Wednesday, June 26, 2013

အမေရိကကို နယ်ချဲ့လာသော မြန်မာအစားအစာများ


 

လက်ဖက်သုပ် (ရိုးရာလက်ဖက်ကို ပဲအကြော်များ ဂေါ်ဖီများနှင့် သုတ်ထားသော အသုပ်)၊ နန်းကြီးသုပ် (မြန်မာရိုးရာစတိုင် ဆန်ခေါက်ဆွဲအသုပ်)၊ မုန့်ဟင်းခါး (ဟင်းရည်ဖြင့် စားရသော ရိုးရာဆန်ခေါက်ဆွဲ)၊ သီးစုံချဉ်ရည် (အသီးအနှံများကို မန်ကျည်းသီးချဉ်ရည်ဖြင့် ချက်ထားသောဟင်းရည်)
မြန်မာရှေးပုရပိုက်ပုံစံပြုလုပ်ထားသော အစားအသောက် မီနူးစာရင်းက ၀ါရှင်တန်ဒီစီတရုတ်တန်း ဘာမားစားသောက်ဆိုင်ကို လာသူတိုင်း ခေါင်းချင်းဆိုင်တိုင်ပင်ရသော အစားအသောက်စာရင်းတစ်ခု ဖြစ်သည်။ မြန်မာလူမျိုး အသိများနှင့် လာစားသူများကတော့ ပြဿနာ သိပ်မရှိ။ မြန်မာမိတ်ဆွေကို မီနူးမှာ ရေးထားတာ ဘယ်လိုအစားအသောက်များလည်း မေးလိုက်ရုံသာ ဖြစ်သည်။ မြန်မာအစားအစာနှင့် မရင်းနှီးသူများအတွက် ဘယ်လိုအစားအစာများလည်း သေချာသိအောင် အတော်လေးအချိန်ယူရပါသည်။
စားသောက်ဆိုင် နံရံများတွင် မြန်မာယွန်းပန်းချီကားများ ချိတ်ဆွဲထားသလို အချို့နံရံတွေမှာ ဘုရားရုပ်တုတော်များနှင့် ပန်းပုအချို့ကို အလှပြတင်ထားပါသည်။ ဆိုင်အတွင်းတိုးတိုးတိမ်တိမ်လေး လွှင့်ပျံ့နေသော တေးဂီတက စီဒီခွေဖြင့် ဖွင့်ထားသော မြန်မာစောင်းသံဖြစ်ပါသည်။

ဘားမားစားသောက်ဆိုင်က ၀ါရှင်တန်ဒီစီရှိ တစ်ခုတည်းသော မြန်မာစားသောက်ဆိုင် ဖြစ်ပါသည်။ အခြားတရုတ်၊ ထိုင်း၊ ဗီယက်နမ်ဆိုင်များကဲ့သို့ လူများ ကြိတ်ကြိတ်တိုးမနေသော်လည်း သူ့မိတ်နှင့်သူ အသင့်အတင့်ရှိပါသည်။ ပုံမှန် နေ့လယ်စာ လာစားသူဖောက်သည်များလည်း ရှိသည်။
ဝါရှင်တန်ဒီစီတွင် အာရှဆိုင်များ အများစုရှိရာ တရုတ်တန်းတွင် ဖွင့်လှစ်ထားသည့် ဘားမားစားသောက်ဆိုင်သည်သာ တစ်ခုတည်းသော မြန်မာစားသောက်ဆိုင်ဖြစ်သော်လည်း ၀ါရှင်တန်ဒီစီမြို့ပြ နယ်နိမိတ်နှင့် မဝေးသည့် ဗာဂျီးနီးယားပြည်နယ် West Fall-church က မြန်မာစားသောက်ဆိုင်နှင့် မေရီလန်းပြည်နယ်၊ Silverspring က မန္တလေးဘေ မြန်မာစားသောက်ဆိုင်တို့ကလည်း ဒီစီဝန်းကျင်မှာ စားသုံးသူအခိုင်အမာရထားသည့် မြန်မာ စားသောက်ဆိုင်များ ဖြစ်ကြသည်။
“ကျွန်မတော့ ဗာဂျီးနီးယားက ဆိုင်ကိုသဘောကျတယ်။ သရက်သီးသုပ်က အရမ်းမိုက်တယ်။ အစပ်ကြိုက်ရင်တော့ အဲဒီဆိုင်ကို
သာသွား။ ဘာလချောင်ကြော်သာ စားကြည့်”

ဗာဂျီးနီးယားပြည်နယ်က မြန်မာစားသောက်ဆိုင်ကို ကျောင်းပိတ်ရက်တိုင်း သွားစားသူ ခရစ်စတီက ပြောကြားခြင်းဖြစ်သည်။ အဆိုပါ မြန်မာစားသောက်ဆိုင်က ၀ါရှင်တန်၊ ဗာဂျီးနီးယားနှင့် မေရီလန်းပြည်နယ်တွင်နေထိုင်သော မြန်မာအများစု အလာများသည့် စားသောက်ဆိုင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဟင်းအများစုက ပြည်တွင်းက မြန်မာဆိုင်များအတိုင်း ဆီများများနှင့် ခပ်စပ်စပ်
မြန်မာအကြိုက် ချက်ထားသည်။ ပုစွန်ခွက်ကြော်သုပ်၊ သီးစုံချဉ်ရည်နှင့်ငါးအစပ်ကြော်တို့က ထိုဆိုင်က နာမည်ကြီး ဟင်းလျာများလည်း
ဖြစ်သည်။ ငါးပိရည်နှင့် တို့စရာလည်း ထိုဆိုင်မှာ ရနိုင်သည်။

မေရီလန်းပြည်နယ် Silver Spring တွင်ရှိသော မန္တလေးဘေးအမည်ရှိ မြန်မာစားသောက်ဆိုင်က မြန်မာတွေက သိပ်မကြိုက်သော်လည်း ထိုဒေသက အမေရိကန်များ အသည်းစွဲ မြန်မာစားသောက်ဆိုင်ဖြစ်ပြီး ပိတ်ရက်ဆိုလျှင် စားပွဲတစ်နေရာစာရဖို့ အချိန်အတော်ကြာ စောင့်ရလေ့ရှိ၏။ ထိုဆိုင်က မြန်မာစားသောက်ဆိုင်ဆိုသော်လည်း မြန်မာအကြိုက်ပုံစံတော့မဟုတ်။ အမေရိကမှာရှိသည့်     အာရှစားသောက်ဆိုင်များပုံစံ မြန်မာဟင်းများကို ဆားဆီပေါ့ပေါ့နှင့်အစပ်လျှော့ချက်ထားခြင်းဖြစ်သည်။

“အရမ်းကောင်းတဲ့ ဆိုင်ပေါ့။ ကျွန်မတို့ မိသားစုမကြာခဏ သွားစားကြတယ်။ အဲဒီက ဂျင်းသုပ်လည်း ကြိုက်တယ်။ ပဲပြားဟင်းလည်းကောင်းတယ်။ ပုစွန်ချက်လည်း ကောင်းပါတယ်” ဟု အဆိုပါ ဆိုင်၏ ပုံမှန်ဖောက်သည် မေရီလန်းပြည်နယ် လော်ရယ်မြို့ခံ စင်သီယာက ဆိုသည်။
အမှန်ဆိုလျှင် အမေရိက အရှေ့ဘက်ခြမ်း ၀ါရှင်တန်ဒီစီဒေသသည် အမေရိကန်နိုင်ငံတွင် မြန်မာလူမျိုးများ လူဦးရေအနည်းဆုံးရှိသည့် ဒေသဖြစ်သည်။ ယခုမူ ထိုဒေသ၌ပင် မြန်မာစားသောက်ဆိုင်သုံးဆိုင်ရှိနေပြီ။ နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ လော့အန်ဂျလိစ် စသော ဒေသများတွင်ကား မြန်မာစားသောက်ဆိုင်များက မှိုပေါက်သလို အတော်များများ ရှိနေကြပြီ ဖြစ်သည်။
သို့သော်လည်း အမေရိကမှာရှိသည့် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်စသည့် အခြားအာရှစားသောက်ဆိုင်များကဲ့သို့ ဈေးကွက် အခိုင်အမာ မရသေးပါ။ ထိုင်း၊ ဗီယက်နမ်ဆိုင်များကမူ အစွန်အဖျားမြို့သေးများမှနေ မြို့ကြီးများ၏ ဈေးဝယ်ကုန်တိုက်များ၏ အစားအသောက်
တန်းထိပင် နေရာယူထားသည်။ တရုတ်စားသောက်ဆိုင်များကမူ ဘယ်နေရာသွားသွားရှောင်၍ မရ။ လူစည်ကားသည့် နေရာတိုင်း
လိုလိုမှာကို ရှိနေသည်။


“အဓိကတော့ တိုင်းပြည်တိုးတက်မှု အခြေအနေကွာတာပေါ့ဗျာ။ သူတို့တွေကတော့ ကိုယ့်ရိုးရာ ပုံစံလည်းမပျက် ၊ ဘိုတွေလည်းစားနိုင်အောင် ပြန်မွမ်းမံပြင်ဆင်ချက်ပြုတ်ကြတယ်။ မြန်မာဟင်းကျတော့လည်း ဆီနဲ့ ငရုတ်သီးမပါရင် စားမကောင်းဘူး။ ဘိုတွေကလည်း ဆီကို ကျန်းမာရေးအတွက် အသေရှောင်ပြီး အစပ်ကျတော့ လုံးဝမစားနိုင်ဘူးလေ” ဟု မေရီလန်းပြည်နယ်က ကိုဝင်းအောင်က ပြောကြားသည်။ ကိုဝင်းအောင်က အချက်အပြုတ်ဝါသနာပါပြီး မြန်မာစားသောက်ဆိုင်ဖွင့်ရန် ကြိုးပမ်းနေသူ ဖြစ်သည်။
အချို့ မြန်မာများကမူ စားသောက်ဆိုင် ပီပီပြင်ပြင် မဖွင့်သော်လည်း အသင့်ချက်ပြီးသား ချဉ်ပေါင်ကြော်၊ ငါးခူစင်းကော၊ ငါးခြောက်ကြော်စသည့် ဟင်းမျိုးစုံကို ဘူးများနှင့် အသင့်စားသုံးနိုင်သည့် ပုံစံချက်ပြုတ်ကာ နီးစပ်ရာ မြန်မာအသိုင်းအ၀ိုင်းတွင် ရောင်းကြသည်။ ချဉ်ပေါင်ကြော်တစ်ဘူးကို ငါးဒေါ်လာ ဖြစ်သော်လည်း ၀ယ်ယူအားပေးသူများလှသည်ဟု
အသင့်ချက်ပြီးသား ဟင်းမျိုးစုံ ရောင်းချသူ ဒေါ်နီလာကဆိုသည်။

ဒေါ်နီလာ၏ထောပတ်ထမင်း၊ ဒံပေါက်ထမင်းတို့ ကို မေရီလန်းရှိ မြန်မာအလှူပွဲများတွင် ဧည့်ခံလေ့ရှိပြီး အရသာကလည်း မြန်မာလူမျိုးတို့ အကြိုက်ဖြစ်သည်။ ဒံပေါက်ထမင်းကို မှာယူပါက ရန်ကုန်ဆိုင်များကဲ့သို့ ကြက်သားဟင်းအပြင် ချဉ်ပေါင်ဟင်းချို၊ ဘာလချောင်ကြော်၊ သခွားချဉ်နှင့် ပူဒီနာပါ ပေးသေးသည်။ တစ်ဗန်း၊ နှစ်ဗန်း စသည်ဖြင့် ကိုယ့်မိသားစု ကြိုက်သလောက် ဖုန်းဆက်မှာယူနိုင်ပြီး အိမ်တိုင်ရာရောက် လာပို့ပေးသည်။

ထို့အပြင် ကိုယ်တိုင်စိတ်ကြိုက် ချက်ပြုတ်လိုပါကလည်း မြန်မာပြည်မှလာသော စားသောက်ကုန်များကို အမေရိကနိုင်ငံတစ်ဝန်းတွင် မြန်မာပြည်ကအတိုင်း ပေါပေါများများ ၀ယ်ယူလို့လည်း ရနေသည်။
မြန်မာအများအပြား နေထိုင်ကြသည့် မေရီလန်းပြည်နယ် ရော့ခ်ဗေးလ်တွင် မြန်မာစားသောက်စရာများကို တင်ရောင်းသည့် အာရှကုန်စုံဆိုင်များ ရှိသည်။ အဆိုပါ ကုန်စုံဆိုင်များမှာ အာပြဲခြောက်၊ လက်ဖက်၊ သရက်ချဉ်၊ ခံတက်ချဉ်၊ ငံပြာရည်ကြော်၊ ငါးပိရေထုပ်၊ ဆီးထုပ်၊ ရခိုင်မုန့်တီနှင့် မုန့်ဟင်းခါးထုပ်များ ပုံမှန်တင်ရောင်းချကြသည်။

“ကျွန်တော့်ဆိုင်ကို လာတာက မြန်မာတွေများတယ်ဗျ။ သူတို့ကပဲ အဲဒါတွေဝယ်စားကြတယ်။ ဒါကြောင့် ဒါတွေတင်ထားတာ” ရော့ခ်ဗေးလ်မြို့ရှိ မြန်မာအစားအသောက် ရောင်းချသည့် အာရှဆိုင်ပိုင်ရှင် အိန္ဒိယလူမျိုးတစ်ဦးက ပြောကြားခြင်းဖြစ်သည်။

အမေရိကသို့ တင်ပို့သည့် မြန်မာပြည်မှ လာသည့်စားသောက်ကုန်များ၏ အရည်အသွေးကမူ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ထုပ်ပိုးမှု ပုံစံအရည်အသွေးကအစ သိသိသာသာ အရည်အသွေးနိမ့်ကျနေသည်ကို တွေ့ရမည်။

မြန်မာပုစွန်ခြောက်ဆိုလျှင် တောင်ကိုရီးယားမှလာသော ပုစွန်ခြောက်ကဲ့သို့ တာရှည်မခံ၊ မလတ်ဆတ်သဖြင့်  မြန်မာစားသောက်ဆိုင်အများစုမှာ တောင်ကိုရီးယားပုစွန်ခြောက်ကိုသာ အသုံးပြုနေရသည်။ ငါးခြောက်နှင့် ငါးပိဆီကြော်များကလည်း ထုပ်ပိုးမှု ပုံစံသိပ်မကောင်းလှပါ။ အများစုမှာ ၀ါရှင်တန်မြို့တော်ရှိ မြန်မာသံရုံးမိသားစုများက တစ်နိုင်တစ်ပိုင် ၀င်ငွေရရန် မြန်မာပြည်က
သယ်ယူပြီး ဆိုင်တင် ရောင်းချခြင်းဖြစ်သည်ဟု ကုန်စုံဆိုင်ပိုင်ရှင် အိန္ဒိယလူမျိုးက ပြောသည်။ သို့သော်လည်း ထိုဒေသမှ မြန်မာအများစုက အဆိုပါ စားသောက်ကုန်များကို တမေ့တမောအားပေးကြသည်။ ဈေးနှုန်းများကလည်း မသေးပါ။ ခံတက်ချဉ်နှင့် သရက်ချဉ် တစ်ခါစား တစ်ထုပ်လောက်ကို ငါးဒေါ်လာနီးပါးပေးကာ မက်မက်မောမောစားကြသည်။ တကယ်တမ်းတွင် မေရီလန်း ပြည်နယ်ရှိ မြန်မာအများစုမှာ  ပြည်ပရောက် အတိုက်အခံတွေများပြီး မြန်မာသံရုံးနှင့် နှစ်ပေါင်းများစွာ ဆက်ဆံရေးမပြေပြစ်ခဲ့သူများ ဖြစ်ပါသည်။ ဒီမိုကရေစီတော်လှန်ရေးတစ်လျှောက် မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့သူများ ဖြစ်သည်။ သို့သော် သံရုံးမိသားစုများ ရောင်းချသည့် မြန်မာအစားအသောက်များကိုမူ ဆန္ဒမပြနိုင်ကြဘဲ ၀ယ်ယူအားပေးကြခြင်းဖြစ်သည်။


လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ အစားအစာပေါင်းစုံ အခြေချရောက်ရှိနေသော အမေရိကရှိ အမေရိကန်လူမျိုးတို့က နိုင်ငံခြားအစားအစာတစ်ခုကို မြည်းစမ်းကြည့်ရန် ၀န်မလေးကြသူများ ဖြစ်သည်။ ထို့ကြောင့်လည်း ၀ါရှင်တန်ဒီစီ တရုတ်တန်းတွင် ဖွင့်လှစ်ထားသော ဘားမားစားသောက်ဆိုင်မှာ အခြားစားသောက်ဆိုင်တစ်ခု၏ အပေါ်ထပ်မှာ ဖွင့်လှစ်ထားလင့်ကစား နေ့လယ်စာ စားသူများနှင့် အမြဲစည်ကားလေ့ရှိသည်။


သို့သော်လည်း နန်းကြီးသုပ် မှာယူထားသော သူတစ်ယောက်အနေဖြင့် မုန့်တီဖတ်ကြီးကြီး၊ ပဲမှုန့်များများ၊ ကြက်သားဖတ် နိုင်နိုင်၊ ငရုတ်သီးဆီချက်ဖြင့် မြန်မာပြည်က နန်းကြီးသုပ်ကိုတော့ မြင်ယောင်ကြည့်လို့မရ။ ထိုင်းမုန့်ဖတ် ခပ်သေးသေး၊ ပဲငံပြာရည်၊ ပဲပင်ပေါက်တို့ဖြင့်  ပြုလုပ်ထားသော ပဲငံပြာရည်အရသာရှိသည့် ဘားမားစားသောက်ဆိုင်၏ နန်းကြီးသုပ်ကိုသာ ရမည်။
ဘာပဲပြောပြော အမေရိကန် စတိုင်လ်နန်းကြီးသုပ်ဟုသာ မှတ်ထင်စားကြရုံသာ ဖြစ်သည်။


Written by ထားထားမြင်. @ 7Day News Journal အတွဲ (၁၂)၊ အမှတ်(၁၅)

No comments:

Post a Comment