Thursday, July 11, 2013

ဒေါက်တာခင်မောင်ညို ပြောခဲ့တဲ့ ဒေါက်တာ ဆိတ်ဖွား


ထိုဆောင်းပါးက စခဲ့သည်
၁။ ဒေါက်တာ ဆိတ်ဖွား ရေးသော ဆောင်းပါးများ (အင်တာနက်) သည် ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်သည်ဟု ဆိုပြီး ဂျာနယ်တစ်စောင်က ၎င်းတို့ သံသယရှိသူများကို လိုက်လံ စွပ်စွဲမှုများ ပြုလုပ်ခဲ့ပါသည်။

၂။ ထိုအချိန်တွင် ဒေါက်တာ ဆိတ်ဖွား ရေးသားသော ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် တာဝန်ယူ ထုတ်ဝေသော စာစောင်တွင် ပုံနှိပ်ဖော်ပြခဲ့ပါသည်။ ထိုဆောင်းပါးသည် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေခြင်း မရှိပါ

၃။ ထိုဆောင်းပါးကို အကြောင်းပြု၍ ဒေါက်တာ ဆိတ်ဖွားသည် ကျွန်တော်သော်လည်းကောင်း၊ ကျွန်တော်နှင့် နီးစပ်သူသော်လည်းကောင်း ဖြစ်ရမည်၊ အကြောင်းပြန်ကြားပေးပါ ဟူ၍ စာတစ်စောင် ကျွန်တော့်ကို ပေးပို့ခဲ့သကဲ့သို့၊ ၎င်းတို့၏ ဂျာနယ်တွင်လည်း ကျွန်တော့်ကို ထိပါးပုတ်ခတ်သော သတင်းများ၊ ဆောင်းပါးများ သိက္ခာမဲ့စွာ ရေးသား ဖော်ပြလာခဲ့ပါသည်။ သို့သော် မည်သို့မျှ တုံ့ပြန်ခြင်း မပြုခဲ့ပါ။

၎။ ထိုမျှသာမက ဂျာနယ် ထုတ်ဝေရန် တာဝန်ပေးသော ဌာနကိုပါ ဆွဲထည့်ကာ အစိုးရ ဌာနတစ်ခုမှ တိုက်ခိုက်သယောင် စွပ်စွဲ ပြောဆိုမှုများ ပြုလုပ်လာခဲ့ပါသည်။ နောင်တွင်လည်း အကြောင်း အမျိုးမျိုးဖြင့် အစိုးရ ဌာနများကို စွပ်စွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။

၅။ ကျန် ဂျာနယ်များက ၎င်းတို့၏ သတင်းကို အတည်ပြုနိုင်ခြင်း မရှိဘဲ မိတ္တူကူးခဲ့ကြသဖြင့် အခြေအမြစ် မခိုင်မာသော သတင်းသည် ကျယ်ပြန့်လာခဲ့ပါသည်။

၆။ ကံအားလျော်စွာ ကျွန်တော်သည် "ဒေါက်တာ ဆိတ်ဖွား" သည် မည်သူ မည်ဝါ ဖြစ်ကြောင်း မသိရှိခဲ့ပါ။ ကျွန်တော် မဟုတ်ကြောင်း အကြိမ်ကြိမ် ရှင်းပြခဲ့ပြီးလည်း ဖြစ်ပါသည်။ ယခင် အစိုးရ လက်ထက်ကပင် ပြောသင့် ပြောထိုက်၊ ရေးသင့် ရေးထိုက်သည်တို့ကို အမြဲရေးသားခဲ့ပါသည်။ ကျွန်တော် တာဝန်မယူနိုင်သော ဆောင်းပါး တစ်ပုဒ်မျှ မရှိပါ။

၇။ အကယ်၍ ဒေါက်တာ ဆိတ်ဖွားသည် မည်သူမည်ဝါ ဖြစ်ကြောင်း ကျွန်တော် သိရှိထားလျှင်လည်း အယ်ဒီတာ တစ်ယောက်၏ ကျင့်ဝတ်ကို ထိန်းသိမ်းသည့်သူတစ်ယောက် ဆိုလျှင် ထုတ်ဖော် ပြောဆိုမည် မဟုတ်ပါ။ အခြား အယ်ဒီတာ တစ်ဦးတစ်ယောက်ကိုလည်း ၎င်း၏ ကျင့်ဝတ်ကို ချိုးဖျက်စေရန် တိုက်တွန်းလိမ့်မည် မဟုတ်ပါ။

၈။ ယခုအချိန် အထိ ဒေါက်တာ ဆိတ်ဖွား၏ "ဥပဒေ အထက်က လွှတ်တော်" ဆောင်းပါးကို ဖတ်ဖူးကြသူ မများလှပါ။ လွှတ်တော်က စုံစမ်းမည် ဆိုသည့်အခါ ဒေါက်တာ ဆိတ်ဖွားသည် နာမည်ကျော်ကြားကာ ဟီးရိုး သဖွယ် ဖြစ်လာခဲ့ပါသည်။ စုံစမ်းရေး ကော်မရှင် အပေါ် ပြစ်တင် ဝေဖန်ချက်များသည် အင်တာနက်ပေါ်တွင် သာမက ပုံနှိပ်စာများ၊ ကာတွန်းများ အထိ ပျံ့နှံ့လာခဲ့ပါသည်။

၉။ စုံစမ်းရေး ကော်မရှင်နှင့် ပထမအကြိမ် တွေ့ဆုံစဉ်က ဒေါက်တာ ဆိတ်ဖွားက လွှတ်တော်ကို မြောင်းထဲ ရောက်အောင် မလုပ်နိုင်ကြောင်း၊ မြောင်းထဲ ရောက်၊ မရောက်သည် လွှတ်တော်အပေါ်တွင် သော်လည်းကောင်း၊ ပြည်သူလူထုက ဆုံးဖြတ်ရမည့် ကိစ္စသာ ဖြစ်မည်ကိုလည်းကောင်း တင်ပြခဲ့ပါသည်။ သို့ပါ၍ အခြား အရေးတကြီး ကိစ္စများကို အလေးထား ဆောင်ရွက်ပါရန် မေတ္တာရပ်ခံခဲ့ပါသည်။ သို့သော် ရွေးချယ်ခွင့်၊ ဆုံးဖြတ်ခွင့်မှာ လွှတ်တော်၌သာ ရှိကြောင်း ပြောကြားခဲ့ပါသည်။


 ၁၀။ စုံစမ်းရေး ကော်မရှင် ဥက္ကဌက ဒေါက်တာ ဆိတ်ဖွား ကော်မရှင်နှင့် ပတ်သက်၍ ရေးသားကြသည်များကို စုစည်းပေးရန်၊ ကျွန်တော့်အား ပြောကြားခဲ့သော်လည်း ကော်မရှင် အဖွဲ့ဝင်လည်း မဟုတ်၊ ပြင်ပမှ သာမန် ပြည်သူပြည်သား တစ်ယောက်သာ ဖြစ်ခြင်းကြောင့် ကျွန်တော့်တွင် တာဝန် မရှိပါ။

၁၁။ ယခုနောက်ပိုင်းတွင် လွှတ်တော် ကော်မရှင် အဖွဲ့ဝင်များ၏ ဝေဖန်ချက်များ (မှန်၊ မမှန် မသိပါ။)ကို ပင်လျှင် စာနယ်ဇင်းများတွင် တွေ့မြင်လာရပါသည်။

၁၂။ အဆိုးဆုံး ဝေဖန်ချက် တစ်ခုမှာ "ဒေါက်တာ ဆိတ်ဖွား မည်သူ မည်ဝါ ဖြစ်သည်ကို သိရှိကြောင်း၊ လွှတ်တော်သို့ စာရေးပို့လိုက်ပါက လွှတ်တော်က ချက်ချင်း ခေါ်မည် ဖြစ်၍ လွှတ်တော်သို့ ရောက်ဖူးနိုင်ကြောင်း" လွှတ်တော်က ဒေါက်တာ ဆိတ်ဖွား အမည် ကြားသိရန် အသည်းအသန် ကြိုးစားနေသလို ရေးသားထားခြင်း ဖြစ်သည်။

ထိုမှတစ်ဆင့် မိမိတို့နှင့် မသင့်မြတ်သူများကိုပါ စွပ်စွဲခြင်း၊ အမည်စာရင်း ပေးခြင်းများ ဖြစ်ပေါ်လာမည့် အန္တရာယ် ရှိနေပါသည်။
ထို့အပြင် ဤဆောင်ရွက်ချက်သည် ပါတီတစ်ခု အတွင်း အားပြိုင်ပွဲ၊ အားစမ်းပွဲ ဖြစ်သည် ဟူ၍လည်းကောင်း၊ လွှတ်တော်ကို စာနယ်ဇင်း လောကက ဝေဖန်မှု မပြုလုပ်ရဲစေရန် ခြိမ်းခြောက်မှု တစ်ခု အဖြစ်လည်းကောင်း၊ ရှုမြင် ဝေဖန်မှုများကို တွေ့လာရပါသည်။

၁၃။ ယေဘုယျ အားဖြင့် ပြောရလျှင် ဒေါက်တာ ဆိတ်ဖွား၏ ရေးသားချက်ကြောင့် ကိုယ်ကျိုးစီးပွား ထိခိုက်သူဟု ယူဆရသော အင်အားကြီး စာနယ်ဇင်း တစ်စောင်မှအပ အခြား ပုဂ္ဂိုလ်များက ကော်မရှင်၏ ကြိုးစားအားထုတ် အပင်ပန်းခံနေမှုများကို ဘ၀င်ကျကြပုံ မရပါ။

၁၄။ လွှတ်တော် စုံစမ်းရေး ကော်မရှင်က မိမိတို့တွင် စုံစမ်းဖော်ထုတ်နိုင်သော နည်းပညာ ရှိပြီး ဖြစ်သည်ဟု ပြောဆိုပါသည်။ ကျွန်တော် သိသမျှ ထိုနည်းပညာ မပေါ်ပေါက်သေးပါ။

၁၅။ အင်တာနက်ကို လွတ်လပ်စွာ အသုံးမပြုနိုင်ချိန်က ကြားခံ (Proxy) ၀က်ဘ်ဆိုက်များမှ တစ်ဆင့် အသုံးပြုသောအခါ လူက ရန်ကုန်တွင် သုံးနေသော်လည်း ကျွန်တော်၏ လိပ်စာက ရုရှ ရောက်လိုက်၊ ပြင်သစ် ရောက်လိုက် ဖြစ်နေသည်ကို တွေ့ရဖူးပါသည်။
၁၆။ ကျွန်တော့် အနေဖြင့် နည်းပညာအရ မည်သူမည်ဝါ ဖြစ်သည်ဟု တိတိကျကျ IP Address ဖော်ပြနိုင်စွမ်း ရှိသည်ဟု မယုံကြည်ပါ။

၁၇။ ထို့အတူပင် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များကြောင် အမြင်စောင်းသူများ ကို လက်ညှိုးထိုးပြမည့် အန္တရာယ်လည်း ရှိနေပါသည်။ (ယခုပင်လျှင် ကျွန်တော်ကိုယ်တိုင် မဆီမဆိုင် ပါဝင်ပတ်သက်နေရသည်မှာ သာဓက တစ်ခု ဖြစ်ပါသည်။)

၁၈။ ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်များသည် ကြီးမားသော ဥာဏ်ပညာဖြင့် အဂတိတရား ကင်းစွာ သစ္စာ၊ သမာဓိ၊ မေတ္တာတရားတို့ကို အခြေပြု၍ အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်ကို ချင့်ချိန် ဆုံးဖြတ်နိုင်ကြမည်ဟု မျှော်လင့်ပါသည်။

၁၉။ ယခင် အစည်းအဝေးတွင် ကျွန်တော်၏ "ထွက်ချက်"ကို လက်မှတ်ရေးထိုးရန် ယူလာစဉ်က ကျွန်တော် ကိုယ်တိုင်ပင် နားမလည်၊ ရှုပ်ထွေးနေသည့် အရေးအသားများကို တွေ့ခဲ့ရပါသည်။ ထိုသည်မှာ အသံသွင်းရာမှ စာအဖြစ် ပြောင်းရာတွင် ဖြစ်တတ်သော သဘော ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်တော်၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန် လေးစားစွာ စာဖြင့် တင်သွင်းခြင်း ဖြစ်ပါသည်။

                                                                                                     ၁၈ရက်၊ မတ်လ၊ ၂၀၁၃

No comments:

Post a Comment