Tuesday, July 9, 2013

ယခု ရက်ပိုင်းအတွင်း မြန်မာ.ဘောလုံး သတင်းများ ( ၂၀၁၃ ဇူလိုင် ၉ )





မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော် (SEA Games) တွင် ဖိလစ်ပိုင် ဘောလုံး အသင်း စေလွှတ်တော့မည် မဟုတ်ဟု သတင်း ထွက်ပေါ်ခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ဖိလစ်ပိုင် ဘောလုံး အဖွဲ့ချုပ်ထံ ဆီးဂိမ်းစ် ပြန်လည် ပါဝင်ကစားရေး အတွက် ဇူလိုင်(၄) ရက်နေ့က တရားဝင် စာဖြင့် ဆက်သွယ် အကြောင်းကြား ထားသကဲ့သို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ကိုယ်တိုင်လည်း ဖိလစ်ပိုင် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ မာရီနိုထံ ဖုန်းဖြင့် ဆက်သွယ် တိုက်တွန်းထားပြီး ဖြစ်ကြောင်း သိရသည်။

" ဆီးဂိမ်းစ်မှာ ပါဝင် ကစားဖို့ ဖိလစ်ပိုင် ဘောလုံး အဖွဲ့ချုပ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေနဲ့  ဇူလိုင်(၄) ရက်နေ့က အီးလ်မေးလ်နဲ့ တရားဝင် စာပို့ထားပြီးပါပြီ။ ဖိလစ်ပိုင် ဘောလုံး အဖွဲ့ချုပ်ကလည်း စာကို လက်ခံ ရရှိကြောင်း အကြောင်းပြန် ထားပါတယ်။ သူတို့ အနေနဲ့ မြန်မာနိုင်ငံက လက်ခံကျင်းပမယ့် ဆီးဂိမ်းစ်မှာ ပါဝင်ကစားဖို့ ဖိလစ်ပိုင် အိုလံပစ် ကော်မတီကို ဆက်လက် တင်ပြသွားမယ်လို့ သိရပါတယ်" ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်က ဆိုသည်။


ရန်ကုန် ယူနိုက်တက် အသင်း၏ မြန်မာ့ လက်ရွေးစင် တောင်ပံ ကစားသမား ကြည်လင်းကို မလေးရှား စူပါလိဂ် ကလပ် Pahang FA က ခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးကြောင်း နာမည်ကျော် အားကစား ၀က်ဘ်ဆိုက် Goal.com ရေးသား ဖော်ပြချက်အရ သိရှိရသည်။
ကြည်လင်း ကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားသို့ သွားရောက် ကစားရန် စိတ်ဝင်စားကြောင်းနှင့် Malaysia Super League (MSL)သို့ တွင် ကစားရန် အခွင့်အရေး ကြုံကြိုက်ခဲ့ကြောင်း ရန်ကုန် ယူနိုက်တက် အသင်း ကြံ့ခိုင်ရေး နည်းပြဖြစ်သူ မလေးရှား လူမျိုး ခိုင်ရိုလ် အက်ဇ်မီ က Goal.com သို့ ပြောကြားသွားသည်။

" ကျွန်တော် ကြည်လင်းကို လွန်ခဲ့တဲ့ ၄ လ တုန်းက မလေးရှားမှာ ကစားဖို့ စိတ်ဝင်စားသလားလို့ မေးခဲ့ပါတယ်။ သူကလည်း ဒီအခွင့်အရေးကို နှစ်သက် ပါတယ်လို့ ပြောဖူးတယ်။" ဟု ခိုင်ရိုလ် အက်ဇ်မီက ဆိုသည်။ အသက် ၂၀ အရွယ် ကြည်လင်းသည် ပြီးခဲ့သည့် ၂၀၁၂ ဆူဇူကီးဖလားတွင် နိုင်ငံ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ကလပ်အသင်းဖြစ်သည့် ရန်ကုန် ယူနိုက်တက် အသင်း အတွက်လည်း 2013 AFC Cup နှင့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်များတွင် ခြေစွမ်းပြနေသူ ဖြစ်ကြောင်း အဆိုပါ ၀က်ဘ်ဆိုက်က ရေးသားသည်။ ကြည်လင်း၏ ခြေစွမ်းကြောင့်  ပါဟန်း အက်ဖ်အေမှ မလေးရှားလိဂ် သို့ခေါ်ယူရန် မိမိမှတစ်ဆင့် စိတ်ဝင်တစား ချဉ်းကပ်ခဲ့ဖူး ကြောင်းကိုလည်း ခိုင်ရိုလ်က ဆက်လက် ထုတ်ဖော် ပြောကြား ခဲ့သည်။

" ပါဟန်းအသင်း နည်းပြ Dollah Saleh ကလည်း ကြည်လင်းကို ကြိုက်ပါတယ်။ ကြည်လင်း လာကစားဖို့ စိတ်ဝင်စားမှု ရှိမရှိကိုလည်း မေးပေးဖို့ Pahang FA  ကျွန်တော့်ကို အကူအညီ တောင်းခဲ့ပါတယ်။ ဒီကမ်းလှမ်းမှုကို ကျွန်တော့် အသင်းဥက္ကဋ္ဌကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းက AFC Cup 2013 ပွဲစဉ်တွေ ယှဉ်ပြိုင်ကစား နေရတဲ့အတွက် အသင်းဥက္ကဋ္ဌက ကြည်လင်းကို စေလွှတ်ဖို့ မလိုလားပါဘူး။ ကြည်လင်းဟာ ကျွန်တော်တို့ ရန်ကုန် ယူနိုက်တက် အသင်းအတွက် အရေးကြီးတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါနဲ့ပဲ ကြည်လင်းကို ခေါ်ယူဖို့ ဆွေးနွေးခြင်း ပြီးဆုံး ခဲ့ရပါတယ်" ဟု ရန်ကုန် အသင်း ကြံ့ခိုင်ရေးနည်းပြ ခိုင်ရူလ်က ဆိုခဲ့သည်။ 



မလေးရှား ပီရက် အသင်းတွင် ကြည်လွင် ကစားခဲ့ပုံ
လက်ရှိအချိန်ထိ ကြည်လင်းအား မလေးရှား အသင်းများမှ တရားဝင် စာဖြင့် ကမ်လှမ်းထားခြင်း မရှိသော်လည်း လာမည့်နှစ်တွင် မလေးရှား ဘောလုံးအဖွဲ့ချုပ်မှ ကျင့်သုံးမည့်  အာဆီယံဒေသမှ ကစားသမား ခေါ်ယူသုံးစွဲမှု စည်းမျဉ်းသစ်ကြောင့် စူပါလိဂ် ကလပ်အသင်း အများစုမှာ ကြည်လင်းအား ခေါ်ယူရန် စိတ်ဝင်စားမှု ရှိနေကြကြောင်းလည်း သိရသည်။ မြန်မာ့ ဘောလုံးလောကတွင် မလေးရှား နိုင်ငံသို့ ဆုကြေးစား သွားရောက် ကစားခဲ့သူ နှစ်ဦးဖြစ်သည့် လက်ရွေးစင်ဟောင်း ကြည်လွင် (ယခု မကွေးအက်ဖ်စီ နည်းပြချုပ်)နှင့် လက်ရွေးစင်ဟောင်း အောင်နိုင်(ယခု ရခိုင်ယူနိုက်တက် နည်းပြချုပ်)တို့မှာ ၁၉၉၀ ၀န်းကျင်က မလေးရှားကလပ် ပီရက် အသင်းတွင် အောင်မြင်မှု ကိုယ်စီ ရရှိခဲ့ကြသူများ ဖြစ်သည်။ 




2013 ခုနှစ် ဂျူလိုင်လ အတွက် FIFA မှထုတ်ပြန်ခဲ့သည့် ကမ္ဘာအဆင့်ရပ်တည်မှုတွင် မြန်မာအသင်းသည် အဆင့် ၁၆၃ တွင်သာ ရပ်တည်ခဲ့ပြီး အဆင့်(၈) ဆင့်အထိ ထပ်မံကျဆင်းခဲ့သည်။ ထို့အပြင် ဒေသတွင်း ရပ်တည်မှုတွင်အဆင့်(၃၂)တွင်သာရပ်တည်နိုင်ခဲ့သည်။ အာဆီယံဒေသတွင် နိုင်ငံများထဲ
တွင် ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ ၊ မလေးရှား၊ မြန်မာ အစသဖြင့်
အစဉ်လိုက်ရှိနေခဲ့ပြီး....နာမည်ကြီးအင်ဒိုနီးရှားအသင်းကမူအဆင့်(၁၆၈တွင်သာရပ်တည်နေနိုင်ခဲ့သည်။

 Source ; themff.org & Myanmarsportdata

No comments:

Post a Comment