Wednesday, May 21, 2014

Facebook တွင် Page ဖန်တီးသူများအတွက် Page Like နှင်.ပတ်သက်သော



Facebook Page တွေတစ်ခုပြီးတစ်ခု ပေါ်လာပါပြီ။ Like များများရအောင်လည်း သူ့ထက်ငါ အပြိုင် ကြိုးစားနေကြ ပါတယ်။ အောင်မြင်တဲ့ Page တွေလည်း အောင်မြင်ကုန်ပြီ။ Like နည်းတဲ့ Page တွေကလည်း နည်းနေဆဲပေါ့။ ဒီတော့ Like ဘယ်လိုများအောင် လုပ်မလဲ။


Page အမျိုးအစား

Like နည်းတယ်များတယ်ဆိုတာ Page အမျိုးအစားပေါ်မှာလည်း မူတည် ပါတယ်။ ဘာရယ်လို့ မဟုတ်ဘူး။ ဟောလိဝုဒ်က ကမ္ဘာကျော် မင်းသမီးတစ်ယောက်ရဲ့ အမည်နဲ့ Page တစ်ခု လုပ်လိုက်ရင် ဘာ Update မှမတင်ပဲ အလိုအလျောက်ကို Like တက်ပါတယ်။ များသော အားဖြင့် Like အတက်မြန်တာက ဖျော်ဖြေရေးအမျိုးအစားပါ။ ကုန်ပစ္စည်း Page တွေ Like တက်တာထက် တေးဂီတ အဆိုတော်၊ အနုပညာရှင်များရဲ့  Like က ပိုမြန်ပါတယ်။

Page အမျိုးအစားကို အကြမ်းဖျင်းခွဲရရင် ဖျော်ဖြေရေးထဲမှာ စာပေ၊ အနုပညာရှင်၊ ဟာသ၊ သတင်း၊ ခံစားမှု၊ ကဗျာ၊ ကုန်ပစ္စည်း၊ ကုမ္မဏီ၊ ဘာသာရေး၊ မီဒီယာ အစရှိသဖြင့် ပြောမကုန် အောင်များပြားပါတယ်။ ဟာသမှာတောင် ယနေ့ခေတ်စားနေတဲ့ Troll က ကဏ္ဍတစ်ခု သက်သက် ရှိပါတယ်။


Page အမည်ရွေးချယ်မှု


နာမည် ထူးထူး ဆန်းဆန်း ပေးလိုက်တာမျိုး၊ မက်လုံးပါတဲ့ အမည်အမျိုး အစားတို့က Update သိပ်မတင်ပဲနဲ့ ကို Like တွေတက်ပါတယ်။ ဥပမာ - သမ္မတလျှို့ ဝှက်သတင်းများ အမည်နဲ့ Page တစ်ခု စမ်း Create လုပ်ကြည့်ပါလား။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ သိတဲ့သူတွေ တစ်ဆင့်ပြီး တစ်ဆင့် Like ကျရင်း မြန်မြန်တက်မှာ အမှန်အကန်ပါပဲ။ ဥပမာပေး တာနော်။ အနော်နဲ့မဆိုင်ဘူး။ :D . မှတ်ရလွယ်တဲ့ အမည်မျိုးကို ပိုရွေးစေချင်ပါတယ်။ ကိုယ်က ရေရှည် မှတ်ပုံတင် အဖွဲ့အစည်း နဲ့ လုပ်မယ်ရည်ရွယ်ရင်တော့ အမည်ကို အင်္ဂလိပ်လိုပဲ ပေးတာ အကောင်းဆုံးပါ။ ဇော်ဂျီနဲ့ အမည်ပေးတဲ့ page တွေ Font သွင်းမအားရင် မပေါ်ပါဘူး။ ယူနီကုဒ်ကိုပဲ Translate လုပ်တော့ Font သွင်းထားလည်း အချို့ ဖုန်းတွေ၊ PC တွေမှာ အမည်မှန် မပေါ်ပါဘူး။ ဒါက တစ်ကဏ္ဍပေါ့။ ဆိုလိုရင်းက Page Like အတက်မြန်ဖို့အတွက် ကိုယ်ပေးတဲ့ Page အမည်ရ ရှင်းရမယ်၊ စွဲဆောင်မှု ရှိရမယ်။ မှတ်ရလွယ်ရမယ်။


Update ပြုလုပ်ခြင်း

Page Create လုပ်ပြီး တစ်လလောက်က Update အများဆုံး တင်နိုင် သလောက် တင်ရပါမယ်။ ပြီးတော့ Time Interval ခွဲထားတာ အကောင်း ဆုံးပါ။ တစ်နေ့မှာ ၅ ပုဒ်ဆိုလည်း ၅ ပုဒ်၊ ၁၀ ပုဒ်ဆိုလည်း ၁၀ ပုဒ် အချိန် အပိုင်းပိုင်းခွဲပြီးတင်သင့်ပါတယ်။ ဥပမာ မနက်မှာ ၁ ပုဒ်တင်ပြီး နေ့လည် မှာ ၃ ပုဒ်တင်၊ ညနေမှာ ၃ ပုဒ်တင်၊ တင်နိုင်သေးရင် ည ၉ နာရီမှာ ၂ ပုဒ်တင် အစရှိသဖြင့် ခွဲခြားခြင်းကြောင့် Like လုပ်ထားသူတွေရဲ့  Wall မှာ News Feed က တစ်ချိန် မဟုတ် တစ်ချိန် Capture ဖြစ်ပါတယ်။ ဥပမာ ညမှ Facebook သုံးဖြစ်သူ အတွက် ညမှာ တင်လိုက်တဲ့ Post က သူတို့ News Feed မှာပေါ်စေပါတယ်။ ရုံး ထမင်းစားချိန်မှ သုံးသူအတွက် နေ့လည် ထမင်းစားချိန်တင်လိုက်တဲ့ Post က သိသာမြင်သာစေပါတယ်။ ဒါကလည်း ပုံသေတော့ ပြောလို့မရပါဘူး။ နောက်ပိုင်း Like များလာတဲ့အခါ အချိန် တစ်ခုတည်း မှာပဲ Post များဆက်တိုက်တင်ခြင်းဖြင့်လည်း Fan ကိုပိုစွဲဆောင်နိုင်ပါတယ်။

Update ကို ပုံမှန်ပြုလုပ်ရပါမယ်။ တင်လိုက်မတင်လိုက် လုပ်တာမျိုးက Page Like နည်းစေပါတယ်။ Page Traffic (Talking about this) လည်း သိသိသာသာ ကျဆင်း သွားမှာပါ။ Page ကိုယ်တိုင်လုပ်နေသူများ သိပါ လိမ့်မယ်။


ပရိုမိုးရှင်းပြုလုပ်ခြင်း

ခု တော်တော်များများ လုပ်နေကြတယ်လေ။ ငွေကြေးအကုန်ကျခံနိုင်ရင် လုပ်နိုင်ပါတယ်။ ဓာတ်ပုံ ပြိုင်ပွဲလုပ်တာမျိုး၊ Share ပြိုင်ပွဲမျိုး၊ Post ပြိုင်ပွဲမျိုး အစရှိသဖြင့် မရိုးနိုင်အောင် ကုမ္မဏီ တွေက ပြုလုပ်နေကြပါပြီ။ လူတွေက သူတို့အတွက် တစ်ခုခုရမှာ သိမှ Like ကြမှာလေ။ ကုန်ပစ္စည်း Page တို၊ ဆိုင် Page တို့က ဒီတိုင်း ပုံမှန်ဆိုရင် Like တက်ဖို့ မလွယ်တာ သေချာ ပါတယ်။ ဒီတော့ ယင်းကဲ့သို့ အမျိုးအစားများအတွက် ပရိုမိုးရှင်းလုပ်တာ အကောင်းဆုံးပါ။ ပြိုင်ပွဲ လေးတွေ၊ လက်ဆောင်ပေးတာလေးတွေ၊ ဆုပေး တာလေးတွေနဲ့ Fan အရေအတွက် တိုးအောင် စွဲဆောင်နိုင်ပါတယ်။


ပရိတ်သတ်ဘက်က စဉ်းစားခြင်း

ကိုယ်တိုင် User ဘက်ကစဉ်းစားကြည့်ပေါ့။ Page တစ်ခုဆီကနေ ဘာတွေ Update ရလို့ Like လုပ်ထားကြတာလဲ။ ငါဒီ Page ကို Like ထားတာ ဘာကြောင့်လဲ။ သူ့သတင်းတွေကြောင့်လား၊ ပုံကြောင့်လား၊ စာကြောင့်လား၊ ရယ်စရာကြောင့်လား။ ကိုယ်တိုင်က Passive person ဘက်ကနေ နေပြီးတော့ စဉ်းစားပါ။ ဘယ် page အမျိုးအစားမဆိုမှာပေါ့။ ငါသာ စောင့်ကြည့်သူ တစ်ယောက်ဆိုရင် ဒီ Page ကနေဒီလိုလေးတွေမြင် ချင်တယ်ဆိုတဲ့ အချက်ကို အရင်ရှာ၊ ပြိးတော့ ယင်းအချက်အတိုင်း တစ်စိုက်မတ်မတ်လိုက်သွားရင် Like တက်ပါတယ်။

ထူးခြားမှု များ ရှိခြင်း

Page တစ်ခုမှာ ကိုယ်ပိုင် Unique ဖြစ်မယ့် အကြောင်းအရာ/Post/ ပုံ/ ဗီဒိယို/ စာ တစ်ခုခုတော့ ကြာကြာ တစ်ခါ ရှိသင့်ပါတယ်။ လက်တွေ့ပါ။ ကြာကြာနေ တစ်ခါတင်ဖြစ်လိုက်တဲ့ Post တစ်ခုက Like ထောင်ကျော်၊ Share ထောင်ကျော်တက်တာမျိုးက Page Like အတက်မြန်စေပါတယ်။ အထူးသဖြင့် Page စတင် Create လုပ်တဲ့ တစ်လအတွင်း Like, Share ထောင်ကျော် ရမယ့် Post အမျိုးအစားကို အဓိက Target ထား ရှာဖွေ တင့်သင့်ပါတယ်။တော်ရုံလူ မရနိုင်တဲ့ ပုံမျိုး၊ သတင်းမျိုး၊ အချက်အလက်မျိုး၊ ဗီဒိယိုမျိုး တွေ ရရင် အကောင်း ဆုံးပေါ့။ အဲ့လို Source လေးတွေရှိရင် အကောင်းဆုံး အသုံးချနိုင်ပါတယ်။


နိဂုံးချုပ်

ကိုယ့် Page အောင်မြင်ဖို့အတွက်  အထက်က လမ်းစဉ်အတိုင်းတော့ လုပ်လိုက်ပါပြီ။ သို့ပေမယ့် Copy တွေချည်းဆိုရင်တော့ Like တော့ရပါမယ်။ Impression တော့ မရှိပါဘူး။ Page Like ရရေး ဒို့အရေးနဲ့ ထင်ရာ စိုင်း တွေ့ကရာ Credit မပေးပဲ ကူးနေရင်တော့ မကောင်းတဲ့ လုပ်ရပ်ပါ။ ကူးတင်ချင်သပဆိုရင်တော့ Credit ပေးတာမျိုး၊ တရားဝင်ဆက်သွယ် နားလည်မှု ယူတာမျိုး အရင်လုပ်ပါ။ ဒါက Page Like တက်နည်းနဲ့တော့ မဆိုင်ပါဘူး။ Ethic အပိုင်းနဲ့ဆိုတာလေး ကြားညှပ် ပြောတာပါ။ သူတစ်ပါး ဖန်တီးချက်ကို အခွင့်မရှိပဲ ယူတယ်ဆိုတာ ခိုးတာပါပဲ။ ကိုယ် ကတော့ လူတွေ ပညာရစေလို့ပါဆိုပြီး ယူလိုက်တာမှန်ပေမယ့် ဖန်တီးသူရဲ့  Like ကိုခွဲယူလိုက်တာ နဲ့အတူတူပါပဲ။ မြန်မာစကားပုံနဲ့ပြောရင် ထမင်းအိုးခွဲစားလိုက်တဲ့သဘောပေါ့။

သူကြိုက်ကြိုက် မကြိုက်ကြိုက် နှိုက် လိုက်တဲ့ Post မျိုးကြောင့် ဖန်တီးသူတွေ ဒေါကန်ရတာမျိုးကို ပတ်ဝန်းကျင် မှာ မြင်တွေ့နေရပါတယ်။ ကိုယ်ချင်းစာပေးကြပေါ့။ ကိုယ်လည်း ခရီးသွားနေ တဲ့ သူ၊ သူလည်း ခရီးသွားနေတဲ့သူ၊ သူ့ရေဗူးက ရေခွဲသောက်တော့ သူအသောက်ရနည်းသွားမယ် ဆိုတာလေးကို သိထားပေါ့။ ဘာသာရေး ရှုထောင့်အထိ မြင်ကြည့်မယ်ဆိုင်ရင်တောင် ခိုးတယ် ဆိုတဲ့အထိ အမှုကိစ္စမြောက်ပါတယ်။ ကဲပါ။ မခြောက်တော့ပါဘူး။ Page Like တက်ဖို့ကြိးစား နေရင်း Like များပြီးသား Page တွေရဲ့  ကော်ပီကူးမှုကြောင့် မအောင်မြင်ရတဲ့ Page လုပ်သူ ညီငယ်တွေကိုမြင်ပြီး သနားလို့ပါ။ ဒါလေးတော့ ကိုယ်ချင်းစာစိတ် ထားပေးကြ ပေါ့။

သို့ပေမယ့် Page လုပ်သူများ စိတ်ဓာတ်မကျပါနဲ့။ ပြောနိုင်တဲ့အဆင့်အထိ စာပို့ပြောတာမျိုးတို့ လုပ်ကြပေါ့။ မရရင်လွတ်ထားလိုက်။ ကိုယ့်ခရီးကို ဆက်လျှောက်။ တစ်စိုက်မတ်မတ် ကြိုးစား သွားရင် ဘယ်သူတွေ ဘယ်လိုပဲ လုပ်လုပ် Page Like ကြိမ်းသေတတ်ပါတယ်။ ဒီအပေါ် ယုံကြည်မှုလည်း ထားဖို့တော့လိုပါတယ်။ ယုံကြည်မှုက အဓိကပါ။ စေတနာနဲ့ ယုံကြည်မှု ၂ ချက်ကြောင့် Like အတက်မြန်တာမျိုးတွေ လက်တွေ့အပြင်မှာ မြင်တွေ့ရပါတယ်။

မူရင်းရေးသားသူ ... အောင်ခမ်း (TSJ team) 

No comments:

Post a Comment