Wednesday, October 26, 2016
ဝါးခယ်မ၏ ဂုဏ်ထူးဆောင် တစ်ကိုယ်တည်း အမျိုးသမီးကြီးများ
ကျမတို့ ၀ါးခယ်မက အပျိုကြီး တကယ်ပေါပါတယ်။အိမ်တိုင်း မိသားစုတိုင်းနီးနီးကို အပျိုကြီးတွေ ရှိကြပါတယ်။ ဒါ့ကြောင့် ၀ါးခယ်မမှာ အပျိုကြီးညီအမတွေ အိမ်လို့ ညွှန်းလို့မရပါဘူး။ အပျိုကြီး ညီအမတွေအိမ်က တအိမ်ခြားလောက်ရှိတတ်လို့ပါ။
အပျိုကြီး လုပ်ရတဲ့ (ဖြစ်ရတဲ့ မဟုတ်ပါ) အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိမှာပေါ့။
ရုပ်ဆိုးလို့၊ပါးစပ်ကြမ်းလို့၊ကပ်စေးနည်းလို့( အေးအေးမြင့် အပျိုကြီး လုပ်ရခြင်းအကြောင်းရင်းများလေ)ဆိုတာတွေလည်းရှိသလို
ရုပ်ချော သဘောကောင်း လိမ်မာရေးခြားရှိ ဆိုတဲ့ အပျိုကြီးတွေလည်း တပုံကြီးပါ။
ဝါးခယ်မသူ အပျိုကြီး အများစုကတော့ ပတ်ဝန်းကျင်မှာ အပျိုကြီးတွေ ချည်းပဲမို့ အပျိုကြီးဘ၀ကို နှစ်နှစ်ခြိုက်ခြိုက် ရွေးကြသူတွေ များပါတယ်။
(၀ါးခယ်မသားတွေ ညံ့လို့ မဟုတ်ပါကြောင်း)
အပျိုကြီးလုပ်ရခြင်း အကြောင်းထက် အပျိုကြီးဘ၀ကို ဘယ်လို ဖြတ်သန်းကြသလဲ ဆိုတာလေး လေ့လာမိသလောက် လော်ပေးချင်ပါတယ်။
တချို့ အပျိုကြီးတွေကတော့ ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်စီးပွားကိုယ်ရှာ ကိုယ့်အထုပ်ကိုယ်ကျစ်ကျစ်ပိုက်ပြီး သေတော့ အထုပ်ကလေး သူများဆွဲသွားခံရတာလည်း ရှိပါတယ်။(လု အပျိုကြီး)
တချို့ အပျိုကြီးတွေကျတော့ စီးပွားရေးလည်း ဦးဆောင်နိုင်၊ဆွေမျိုးရေးလည်း ဦးဆောင်နိုင်တဲ့ ထက်မြက်သူတွေလည်း ရှိပါတယ်။(လူ အပျိုကြီး)
တချို့အပျိုကြီးက အကို၊မောင်၊အမ၊ညီမတွေကို မှီခိုပြီး သူတို့အိမ်မှာ ကလေးထိန်း ထမင်းချက်နဲ့ ဘ၀ကို ကုန်လွန်ကြတာလည်း ရှိပါတယ်။(လူး အပျိုကြီး) 
အဲဒီ အပျိုကြီး အမျိုးမျိုးထဲက ၀ါးခယ်မရဲ့ နာမည်ကျော် အပျိုကြီး တချို့အကြောင်းလေး စူးစမ်းစပ်စုမိပါတယ်။
သီတင်းကျွတ်လပြည့်နေ့က ၀ါးခယ်မစက္ခုပါလ မျက်စိခွဲစိတ်မယ့် အစီအစဉ်အတွက် ဆရာမဒေါ်ခင်ရီတို့ ညီအမတွေက အလှူငွေထည့်ချင်တယ်ဆိုလို့ ဆရာမတို့ အိမ်ကို အလှူခံ ချီတက်ကြပါတယ်။
၉၁ နှစ် ၁လ ရှိပြီဆိုတဲ့ ကျမတို့ ၈တန်း သမိုင်းဆရာမ ဒေါ်ခင်ရီ၊၈၅နှစ် ရှိပြီး ဆံပင်တွေ နက်နေဆဲ ဆရာမ ဒေါ်သိန်းကျော်၊? ၇၉ နှစ် ညီမ ဒေါ်ခင်ကြည်တို့က အလှူ ကိုယ်စီ ထည့်ကြတာပါ။ အကြီးဆုံး ဆရာမ ဒေါ်ခင်ရီက မှတ်ဥာဏ်ကောင်းဆဲ၊ငယ်ငယ်က သူ့ကို အရာရှိတွေ စစိဗိုလ်တွေက လက်ထပ်ဖို့ လာရောက် တောင်းရမ်းပေမယ့် အခု မစဉ်းစားသေးဘူး၊စဉ်းစားတော့ အကြောင်းပြန်ပါမယ်လို့ ပြောခဲ့တယ် ဆိုတဲ့ အကြောင်း ဟာသလေးနဲ့ပြောပြပါတယ်။ ဆရာမတို့ဟာ ၀ါးခယ်မရဲ့ အင်းလျားကန်စောင်းလို့ ပြောနိုင်တဲ့ ဘိုးမင်းခေါင် ကန်ဘေးမှာ အိမ်ကြီးရခိုင်နဲ့ နေတဲ့ ပညာတတ်ဖခင် ရှေ့နေ ဦးဖိုးအောင်ရဲ့ ပညာတတ်ခေတ်မီ သမီးတွေပါ။ ဒေါ်သိန်းကျော်ဆို အဲဒီခေတ်က တင်းနစ်ရိုက်တဲ့ ခေတ်မီသူတဦးပါ။ဆရာမ ဒေါ်ခင်ရီဟာ အိမ်ထောင်ပြုဖို့ မစဉ်းစားဘဲ ညီမကမွေးတဲ့ တူလေးကို ပြုစုပျိုးထောင်ရင်း ကျောင်းဆရာမ ဘ၀နဲ့ တပည့်တွေကြား ပျော်တဲ့သူပါ။တူလေးကလည်း လိမ်မာသူပညာတတ်ဆိုတော့ ဆရာမတို့ ဘ၀ အိုဇာတာကောင်းတာ ၀မ်းသာစရာကောင်းပါတယ်။
ဝါးခယ်မမြို. သံဃာ.ဆေးရုံ
 နောက်အပျိုကြီး တဦးကတော့ သံဃာ့ဆေးရုံနဲ့ ၀ါးခယ်မ မဟာစည်ရိပ်သာခွဲ အလှူရှင် ဒေါ်ခင်မမဖြစ်ပါတယ်။မြို့ရဲ့ တခုတည်းသော သံဃာ့ဆေးရုံရှေ့က ဖြတ်တိုင်း အလှူရှင် ကမ္ဗည်းက ဒေါ်ခင်မမ-(မောင်)ဦးဘဘ ဆိုတာ ရင်းနှီးခဲ့ပါတယ်။စိန်တွေ ပြည်တောင်းနဲ့ ပိုင်တယ်လို့ နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။လူကိုတော့ အပြင်မှာ မတွေ့ဖူးခဲ့လိုက်ပါဘူး။အခုတော့ ကွယ်လွန်သွားပါပြီ။
ယုဝတီ ဒေါ်ဒေါ်သိန်း
ဆရာမကြီး ဒေါ်ပိုက်မိ
ဝါးခယ်မမြို့မှာ မသိသူမရှိတာကတော့ ဆရာမကြီး ဒေါ်ပိုက်မိပါ။ မောင်ဝမ်းကွဲ ဦးအံ့ကျော်၊ဦးအောင်မင်းအပါအ၀င် ဆွေမျိုးများကို ပညာတတ်များဖြစ်အောင်၊ အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။အသက် ၉၀ အရောက် ၂၀၁၃ခုနှစ် မှာ ကွယ်လွန်သွားခဲ့တဲ့ အချိန်ထိ တမြို့လုံးက တပည့်၊တပည့်သား၊တပည့်မြေးများ အထိ မှတ်မိအောင် မှတ်ဥာဏ်ကောင်းသလို စီမံခန့်ခွဲမှုလည်း ကောင်းသူဖြစ်ပါတယ်။ကျောင်းကြီး ကျောင်းအုပ်အဖြစ် ၂၄နှစ်တိုင်တိုင် ထူးချွန်တဲ့ ကျောင်းသားတွေ မွေးထုတ်ပေးခဲ့တဲ့ ဆရာမကြီးဟာ တမြို့လုံးရဲ့ အမေဖြစ်ပါတယ်။ကွယ်လွန်ချိန်ထိ မြေပေါ်မှာ သူ့နာမည်နဲ့ အဆောက်အဦး ထင်ရှားဆောက်လှူတာမျိုး မရှိပေမယ့် တမြို့လုံးရဲ့ နှလုံးသားထဲမှာ ပညာဆီမီးထွန်းညှိပေးသွားနိုင်တဲ့ အဖိုးတန်မြ.... အပျိုကြီး ဖြစ်ပါတယ်။
မိတ်ဆွေကောင်း အပျိုကြီးတို့လည်း ရှေးက အဖိုးအမျိုးမျိုးတန်ကြတဲ့ အပျိုကြီးများကို ကြည့်ပြီး ကိုယ့်အလှည့်ကျရင် ဘယ်လို အပျိုကြီးမျိုး လုပ်ကြမှာလဲလို့ လမ်းရွေးထားကြဖို့ ဖြစ်ပါတယ်။
Written by Dr Aye Aye Myint
No comments:
Post a Comment