လွန်ခဲ့တဲ့
ဆယ်နှစ်ဝန်းကျင်လောက်မှာ ဆယ်တန်း အောင်ခဲ့တဲ့ ကျောင်းသားလေး မောင်ဝါဝါဟာ
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့မှာ ဂျီတီအိုင် တက်ခွင့်ရခဲ့တယ်။ မိဘအုပ်ထိန်းမှု
အောက်ကနေ ပထမဆုံး ကင်းကွာခွင့် ရခဲ့တာရော၊ အဆောင်နေ ကျောင်းသားဘဝ
ထုံးစံအရရော၊ ဂျီတီအိုင် ကျောင်းသား ဖြစ်နေတာရောကြောင့် မောင်ဝါဝါလည်း
ပိုက်ဆံပြတ်တဲ့ အချိန်တချို့မှာ ဂျီတီအိုင် ကျောင်းသားတွေ ကြုံနေကျဖြစ်တဲ့
Scientific Calculator ကို ပေါင်နှံပြီး သုံးစွဲရတဲ့ ဘဝနဲ့ မလွတ်ကင်း
ခဲ့ပါဘူး။ မောင်ဝါဝါတို့ အဆောင်က ကျောင်းသားတွေ ပေါင်နေကျဖြစ်တဲ့
အပေါင်ဆိုင်က ကျောင်းကိုသွားတဲ့ လမ်းတစ်ဝက်လောက်မှာ ရှိတဲ့ အပေါင်ဆိုင်
တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ အသက် (၄၅)နှစ်လောက်လို့ ခန့်မှန်းရတဲ့
အန်တီကြီးတစ်ယောက် အမြဲတမ်းရှိတယ်။ သူ့ဆိုင်ထဲ ဝင်လိုက်ရင် အထဲမှာ ဝါးခယ်မ
ဂျီတီအိုင် ကျောင်းသားများရဲ့ ကောင်းမှုအစုစုဖြစ်တဲ့ စက်ဘီးတွေ၊
ဆိုင်ကယ်တွေ၊ Scientific Calculator ဆိုတာ တောင်လို ပုံနေစမြဲပါပဲ။
မောင်ဝါဝါတို့ ဂျီတီအိုင် ကျောင်းသားဘဝ အစမှာ Scientific Calculator
တစ်လုံးရဲ့ တန်ဖိုးဟာ သောင်းနှစ်ထောင်ကျပ် ရှိပါတယ်။ ပိုက်ဆံပြတ်လို့
ကယ်ကူလေတာ သွားပေါင်ပြီဆိုရင် မူရင်းတန်ဖိုးရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့
လေးထောင်ကျပ် ရပါတယ်။ အပြတ်ရောင်းမယ်ဆိုရင် ငါးထောင်၊ ခြောက်ထောင်လောက်
ရတယ်။ မောင်ဝါဝါတို့ရဲ့ ကယ်ကူလေတာလေးတွေဟာ အဲဒီအဆောင်မှာ တစ်လတန်သည်၊
နှစ်လတန်သည် သွားနေလိုက်၊ စာမေးပွဲနီးရင် မောင်ဝါဝါတို့ဆီ
ပြန်ရောက်လာလိုက်နဲ့ ချာလပတ် လည်နေခဲ့ရှာတာပေါ့။ တစ်ခေါက်ကျတော့
ကျောင်းပိတ်ရက် ဝါးခယ်မကနေ ရန်ကုန်ကို ပြန်တဲ့အချိန်မှာ အဲဒီ ကယ်ကူလေတာနဲ့
ပတ်သက်ပြီး အပေါင်ဆိုင်ကို ရိုက်စားလုပ်နိုင်မယ့် အခွင့်အရေးတစ်ခု
ရလာခဲ့ပါတယ်။ အဲဒီအရွယ်တုန်းကတော့ နောက်ချင် ပြောင်ချင်စိတ်ရယ်၊ အရွယ်တူ
ကျောင်းသား လူငယ်တွေ ကြားမှာ “ငါ ဒီလို လုပ်နိုင်တယ်ကွ.. တွေ့လား” လို့
ပြန်ပြီး ကြွားဝါချင်စိတ်ရယ်ကလွဲပြီး တရားတာတွေ၊ မတရားတာတွေ မသိခဲ့ဘူးပေါ့။
ပလာဇာတစ်ခုမှာရှိတဲ့ တရုတ်ပစ္စည်းတွေ တင်ရောင်းတဲ့ ဆိုင်တစ်ခုမှာ
Scientific Calculator အတုတွေ သွားတွေ့ပါလေရော။ အစစ်နဲ့ တထေရာတည်း
ခွဲမရအောင် တူပါတယ်။ တစ်လုံးကို ရောင်းဈေး သုံးထောင်တဲ့ဗျာ။ “တစ်လုံးကို
နှစ်ထောင့်ရှစ်ရာထားရင် အလုံးနှစ်ဆယ်လောက် ဝယ်မယ်” လို့ ဈေးဆစ်တော့ ရတယ်။
အဲဒါနဲ့ သူငယ်ချင်း လေးယောက်လောက် ပိုက်ဆံစုပြီးတော့
အလုံးနှစ်ဆယ်ဝယ်လိုက်တယ်။ ဝါးခယ်မ ပြန်ရောက်ရင် အပေါင်ဆိုင်မှာ ဒီဟာတွေကို
သွားရောင်းမယ်ပေါ့။ အပြတ်ရောင်းရင် ခြောက်ထောင်လောက် ရနိုင်တာဆိုတော့
တစ်လုံးကို သုံးထောင့်နှစ်ရာလောက် မြတ်မယ့်သဘောကိုး။ ဒါပေမဲ့ အဲဒီ
အလုံးနှစ်ဆယ်ကို တစ်ပြိုင်နက်တည်း သွားရောင်းလို့တော့ အဆင်ပြေမှာ မဟုတ်ဘူး။
အလုံးရေက များတော့ ဒီကောင်တွေအဖွဲ့ ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေဆီက
ကယ်ကူလေတာတွေ ခိုးလာပြီး လာရောင်းစားသလား ထင်မှာ စိုးရသေးတယ်။ ဒီတော့
တစ်ယောက် ငါးလုံးစီလောက် ခွဲယူပြီး တစ်ယောက်ချင်း တစ်ပတ် တစ်လုံးစီ
မျှင်းရောင်းကြဖို့ သဘောတူလိုက်တယ်။
ဒါပေမဲ့ဗျာ.. ကယ်ကူလေတာ
ရောင်းဖို့ တစ်လကို လေးခါလောက် ရောက်လာတတ်တဲ့ ဒီအကောင်တွေရဲ့ မျက်နှာတွေကို
ဘယ်မျက်မှန်းမတန်းမိ ရှိပါ့မလဲ။ နောက်ပြီးတော့ အားလုံး ပိုက်ဆံ ပြတ်ကြတဲ့
တစ်ရက်မှာ ဘယ်လိုမှ မတတ်နိုင်တဲ့အတူ တစ်ဖွဲ့လုံး တစ်ယောက်တစ်လုံး
ကိုင်ပြီးတော့ သူ့ဆိုင်မှာ ပြိုင်တူ သွားပေါင်ဖြစ်ကြပါလေရော။ စကတည်းက
သိပ်မသင်္ကာဖြစ်နေရတဲ့ကြားထဲ တစ်ဖွဲ့လုံး ချီတက်လာတာ မြင်တော့
အဲဒီအဒေါ်ကြီးလည်း စိတ်ထဲ တစ်မျိုးဖြစ်သွားတယ် ထင်ပါရဲ့။ ကျွန်တော်တို့
ကယ်ကူလေတာ အစစ် ဟုတ်လား၊ မဟုတ်လားဆိုတာ စမ်းတော့တာပဲ။ “နင်တို့ လာ,
လာရောင်းနေတာ တော်တော်များပြီနော်၊ ဟုတ်ရော ဟုတ်ရဲ့လားဟယ်၊ အစစ်
ဟုတ်မဟုတ်တော့ စမ်းကြည့်မှ ဖြစ်တော့မယ်နဲ့ တူတယ်” လို့ စသလို နောက်သလို
ပြောပြီး စစ်ကြည့်ဖို့ လုပ်ပါတယ်။ Scientific Calculator အစစ် ဟုတ်မဟုတ်
စမ်းတဲ့နည်းကို ကျွန်တော်တို့ ဂျီတီအိုင် ကျောင်းသား အတော်များများ
သိကြပါတယ်။ ပထမတော့ ကျွန်တော်တို့လည်း မျက်နှာတွေတောင် ပျက်နေ သေးတယ်။
ဒါပေမဲ့ သူ့ရဲ့ Scientific Calculator စစ်သလား၊ တုသလား စစ်ဆေးနည်းကို
ကြည့်မိတော့မှ ကျိတ်ပြီး ရယ်ကြရတော့တာပဲ။
သူစစ်ပုံက သူ့ဘေးနား
စားပွဲပေါ် ကျွန်တော်တို့ စုတင်ထားတဲ့ ကယ်ကူလေတာ ငါးလုံးလောက်ထဲက တစ်လုံးကို
ယူလိုက်တယ်။ ပထမဆုံး ပါဝါဖွင့်လိုက်တယ်။ ပြီးရင် 1 ကို နှိပ်တယ်။ ပြီးတော့
+ ကို နှိပ်တယ်။ ပြီးတော့ 2 ကို ထပ်နှိပ်။ ပြီးတော့ = ကိုနှိပ်။ ပေါ်လာတဲ့
အဖြေက 3။ တစ်ခေါက်တည်း မလုံလောက်သေးဘူးဆိုတော့ နောက်တစ်ခါ ထပ်လုပ်တယ်။ 2 - 1
= ဆက်တိုက် နှိပ်တယ်။ အဖြေက 1 ပေါ်လာတယ်။ အိုကေ.. ဒါ အစစ်ပဲ။ ဘေးကို
ချလိုက်ပြီး လက်ခံတဲ့ အမူအယာ လုပ်ပြတယ်။ ပြီးရင် နောက်တစ်လုံး ထပ်ယူ။
ထုံးစံအတိုင်း 1 + 2 = 3 တစ်ခေါက်၊ 2 - 1 = 1။ အဆင်ပြေတယ်.. အစစ်ပဲ။
လာထား.. နောက်တစ်လုံး။ အဲဒီလို နည်းနဲ့ စစ်တာဗျား။ ကျွန်တော်တို့မှာ
သဘောကျလွန်းလို့ အဲဒီကိစ္စကို တော်တော်နဲ့ ပြောမဆုံးနိုင်ဘူး။ ဒါပေမဲ့
ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်တယ်လေ.. ကျွန်တော်တို့ကသာ ဂျီတီအိုင်
ကျောင်းသားတွေမို့လို့ Scientific အစစ် ဟုတ်မဟုတ်ကို စစ်နည်းသေချာသိကြတာ။
သူ့ခမျာ.. သာမာန် အရပ်သူဆိုတော့ ကယ်ကူလေတာ စစ်, မစစ် သိချင်တာကို ဂဏန်းတွေ
လျှောက်ပြီး ပေါင်းနှုတ် လုပ်ကြည့်ရုံ အပြင် ဘာများ တတ်နိုင်ရှာပါ့မလဲ။
ကျွန်တော်တို့မှာတော့ တစ်လုံး သုံးထောင်တန် ကယ်ကူလေတာ အတုကို တစ်လုံး
ခြောက်ထောင်နဲ့ ရောင်းစားပြီး မြတ်ခဲ့ကြတဲ့ အဖြစ်ထက် အဲဒီ အပေါင်ဆိုင်
ပိုင်ရှင် အဒေါ်ကြီးရဲ့ ဆိုင်းယင့်စ်တစ်ဖစ် စစ်မစစ် စမ်းပုံစမ်းနည်းကိုသာ
အမြဲလိုလို ရယ်မောပြန်ပြောဖြစ်ပြီး အမှတ်တရ ဖြစ်ကျန်ခဲ့ရပါတော့တယ်။
No comments:
Post a Comment