Monday, July 8, 2013

No Pain No Gain




အနာခံမှအသာစံရတယ်ဆိုတဲ့အသိနဲ့ပတ်သက်လို့ ငယ်ငယ်က ကျွန်မ စက်ဘီးစီးသင် ခဲ့တာကိုသတိရမိပါတယ်။ လေးတန်းကျောင်းသူဘဝလောက်ကပေါ့။ ရွယ်တူသူငယ်ချင်းတွေက BMX စက်ဘီး (အဲ့ဒီနှစ်တွေတုန်းက ခေတ်စားတဲ့ ကလေးတွေ စီးခဲ့ရတဲ့တဲ့စက်ဘီး) တွေစီးကြတယ်။ မဝယ်စီးနိုင်တဲ့သူက နာရီပိုင်းနဲ့ ငှားစီးရတယ်။ မိဘ ကတတ်နိုင်ရင်တော့ အပိုင်ဝယ်ပေးတာပေါ့ ။ ကလေးဆိုတော့ သူများစီးသလိုစီးချင်တယ်။ မိဘတွေကိုဝယ်ခိုင်းတော့လဲအဖေ က ငှားပြီးသင်မယ်သမီးရယ် ခုဝယ်လဲနောက်နှစ်နှစ်လောက်ဆို သမီးက စက်ဘီးအကြီး စီးလို့နိုင်ပြီဆိုတော့ .. ဒီစက်ဘီးလေးအလကားဖြစ်မယ် ပြောတယ်။ အင်း အဖေပြောတာလဲဟုတ်သား။ ဒါနဲ့ ဘေးအိမ် ကရွယ်တူ အမွှာလေးတွေကိုသူတို့အဖိုးအစီး သင်ပေးနေကြ BMX စက်ဘီးခပ်စုတ်စုတ်လေးကို ညနေဆိုငှားသင်ရတယ်။ စက်ဘီးကလဲ စုတ်တာမှ လက်ကိုင်တဖက်က ကွာ ။ ဖင်ထိုင်ခုံကထိုင်လိုက်ရင် ကျွံဝင်ဝင်သွားလို့အဝတ်စုတ်တွေ ထိုးထည့်ထားရတယ်။ ခြေနင်းဆိုတာတော့ ရာဘာတွေကွာလို့ သံချောင်းပဲရှိတယ်။  

ဒါပေမဲ့ ဘရိတ်တွေ ကတော့ကောင်းကောင်းမိတယ်။ ယောင်ပြီးရှေ့ဘရိတ်များသွားမဖမ်းမိစေနဲ့ နောက်ဘီးကျွမ်းပြန်သွားမယ်။ စက်ဘီးကလဲ ကိုယ့်အရပ်နဲ့ကမတိမ်းမယိမ်း။ ခုလို ဘရိတ်နဲ့ပတ်သက်တဲ့ စကားတွေကလဲ ပိုင်ရှင်ဆီကကြားထားရ။ နောက်ပြီး စက်ဘီးစီးသင်ချင်စိတ်စပေါက်ကတည်းက စဉ်းစားမိတာက စက်ဘီးစီးသွားတဲ့သူတွေကိုကြည့်ပြီး ဒီစက်ဘီး ခွေ နှစ်ခုကို လဲမကျအောင်ဘယ်လိုများထိန်းစီးနိုင်ကြပါလိမ့်ပေါ့ … စတာတွေ နဲ့တင် ဒါဟာလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးဆိုတာ ကလေးအတွေးနဲ့ နားလည်ထားခဲ့တယ်။ အိမ်က မိကျောင်းတံဆိပ်စက်ဘီးကို စီးထွက်သွားတဲ့အဖေတို့ ။ အစ်မ တို့ကတော့ ကျွန်မရဲ့ အနီးစပ်ဆုံး သူရဲကောင်းတွေပေါ့။ တို့အိမ်မှာ သူများအိမ် ကတချို့သူတွေလိုပဲ စက်ဘီးစီးတတ်တဲ့သူရဲကောင်းနှစ်ယောက်ရှိတယ်။ တခါတလေများအဖေ က အပြင်ကနေစက်ဘီးနဲ့ပြန်လာရင်း ရှေ့ကခြင်းထဲထည့်လို့မရတဲ့အရာတွေ ဥပမာ… ထမင်းချိုင့်လိုမျိုး ကို လက်တစ်ဖက်လွှတ်ပြီကိုင်လာတာများတွေ့ရင် မိုက်တယ်ကွာ ဆိုပြီး လမ်းထဲ က သူငယ်ချင်းတွေကို ငါ့ အဖေက စက်ဘီးကို လက်တစ်ဖက်လွှတ်စီးတတ်တယ်။ နင်တို့အဖေတွေရောစီးတတ်လားဆိုပြီး  အကြွားပြိုင်  ရတာ အမော….
ဒီလိုနဲ့ ကျွန်မလဲ စက်ဘီးစီးတတ်ချင် တဲ့ စိတ်တွေ ပို များလာတယ်။ ငါလဲ သူငယ်ချင်းတွေ ကြားမှာ တနေ့တော့ စက်ဘီးကိုလက်တစ်ဖက် လွှတ် စီးပြဦးမယ်ပေါ့။
တစ်ညနေမှာတော့ ဘေးအိမ်က စက်ဘီးအစုတ်လေးကိုသွားငှားပြီးတွန်းအလာ ဂိုက်ကိုကောင်းကောင်းမကိုင် တတ်တော့ တွန်းရတာတောင်မဖြောင့်ချင် ဘူး။ ခက်ပြီ။
အဖေကတော့ ကျွန်မကို စက်ဘီးစီးသင်ပေးဖို့ လေးပေလောက်ရှည်တဲ့ ဝါးလုံးတစ်လုံးကိုင် ပြီး အိမ်ရှေ့ကနေစောင့်နေတယ်။ ပြီးတော့ ကျွန်မကို လှမ်းပြောသေးတယ်။ စက်ဘီးစီးတတ် ချင်ရင်စက်ဘီး အတွန်းအရင်ကျင့်ရတယ်တဲ့။  




ပထမတော့ ကျွန်မတွေးတာက အဖေ ကလဲ စက်ဘီးလေးတောင်သွားမတွန်းလာပေးဘူး။ မျက်စောင်းထိုးအိမ် က သူငယ်ချင်းဆို သူ့ အဖေ က သူ့သမီးကိုစက်ဘီးစီးသင်ပေးတော့
မယ်ဆိုရင် အိမ် ပေါ် ကစက်ဘီးကို အောက်ချ။ လမ်းပေါ်ရောက်အောင်တွန်းလာပေးတဲ့အပြင် ကို သူ့ကိုပါချီပြီးစက်ဘီးပေါ်တင်ပေးလိုက်သေးတယ်။


ကျွန်မတွန်းလာတဲ့စက်ဘီးအနားရောက်တော့ အဖေ လက်ထဲမှာကိုင် ထားတ ၀ါးလုံးကို စက်ဘီးဖင်ထိုင်ခုံနောက်က နေ လျှိုထည့်လိုက်ပြီး ပီနံကြိုးနဲ့ချည်တယ်။ ပြီးတော့ ကျွန်မကိုစက်ဘီးပေါ်ခွတက်ခိုင်းတယ်။ " စက်ဘီးဂိုက်ကြီးကလဲလေးလိုက်တာ ပါကြီးရယ်" လို့ပြောတော့ " စက်ဘီးကို အတွန်းကျင့်ပေး ဒါမှဂိုက်ကပေါ့လာမှာ။ နောက်ပြီး အနာမခံ အပင်ပန်းမခံရင်ဘယ်ပညာမှမ တတ်ဘူး။ စက်ဘီးစီးတာလဲဒီလိုပဲ ဒဏ်ရာရမှ တတ်တာ။" လို့ပြန်ပြောတယ်။ " ဟာ ဒါဆို ပါကြီးတို့ငယ်ငယ်က စက်ဘီးစီးသင်တုန်းကလဲ စက်ဘီးမှောက်ဖူးတာပဲလား" လို့မေးတော့ " မှောက်တာမှမပြောနဲ့ ။ အနာတရတွေလဲများမှများပဲ။"
သြော် ဒါကြောင့် ငါ့အဖေက စက်ဘီးကိုလက်တစ်ဖက်တောင် လွှတ်စီးနိုင်လောက်အောင် ကျွမ်းကျင်နေတာသံသယဖြစ်စရာမရှိပါလား လို့ ကျွန်မ တွေးမိတယ်။ တကယ်တော့ အဖေက ကိုယ်အစီးသင်မဲ့စက်ဘီးကိုယ့်ဘာသာသွားယူစေချင်တယ်။ တွန်းရတာခက်တယ်ထင် လို့ အဆင် သင့်လုပ်ပေးတာကို အလွယ်လိုက်တတ်တဲ့အကျင့်ကို မလေ့ကျင့် ပေးခဲ့တာ။ အနစ်နာမခံပဲ ဘာကိုမှလွယ်လွယ်မရဘူးဆိုတဲ့ လူတော်တွေသိတဲ့အသိကို လေ့ကျင့် ပေးခဲ့တာမှန်ုး နောင်ခါများမှနားလည်ခဲ့ပါတယ်။

ဒါနဲ့ပဲ နောက်က ဝါးလုံးကိုထိန်းကိုင် ပေးရင်း ခါးကို မတ်မတ်ထားဖို့…. ဂိုက်ကို အသေကြီးကိုင် မထားပဲ ဖော့ပြီးနိုင်အောင်ထိန်းတတ်ဖို့ စတာတွေကို ပါးစပ်က တတွတ်တွတ်ပြောရင်း မြက်ပင်တွေ နေရာတက်ယူထားတဲ့လမ်းကျဉ်းလေးတစ်လျှောက်
သားအဖ နှစ်ယောက် ညနေတိုင်း စက်ဘီးစီးသင်ဖြစ်ခဲ့ပါတယ်။ညနေ ကျောင်းဆင်းတာနဲ့ ကျောင်းကနေအိမ်ကိုမြန်မြန်
ပြန်ရောက်ရေး ….အမွှာတွေပြန်မရောက်ခင် စက်ဘီးကို ကိုယ့်လက်ထဲမြန် မြန်ရောက်ရေး စတာတွေဟာကျွန်မအတွက် အရေးကြီးဆုံးတွေပေါ. .. ပြီး  အိမ်ရောက်တာနဲ့ အမေ ငါ့ကို ခိုင်းစရာတွေ ရှိမနေပါစေနဲ့ လို့ဆုတောင်းရတာလဲ အမော။ အဲ့ထက်အရေးကြီးဆုံးကတော့ အဖေ ဆိုင် ကနေ အိမ်စောစောပြန်ရောက်နေဖို့ပါပဲ။ 


လေးရက်လောက် ကြာတော့ ကျွန်မ စက်ဘီးကောင်းကောင်းစီးတတ်ပါပြီ။ ဂိုက်ကိုကောင်းကောင်းနိုင်ပြီ။ အဖေ နောက်ကလိုက်စရာမလိုပဲ ကောင်းကောင်းနင်းတတ်ပြီ။ ဒါပေမဲ့အတက်အဆင်းကတော့စတိုင်သိပ်မကျသေးဘူး။ အတက်ကတော့ အဖေ ကကိုင်ပေးပြီးဘီးလည်အောင်နင်းလိုက်ရင် တော့ ရှေ့ကိုဖြောင့်လို့။ အဲ ဆင်းခါနီးကျတော့ ဘရိတ်ကိုညှစ်ပြီး ကားယားကြီးခုန်ဆင်းရတယ်။
ခြေတစ်ဖက်ကိုဘေးထိုးပြီးသက်တောင့်သက်သာဆင်းလို့မတတ်သေးတာသာရှိတယ်။ ဒီနေ့ထိတော့ အဖေ ပြောသလို စက်ဘီးမမှောက်သေး ဒဏ်ရာမရသေး။ ဒါကိုကျွန်မ ဘဝင်မကျပါ။ ငါ ဒဏ်ရာမရသရွေ့တော့မတတ်သေးဘူး ဆိုတဲ့အသိကို အဖေပြောတဲ့စကားအပြင် တခြားသာဓကတွေကလဲ ပိုပြီးခိုင်မာစေခဲ့တာကိုး။ အမွှာနှစ်ကောင် စက်ဘီးမှောက်ပြီးဒူးပြဲတဲ့နေ့တွေ။ မျက်စောင်းထိုးအိမ် က သူငယ်ချင်း စက်ဘီးစီးရင်းခွေးလိုက်ခံရလို့ ဒဏ်ရာတွေရပြီးဖျားပါယူရတဲ့အဖြစ်တွေ။ အစ်မ ဝမ်းကွဲတွေ ရဲ့ စက်ဘီးစီးသင် အတွေ့အကြုံ အိပ်ယာဝင်ပုံပြင်တွေ ။ ကျွန်မမှာ ဒီဒဏ်တွေတစ်ခုမှမရသေးပါ။ စက်ဘီးကိုကောင်းကောင်းနင်းနိုင်ပေမဲ့ လဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုကမရှိနိုင်သေး။

ဖိနပ်ချွတ်ပြီးအစီးသင်ရင် ဖိနပ်ဝတ်ထားတဲ့အခါ ခြေနင်းရတာ မရဲဖြစ်တတ်တဲ့အ ကြောင်း ဖိနပ်ချွတ်ပြီးစီးမယ်လို့ခဏခဏပြောတဲ့ကျွန်မကို သင်ပေးရင်းအဖေ က " မနက်ဖြန်ကျရင် ပါကြီးတို့ ဦးရှင်ကြီးကွင်းထဲသွားနင်းမယ်။ သမီးကိုကွေ.တာ  သင်ပေးရမယ်" တဲ့။

ဟုတ်သားပဲ။ အဖြောင့်သာနင်းနေတာ။ တခါမှ စက်ဘီးကိုမကွေ့ရဲသေးဘူး။ ကျွန်မပျော်ပါသည်။ အကြောင်းက ဦးရှင်ကြီးကွင်းထဲသို့သွားမယ်ဆိုရင် ကျွန်မတို့လမ်းထိပ်က ထွက် ဘယ်ကွေ့ပြီး လမ်းတစ်လမ်းကိုကျော်နင်း ပြီးမှ အမွှာတွေ ညနေဆို သွားကူလုပ်ပေးရတဲ့ သူတို့အမေ ရဲ့ ရွှေကြည်ဆိုင်လေး ကိုဖြတ်သွားရမ ယ်…လမ်းမှာလဲ ခွေးလိုက်ခံရလို့ စက်ဘီးဆက်သင်ဖို့ကြောက်သွားတဲ့သူငယ်ချင်းအိမ်။ ကျောင်းမှာ တခန်းထဲတက်နေရတဲ့ စက်ဘီးမစီးတတ်သေးတဲ့ ကျွန် မလိုပဲ စက်ဘီးစီးသင်လက်စ သူငယ်ချင်းတွေရဲ့ အိမ် တွေကို ဖြတ်ပြီး ခပ်လှမ်းလှမ်းက နေလမ်းလျှောက်လိုက် လာမဲ့ အဖေ့ရှေ့ကနေ ဂိုက်ကို တည့်တည့်ထိန်းပြီး စက်ဘီးနင်းသွားမည့် ကျွန်မ ကိုသူတို့မျက်လုံးတွေထဲ မှာ  ဘယ်လိုဖြစ်နေမလဲ.. မနက်ဖြန် ဟာကျွန်မ အတွက်  ဘယ်လိုမှစောင့်မနေနိုင်လောက်အောင် ပင် စိတ်လှုပ် ရှားစရာကောင်းနေပါတော့သည်။

ဦးရှင်ကြီးကွင်းအတွင်း ပသပွဲ ကျင်းပရန် ပြင်ဆင်နေသော ညနေခင်း တစ်ခု

 ဦးရှင်ကြီးကွင်းတွင် စက်ဘီးကွေ့နည်းသင်ရသည့်အကြောင်းကားအထွေအထူးတော့မဟုတ်ဆိုသော်လည့်း ကွင်းနာမည်နှင့်ပတ်သက်၍ အထူးအဆန်းဖြစ်နိုင်ဖွယ်ရှိသည်။ ရှင်းပြရသော် ဧရာဝတီတိုင်းတွင်းရှိ မြို့လေးတစ်မြို့အနေဖြင့် ရေငန် နှင့်ထိစပ်မှုမရှိသော်လည်း မြစ်ချောင်း နားနီး …ရေလမ်းခရီး များကိုသာ  အားထားရသဖြင့် ရေငန်ပိုင်ဦးရှင်ကြီး နှင့်အခြား အတွင်း ၃၇ မင်း အပြင် ၃၇ မင်းအနက်မှ ကိုးမြို့ရှင်နှင့် အချို့သော နတ်များကို နှစ်စဉ်ပင့်ဖိတ်၍ မြို့ရွာအေးချမ်းအောင် ပူဇော်ပသရာ နေရာ ဖြစ်ပြီး ပူဇော်ပွဲတနှစ်တစ်ကြိမ်လုပ်သည့်အချိန်မှလွဲ၍ ကျန် အချိန်များမှာ မြက်ပင်များကွင်းအပြည့်နီးပါးနေရာယူထားသော ကွင်းပြင်တစ်ခုဖြစ်သည်။ ကွင်းလယ်တွင် သစ်မောင်းသားတိုင်နှစ်တိုအကွာအဝေးညီစိုက်၍ပိုက်တစ်ခု ဆင်ထားသည်။ 
လူလတ်ပိုင်း လူကြီးပိုင်း တို့၏ညနေခင်းချိန်ခါ ပိုက်ကျော်ခြင်းခတ်ရာ။ ခြင်းလုံးခတ် ရာ ။ ကလေးများ စက်ဘီးစီးသင်ရာ အထူးသဖြင့် အသင့်စိုက်ထားသော သစ်မောင်းတိုင်များ မှာ ကလေးများ စက်ဘီးအကွေ့အဝိုက်သင် ရန် အန္တရာယ်အကင်းဆုံးနေရာ တစ်ခု ဖြစ်တော့သည်။

ကျွန်မ ကျောင်းကပြန်ရောက်ပါပြီ။ မျှော်လင့်ထားသည့်အတိုင်းပဲ အဖေနဲ့ကျွန်မ ကွင်းသို့သွားသည့်လမ်းမှာ တွေးထားတာထက်ပင် ပို၍ စိတ်လှုပ် ရှားစရာကောင်းခဲ့ပါသည်။ လမ်းတစ်လျှောက် တွေ့သမျှအသိများက " သမီး စက်ဘီးစီးတတ်နေပြီလား" မေးသူကမေး အဖေ့အား "ကိုကြည် ခင် ဗျားသမီးစက်ဘီး စီးတတ်တာမြန်သား။ အကြီးမကြီးကိုသင်တုန်းက ခဏခဏ စက်ဘီးလဲလို့တော်တော်ကြာကြာသင်ရတယ်နော် " ဟု ပြောသူကပြောပေါ့။ ကျွန်မကတော့ ပြောသမျှသူတိုင်းကို တဟုတ်ဟုတ်နှင့်ပြုံးပြရင်း မမကြီးထက်တောင်ငါပိုတော်ပါလား။ ငါသင်တာ လေးငါးရက်ပဲရှိသေးတယ်။ တယ်ဟုတ်တဲ့ငါပေါ့။
တစ်ခုပဲ ဘဝင်မကျတာ ။ ခုထိစက်ဘီးမလဲသေးဘူး။ အနာလဲမခံရသေးဘူး ငါမတတ်သေးဘူးထင်တယ်။ ဥာဏ်မှီသလေက်တွေးကြည့်တော့လဲ စက်ဘီးကွေ့တတ်ပြီဆို ပြီးပြီ။ စိတ်ထဲတော့ဝေဝေဝါးဝါးဖြစ်တုန်းပဲ။  

Writter


ကွင်းထဲရောက်ပါပြီ အဖေ သင်ပေးတဲ့အတိုင်း ကြိုးစားနင်းရင်းကွေ့ရင်းကနေ သစ်မောင်းတိုင်နှစ်တိုင် ကို ကောင်းကောင်းပတ်ပြီးနင်းနိုင်ပြီ။ အမယ်. . လွယ်လွယ်လေးပဲ။ ခုလိုကျတော့လဲ တွန်းရင်သိပ်လေးတယ်ထင်ရတဲ့ဂိုက်က ပေါ့ပါးလိုက်တာများမပြောပါနဲ့တော့။ 


အဖေက" ကဲ ကောင်းကောင်းကွေ့တတ်ပြီ ဂိုက်ကတော့နိုင်ပြီးသားဆိုတော့ လမ်းပေါ်မှာ နင်းတဲ့အခါ လူတွေ စက်ဘီး ဆိုက်ကားတွေ ခွေးတွေ ကို ရှောင်နိုင်ရင် ရပြီ။ လမ်းပေါ်မှာ တကယ်နင်းတဲ့အခါ သမီးလမ်းမှာလာတုန်းကတွေ့တယ်မလား။ မျက်စိရှင်နားရှင် ထားရတယ်။ နောက်ကလာတာရော ရှေ့ကလာတာရော လမ်းလျှောက်တဲ့လူရော အားလုံးကိုရှောင်နင်းရမှာ မဟုတ်ရင်သူများကိုတိုက်မယ်။ ကိုယ်အတိုက်ခံရမယ်။ အဲ့တော့ဘဲလ် တီးရမယ်။ မှတ်ထားလမ်းဖြတ်ကူးနေတဲ့ လူက စက်ဘီးကိုရှောင် ရင် သူလျှောက်နေတဲ့တည့်တည့်ကိုပဲပြေးရှောင်လေ့ရှိတယ်။ လမ်းပေါ်အိပ်နေတဲ့ခွေးတွေကျတော့ သူတို့အတွက်အန္တရာယ်တစ်ခုခုကြုံ ရင်လာလမ်းအတိုင်းပြန်လှည့်ပြေးတတ်တယ်။ အဲဒီတော့ ကိုယ်က ရှောင်တဲ့အခါမှာဘယ်ဘက်ကိုရှောင်ရမလဲဆိုတာသတိထား. . .ကဲကဲ ပြန်ကြစို့ " ပြောရင်းက မြက်ပင်တွေကို နင်းပြီးကွင်းအပြင်ကိုလျှောက် သွားတယ်။ ကျွန်မ လဲ အဖေပြောတာတွေကိုခေါင်းထဲမှာဘာသာပြန်ရင်း မြက်ပင်တွေပေါ်စီးဘီးနဲ့ဖြတ်နင်းရင်းလမ်းမပေါ်ရောက်လာခဲ့ပါတယ်။ လမ်းပေါ်ကို ကွေ့တက်လိုက်တယ်။ တဖက်ကလာနေတဲ့ဆိုက်ကားကကျွန်မကိုရှောင်သွားပါတယ်။ အချိန်အဆမမှန်တဲ့ အကွေ့ကို ရိပ်မိတဲ့ ဆိုက်ကားဆရာက စက်ဘီးစီးသင်နေတာလားလို့ လှမ်းအော်သွားသေးတယ်။ လမ်းတလျှောက်စက်ဘီးကိုခပ်ဖြေးဖြေးနင်းပြီးအဖေက ဘေးကလမ်းလျှောက်လိုက်လာ ရင်းကနေ သတိထားစရာတွေကို ထပ်ပြောပြနေပါတယ်။  

 ကျွန်မတို့ရှေ့မှာ ကောင်မလေးတစ်ယောက်နဲ့ အန်တီကြီးတစ်ယောက် လမ်းလျှောက်သွာ်းနေတာ ခပ်လှမ်းလှမ်းကတည်းက မြင်ပါ တယ်… ကောင်မလေး လက်ဖောင်းအင်္ကျီလေးနှင့် သုံးတန်းလောက်ရှိမည်ဟုတော့မှန်းရသည်။ ကျွန်မသူတို့ကိုကျော်တက်သွားမယ် ။ လမ်းပေါ်ကိုသိပ်တက်လို့မဖြစ်။ လူရှုပ်နေသည်။ ရုတ်တရက်ကျွန်မသူတို့ဘေးကဖြတ်အနင်းမှာပဲ ကျွန်မညာဘက်စက်ဘီး လက်ကိုင်ကို တစ်ယောက်ယောက်စောင့်ဆွဲလိုက်သလိုခံစားလိုက်ရပြီး ဂိုက်က ဆွဲသည့်ဘက်သို့လည်ကာ လဲကျသွားသည်။ ဘယ်လိုမှထိန်းလို့မရလိုက်ဘဲ ကတ္တရာလမ်းမပေါ်ကို ညာဘက်လက်ထောက်ရက်သားကျသွား ပါတယ်။ အဖေလဲ ကျွန်မကိုရော စက်ဘီးကိုပါ လှမ်းဆွဲချိန်ရလိုက်ပုံမပေါ် ။  

တော်တော်အကျနာပါ တယ်။ တံတောင်ဆစ် စုတ်သွားတယ်။ ဒီ့ထက်ဆိုးတာက တံတောင်ဆစ်အထက်နားမှာ လမ်းမနဲ့ ပွတ်မိလို့အရေပြား စုတ်ပြီးအကွင်းလိုက်ကြီး အသားတစ် ထွက်သွားသည်။ မမေ့နိုင်ပါ ကျွန်မညာဘက်လက်တွင်ထိုအမာရွတ်ယနေ့ထိခပ်ရေးရေးကျန်နေပါသေးသည်။  




 ထိုမြင်ကွင်းသည် ကျွန်မမနေ့ကတွေးခဲ့သလို ကျွန်မသူငယ်ချင်းများသာမက လမ်းပေါ်ရှိလူကုန်မြင်လိုက်ရသည့်မြင်ကွင်းပါ။ ကျွန်မ သေလောက်အောင်နာနေပါသည်။ ငါ ငိုလိုက်ရင်နှစ်ခါရှက် ရပြီ။ မငိုဘူးဟုဆုံးဖြတ်ချိန်တွင် အဖေ က ကျွန်မကိုရောစက်ဘီးကိုပါထူပေးပြီးနေပြီ။
ဒီလောက်ကတော့ဘာမှမဖြစ်ပါဘူး ။ စက်ဘီးစီးသင်တာ ဒီလိုပဲ စက်ဘီးလဲတတ်တာ ထုံးစံပဲ " ဟုကျွန်မကိုပြောရင်း ကျွန်မတို့ဘေးမှာ သူ့လက်မောင်းလေးကိုဖိရင်းငိုနေတဲ့ကောင်မလေးနဲ့ အန်တီကြီး ကိုတွေ့လိုက်သည်။"ကျွန်မတို့ကလဲနောက်က စက်ဘီးလာနေတာ မသိလိုက်ဘူး။ သမီး ကိုလဲ လမ်းပေါ် တက်မလျှောက်ပဲ လမ်းဘေးဆင်းလျှောက်ဖို့ပြောလာရင်းကနေ ဖြစ်သွားတာ။" ဟု အန်တီကြီးကသူ့သမီးလေးကိုမျက်ရည်သုတ်ပေးရင်းက " သမီးတိတ် တိတ် သမီး အကျီင်္နဲံ ဟိုမမ စက်ဘီးလက်ကိုင်ချိတ်မိတာ သမီးက လက်မောင်းပဲနာသွားတာ။ မမကိုကြည်.စမ်း။ လက်မှာဒဏ်ရာကြီးတွေ့လား။" ဟုပြောတော့ ကလေးမလေးက ငိုမဲ့မဲ့နဲ့ ကြည့်နေတယ်။ ကျွန်မ လဲ အနာရှိန်ကြောင့် လန့်လည်းလန့်သွားတဲ့အပြင် စက်ဘီးပေါ်ပြန်တက်ရမှာကိုပင်ရုတ်တရက်ကြောက် သွားပါသည်။ တောင်းပန်စကားတွေအပြန်အလှန်ပြောပြီး ကျွန်မ တို့လမ်းလျှောက်လာခဲ့ပါသည်။

အဖေ ကလဲ ကိုယ့်သမီးဒီလောက် ဒဏ်ရာရတာကို ဟိုအဒေါ်ကြီးကိုပဲတောင်းပန်ပြီးငါ့များလှည့်တောင်မကြည့်ဘူး လို့တွေးမိတာအမှန်ပင်။ ဒါနဲ့ ကျွန်မတို့က လမ်းထဲကွေ့ဝင် ဟိုသားအမိကတော့ သူတို့လမ်းသူတို့တည့်တည့်ဆက်လျှောက်သွားကြပါသည်။ " သမီးနာသွားလား။ အိမ်ကျမှရေချိုးပြီးဆေးထည့်မယ်။ ဒီအနာလေးလောက်က ဘာမှမဖြစ်ပါဘူး။ ခု ဘယ့်နှယ့်လဲ စက်ဘီးမှောက်တာဘယ်လိုလဲသိပလား။ သူများတွေက သင်ရင်းဂိုက်မနိုင် စက်ဘီးမနိုင်လို့လဲရတာ ငါ့သမီးကတော့တချိန်လုံးဖြောင့်နေပြီး သူများအင်္ကျီ လက်နဲ့ ချိတ်မိပြီး စက်ဘီးမှောက်ရတယ်လို့။ှ
ဘာပဲဖြစ်ဖြစ်ငါ့သမီးတော့ ဒီနေ့ကစပြီးစက်ဘီးကောင်းကောင်းစီးတတ်သွားပြီမှတ်" တဲ့ အဖေ့စကားကိုနားထောင်နေရင်းမှ ကျွန်မ ပြုး လိုက်မိသည်။ ဟုတ်ပ ငါ့ဒဏ်ရာရပြီဆိုတော့ သေချာပြီငါစက်ဘီးတကယ်စီးတတ်သွားပြီ။  





ငိုချင်စိတ်ထက် ကိုယ့်ကိုယ်ကို ယုံကြည်မှု က နေ့တိုင်းအိမ်ပြန်တဲ့ရက်တွေနဲ့မတူ။ သက်သေနှင့်တကွပြစရာရှိပြီ။ အိမ်ဝရောက်တော့ ကျွန်မဝမ်းသာအားရ အိမ်ထဲပြေးဝင်သွားပြီး အိမ်ရှိလူကုန်ကို ကျွန်မရလာသောဒဏ်ရာကိုပြသည်။ ကျွန်မ အဒေါ် တို့နေတဲ့ဘေးအိမ်ကိုပြေးတက်သွားပြီး နောက်ဖေးမှာ ဟင်းချက်နေသောအဒေါ်ကိုပြသည်။ ဒါ ကျွန်မ စက်ဘီးအမှန်တကယ်စီးတတ်ခြင်း၏ အထိမ်းအမှတ်။ ဂုဏ်ယူရမည်။ ရေချိုးသည့်အချိန်မှာတော့ စောစောကမငိုဖြစ်ခဲ့သည့်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျရပါသည်။ ရေနဲ့ထိလျှင်မနာသည့်အနာရှိပါက စက်ဘီးမှောက်လို့မငိုသည့် ကလေးများစာရင်းတွင်ကျွန်မထိပ်ဆုံးက ပါမည်မှာသေချာပါသည်။  



ကျွန်မတို့ဘဝတွေမှာ စက်ဘီးစီးသင်ခြင်းထက်လွန်စွာခက်ခဲသော အရာများစွာကို အသက်အပိုင်းအခြားအလိုက် ကြုံတွေ့ ခဲ့ပါသည်။ကြုံတွေ့ရပါဦးမည်။ ထိုသို့ကြုံတွေ့တိုင်းကျွန်မအဖေပြောခဲ့သည့် အနာမခံရင်မတတ်ဘူး ဆိုသည့်စကားကိုကျွန်မ အမြဲအမှတ်ရမိပါသည်။ စက်ဘီးစီးသည့်သူတိုင်း တနေ့မဟုတ်တနေ့မှာ မလွဲမသွေစက်ဘီး ကြောင့်ရတဲ့ဒဏ်ရာတခုမဟုတ်တခုရတတ်သည်။ အစီးသင်စဉ် အနာတရမဖြစ်သေးသောကျွန်မ ..ငါ …သူများလို မဟုတ် ဘယ်တော့မှဒဏ်ရာရလိမ့်မည်မဟုတ်ဟု တွေးနေမည့်အရေးကို ကျွန်မအဖေ က လေးတန်းကလေးတယောက်နားလည်နိုင်သောဘာသာစကားဖြင့် ပြင်ဆင်ပေးခဲ့ခြင်းသာဖြစ်သည်။
အခက်အခဲတွေ အတားအဆီးတွေသည် အောင်မြင်မှုလမ်းကြောင်းမှာအချိန်မရွေးရောက်လာနိုင်သည် ကိုစိတ်ပိုင်းဆိုင် ရာအားဖြင့်ကြိုတင် ပြင်ဆင် ထားနိုင် မှ သာ အနာတရဖြစ်လာလျှင်   ခံနိုင်ရည်ရှိပေမည်။ ရှေ့ဆက်လျှောက်ဖို့ဝန်ဲ့် မလေးမည်ဖြစ်သည်။  



လူတိုင်း လူတိုင်း ဘဝအတွက်လျှောက်တဲ့လမ်းတိုင်းမှာယုံကြည်မှုတွေ ရှိနေဖို့ မှန်ကန်တဲ့လမ်းပြ တွေ လိုအပ်ပါသည် ဆိုလျှင် ကျွန်မတို့အားလုံး ၏ မိဘများသည် သူတို့ဘဝ အတွေ့အကြုံမျာနှင့်ယှဉ်၍ ရှောင်ရန်ဆောင်ရန်ကိုပါ မျှဝေပေးနိုင်သည့် အဖိုးမဖြတ်နိုင်သော့ လမ်းပြကောင်းများပင်ဖြစ်ပါသည် ။ ပြ ပေးသည့်လမ်းကို တာဝန်သိသိ နားလည်မှုရှိရှိလျှောက်ဖို့ တော. ကြိုးစားရပေမည်။  

Written by Su Wai Phyo @ Facebook

No comments:

Post a Comment