Tuesday, December 17, 2013

မြန်မာ - အင်ဒို ပွဲ ပေါ်အမြင် နှင်. ပွဲပြီး ရုန်းရင်း ဆန်ခတ် အခြေအနေများ



 
Photo from Myanmarpyithar

ယမန်နေ.က ကစားခဲ့သော မြန်မာ - အင်ဒိုပွဲကား  မထင်မှတ်သောရလဒ်များ မထင်မှတ်သော အခြေအနေများကို တွေ.ကြုံစေခဲ့သည် ။ သရေကျလျှင် တက်မည်ဟူသော ပွဲအတော်များများတွင် ရှုဲံးပစ်တတ်သော အစဉ်အလာများ ရှိခဲ့သော်လည်း ဤတစ်ကြိမ် တော. အိမ်ရှင်မို. မဖြစ်တန်ကောင်းဟု အားလုံး အပိုင်နီးပါး တွက်ထားခဲ့ကြသည် ။ ပေးဂိုးအနေအထားအရလည်း ရှုံးလျှင်တောင် အမှတ်တူ ဂိုးကွာခြားချက်ဖြင်. တက်မည်ဆိုတော. သိပ်မပူပင်မိပဲ ထိုင်းကလည်း ရှေ.ပွဲသရေကျသွားတော. အော် ဒိတစ်ခါ ငါတု.ိ.မြန်မာဘောလုံး အသင်းတော. ကြေးတံဆိပ်တော. အနည်းဆုံးရပြီဟဲ့တွက်တုန်း Sky Net ကသရေကျမှ တက်မည်ဆိုတော. ထိတ်ကနဲဖြစ်သွားသည် ။ထို.အပြင် အင်ဒိုနီး၇ှားတို.၏ ပင်နတီဝင်ပြီး အလွန်အကျွံအောင်ပွဲခံမှုကိုမြင်တော.မှ သံသယအကြီးအကျယ်ဝင်ရင်း ပြီးခဲ့သော နှစ်များဆိက မြန်မာကြုံခဲ့ရသော အခြေအနေများကို ပြန်သတိရမိသည် ။ဟုတ်သည် ။ အမှတ်တူလျှင် ဂိုး Score မကြည်.ပဲ Head to Head ကြည်.သောစနစ် . စိတ်ပူကြ ရသည်.အတိုင်း မြန်မာ ဘောလုံးသမားတို. နေပြည်တော်ကွင်းသစ်ကြီးများနှင်. လွဲရပေပြီ ။ မထင်မှတ်သော အခြေအနေကို ကြုံတွေ.လိုက်ကြရသော ၊ နဂိုကမှ အရှုံး ကို လက်မခံချင်ရသည်.အထဲ ကစားသမား ၊ နည်းပြ ၊ ဒိုင် စသူတို.၏အားနည်းချက် ဆုံးဖြတ်ချက်တို.ကြောင်. ရခဲ့သော အ၇ှုံးမို. ပေါက်ကွဲကုန်ကြတော.သည် ။ ထိုင်ခုံများ ၇ိုက်ချိုးဖျက်ဆီးခြင်း ၊ Vinyl Board များ မြန်မာ အကျီင်္များ ၊နဖူးစည်းများ ၊အလံများကို မီး၇ှို.ခြင်းများ ကွင်းပြင်ပ လမ်းမများထက် ဖြစ်ခဲ့ကြ၇တော.သည် ။ မီးသတ်ကားအချို. ခဲနှင်.အပစ်ခံရသလို ရေပိုက်ဖြင်. ထိုးပြီး လူစုခွဲရသော အခြေအနေတစ်ချို.အထိရှိခဲ့ကြရသည် ။ ပေါက်ကွဲသူများကလည်း ရှုံးနိမ်. ခဲ့သူများဖြစ်သလို ထိမ်းသိမ်းရသူများကလည်း အရှုံးသမားများသာ ဖြစ်သည်မို. အလွန်အကျွံ ထိခိုက်မှုများ မဖြစ်အောင် နှစ်ဖက်လုံး အသိတစ်ခုနှင်.တော. ဆင်ခြင်ခဲ့ကြသဖြင်. ဆိုးဝါးလွန်းသော အခြေအနေတို. အထိတော.မဖြစ်ခဲ့ကြ ။သို.သော် အားလုံးအတွက်တော. အရှက်ရခဲ့ကြသည် ။

From iLoveMyanmar

 ထိုနေ.ည ကွင်းအတွင်း စတင်ပြဿနာ ဖြစ်ပွားမှုများ နှင်. ကွင်းပြင် လမ်းမ ညဘက် အခြေအနေများကိုမူ The Voice Weekely Page တွင် ဤသို.ဖော်ပြခဲ့ပါသည် ။
အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ရေး အဆုံးအဖြတ်ပေးမည့် SEA Games အမျိုးသား အုပ်စု (က) ဘောလုံးပွဲစဉ်၏ အုပ်စု နောက်ဆုံးပွဲစဉ် ဖြစ်သော မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင် ကစားကြရာတွင် မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရာ မြန်မာပရိသတ်များ မကျေမနပ် ဖြစ်ပြီး လုံခြုံရေး ရဲများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

ပင်နယ်တီ တစ်ဂိုး ပေးထားရသည့် မြန်မာအသင်းမှ ကစားသမား တစ်ဦးကို ပွဲကစားချိန် မိနစ် ၈၀ ခန့်တွင် ဗီယက်နမ် နိုင်ငံသား ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီဖြင့် ထုတ်ပယ်လိုက် ချိန်တွင် ပွဲကြည့်စင်ပေါ်မှ ပရိသတ် အချို့က ထိုင်ခုံများကို စတင် ရိုက်ချိုးလိုက်ကြပြီး ကွင်းအတွင်း ပစ်ပေါက်လာကြသည်။


Photo from Kyaw Swar Myint FB
သိပ်မကြာချေ။ ပွဲကြည့်စင်၏ မြောက်ဘက်ခြမ်းမှ ပွဲပိုကြမ်းလာသည်။ ထိုင်ခုံများစွာကို ရိုက်ချိုးပြီး ကွင်းထဲကို ပစ်သည်။ ဓာတ်ပုံ၊ တီဗီ သတင်းထောက်များ ထွက်ပြေးကြသည်။

လုံခြုံရေးရဲများ ထိုနေရာသို့ အပြေး အလွှားရောက်သွားပြီး ခုံများရိုက်ချိုးသည့် သောင်းကျန်းသူ ပရိသတ်ကို ဖမ်းဆီးသော် လည်း ထိုပရိသတ်က လုံထိန်းရဲကို ပြန်ထိုးပြီး ခုံဖြင့် ရိုက်လိုက်သည်။ ထိုမတိုင်ခင်မှာ လည်း မြန်မာပရိသတ် နှစ်ဦး ကွင်းထဲပြေးဝင်ပြီး သောင်းကျန်းသဖြင့် ဖမ်းဆီး၍ အပြင်ခေါ် ထုတ်ရသေးသည်။

ပွဲကစားချိန် မိနစ် ၉၀ အပြီး အချိန်ပို ငါးမိနစ် ကစားပြီးသည့်အခါ ဗီယက်နမ် ဒိုင်က ပွဲပြီးကြောင်း ခရာမှုတ်လိုက်ချိန် တွင်တော့ ပွဲကြည့်စင်၏ တောင်ဘက်အခြမ်းမှ ထိုင်ခုံများ ရိုက်ချိုးပြီး အရေးပေါ် ကားများကို ပစ်ပေါက်သည်။ လုံခြုံရေးရဲ များကိုပါ ပစ်ပေါက်ခဲ့ကြသည်။

မြန်မာ ဘောလုံးသမားများ ငိုကြသည်။ ဘောလုံးပွဲကြည့် ပရိသတ်များ ပိုမို သောင်းကျန်းလာကြသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာဘောလုံးသမားများ ကို နှစ်သိမ့်သည်။ ဦးဇော်ဇော်ကို ဘောလုံး ပရိသတ်က ဝိုင်းဆဲကြသည်။


Photo from Kyaw Swar Myint FB
ပရိသတ်များ ထိန်းမရတော့။ ထိုင်ခုံများကို ပိုရိုက်ချိုးလာကြသည်။ ဘောလုံးပွဲ အစီအစဉ် ကြေညာသူ အမျိုးသမီးက ပရိသတ်များ ထိုင်ခုံများ မရိုက်ချိုးကြရန် မေတ္တာရပ်ခံ သော်လည်းမရ။ မီးသတ်၊ လုံးထိန်းရဲ၊ ရဲတပ်ဖွဲ့ အကုန် ဝိုင်းထိန်းသည့် အတွက် ဘောလုံးကွင်းအတွင်း ငြိမ်သွားသည်။ သို့သော်ကွင်းပြင်တွင် သောင်းကျန်း ကြပြန်သည်။
"ရှက်တတ်ရင် မြန်မာအင်္ကျီတွေ ချွတ်ပြီး မီးပုံရှို့" ဟု အော်ဟစ်ကာ အင်္ကျီများ မီးပုံရှို့ ကြသည်။

သုဝဏ္ဏဘောလုံးကွင်း အဝင်ဝရှိ (၂၇) ကြိမ်မြောက် SEA Games မုခ်ဝတွင် မြန်မာအသင်းကို အားပေးရန် ဝတ်ဆင် ထားသော မြန်မာ SEA Games အင်္ကျီ များကို မီးပုံရှို့ ကြသည်။

ဘောလုံကွင်းအနီး လေးထောင့်ကန် လမ်းနှင့် ဝေဇယန္တာလမ်း ထောင့်တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့် ပရိသတ် အချို့ကို ဟန့်တားရာမှ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပရိသတ် ၁၀၀ ခန့် အချင်းများကြသည်။
လူ ၁၀၀ကျော် ခဲဖြင့် ထုကြသူများတွင် ရဲတပ်ဖွဲ့က ငါးဦးခန့်ကို ဖမ်းမိလိုက်ကာ ထိုးသည်၊ ကြိတ်သည်၊ ပါးရိုက်သည်။

Photo by Mizzima
 ပရိသတ်များက လုံခြုံရေးတပ်ဖွဲ့ ဝင်များကို ခဲများဖြင့် ပစ်ပေါက်သဖြင့် ယင်းလူအုပ်ကို မီးသတ်တပ်ဖွဲ့ဝင် များက မီးသတ်ပိုက်များဖြင့် ထိုးကာ လူစုခွဲခဲ့ရသည်။
"ဆိုင်းဘုတ်တွေ၊ ဆီးဂိမ်း အထိမ်း မှတ် လုပ်တဲ့ အရာတွေ၊ ခြံစည်းရိုး ကာထားတဲ့ သွပ်တွေကို ပရိသတ်တစ်ဖွဲ့က ဖျက်ဆီးတယ်။ အင်္ကျီတွေ၊ အလံတွေကို မီးရှို့တယ်" ဟု သုဝဏ္ဏဘောလုံး အားကစားကွင်း အပြင်ဘက်တွင် ဖြစ်ပွား နေသည့် မြင်ကွင်းကို အဆိုပါ နေရာသို့ ရောက်ရှိနေသည့် အမျိုးသားတစ်ဦးက ပြောပြသည်။

ဆူပူမှုများ ဖန်တီးသည့် ပရိသတ်အချို့ ကိုလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး သုဝဏ္ဏ ဘောလုံးအားကစားကွင်း အပြင်ဘက် လမ်းများပေါ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၃၀၀ ခန့် နေရာယူလိုက်သည်။

တောင်ကြီးမြို့မှ ယင်းဘောလုံးပွဲ လာအားပေးသူ တစ်ဦးကမူ "တောင်ကြီးက ပိုက်ဆံအကုန်ခံပြီး လာအားပေးတာ။ တန်ကို မတန်ဘူး" ဟု ဝမ်းနည်းကာ အော်ဟစ်သည်။



Photo from Kyaw Swar Myint FB
(၂၇) ကြိမ်မြောက် SEA Games ဆိုင်းဘုတ်များ ကိုလည်း မီးရှို့ကြသည်။ ဖျက်ဆီးကြသည်။ လုံးထိန်းရဲများ သင်တန်း ပေးထားသည့်အတိုင်း တစ်ဖွဲ့တက် တစ်ဖွဲ့လိုက်ဖြင့် နည်းစနစ်မှန်မှန်ဖြင့် တက်သော်လည်း ဒေါသထွက်နေသော ပရိသတ်များ၏ ခဲနှင့် ပစ်ပေါက်ခံရသည်။


ဒေါသထွက်နေသော ပရိသတ်များက ရဲများ ရှေ့မတက်လာရန် အော်သည်။ ရဲများက တက်သည်။ မီးသတ်ပိုက် များဖြင့် ထိုးသည်။ထို့အတွက် ခဲများဖြင့် ပြန်ထုကြသည်။ 
ဝေဇယန္တာလမ်းနှင့် သံသုမာ လမ်းဆုံတွင် ခဲများ ပလူပျံသွားသည်။ 
လုံထိန်း ရဲတပ်ဖွဲ့က ပဋိပက္ခ နှိမ်နင်းနေကျအတိုင်း လမ်းကြားများ အားလုံးကို ပိတ်ပြီး ရဲအင်အား အလုံးအရင်းဖြင့် ချီတက် နှိပ်ကွပ်တော့သည်။

ပဋိပက္ခဖြစ်ပြီး နှစ်နာရီခန့် အကြာ ဝေဇယန္တာလမ်းကို လုံခြုံရေး ရဲများက ပိတ်ထားလိုက် တော့သည်။ မည်သည့်ယာဉ်မျှ သွား၍ မရတော့။ ည ၁၁ ခွဲအချိန် တွင်တော့ အားလုံး ငြိမ်သက်သွားခဲ့လေပြီ။
 


 
ထို.အပြင် Eleven Media Group က ပွဲထွက် လူရွေးချယ်မှုများ အပေါ် အားကစား လောကသားတို.၏ အမြင်များ နှင်. ပွဲပြီးအခြေအနေများ ။ ပရိသတ်၏ ခံစားမှုနှင်. အမြင်များကိုလည်း ဤသို.ဖော်ပြခဲ့ပါသည် ။

"ဒီနှစ်နှစ်အတွင်းမှာလည်း ပတ်ဆောင်ဟွာကိုင်တွယ်ချိန်မှာ ပြိုင်ပွဲများစွာကို ရှုံးနိမ့်ပြီး အရှက်ရခဲ့တယ်။ ခြေစမ်းပွဲတွေမှာလည်း အကြိမ်ကြိမ် ရှုံးနိမ့်စဉ်ကတည်းက ဒီနည်းပြမဟုတ်တော့ဘူးဆိုတာ ကျွန်တော်တို့သိနေတယ်။
ဒီဆီးဂိမ်းစ်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်။ ဒါကို သူနားလည်ထားရမယ်။ ဒီပွဲအစ လူထုတ်ပုံကြည့်ကတည်းက အတော့်ကိုစိတ်ပျက်သွားမိတယ်။ ဘာလို့ ကျော်ကိုကို ကို ပွဲအစမှာ ထည့်မသုံးခဲ့တာလဲ။ နည်းပြရဲ့ လူထုတ်ပုံမှားယွင်းမှု၊ လူစားလဲပုံ မှားယွင်းမှုတွေက ဒီပွဲကိုရှုံးနိမ့်စေတယ်လို့ ပြောချင်တယ်။ ပတ်ဆောင်ဟွာဟာ အခုမှဒီလိုအမှားမျိုးကျူးလွန်တာမဟုတ်ဘဲ အရင်ကတည်းက အကြိမ်ကြိမ် မှားခဲ့ဖူးသူဖြစ်တယ်။
ဘာပဲပြောပြောသူတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့မြန်မာပရိသတ် သန်း ၆၀ စလုံးရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသလို ဖြစ်စေခဲ့တယ်" ဟု ၀ါရင့်အားကစား ကလောင်ရှင်တစ်ဦးဖြစ်သူ ဦးချစ်ဝင်းမောင် (အယ်ဒီတာချုပ်၊ တက်လမ်းအားကစားဂျာနယ်) က ပြောကြားခဲ့သည်။


Photo from Kyaw Swar Myint FB

"ပွဲထွက်လူစာရင်းကိုကြည့်ကတည်းက ဘာတွေဖြစ်ကုန်တာလဲလို့ ကျွန်တော်တို့ အံ့အားသင့်ခဲ့ရပါတယ်။ ဒီပွဲက အင်တာနေရှင်နယ်အဆင့် ပွဲတစ်ပွဲဖြစ်ပြီး ပြိုင်ဘက်အသင်းကလည်း လျှော့တွက်လို့မရတဲ့ အသင်းတစ်သင်းပါ။ ပြီးခဲ့တဲ့ပွဲတွေမှာ ကစားပုံသိပ်မကောင်းခဲ့ပေမယ့် အင်ဒိုနီးရှားဟာ အစဉ်အလာရှိတဲ့ အသင်းတစ်သင်းဆိုတာ မေ့မထားသင့်ဘူး။ နောက်ပြီး Head to Head အရ သူတို့အသင်းကနိုင်ရင် နောက်တစ်ဆင့်တက်မယ်ဆိုတာ သိနေတော့ သူတို့ကလည်း ကြိုးစားမှာပဲ။ ဒါကိုဘာဖြစ်လို့ ဒီလူထုတ်ပုံနဲ့ ရင်ဆိုင်သလဲဆိုတာ အံ့အားသင့်ရပါတယ်။ နောက်ပြီး ကျော်ကိုကို ကိုထည့်ချိန်မှာ ကျော်ဇေယျာဝင်းကို ထုတ်လိုက်တာလည်း အံ့သြစရာပါပဲ။ မြန်မာအသင်းဟာ ကစားကွက်လည်း လုံးဝမရှိဘဲ ရယ်စရာပြောရရင် ကလေးပွဲတစ်ပွဲ ကြည့်ရတာတောင် ပိုကောင်းဦးမယ်။ ဒီလိုတစ်နိုင်ငံလုံးက မျှော်လင့်နေတဲ့အချိန်မှာ အုပ်စုအဆင့်ကထွက်ရတာ တော်တော့်ကိုစိတ်မကောင်းပါဘူး" ဟု ဇွဲကပင်ယူနိုက်တက်အသင်း၏ နည်းစနစ်အကြံပေး ဦးအေးမောင်ကြီးက ပြောကြားခဲ့သည်။

အကြိုဗိုလ်လုပွဲတက်ရောက်ရေး အဆုံးအဖြတ်ပွဲတွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်းအား တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်နေပြီး ပွဲစဉ်ပြီးခါနီးတွင် ပရိသတ်အချို့မှာ ရေအိတ်များဖြင့် ပစ်ပေါက်ခြင်း၊ ဖိနပ်များဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်းအပြင် ထိုင်ခုံများကိုချိုးဖျက်ပြီး လာရောက်အားပေးသည့် ပရိတ်သတ်အချို့မှ ကွင်းထဲသို့ ပစ်ပေါက်ခဲ့မှုများ ရှိခဲ့သည်။

ထို့အပြင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေချိန်တွင် ပရိတ်သတ်သုံးဦးမှာ ကွင်းထဲသို့ ဆင်းသွားခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ယူထားသည့် လုံခြုံရေးရဲတပ်ဖွဲ့များမှ ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။


Photo from Kyaw Swar Myint FB

ထို့နောက် ပွဲပြီးဆုံးသွားသည့်အချိန်တွင် ဒေါသထွက်နေသော ပရိသတ်များက ကွင်းအတွင်းရှိ ထိုင်ခုံများစွာ ချိုးဖျက်ခဲ့ပြီး ကွင်းထဲသို့ပစ်ချခဲ့သည့်အပြင် မြန်မာအသင်းအင်္ကျီများနှင့် လက်မှတ်များကို ဂိတ်ပေါက် ၇၊ ၈၊ ၉ ဘက်သို့သွားသည့် လမ်းမတွင် မီးရှို့မှုများပြုလုပ်ခဲ့၍ မီးလန့်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပရိသတ်အချို့က သုဝဏ္ဏအားကစားကွင်းရှေ့ ဝေဇယန္တာလမ်းမနှင့် လေးထောင့်ကန်လမ်းထောင့်တွင် စိုက်ထူထားသည့် ဆီးဂိမ်းလှုံ့ ဆော်ရေး ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်း လုံခြုံရေးဆောင်ရွက်နေသောရဲများကို ရေမြောင်းလုပ်ရန်ထားရှိသော အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ သုဝဏ္ဏကွင်းနားရှိ ယာဉ်ထိန်းရဲရုံးကိုလည်း ခဲများဖြင့်ပစ်ပေါက်ခဲ့ကြပြီး ၎င်းဆူပူအကြမ်းဖက်သူများအား မီးသတ်ကားများ၏ ရေပိုက်ဖြင့် လူစုခွဲခဲ့သော်လည်း လူစုမကွဲဘဲ ပိုဆိုးလာသဖြင့် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးခဲ့ပြီး အဆိုပါလူစုအား အင်အားသုံး ဖြိုခွင်းခဲ့ရသည်။

 
ထိုသို့ဖြိုခွင်းခဲ့ရာတွင် ဆူပူသည့် ပရိသတ်အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများရှိခဲ့ကြောင်းလည်း သိရသည်။ ဒေါသထွက်နေသော ပရိသတ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုမှာ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

"ရှုံးတဲ့အတွက် အ၀တ်တွေမီးရှို့တယ်။ ဘေလ်ဘုတ်တွေကို မီးရှို့တယ်။ လုံခြုံရေး အင်အားအနေနဲ့ ရဲတပ်ရင်းနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါပါတယ်။ တရားမ၀င် လုပ်ထုံးလုပ်နည်းနဲ့ လုပ်တဲ့သူတွေကို ဖမ်းဆီးသွားမှာပါ။ သာမန်သူများယောင်လို့ ယောင်တဲ့သူတွေကိုတော့ မဖမ်းထားပါဘူး။ ကွင်းထဲမှာတုန်းက ဖမ်းထားတဲ့သူတွေကိုတော့ ပြန်လွှတ်လိုက်ပါပြီ။ ဒီလိုဖြစ်မယ်လို့ ထင်တောင်ထင်မထားဘူး။ မြန်မာတွေ မရင့်ကျက်သေးတာပါ"ဟု အကြမ်းဖက်မှုကို တားဆီးခဲ့သည့် ရဲတပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။


Photo from Kyaw Swar Myint FB


မြန်မာအမျိုးသားဘောလုံးအသင်းပြိုင်ပွဲမှ ထွက်ခွာသွားရသည့်အတွက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မည်သည့်အဓိပ္ပာယ်မှ မရှိတော့ကြောင်း ပရိသတ်များက ပြောကြားသည်။

" ကျွန်တော်တို့အတွက်တော့ အဓိကက ဘောလုံးပွဲပဲ။ တခြားအားကစားတွေ ရွှေဆုရတာ မရတာကို ကျွန်တော်တို့ စိတ်မ၀င်စားဘူး။ ကျွန်တော်တို့ ထိုင်းနဲ့ပွဲတုန်းကဆို လက်မှတ်ရဖို့ နံနက် ၃ နာရီကတည်းက သွားတန်းစီခဲ့ရတာ။ နေပြည်တော်အထိ လိုက်အားပေးဖို့လည်း စီစဉ်ထားတာ။ ကျန်တဲ့ကစားနည်းတွေ ဆုရရ မရရ ဘောလုံးမှာ ဆုရရင်ကျေနပ်တယ်ဗျာ။ အခုကျတော့ ဆီမီးတောင်မတက်ဘူးဆိုတော့ဗျာ။ ပရိသတ်အားပေးမှုဆိုတာကလည်း တစ်ခြားစီပဲ။ အခုကတော့ ဆီးဂိမ်းစ်ဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်တော့သလို ဖြစ်သွားပြီ"ဟု မြန်မာ -အင်ဒိုနီးရှားပွဲ သွားရောက်အားပေးခဲ့သည့် NLEC မှ ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုဟိန်းကိုဇော်က ပြောကြားသည်။

ကွင်းအတွင်းသွားရောက် အားပေးခဲ့သည့် အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသန်းစိုးက "ကျွန်တော်တို့ အတွက်တော့ အမျိုးသားအားကစားဆိုတာ အမျိုးသားဘောလုံးပွဲပဲဗျာ။ အခု အမျိုးသားဘောလုံးအသင်း ထွက်သွားတော့ ဆီးဂိမ်းစ်ပြိုင်ပွဲအပေါ်မှာ အာရုံလုံးဝမရှိတော့ဘူး" ဟု ပြောကြားသည်။ 

No comments:

Post a Comment