Tuesday, June 18, 2013

PeeMak မင်းသမီးလေး Davika Hoorne


ထိုင်းရုပ်ရှင်ဇာတ်ကားတစ်ခု မြန်မာနိုင်ငံမှာ ကြီးကြီးမားမား အောင်မြင်မှုတွေ ရခဲ့တယ် ဆိုတာက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေ တစ်ခုပါ။ ဒါပေမဲ့ ဇာတ်မြူးသရဲကားလေး Pee Makကတော့ မြန်မာပရိသတ်ရဲ့ အားပေးမှုကို အကြီးအကျယ် ပိုင်ဆိုင်နိုင်ခဲ့သလို ရုံပြည့်ရုံလျှံ ကြည့်ရှုသူတွေနဲ့ စည်ကားခဲ့ပါတယ်။ တကယ်တော့ Pee Makရဲ့ အောင်မြင်မှုဟာ ထိုင်းနိုင်ငံမှာလည်း ရုံဝင်ကြေး အမြင့်ဆုံး ရရှိတဲ့ ဇာတ်ကားတစ်ခု အနေနဲ့ မှတ်တိုင်တစ်ခု စိုက်ထူပြီးသားပါ။ မြန်မာပရိသတ်ကြားမှာ နိုင်ငံတကာ မျက်နှာသစ် ကြယ်တစ်ပွင့်အဖြစ် လူပြောများလာခဲ့တဲ့ သရဲမလေး Nak သို့မဟုတ် ထိုင်းမင်းသမီးချောလေး ဒါဗီကာရဲ့ အနုပညာရှင်ဘဝ ဖြတ်သန်းမှု ပါ


   
About Davika Hoorne
Date of Birth: May 16, 1992
Myanmar Nickname: Nak
Best known in Myanmar for: Actress
Type:
Nationality: Thailand

အဲဒီမင်းသမီးလေးကတော့ မီယာ ဒါဗီကာ ဟွန်းဖြစ်ပါတယ်။ (၁၉၉၂)ခုနှစ်၊ မေလ (၁၆)ရက်နေ့မှာ ဒါဗီကာကို ဘန်ကောက်မြို့တော်မှာပဲ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဒါဗီကာဟာ ထိုင်းနိုင်ငံရဲ့ အနုပညာ နယ်ပယ်မှာ နာမည်ရနေတဲ့ တခြားကြယ်ပွင့် တချို့လိုပဲ အနောက်တိုင်းသွေးနှောတဲ့ ကပြားလေး တစ်ယောက် ဖြစ်ပါတယ်။ ဒါဗီကာရဲ့ ဖခင်က ဘယ်လ်ဂျီယံ နိုင်ငံသား တစ်ဦးဖြစ်ပြီး သူ့မိခင် ကန်ပါကတော့ ထိုင်းမှာ လူသိများတဲ့ အဆိုတော် တစ်ယောက် ဖြစ်ပါသတဲ့။ ဒါဗီကာဟာ ရုပ်ရှင်မင်းသမီး အနေနဲ့ စတင် အောင်မြင်တဲ့ အနုပညာရှင်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ အနုပညာဘဝ ပထမဆုံး ခြေလှမ်းကတော့ မော်ဒယ်လ် တစ်ယောက် အနေနဲ့ပဲ ဖြစ်ပါတယ်။

ဒါဗီကာ ငယ်ငယ်တုန်းက Sacred Heartကျောင်းမှာ မူကြိုကနေ အလယ်တန်းထိ ပညာသင်ယူပြီး အဲဒီနောက်မှာတော့ နိုင်ငံတကာ ကျောင်းတစ်ခုကနေ အထက်တန်း အောင်ခဲ့ပါတယ်။ ဒါဗီကာအနေနဲ့ အနုပညာ အလုပ်ကို လုပ်ကိုင်နေတယ် ဆိုပေမယ့် ပညာရေးကဏ္ဍက မပြီးပြတ်သေးပါဘူး။ Rangsit တက္ကသိုလ်မှာ သူဝါသနာပါရာ အထူးပြု မေဂျာအဖြစ် Faculty of Artsကို သင်ယူနေဆဲပါ။ ဒါဗီကာရဲ့ ထူးခြားတဲ့ အလှတရား တစ်ခုကတော့ ပိတုံးရောင် ဆံကေသာတွေပဲ ဖြစ်ပါတယ်။ 

အစောပိုင်းတုန်းက သူ့အမေက ဒါဗီကာ ဆံပင်ရှည်ထားတာကို ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ သမီးရဲ့ ဆန္ဒကို လိုက်လျောခဲ့တာလို့ သိရပါတယ်။ ဒါဗီကာ မော်ဒယ်လ်အဖြစ် စတင်လုပ်ကိုင်တော့ အဲဒီဆံနွယ်တွေကပဲ ထူးခြားတဲ့ ဆွဲဆောင်မှု တစ်ခုအဖြစ် လူသိများလာခဲ့ပါတယ်။ ဒါဗီကာဟာ အသက်(၁၃)နှစ်လောက် ကတည်းက လူငယ် သရုပ်ဆောင်အနေနဲ့ ရုပ်ရှင်တချို့မှာ ကြိုကြားကြိုကြား ပါဝင်ခဲ့ဖူးပြီး အသက်(၁၇)နှစ်လောက်မှာတော့ မော်ဒယ်လ်ဘဝကို ခုံမင်ရွေးချယ်တဲ့ သူ့ရဲ့ အနုပညာ လမ်းကြောင်းက ခိုင်မာ အခြေကျလာပါတယ်။ အဲဒီနောက်မှာတော့ မော်ဒယ်လ်အနေနဲ့ရော၊ ရုပ်ရှင် သရုပ်ဆောင် အဖြစ်နဲ့ပါ အောင်မြင်တဲ့ ဘဝတစ်ခုဆီ လျှောက်လှမ်းလာနိုင်ပါတော့တယ်။

သရုပ်ဆောင် နယ်ပယ်မှာ Supermanဆိုတဲ့ Drama ဇာတ်လမ်းတိုလေးကို ရိုက်ကူးကတည်းက ဒါဗီကာကို ပရိသတ်က အသိအမှတ်ပြု သတိထားမိလာခဲ့ပါတယ်။ နောက်တော့ Cupid's Shadowဆိုတဲ့ ဇာတ်လမ်းက ထိုင်းမှာ အဆင့်အတန်းရှိတဲ့ Drama ဇာတ်ကားကောင်းလေး အနေနဲ့ ပရိသတ်ရဲ့ စိတ်နှလုံးကို ဖမ်းစားလာနိုင်ခဲ့တယ်။ တကယ်တော့ ဒါဗီကာဟာ သရုပ်ဆောင် အလုပ်မှာ အတွေ့အကြုံ များများစားစား ရှိလှသေးတာ မဟုတ်ပါဘူး။ ရုပ်ရှင် ဇာတ်ကားကြီးဆိုလို့ (၂)ခုသာ ရိုက်ကူးခဲ့ဖူးပြီး Drama ဇာတ်လမ်းတိုလေး နည်းနည်းနဲ့ TVစီးရီး (၃)ခုစာလောက်သာ ရိုက်ခဲ့ဖူးသေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လှပကျော့ရှင်းတဲ့ သူ့ရဲ့ ရုပ်ရည်ရယ်၊ ပါရမီအခံရှိတဲ့ သရုပ်ဆောင် စွမ်းရည်ရယ်ကြောင့် ထိုင်းမှာတော့ တစ်စထက်တစ်စ ပရိသတ် တိုးပွားပြီး အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။

ဒါဗီကာအနေနဲ့ သူ့ရဲ့ အလှအပကြောင့် ကြော်ငြာလုပ်ငန်းရှင်တွေကို ဆွဲဆောင်နိုင်ခဲ့တာလည်း မဆန်းတဲ့ ကိစ္စတစ်ခုပါ။ Ponds၊ D-Lite၊ Wellcom Mobileစတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဒါဗီကာဟာ ကြော်ငြာမော်ဒယ်လ် အနေနဲ့ ပါဝင်ခဲ့ရပါတယ်။ ပြီးတော့ Nikonကလည်း သူတို့ရဲ့ ထုတ်ကုန် CoolPix S8000အတွက် ဒါဗီကာနဲ့ အလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါဗီကာ အနေနဲ့ ကြော်ငြာမော်ဒယ်လ် ဘဝမှာ အောင်မြင်နေသလို ရုပ်ရှင်ဘက်မှာလည်း မလစ်ဟင်းအောင် ဟန်ချက်ညီညီ လျှောက်လှမ်းနေရတာပါ။ 

သူနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ပရိသတ် မှတ်ချက် တစ်ခုကတော့ ဒါဗီကာဟာ Drama ဇာတ်ရုပ်တွေနဲ့ လိုက်ဖက်တဲ့ မင်းသမီးလို့ ကောက်ချက်ချကြတာပါပဲ။ Cupid's Shadow၊ Superman၊ Dawn of Love၊ Love has Become Shameတို့လို ဇာတ်ကားတွေမှာ ကွဲပြားတဲ့ စရိုက်အဖုံဖုံကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြခဲ့ပါတယ်။ ရုပ်ရှင် ဇာတ်ကား အနေနဲ့ ပထမဆုံး ဒါဗီကာ ပွဲဦးထွက် ပါဝင်ခဲ့တာက (၂၀၁၂)ခုနှစ်က ရုံတင်တဲ့ Bpidtu Poom Prom Dan Haeng Rukဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ခဲ့ပေမယ့် ပြောင်ပြောင်မြောက်မြောက်တော့ သိပ်မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဖြစ်တဲ့ Pee Makကို (၂၀၁၃)မှာ ရုံတင်တော့ အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။

ဒါဗီကာဟာ လင်သားကို စွဲလန်းရင်း မကျွတ်မလွတ်နဲ့ သရဲတစ္ဆေဘဝ ရောက်ရရှာတဲ့ မိန်းကလေး တစ်ယောက်အဖြစ် သနားစရာ၊ ရယ်စရာ၊ ကြည်နူးဆွတ်ပျံ့စရာ ရသအမျိုးမျိုး ပေါ်လွင်အောင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒါရိုက်တာ ဘန်ဂျွန် ပီဆန်သန်နာကွမ် ရိုက်ကူးတဲ့ ဒီဇာတ်ကားမှာ မာရီယိုမော်ရာနဲ့ ဒါဗီကာတို့က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားတာပါ။ ဒါဗီကာအနေနဲ့ Pee Mak ရုပ်ရှင် အကြီးအကျယ် အောင်မြင်ခဲ့တဲ့အတွက် ကိုယ်တိုင် အံ့ဩကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူက ခြောက်ခြောက်ခြားခြား ဇာတ်ကားမျိုးတွေကို ကြည့်လေ့ရှိသူ မဟုတ်ကြောင်း ဒါဗီကာက ဖွင့်ဟခဲ့ပါသေးတယ်။ Pee Makနဲ့ ပတ်သက်ပြီး သတင်းထောက်တွေနဲ့ စကားပြောရာမှာ ဒါဗီကာက
"ကျွန်မက Horror Movieတွေကို မကြိုက်ဘူးရှင့်။ အဲဒီလို ဇာတ်ကားတွေ ကြည့်ရတာ ကျွန်မ အရမ်းကြောက်တယ်"လို့ သူက ရယ်ရယ်မောမော ပြောပြခဲ့ပါတယ်။ 


ဒါပေမဲ့လည်း ဒါဗီကာတစ်ယောက် သူမကြိုက်တဲ့ ဇာတ်ကားမျိုးနဲ့ အောင်မြင်လာတာကတော့ ကံတရားရဲ့ လှည့်ကွက်လို့ ဆိုရလေမလား။ Pee Makဟာ (၁၉၉၉)ခုနှစ်က ရုံတင်ပြီး နာမည်ကျော်ခဲ့တဲ့ Nam Nakဆိုတဲ့ ထိုင်းသရဲရုပ်ရှင် တစ်ခုကို ပုံစံပြောင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ ထုပ်တန်းပေါ်က ဇောက်ထိုးဆွဲပြီး သရဲခြောက်ရတဲ့ အခန်းမှာ အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ကြောင်းလည်း ဒါဗီကာက ဖောက်သည်ချပါသေးတယ်။ "ကျွန်မက ငိုရမှာလေ။ ကျွန်မအနေနဲ့လည်း Pee Makနဲ့ Nakတို့ရဲ့ သနားစရာ ဖြစ်ရပ်ကို တွေးပြီး စိတ်မကောင်း ဖြစ်ခဲ့တယ်။ ဖွင့်ထားတဲ့ အလွမ်းတေးသွားလေးကလည်း အထောက်အကူတော့ ဖြစ်စေပါတယ်။ ဒါပေမဲ့ အဲဒီလို ဇောက်ထိုးကြီး ငိုရတာ အင်မတန်ခက်တယ်။ ပြီးတော့ ကျွန်မ မျက်လုံးတွေပါ နာလာရော"လို့ သူ့အတွေ့အကြုံကို ဒါဗီကာက ပြောပြပါတယ်။

ဘာပဲဖြစ်ဖြစ် အဆင်မပြေမှုလေးတွေက ခုချိန်မှာတော့ တန်နေပါပြီ။ Pee Makဟာ ထိုင်းမှာ ဝင်ငွေအကောင်းဆုံး ဖြစ်လာသလို တောင်အာရှ နိုင်ငံတချို့မှာလည်း အရှိန်ကောင်းကောင်းနဲ့ ထိုးဖောက်နေဆဲ ဖြစ်ပါတယ်။ ဒါဗီကာက သရဲအဖြစ် သရုပ်ဆောင်ဖို့ မိတ်ကပ်ကို အချိန်ယူ လိမ်းရလေ့ရှိပြီး သူနဲ့တွဲဖက် သရုပ်ဆောင်ရတဲ့ အဖွဲ့သားတွေကလည်း နှစ်လိုစရာပါလို့ ဆိုပါတယ်။ "သူတို့က ပျော်ပျော်နေတတ်တယ်။ တောက်လျှောက် ဟာသတွေ ပြောနေကြတာပါပဲ။ ဒါပေမဲ့ အလုပ်လုပ်တဲ့ အချိန်မှာတော့ စိတ်ကို နှစ်ပြီး လိုတဲ့အတိုင်း သရုပ်ဆောင်နိုင်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်က အလေးအနက် သဘောထားရှိတဲ့ သရဲမတစ်ယောက်အဖြစ် သရုပ်ဆောင်နေရပေမယ့် သူတို့ကို ကြည့်ပြီး မရယ်မိအောင် ကျွန်မ မနည်းစိတ်ထိန်းနေရတယ်"လို့လည်း ဒါဗီကာက ပြောပြပါသေးတယ်။ 


ဒါဗီကာ အနေနဲ့ လောလောဆယ်မှာတော့ ပညာရေးနဲ့ အနုပညာ အလုပ်ကို ဘက်မျှအောင် ရှေ့ဆက်သွားမယ်လို့ ဆိုပါတယ်။ သူဟာ ထိုင်းနိုင်ငံမှာ (၂၀၁၃)ခုနှစ်အတွက် ပေါ်ပြူလာဖြစ်လာတဲ့ မင်းသမီး တစ်ယောက်အနေနဲ့ Talk About Awardဆုကိုလည်း ချီးမြှင့်ခံထားရပြီ ဖြစ်ပါတယ်။
Translated by ZYW @ Planet Myanmar
ဒီဇာတ်ကားလေး ကြည်.ချင်ရင် ဒီ Link ကနေကြည်.လို.ရပါတယ်....ရန်ကုန်မှာတော. လနဲ.ချီပြီး ရုံပြည်.အားပေးနေကြတဲ့ကားပါ...Pee-Mak-Phra-Kanong
 

No comments:

Post a Comment