Saturday, May 24, 2014

စိုပြေ ၏ ကရော်စာများ


လမ်းပေါ်ထွက်ရမှာမို. ပျော်ကြသူများ

အခြေခံဥပဒေ မပြင်လျှင် လူတွေကို လမ်းမပေါ်မှာ ပြည့်သွားအောင် လုပ်လိုက်မည်ဟု ကိုမင်းကိုနိုင်က ဗိုလ်စိန်မှန်ကွင်းတွင် ပြောလိုက်သည်။
သဘောကတော့ ၈၈ ခုနှစ်တုန်းကလို လူတွေ လမ်းမပေါ်ထွက် ဆန္ဒပြခိုင်းမည်လို့ ပြောလိုက်ခြင်းဖြစ်သည်။

ထိုစကားကို ကြားတော့ စိုပြေတော်တော်ပျော်သွားသည်။ ဘဘကြီးတွေက ခြေဥကို ပြင်မည်မထင်။ လူတွေသာ လမ်းပေါ်ထွက်ကြလိမ့်မည်။ ဒါဆို အရေးအခင်းဖြစ်ပြီ။
၈၈ တုန်းက မွေးကင်းစဖြစ်သဖြင့် အရေးအခင်းကာလ လှုပ်ရှားမှုများကို ဘာမှန်း မသိခဲ့။
ယခုတော့ သိရတော့မည်။ ထို့ပြင် ယခုအရေးအခင်းကြီးတွင် စိုပြေကိုယ်တိုင် ရှေ့တန်းက ၀င်ပါမည်။
ဒါဆို စစ်တပ်က အာဏာသိမ်းပြီးလျှင် စိုပြေ ထောင်ကျမည်။
စိုပြေ သူ့ငယ်ချင်းအချို့က Free စိုပြေ ဆိုပြီး ကမ်ပိန်းတွေ လုပ်လိမ့်မည်။
ကံကောင်းလျှင် နိုင်ငံခြားကပင် သိပြီး ဆုတွေဘာတွေလည်း ရနိုင်သည်။
ထောင်ကထွက်လျှင် စာရေးမည်။ ဒါဆို စိုပြေလည်း နာမည်ကြီးပြီ။

ကိုမင်းကိုနိုင် စကားကို ကြားတော့ စိုပြေလို့ တော်တော်လေး ပျော်သွားသူတွေအများကြီးရှိသည်။
သူတို့လည်း လူတွေ လမ်းပေါ် မြန်မြန်ထွက်ပါစေလို့ ဆုတောင်းကြသည်။

ထိုသူတွေကတော့........................

စစ်တပ်ကအရာရှိကြီးများ ပျော်သွားကြသည်။ ဒီတခါ အာဏာပြန်သိမ်းလျှင် ရာထူးကြီးကြီးရတော့မှာပဲဟု တွေးမိ၍ဖြစ်သည်။
စစ်သားလေးများကတော့ စိတ်ညစ်သွားကြသည်။ လမ်းပေါ်ထွက်လာသော လူတွေကို အမိန့်အရ မပစ်ချင်ဘဲ ပစ်ရမှာစိုး၍ပင်။

ကျောင်းတတ်နေသော ကလေးများလည်း ပျော်ကြသည်။ ၈၈ တုန်းက ဆန္ဒတွေ ပြသဖြင့် ကျောင်းတွေ ပိတ်သည်ဟု သူတို့ကြာဖူး၍ဖြစ်သည်။
ကျောင်းပိတ်လျှင် ကလေးတွေ ပျော်ကြသည်မဟုတ်ပါလား။
မိဘများကတော့ စိတ်ညစ်သွားကြသည်။ အလုပ်အကိုင်တွေ ပျက်ဦးမည်ဟု တွေးမိ၍ဖြစ်သည်။

အစိုးရ၀န်ထမ်းများလည်း ပျော်ကြသည်။ ၈၈ တုန်းကလို ဆန္ဒပြလျှင် ကိုယ့်ရုံးကို ကိုယ်ဖျက်စီးပြီး ရုံးပစ္စည်းတွေ အိမ်ကို သယ်အခွင့်အရေး ရသောကြောင့်ဖြစ်သည်။
ယခုကတည်းကပင် ဘယ်ပစ္စည်း သယ်လျှင်ကောင်းမလဲ ဟု စဉ်းစားနေကြသည်။

သတင်းထောက်များလည်း ပျော်ကြသည်။ သတင်းကောင်းတွေ ရတော့မည် ဖြစ်၍ဖြစ်သည်။ ယခုကတည်းပင် နိုင်ငံခြား သတင်းဌာနများနှင့် ချိတ်ထားကြပြီ။
ဓါတ်ပုံဆရာတို့ကလည်း ၈၈ တုန်းက ဓါတ်ပုံကောင်းတွေ မရိုက်လိုက်ရသဖြင့် ဒီတခါတော့ ကောင်းကောင်းရိုက်မည်ဟု အားခဲထားကြသည်။
စစ်တပ်က သေနတ်နှင့် ပစ်နေပုံတွေ၊ ပြည်သူတွေ သေနေပုံတွေကို ရိုက်ရင်း ပူလစ်ဇာဆုပင် ရရန် မှန်းထားကြသည်။

ရပ်ကွက်လူကြီးနှင့် ရဲအချို့ကတော့ လန့်နေကြပြီ။ တသက်လုံး ပြည်သူတွေအပေါ် ဗိုလ်ကျသမျှ အရေးအခင်းဖြစ်လျှင် သူတို့ ခေါင်းဖြတ်ခံရသည့် သာဓကတွေ ရှိလို့ဖြစ်သည်။
လောလောဆယ်တော့ သူတို့ ခေါင်းဖြတ်မခံရအောင် ရပ်ကွက်သားများကို မျက်နှာချိုသွေးနေပြီ။

ထောင်ထဲမှ နှစ်ကြီးသမားများလည်းပျော်ကြသည်။ အရေးအခင်းဖြစ်လျှင် ထောင်ဖောက်လို့ ပိုလွယ်၍ဖြစ်သည်။
ယခုကတည်းကပင် ထောင်ခေါင်မိုးကို ငပိကပ်နေပြီ။

တောကြောင် အပေါင်းတို့ ဘယ်နေရာမှာ ဂိုထောင်တွေရှိလဲ လိုက်ကြည့်ကြသည်။
လူတွေလမ်းပေါ်ထွက်သည်နှင့် ဂိုထောင်ဖောက်ဖို့ အသင့်ဖြစ်ဖို့လိုသည်မဟုတ်ပါလား။

ကုန်သည်များလည်း ပျော်ကြသည်။ အရေးအခင်းမဖြစ်ခင် ကုန်တွေ ၀ယ်လှောင်ထားမည်။
အရေးအခင်းကာလတွင် ကုန်ပစ္စည်းတွေ ဈေးတတ်သည်မဟုတ်ပါလား။
ပြီးတော့ အရေးအခင်းပြီးလျှင် ပစ္စည်းတွေ အဆမတန်ဈေးနှင့် ရောင်းမည်ဟု တွက်ထားသည်။

နိုင်ငံခြားက NGO များလည်း ပျော်ကြသည်။ အရေးအခင်းပြီးလျှင် တိုင်းပြည်အတွင်း ကူညီစရာနေရာတွေအများကြီးရှိနေသောကြောင့်ဖြစ်သည်။
ယခုပင်လျှင် အလှူရှင်ရှာနေလောက်ပြီ။

တရုတ်ကြီးလည်း ပျော်နေတော့မည်။ ရှရှားကိုအားကျကာ ခရိုင်မီးယားကို ၀င်သိမ်းသလို ရှမ်းပြည်ဖြစ်ဖြစ်၊ ကချင်ပြည်ဖြစ်ဖြစ် ၀င်သိမ်းဖို့ လျှင် ကောင်းမည်ဟု တွေးမိသောကြောင့်ဖြစ်သည်။

အချို့ကလည်း အကြံကြီးသည်။ လူတွေ လမ်းပေါ်ထွက်တုန်း ဆန္ဒလိုက်ပြ။ ပွဲပြီး လို့ စစ်တပ်က လိုက်ဖမ်းလျှင်
နယ်စပ်ကို ထွက်ပြေး။ ဒုက္ခသည်ဘ၀ကို ခံယူပြီး အမေရိကဖြစ်ဖြစ် ဥရောပဖြစ်ဖြစ် ပြေးဖို့ ကြံစည်နေသောကြောင့်ဖြစ်သည်။
ယခုလောက်ဆိုလျှင် ထိုင်းနယ်စပ်မှာ ဒုက္ခသည်စခန်းများဖွင့်ဖို့ပင် စီစဉ်နေလောက်ပြီ။

အခြားသော စိုပြေမသိသည့် ပျော်ကြသူတွေရှိဦးမည်။
ဘာပဲဖြစ်ဖြစ် စိုပြေကတော့ လူတွေကို လမ်းပေါ်မြန်မြန်ထွက်စေချင်လှပြီ
အို.................
လမ်းပေါ် ဘယ်သူထွက်ထွက် မထွက်ထွက် စိုပြေကတော့ မနက်ဖြန်ဂျိုင်းထောက်နှင့် ထွက်မည်။
အလုပ်သွားဖို့ဖြစ်သည်။

စိုပြေ
ဝါဒဖြန့်ချိရေးဌာနကြီးမှူး
သံချောင်းပါတီ
12:07 AM 5/19/2014


ကိုယ်.ပုံကိုယ်ထောင်ကြေး 

လာမည်ရွေးကောက်ပွဲများတွင် အမတ်လောင်းကိုယ်တိုင်သာ မဲဆွယ်ရမည်ဟု ကော်မရှင်ဥက္ကဌကြီး ပြောလိုက်သည်။
ထိုသတင်းကိုကြားတော့ ကြံ့ခိုင်ရေးပါတီဝင်တွေ ထက ကုန်သည်။ ပျော်လွန်း၍ဖြစ်သည်။
အန်အယ်ဒီပါတီဝင်တွေကတော့ စိတ်ပျက်သွားကြသည်။

လွန်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလက အန်အယ်ဒီအမတ်တွေ အရွေးခံမည့်နေရာတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က လိုက်လံ စည်းရုံးဟောပြောပေးခဲ့သည်။
ဒေါ်စု၏ စည်းရုံးရေးကောင်းမှုကြောင့် ကြံ့ခိုင်ရေးကို ထဲ့မည် မဲတွေပင် အန်အယ်ဒီဘက်ရောက်ကုန်သည်။

ဒါကို ကြံ့ခိုင်ရေးတွေက သိပ်မကျေနပ်။ ဗိုလ်ချုပ်နှင့် ဒေါ်စုကို ဗန်းပြပြီး လုပ်စားသည်ဟု စွပ်စွဲကြသည်။ ဘူးလက်လှဆွေကြီးကပင် အန်အယ်ဒီတွေ သတ္တိရှိရင် ကိုယ့်ပုံကိုယ်ထောင်ပြီး ပြိုင်ပါလား
ဟု စိန်ခေါ်လိုကသေးသည်။ အန်အယ်ဒီတွေကလည်း မကျေနပ်လျှင် ဦးသန်းရွှေပုံ ထောင်ပါလားဟု ပြန်ပြောကြသည်။

ဘာပဲဖြစ်ဖြစ် အခုတော့ ကိုယ့်အားကိုယ်ကိုး ယှဉ်ပြိုင်ရတော့မည်။ အမေတွေ အဘတွေကို အားကိုးလို့မရတော့။ ဒေါ်စုကတော့ သိပ်မကျေနပ်။
သူ့လူတွေအကြောင်း သူသိသည်ထင်၏။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကြီးကို ဒါအမှန်လားလို့ လှမ်းမေးလိုက်သည်။ ဟိုကတော့ ဘာမှ ပြန်မပြောသေး။

ထိုသတင်းသည် ကျွန်ုပ်တို့၏ သံချောင်းပါတီအတွက်လည်း ကြီးစွာသော ထိုးနှက်ချက်ကြီးတစ်ခုဖြစ်သည်။
သံချောင်းပါတီဝင်ပေါင်းမှာစွာတို့ မကျေနပ်။ လူချစ်လူခင်ပေါများပြီး လူတိုင်းလေးစားသော ကျွန်ုပ်တို့၏ ပါတီခေါင်းဆောင်ကြီး ဦးသံချောင်းကို
နိုင်ငံအနှံ့ဟောပြောစည်းရုံးပေးရန် ပါတီဝင်များက စီစဉ်ထားသောကြောင့်ဖြစ်သည်။

“ဒါ ကျုပ်တို့ ပါတီကို သပ်သပ်ညစ်တာ”
“ငါတို့ ပါတီ နိုင်မယ်မှန်းသိလို ဒီလိုလုပ်တာ” စသည်ဖြင့် သံချောင်းပါတီဝင်များက အရပ်ထဲတွင် လိုက်ပြောကြသည်။
တကယ်တော့ သံချောင်းပါတီဝင်များ လန့်ကုန်ကြခြင်းဖြစ်သည်။
သံချောင်းပါတီဝင်များသည် ရပ်ကွက်ထဲက အရက်သမား။ ဆေးသမား။ ဖဲသမားများ ဖြစ်ကြသဖြင့် လူအများ လေးစားခြင်းမရှိ။
သူ့တို့ချဉ်းသားပြိုင်ပါက မဲပင် ရနိုင်ဖွယ်မရှိပေ။ ပါတီဥက္ကဌကြီးကြောင့်သာ သူတို့ကို ပြည်သူများက သည်းခံနေခြင်းဖြစ်သည်။
ယခုလို ကိုယ်စားလှယ်လောင်းမဟုတ်သူက မဲဆွယ် စည်းရုံးလို့ မရတော့ဘူးဆိုလျှင် ခွက်ခွက်လန်ရှုံးတော့မည်။
ဒါကြောင့်လည်း သံချောင်းပါတီဝင်များ အရူးမီးဝိုင်းသလိုဖြစ်နေသည်။

သို့ဖြစ်ရွာ ပါတီဝင်များက ဥက္ကဌကြီး ဦးသံချောင်းကို လှမ်းမေးကြသည်။
“ဥက္ကဌကြီး... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ သူတို့ပြောတဲ့အတိုင်း ပစ်မထားပါနဲ့။ တစ်ခုခု စဉ်းစားပေးပါဦး”
ဟု အနယ်နယ်အရပ်ရပ်မှ လွတ်တော်အမတ်ဖြစ်လိုသည့် ကိုယ်စားလှယ်လောင်းများက တပူပူ လှမ်းမေးကြသည်။
ဦးသံချောင်းကိုယ်တိုင်လည်း ဘယ်လိုလုပ်ရမှန်း မသိသေး။ ထမင်းမစားဟင်းမစား ဘီယာသောက်ပြီး စဉ်းစားသည်။

နောက်ဆုံးတော့ ဥက္ကဌကြီး အကြံရသွားသည်။ နိုင်ငံအနှံ့ကို ကြေညာချက်ထုတ်ပြန်လိုက်သည်။
ထိုကြေညာချက်တွင် “ရွေးကောက်ပွဲမဲဆွယ်ရာတွင် ကိုယ်စားလှယ်လောင်းကိုယ်တိုင်သာ မဲဆွယ်ရမည်ဟု ပြောကြားထားကြောင်း၊
ထို့အတွက်ကြောင့် သံချောင်းပါတီအနေဖြင့် အမတ်လောင်းကိုယ်တိုင်သာ မဲဆွယ်စည်းရုံးမည်ဖြစ်ကြောင်း။
သို့ရာတွင် ပြည်သူအများအနေဖြင့် ဦးသံချောင်းကို မျှော်လင့်တောင့်တနေသည်ဟု ကြားသိရကြောင်း။
သို့ဖြစ်ရာ မဲဆွယ်မည့် အမတ်လောင်းကိုယ်စီသည် ဦးသံချောင်းပုံစံ မျက်နှာဖုံးကို တပ်ဆင်ပြီး ဟောပြောရမည်ဖြစ်ကြောင်း ”
စသည်ဖြင့် ကြေညာချက်တွင် ပါရှိလေသည်။

ထိုအခါမှပင် သံချောင်းပါတီဝင်များ အနည်းငယ် စိတ်ချမ်းသာသွားကြသည်။ ဥက္ကဌကြီး၏ စဉ်းစားဥာဏ်ကိုလည်း ချီးကျူးကြလေသည်။
ယခုအခါတွင်တော့ သံချောင်းပါတီဝင်များအနေဖြင့် လူချစ်လူခင်ပေါများပြီး ကိုယ့်ကိုကိုယ် သမ္မတလောင်းအဖြစ် သတ်မှတ်ထားသည့် ဦးသံချောင်း၏ ရုပ်ပုံ မျက်နှာဖုံးကို ပြုလုပ်နေကြပြီဖြစ်သည်။
မကြာမီမဲဆွယ်ပွဲကာလအတွင်း ဦးသံချောင်း၏ စတိုင်ဖြစ်သည့် နဖူးပြောင်ပြောင် ပါးချောင်ချောင်နှင့် နေကာမျက်မှန် တပ်ထားသော ပုံစံများကို နေရာအနှံ့ တွေ့ရပေတော့မည်။
သည်းခံကြကုန်လော့


ဝန်ကြီးဌာနပေါင်းစုံ အဆဲခံပြိုင်ပွဲ
 -
ဝန်ကြီးအချို့ကား ဆဲပြီးသွားပြီဖြစ်၏။
ပြည်သူများ ဆဲဖို့ကျန်ပါသေးသည်။ ထို့ကြောင့် အဆဲခံရဆုံး ၀န်ကြီးဌာနပြိုင်ပွဲကို ကျင်းပပါမည်။
ပြည်သူများ အများဆုံးဆဲသော ၀န်ကြီးဌာနက ဗိုလ်စွဲပါလိမ့်မည်။

အဆဲခံရဆုံး ၀န်ကြီးဌာနပြိုင်ပွဲ စတင်လိုက်ပါပြီ။ Miss International
ကဲ့သို့ အွန်လိုင်းတွင်ရော အပြင်တွင် ဆဲဆိုနိုင်ပါသည်။
ပူပြင်းသော နွေရာသီတွင် ၀န်ကြီးများ တန်းစီရပ်နေကြ သည်။ ပြည်သူများကလည်း ဆဲဖို့ပြင်နေကြသည်။
ဝန်ကြီးဌာနများအဖို့တော့ ဘယ်လိုပြိုင်ပွဲပဲဖြစ်ဖြစ် ဗိုလ်ဆွဲဖို့ သာအရေးကြီးသဖြင့် မျက်နှာကို ရှစ်ခေါက်ချိုးထားကြသည်။

ဝန်ကြီးဌာနကို ကိုယ်စားပြုသော ၀န်ကြီးတစ်ဦးခြင်း မော်ဒယ်များကဲ့သို့
Cat Walk လျှောက်ရမည်ဖြစ်သည်။

ပထမဆုံး ပညာရေးဝန်ကြီးထွက်လာသည်။ လူတိုင်းမဆဲပါ။ ကျောင်းသားများနှင့် ဘွဲ့ရများဆဲကြသည်။
ကျောင်းသားများက ပညာသင်နှစ်တိုးလိုက်သဖြင့် ဆဲကြခြင်းဖြစ်ပြီး ဘွဲရများကတော့ အလုပ်မရှိ၍ ဆဲကြခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးက များများအဆဲမခံလိုက်ရသဖြင့် သိပ်မကျေနပ်ဘဲ ပြန်လှည့်သွားပါသည်။
ထိုအချိန်တွင်တော့ ဆရာမများ ထဆဲလိုက်သည်။ အကြောင်းမှာ ကျူရှင်သင်လျှင် အလုပ်ထုတ်မည်ဟု ကြေညာထားသောကြောင့်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးထွက်လာပါပြီ။ သူ့ကိုလည်း လူတိုင်းမဆဲပါ။ ဆေးရုံသို့ ရောက်ဖူးသူများသာ ဆဲကြသည်။ ဆေးရုံသို့ ရောက်ဖူးသူများမှာလည်း မနည်းလှသဖြင့် ကျွတ်ကျွတ်ညံသွားသည်။ ဆဲရသည့် အကြောင်းပြချက်မျိုးစုံထွက်လာ
သည်။ ကြမ်းပိုးကိုက်၍၊ ဆေးမရှိ၍၊ ဆရာဝန်ဟောက်၍၊ အပေါင့်စောင့် ပိုက်ဆံတောင်း၍ စသည်ဖြင့်.....

သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထွက်လာသည်။ အစိမ်းရောင်ဝမ်းဆက်ဝတ်ထားသည်။ တောသူတောင်သားများဝိုင်း
ဆဲကြသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ
ဆဲကြသည်။ သစ်ပင်တွေ မရှိတော့၍ဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးထွက်လာသည်။ မှောင်ခိုကုန်သည်များဆဲကြသည်။ ကားပွဲစားများဆဲကြသည်။ မှောင်ခိုကုန်သည်များက သူတို့ကို မိုလ်ဘိုင်းအဖွဲ့များဖြင့် ဖမ်းစီးသောကြောင်ဖြစ်သည်။ ကားပွဲစားများ
ကတော့ ကားတွေ တင်သွင်းခွင့်ပြုလိုက်သဖြင့် ကားဈေးကွက် ပျက်သွားသောကြောင့်ဖြစ်သည်။

သူတို ဆဲပြီးသွားချိန်တွင်တော့ အရက်သများများက ထကာ “၀န်ကြီးကျန်းမာပါစေ” ဟု အော်လိုက်သည်။ နိုင်ငံခြားအရက်များကို တရားဝင်တင်သွင်းခွင့်ပြုမည်ဆိုသောကြောင့်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးထွက်လာသည်။ နိုင်ငံတကာမှ မြန်မာလုပ်သားများ
ဆဲကြသည်။ မြန်မာလုပ်သားများကို အကာအကွယ်မပေး၍ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးထွက်လာသည်။ လက်နက်ကိုင်များ ဆဲကြပြန်သည်။ ငြိမ်းရေးမရသေးသောကြောင့်ဖြစ်သည်။
လယ်သမားများလည်း ဆဲကြသည်။ သူတို့လယ်တွေ သိမ်းထား၍ဟု
ဆိုသည်။

သာသနာရေးဝန်ကြီးထွက်လာပြန်သည်။ ဘာသာပေါင်းစုံမှ
ဝိုင်းဆဲကြသည်။ ဘာသာရေးပဋိပက္ခများဖြစ်ပွားနေသောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် စင်အောက်၌ ရန်ကုန်မြို့တော်ဝန်လမ်းဖြတ်လျှောက်သွား
သည်။ သူက ၀န်ကြီးမဟုတ်သဖြင့် ပြိုင်ပွဲတွင် မပါပါ။
သို့သော် ရန်ကုန်သားများက လက်ညှိုးထိုးပြီး ၀ိုင်းဆဲကြသည်။ အကြောင်းများ ပလက်ဖောင်းတွေ ဖျက်ပစ်သောကြောင့်ဖြစ်သည်။
မြို့တော်ဝန် လန့်သွားပြီး ပွဲခင်းထဲမှ ပြေးထွက်သွားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးထွက်လာသည်။ သတင်းထောက်တွေ၊ အယ်ဒီတာတွေ ၀ိုင်းဆဲကြသည်။ မီဒီယာဥပဒေတွေ များလွန်း၍ဟု အကြောင်းပြသည်။

ဘဏ္ဍာအခွန်ဝန်ကြီးထွက်လာပြန်သည်။ သွင်းကုန်ထုတ်ကုန်သမားတွေ ဆဲကြသည်။

လည်/ဆည်ဝန်ကြီးထွက်လာသည်။ ထမင်းတနပ်လျှော့စားခိုင်းသူဖြစ်သည်။
လယ်သမားတွေ ဆဲကြသည်။ ဆည်ရေမလာ၍၊ စပါးဈေးမကောင်း၍၊ စပါးမျိုးများ၍ ဟုပြောကြသည်။

ဆောက်လုပ်ရေးဝန်ကြီးထွက်လာသည်။ ကားသမားတွေဆဲကြသည်။ ပြည်သူအချို့လည်း ဆဲကြသည်။
လမ်းတွေ မကောင်းသဖြင့် တံတားတွေ မရှိသဖြင့်ဟု ဆိုသည်။

မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီထက်လာသည်။ ကျေးလက်
ကလူတွေ ဆဲကြသည်။ နွားတွေ မရှိတော့ဘဲ ကျေးလက်မှာ ဒုံးရင်းသာဖြစ် ၍ ဖြစ်သည်။

စက်မှုဝန်ကြီးထွက်လာသည်။ စက်မှုလုပ်ငန်းတွေ မတိုးတတ်သဖြင့် အဆဲခံရပြန်သည်။

အလုပ်သများဝန်ကြီး။ ပြည်သူတွေ အလုပ်မရှိသဖြင့် အဆဲခံပြန်သည်။

စွမ်းအင်ဝန်ကြီး။ ရှိသမျှ ဂတ်စတွေ ရေနံတွေ ပြည်ပရောင်းစားသဖြင့် အဆဲခံရသည်။

သတ္တုတွင်းဝန်ကြီး။ ရွှေတွင်းတွေ သတ္တုတွင်းတွေကို ကုမ္ပဏီကြီးတွေကိုသာ ပေးတူးသဖြင့် ပြည်သူများ ဆဲကြခြင်းဖြစ်သည်။

ဝန်ကြီးဌာနများတော်တော်များများ အဆဲခံပြီးသွားပြီဖြစ်သည်။ သို့သော်လည်း ပြည့်ပြည့်၀၀ အဆဲမခံကြရ။
သက်ဆိုင်ရာလူများကသာ ဆဲကြခြင်းဖြစ်သည်။
မသက်ဆိုင်သူများက မဆဲကြချေ။

မကြာမီတွင် လျှပ်စစ်ဝန်ကြီးထွက်လာသည်။
...............
ပြည်သူများ သောင်းသောင်းဖျဖျ ဆဲကြသည်။
ဝက်ဝက်ကွဲဆဲသည်။
အကြောင်းကတော့ ရှင်းသည်။
၇၀ ရာခိုင်နှုန်းရှီသော ကျေးလက်နေပြည်သူများ
လျှပ်စစ်မီး မသုံးရသေးကြောင့်ဖြစ်သည်။
လျှပ်စစ်မီးရရှိသော မြို့နေ ၃၀ ရာခိုင်နှုန်းကလည်း
မီးမှန်မှန်မရဘဲ မကြာခဏပြတ်သောကြောင့်
ဆဲကြလေသည်။

ထို့နောက် MPT ၀န်ကြီးထွက်လာသည်။ ဖုန်းကိုင်သူတိုင်း ဆဲကြသည်။ အင်တာနက်သုံးသူတိုင်းဆဲကြသည်။ လိုင်းမကောင်းသောကြောင့်ဖြစ်
သည်။

များမကြာမီ ဆုပေးပွဲကျင်းပလေသည်။ ပြည်သူများ အဆဲခံရဆုံး
ဝန်ကြီးဌာန ဆုကိုတော့ ထုံးစံအတိုင်း လျှပ်စစ်ကရရှိသွားလေ
သည်။

အင်တာနက်တွင် အဆဲခံရဆုံးဝန်ကြီးဌာန ဆုကိုတော့ MPT က ရရှိ သွားပါသည်။

- စိုပြေ(သံချောင်းပါတီ) -


စိုပြေ @ ကရော်သူတို.၏ ကရော်စာများ

No comments:

Post a Comment