က ကိုယ်ပိုင်ငွေဖြင့် ပုံနှိပ်စက်နှင့် ခဲစာလုံးများကို မှာယူ တင်သွင်းကာ မော်လမြိုင်မြို့၌ တည်ထောင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။  ပထမဆုံး အယ်ဒီတာမှာ အမေရိကန် နှစ်ခြင်း သာသနာပြု ဆရာ ဘဲနက် (Rev.Cephas Bennett) ဖြစ်သည်။ ဘဲနက်သည် မော်လမြိုင်မြို့၌ ဖွင့်ခါစ ဖြစ်သော အစိုးရ အခမဲ့ ကျောင်း၏ ကျောင်းအုပ်ကြီးလည်း ဖြစ်သည်။ ရန်ကုန်မြို့နှင့် မော်လမြိုင် မြို့ရှိ သတင်းထောက် များက ကာလကတ္တားနှင့် အခြား အိန္ဒိယ သတင်းစာများသို့ ပေးပို့သော သတင်းများမှာ မှန်ကန်ခြင်း မရှိသောကြောင့် သတင်းမှန် များကို ရေးသား ထုတ်ဝေရန်နှင့်  သတင်းမှား များကို တိုက်ဖျက်ရန် သတင်းစာ တစ်စောင် အထူး လိုအပ်သည်ဟု ယူဆသောကြောင့် ဘလန်ဒယ်က မော်လမြိုင် ခရော်နီကယ် သတင်းစာကို ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

စတင် ထုတ်ဝေစဉ်က လပေးဖတ်သူ ၁ဝ ဦးသာရှိသည်။ သတင်းစာ၏ အရွယ်အစားမှာ ၁၂ လက်မခွဲနှင့် ရှစ်လက်မခွဲ ရှိပြီး ကော်လံကြီး နှစ်ကော်လံ ခွဲထားသော စာမျက်နှာ ရှစ်မျက်နှာ ပါရှိသည်။ ရောင်းဈေးမှာ တစ်စောင်ငါးမူး ဖြစ်သည်။

ကြော်ငြာခမှာ အစ၌ စာတစ်ကြောင်း တစ်ကြိမ်ထည့်လျှင် နှစ်ပဲနှုန်း ဖြစ်သော်လည်း ၁၈၄၄ ခုနှစ် သြဂုတ် ၁ ရက် ကြာသပတေးနေ့မှ စတင်ကာ စာတစ်ကြောင်း တစ်ကြိမ်ထည့် လေးပဲဖြစ်ပြီး ထိုကြော်ငြာစာ တစ်ကြောင်းကို ဒုတိယ အကြိမ် ပြန်ထည့်လျှင် သုံးပဲ၊ တတိယ အကြိမ် ပြန်ထည့်လျှင် နှစ်ပဲဟူ၍ လည်းကောင်း၊ ကော်လံတစ်ဝက်ကို ၁၈ ကျပ်နှင့် ကော်လံပြည့် (စာမျက်နှာ တစ်ဝက်)ကို  ၃၆ ကျပ် ဟူ၍ လည်းကောင်း ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း   သမိုင်း မှတ်တမ်းများ အရ  သိရသည်။

 ကေတု @  Myawady

No comments:

Post a Comment