Friday, December 19, 2014

ဦးလှဆွေ ( သို. ) ဘူးလက်လှဆွေ ၏ အတွေး ၊ အမြင် ၊ အရေး ၊ အသား များ ( ၃ )





နောက်တစ်ခုကတော. သူဟာ Facebook User အများစုလိုပဲ ရံဖန်ရံခါ သူ.အကြောင်းလေးတွေလည်းထည်.ရေးတတ်ပါတယ် ။

ကြာတော့ ကြာပါပြီ - - - -
(ဒါဆိုတခုခုတော့ပြောဘို့ပျိုးနေပြီဆိုတဲ့သဘောပေါ့)လွှတ်တော် ခေါ်ကာစ အချိန် ။လူကြီး သား တယောက် မင်္ဂလာဆောင်တယ်။ဆီဒိုးနားမှာပါ ။တသက်နဲ့တကိုယ် တခါမှ မရောက်ဘူးပါဘူး
အမတ်ဖြစ်မှ ဆီဒိုးနားတက်ဘူးတာပါ။ကျနော်နဲ့ဇနီး ဘာဝတ်သွားမလဲ တိုင်ပင်တယ်။လူကြီးသားဆိုတော့ သူဌေးတွေ လာမှာ ။ခပ်ညံ့ညံ့ ဝတ်ဖို့ မသင့်ဘူးပေါ့။သူကလှည်းတန်း စိန်ဂေဟာ လှေကားထစ် အတက် ဘယ်ဘက်ဘေးက လက်ဝတ်ရတနာအတုတွေ သွားဝယ်ပါတယ်။ကျနော်က ယောင်္ကျား ဆိုတော့ ဘာမှ မလိုပါဘူး။အမတ်မဖြစ်ခင်က ပဲစိုက်နှမ်းစိုက်လယ်ထွန် လုပ်ရင်းနဲ့ စိုက်ပျိုးရေးဆေးရောင်းတဲ့ မြန်မာ့သြဘာ ကုမ္ပဏီ နဲ့ ချိတ်မိရင်း ကိုယ်လဲ သုံး ။သူများလဲ ရောင်း။ယောက်ဖ ဝမ်းကွဲကလဲ ကိုယ်စားလှယ်လုပ်နေတော့ ကျနော်လဲ စိုက်ပျိုးရေးဆေး ကိုယ်စားလှယ်ဖြစ်လာပြီး သိန်း ၁၀၀ ရောင်းအား သုံးအားရှိလို့ နိုင်ငံခြား အလည်အပါတ် ဆိုပြီးသွား ရပါတယ်။(ကြံ့ခိုင်ရေးပါတီက သူများတွေ အထပ်ထပ်သွားနေရပေမဲ့ တခါမှမလွှတ်သေး)။နောက် ထပ်သိန်း ၁၀၀ ဘိုးထပ်ယူတော့ ကိုယ်တိုင်လဲ လွှတ်တော်တက်နေလို့ မရောင်းနိုင်တော့ ဘဲသပ်မှတ်ချိန်ပြည့်တဲ့အခါ မကုန်တော့ ရှိတဲ့ ရွှေအကုန်ရောင်း ဆပ်ရပါတယ် ။ ပြန်ယူပါလို့ တောင်းတောင်းပန်ပန် ပြောလဲ မြန်မာ့သြဘာက ခပ်တည်တည်ပါဘဲ။ဒါနဲ့ အဲ့တုန်းက ဝယ်ထားတဲ့ europian suit လေးက တခါဘဲ ဝတ်ရသေးတော့ဆီဒိုးနားလဲတခါမှမရောက်ဘူးတော့ တန်အောင်လို့ လူကြီးသား မင်္ဂလာဆောင် ဒါဘဲဝတ်မယ်ကွာ ဆိုပြီး ချ ဝတ်လိုက်ပါတယ်။အိမ်က ဒဂုန်ဂျစ်နဲ့ အချိန် ကွက်တိသွားတော့ ကားရပ်ရမယ့်နေရာ အတော်ရှာ ရ ပါတယ်။အထဲရောက်တော့ သတိုးသား အဖေ လူကြီးက သားနားနေတဲ့ ကျနော့်ကို "လှဆွေ ဘယ်နိုင်ငံကပြန်လာတာလဲ " လို့ ရင်းရင်းနှီးနှီး မေးပါတယ် ။ ကျနော်က " ဂန့်ဂေါရီးယား ကလာတာပါ " လို့ ဖြေလိုက်တော့ ရီပါတယ်။ ဒါနဲ့သတိုးသားအဖေ လူကြီးနဲ့လဲ ရင်းနှီးစွာ စကားပြောနေတယ် လာတဲ့နိုင်ငံ ကလည်း ဂန့်ဂေါရီးယား ဝတ်စားထားတာကလဲ europian ရုပ်ကလဲ အသန့် ။ဇနီး ကလည်း ပြိုးပြိုးပျက်ပျက် တွေနဲ့ ဆိုတော့ နေရာချပေးတဲ့ စာပွဲထိုးခေါင်းဆောင် က ဆရာလာပါ ဆိုပြီးခေါ်သွားပါတယ်။ပြီးတော့ VIP 2 ဆိုတဲ့ စာပွဲမှာနေရာချထားပါလေရော ။ခပ်တည်တည်နဲ့ ထိုင်တာပေါ့ ။အဲ့မှာ ကြိုတင်ရောက်နေတဲ့ အမတ် ဦးရှု့မောင်တို့က ဟိုးနောက်ခပ်ဝေးဝေးမှာ ထိုင်ရတာတွေ့ပါတယ်။ သူတို့ကနုတ်ဆက်ပေမဲ့ ကျနော်က နေရာကောင်းမှာထိုင်ရတော့ ခပ်တည်တည်လုပ်နေလိုက်ပါတယ်။ VIP 2 မှာဘယ်သူတွေ လဲ သိပါဘူး ဒါပေမဲ့ အားလုံးက တိုက်ပုံတွေ နဲ့ ပါ ကျနော်တယောက်ဘဲ Euro နဲ့ပါ။ အဲ့မှာ ရွှေတောင် ဆောက်လုပ်ရေးက အောင်ဇော်နိုင်ကိုတော့သိတယ် ။သူကမြန်မာ့ အသံ ကို ဦးကျော်ဆန်းနဲ့ ပူးပေါင်းဆောက်ခဲ့တာကိုး။မကြာခဏ ကျင်းပပေးတဲ့ ဂေါက်ပွဲ တခုမှာ ဒုတိယ ရတော့သူက ဆုပေးလို့ ဆုံဘူးတာပါ။၁၄" TV ပါ။သူနဲ့ သူ့ အဖွဲ့ ကိုအောင်သန်း ကလွဲပြီး ကျန်တဲ့သူတွေ တယောက်မှမသိပါဘူး။ကျနော် က အေးဆေးဖြစ်ပေမဲ့ ကျန်တဲ့ လူတွေက လူစိမ်း ဖြစ်နေတော့ နေမထိထိုင်မသာ ဖြစ်နေပုံရပါတယ်။ပုစံ ကလည်း သားနားနေတော့ဘယ်ကလုပ်ငန်းရှင်လဲ သိခြင်ပုံရ တာလဲပါမှာပေါ့ ။ဒါနဲ့ တရုပ်ပုံ တယောက်က မနေသာတော့ဘဲ "ဒီဝိုင်းမှာ အားလုံးကတော့ သိပြီးသားပေါ့နော် '"ဆိုပြီး ကျနော့်ကိုဘဲမိတ်ဆက်ပေးတာက "ကျနော်က ထွန်းမြင့်နိုင်ပါ (လော်စစ်ဟန် သား)သူက ဦးနေအောင်တို့ ဇနီးမောင်နှံပါ(ဦးအောင်သောင်းသား နေအောင်) သူက အောင်ဇော်နိုင်ပါ (ဦးအိုက်ထွန်းသား) အကိုကြီးက ဘယ်ကလည်း "ဆိုပြီး မေးပါလေ ရော။ ကျနော်က "ဂန့်ဂေါ ကဦးလှဆွေ ပါ'"ဆိုတော့ နေအောင်က "ဘာအလုပ်လုပ်သလဲ" လို့ မေးပါတယ် ။ ကျနော်က "လယ်ယာ လုပ်ငန်း လုပ်ပါတယ် လက်ရှိတော့ အမတ်ပါ " လို့ ဆိုတော့ အားလုံး ငြိမ်သွား ကြပါတယ် ။ဘာမှ အထင်ကြီးစရာမရှိတဲ့ ကျနော်ဟာ ဆွမ်းဆန်ထဲ ကြွက်ချေးရောနေပြီလို့ ယူဆသွားဟန်ရှိပါတယ် ။အဲ့ချိန်မှာ သတိုးသား/သမီး တွေ ဘာညာဘာညာ လုပ်ပြီး အစောကတည်းက မကြေမချမ်း ဖြစ်နေတဲ့ နေအောင်က" နေပါဦး ခင်ဗျားတို့ အမတ်တွေ လွှတ်တော်ချိန်မဟုတ်ရင် ဘာတွေလုပ်ကြသလဲ။ လွှတ်တော်ထဲမှာရော ဘာတွေလုပ်နိုင်လို့ လဲ ရှင်းပြစမ်းပါ " လို့ ပေါ်တင်ကြီး ညှော်ပါလေရောဗျာ။သူ့မိန်းမ ကမျက်နှာပျက် သွားပေမဲ့ ရီနေပါတယ် ။သူ့ မိန်းမနားကလောက်ကြီးတဲ့ စိန် နာကပ်ကြီးမျိုးပန်ထားတဲ့ ကျနော့်ဇနီးက သိသိသာသာမျက်နှာပျက်သွားပါတယ် ။တော်တန်ရုံ လူဆိုရင်တော့ ဘာပြောရမှန်းသိမယ်မထင်ဘူး ။ကျနော်ကတော့ စားစရာရှိတာစား ။စာပွဲထိုးဆီက ရေတခွက်တောင်း အာလုပ်တွေဘာတွေ ကျင်းပြီးမှ
" အောင်ဇော်နိုင်တို့ အခုလုပ်နေတဲ့ ဘီလူးချောင်း ၃ စီမံကိန်းကို အဲ့မှာရပ်ပေးပါ ။ ဂန့်ဂေါက မြစ်သာ တမံ ကို ဦးစားပေးပါလို့လွှတ်တော်မှာ ကျနော်ပြောခွင့်ရှိတယ် ။အဲ့ အဆိုကိုမဲခွဲခွင့်လည်းရှိတယ်" လို့ပြောလိုက်တော့ အောင်ဇော်နိုင်ရဲ့ ပါတနာ ကိုအောင်သန်း က "ဟာ ဦးလှဆွေအဲ လိုမလုပ်ပါနဲ့ ညစာ ဘယ်မှာစီစဉ်ပေးရမလဲ" လို့ နောက်ပါတယ်။ ဒီစကား သိပ်မယုံ ကြပါဘူး။နောက် လ အနည်းငယ်ကြာတော့ ဒါထက်ကြီးတဲ့ မြစ်ဆုံးကြီးပါ ရပ်ပြစ်လိုက်ပါလေ ရော။ တနေ့ အောင်ဇော်နိုင်နဲ့ ပြန်တွေ့ပါတယ်။ "ကိုလှဆွေ ခင်ဗျားဆီက သင်ယူစရာတွေ ရှိနေတယ်ဗျာ " လို့ ပြောပါတယ်။ကျန်လူတွေ မတွေ့ဖြစ်ပါဘူး။အေးဆေးပါ
( ၂၀၁၄ စက်တင်ဘာ ၂၉ )

 မန္တလာဆေးရုံမှာ ကားအက်ဆီးဒင့်ဖြစ်ထားတဲ့ အမကိုသွားကြည့်။ဖြစ်တာ ၃ ရက်ရှိပြီ မနေ့ကမှ ဆေးရုံကြီးICU ကသတိရလာလို့ ဒီဆေးရုံပြောင်းတက်။ခြေထောက်က ၃ ပိုင်းကျိုးသွားတယ် ၅ ရက်နေ့မှခွဲရမယ်။လောလောဆယ် သွေး၈ပုလင်းသွင်းပြီးပြီ။အမကဆိုင်ကယ်နဲ့။ကျောက်ဆည်တံတားကြီး
နားမှာဖြစ်တာ ။ကားသမားကရဲကို ပေါင်းထားတယ်တဲ့။အာမခံချက်ခြင်းပေးလိုက်တယ်တဲ့။နှစ်ဦးစလုံးမှာအပြစ်ရှိလို့
 ဆေးရုံဆင်းမှရဲစခန်းလာပါတဲ့။ဒီမှာက သတိကမရတချက်ရတချက်။ဒီရဲတော့ကျားရှေ့မှောက်လျက်လဲတာဘဲ ( ၂၀၁၄ အောက်တိုဘာ ၅ ရက် )

နောက်ကနေကားဝင်တိုက်ခံရတဲ့ အစ်မ ဒီမနက် ၄နာရီခွဲ မှာ ခွဲစိပ်ကုသမှု့ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်းနှင့် ရဲ ကလည်း fb ပေါ်မှာတွေ့ပြီး နောက် အစ်မ အား တရားခံစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်ဟုကြားသိရပါကြောင်း ( ၂၀၁၄ အောက်တိုဘာ ၈ )

လူ့အသုံးအဆောင်ဆိုတာ အလဟဿ မဖြစ်ကောင်းဘူး တဲ့။ ချစ်နိုင် စိတ်ပညာ ရဲ့စာတပိုဒ် ဖတ်ဘူးတယ် သူတက္ကသိုလ်အဆောင် မှာ ၃ နှစ်လောက် အမြဲလိုဝတ်တဲ့ ပုဆိုးကြမ်းက အရောင်မှိန် သွားတော့ အိမ်မှာထားခဲ့တယ်တဲ့။နောက်ဆုံးနှစ်ပြီးလို့အိမ်ပြန်တော့ သူငယ်ချင်းတွေကသူ့ရွာလိုက်လည်ကြတယ် တဲ့။သူ့အမေချက်တဲ့ထမင်းစားပြီးတော့ လက်ဆေး ။လက်သုတ်ပုဝါအဖြစ်နဲ့ သူ့ပုဆိုးအဟောင်းကို အပိုင်းလေးတွေ ဖြဲထားတာချပေးတော့ သူငယ်ချင်းတွေက ဟေ့ကောင် ဒါ မင့်ပုဆိုးကြီးဘဲ ဆိုပြီး ဝိုင်းဟားကြပါလေရော အဲ့မှာသူရှက်ပြီး အမေကလည်းဗျာ ဒီပုဆိုးမှလုပ်ရသလား ဆိုပြီး အမေကို အော်မိသတဲ့ ။ သူ ကြီးလာလို့ စာတွေ ဖတ်မှ ဘုရင်တပါးဟာ သူ့မိဘုရားကိုသိပ်ချစ်တော့ အဿပြာ တစ်သိန်း ထိုက်တဲ့ ဝတ်ရုံ ကိုလက်ဆောင်ပေး သတဲ့။ မိဘုရားကလည်း သံဃာ တော်တွေကိုကြည်ညိုလွန်းတော့ လှုလိုက်သတဲ့။အဲ့မှာ ဘုရင်က သူ့မိဘုရားတော့ဘာမှ မပြောရဲဘဲ အလှုခံလိုက်တဲ့ (အရှင် အာနန္ဒာ လားမသိဘူး မေ့နေလို့ )အဲ့ဘုန်းကြီးကို လျှောက်သတဲ့ ။ အရှင်ဘုရားတို့ ကလည်း ကိုယ့်မှာဝတ်စရာရှိရဲ့သားနဲ့ အလှုခံရသလား ပေါ့ ။ ဒါနဲ့ ဘုန်းကြီးက ငါ့သင်္ကန်းအဟောင်းကို ငါ့ထက် ဝါနုတဲ့ရဟန်း တွေကို စွန့်ရမယ် ။ လို့ ပြောတော့ ဝါနု သူတွေမှာလည်း ရှိပြီးသားဘဲ ။ လို့ထပ်လျှောက်တော့ ဝါနုတဲ့ရဟန်းတွေ က ကိုရင်တွေကို စွန့်မှာပေါ့ ။ ဆိုတော့ ဘုရင်က ကိုရင်တွေ မှာလည်းရှိပါတယ် ပေါ့ ။ ဘုန်းကြီး က ကိုရင်တွေရဲ့ အဟောင်း ဟာ ကြမ်းတိုက်လို့ ရတာပေါ့ တဲ့ ။ဘုရင်က ကြမ်းတိုက်ဝတ်ရှိပြီးသားဘဲ ဆိုတော့ ဘုန်းကြီးက ရှိတဲ့ ကြမ်းတိုက်ဝတ်တွေကို ရေအပုတ်စိမ် ထုထောင်းပြီး စက္ကူ လုပ်ရမယ်လို့ ပြောလိုက်တော့ ဘုရင်လည်း အရှင်ဘုရားတို့ ဟာ ဘယ်ဟာမှ အသုံးမဝင်ဘူးဆိုတာမရှိပါကလား ဆိုပြီး သဘောပေါက်သွားတဲ့နောက် ထပ်မံလှုဒါန်းမှု့ပြုသွားခဲ့တယ်တဲ့။ ကျနော်က ပြည်တွင်းဖြစ်စေ နိုင်ငံခြားဖြစ်စေ ဟိုတယ်တွေမှာ တဲ ရရင် ရေချိုးခန်းထဲက ဆပ်ပြာ။ခေါင်းလျှော်ရည်။ သွားတိုက်တံ။ ဘီး။ လိုးရှင်း။ အဝတ်ချုပ်အပ်ဝမ်းဆက် ။ယူခွင့်ရှိမရှိမေးပြီး ယူလို့ရတာ အကုန် ကျွပ်ကျွပ်အိပ်နဲ့ ထဲ့ယူလာပါတယ်။ပြီ ရင် ကျနော့် တော က ခလေးတွေကိုဝေပေးပါတယ် ဒါငါအလကား ရ လာတာ ဒါဘယ်နိုင်ငံ က ဘာ ဟိုတယ်ကဟာ စသဖြင့်ပြောပြပါတယ်။ဟိုနေ့က မန်းလေး ရွှေပြည်သာဟိုတယ်မှာ EITI အစည်းဝေး အတွက် INGO တခုက စပွန်စဆာပေးလို့ ပါတီစုံက အမတ်အချို့နဲ့အတူ တဲ ရတော့ ယူလာတာတွေလဲပါတာပေါ့။ရွာက ကလေးတွေ အဆင့်မြင့်မြင့်သုံးရတာပေါ့။နို့ နှမြောစရာကြီးဗျာ ( ၂၀၁၄ အောက်တိုဘာ ၁၂ )




ကျနော့် ဦးစီးအရာရှိ ဝေလင်းစိုးရယ် ဘုတ်အီးမ ရယ် ဂျပိန် ရယ် ဓါတ်ပုံရိုက်တဲ့ အသေးလေးရယ် အမြဲလိုလို နေ့လည်စာအတူစားတယ်။ ဒါကြောင့် ဘဲဥ ၅ လုံးပါတာလေ။ တယောက်ထဲ စားရင် မစားခြင်ဘူး ။ဝက်တွေလိုပေါ့ တကောင်ထဲ ဆိုမစားတော့ပိန်တယ် ၂ ကောင်ရောမွေးရင်လုစားတော့ ဝ တာပေါ့။ပျော်စရာလည်းကောင်းတယ် ။သူတို့က ကျနော့်ဟင်းတွေဆို အမြဲအားပါးတရစားပါတယ်။အရသာရှိရှိ ပိုပိုသာသာ လေးအမြဲထည့်ခဲ့တယ်။ တပ်မှာနေတုံးကလည်း ရဲဘော်တွေနဲ့ တရုံးရုံး နေတာဗျ။တမျိုးပြောင်းပြီးဆဲကြပါဦး ( ၂၀၁၄ အောက်တိုဘာ ၁၅ )

ကြာတော့ ကြာပြီ - - - - ကျနော့်အဖေလေ စစ်ထဲဝင်တာ သူ့ ပညာအရည်အချင်း ရှေး ကိုးတန်းအောင် တဲ့ရှေးကိုးတန်နဲ့ ခောတ် ကိုးတန်းနဲ့ ဘာကွာလည်း သိပ်မသိပါဘူးဗျာ ။ ဒါနဲ့ အခြားအဆင့်နဲ့ တပ်ထဲဝင် ပညာတတ်တော့ ဗိုလ်သင်တန်း အောင် ကြည်း ၇၆၇၀ ပါ။ ကျနော် က ကြည်း ၁၆၆၀၈ ။ တဆွေ လုံးတမျိုးလုံး တပ်ထဲ မှာဘဲ ။ကြည်း ၂၈၁၀၈ ရန်နောင်စိုး ။ကြည်း၃၂၉၇၇ နေဦးလွင် ။ကြည်း ၃၈၆၃၅ မြတ်သီဟ ။ N ၈၁၂ စစ်သူနာပြု ဗိုလ်ကြီးမေဇော်ထူး ။ နောက်ထပ်မွေးလာတဲ့ သားသမီးမြေးမြစ်တွေ ကိုလည်း စစ်ထဲ သွင်းဦးမှာပါဘဲ။ဘာလို့လဲဆိုတော့ စစ်တပ်ထဲမှာနေရတာ ဘဝ ရပ်တည်ရတာ ကျနော်ကိုယ်တိုင် ရာထူးကောင်းကောင်း နေရာကောင်းကောင်း တခါမှမရဘူးပေမဲ့ တပ်မတော်သားဆိုတာ နိုင်ငံ အတွက်အမြဲပေးဆပ် နေဘို့သာဖြစ်ပြီး နိုင်ငံတော်ကပြန်ပေးတဲ့ အကျိုးအမြတ်ဆိုတာကို ပြန် ရတာမရတာ ဆိုတာ ဘာမှ ပြောစရာကိစ္စ လို့ ကို သပ်မှတ် စရာမလိုလို့ပါ။ကျနော့်အဖေ က ပြောဘူးတယ် ကိုဆွေ မင်း တပ်ထဲနေသရွေ့ ဘယ်တော့မှ ထောက်လှမ်းရေး နဲ့ ပါတီနဲ့မဝင်နဲ့ တဲ့ ။ ဘာလို့လဲအဖေ လို့ မေးတော့ သူက အဲဒါတွေ က မတည်မြဲဘူး တဲ့ တပ်ဆိုတာကတော့ ကမ္ဘာ တည်သရွေ့ ရပ်တည်နိုင်တယ်တဲ့ ( ၂၀၁၄ အောက်တိုဘာ ၂၆ )

ကျနော့်မှာ သမီး နှစ်ယောက်ရှိတယ် ချယ်ချယ်နဲ့ ပေါက်ပေါက်လို့ ခေါ်တယ် အကြီးဆုံးက သားဗျ ။ငယ်ကြသေးတော့ တယောက်မှ အိမ်ထောင်မကျ သေးဘူး ။ သမီးတွေက ငပေါ မတွေ။ ရီရတယ်။တယောက်နဲ့တယောက်လည်း သူတို့မကြိုက်တာရှိရင် အချင်းချင်းကပ်ရောင်းတတ်တယ်။ဥပမာ ၂၀၀၀၀ နဲ့ဝယ်ထားတဲ့ အင်္ကျီကို ၁၀၀၀ နဲ့ရောင်းတာတို့ဘာတို့ ပေါ့။၁၉၉၄ ခုနှစ်ကျနော်ရှေုတန်းကပြန်လာတော့ ရဲဘော်တွေရော ကျနော်ရော စုတ်ပြတ်သပ်နေကြတယ် တချို့ရဲဘော်တွေကလည်း ရန်သူဆီကရထားတဲ့ ပျောက်ကြား အင်္ကျီဘောင်းဘီတွေ ဝတ်လာတာပေါ့။အဲမှာ တပ်ဂိတ်ဝကနေ မိသားစုလိုက်ပန်းကုန်းစွပ် ကြိုဆိုကြပါတယ် ( မပါလာတော့တဲ့ ရဲဘော် မိန်းမတွေက လူးလိမ့်ငိုပေါ့) အဲမှာ အလတ်မ ချယ်ချယ်က ပျောက်ကြားဝတ်စုံနဲ့ မုတ်ဆိပ်မွှေး ပါးသိုင်းမွှေးနဲ့ရဲဘော် ကိုကြည့်ပြီး ကျနော့နားကပ်မေးတယ် ဖေ ဖေ ဖေတို့ ရှေတန်းပြန်လာတာ သူပုန်တွေရောတခါတည်းခေါ်လာတာလားဟင် တဲ့ ( ၂၀၁၄ အောက်တိုဘာ ၂၈ ရက် )


 မြင်းခြံအနောက်ဖက် ရေစကြို မြို့နယ် နတ်ညွှန်းရွာ က အမေ့ ဇာတိ ။မြန်မာပြည် အလယ်ခေါင်မှာ ခုထိ ကားသွား မရ လျှပ်စစ်မီးမရှိ ။အမေ့အလိုကျ ကထိန် ခင်း ။လာကြိုတဲ့ဆိုင်ကယ်နဲ့ ခနှော်နီ ခနှော်နဲ့ တံတားလေးကဖြတ် ။ဆွေမျိုးတသိုက်ကျင်းပတဲ့ ပကာသနမပါသော ရိုးရှင်းတဲ့ ကထိန် အလှု ပွဲလေး ပါ ။ဘယ် အရာရှိ အရာခံ သူဌေးသူကြွယ်မှ မပါ အသက် ၉၀ ပြည့်ရန် တစ်နှစ်အလို အရွယ် အမေက စိတ်ချမ်းသာပျော်ရွှင်စွာ ပိုက်ဆံ ကြဲတယ် ။ကျနော်လည်း အနားကျလာတဲ့ ပိုက်ဆံလေးကောက်ကြည့်လိုက်တော့ မြန်မာပြည်မှာ ဘာမှဝယ်စားလို့မရတော့တဲ့ပိုက်ဆံ တွေဖြစ်နေတယ် အမေက သူ့ရှိတာ သူတတ်နိုင်တာသူလုပ်တာဆိုပေမဲ့ ကျနော်ဘယ်စိတ်ကောင်းပါ့မလည်း။ဘုန်းကြီးကျောင်းကို လှုတဲ့ထဲမှာ ဆိုလာပြားတချပ်လည်းပါတယ် သာဓုခေါ်နိုင်အောင်ပါ  ( 2014 November 10 )


ဆက်စပ်ဖတ်ရှုရန်

 * ဦးလှဆွေ ( သို. ) ဘူးလက်လှဆွေ ၏ အတွေး၊ အမြင် ၊ အရေး ၊ အသား များ ( ၁ ) 

 * ဦးလှဆွေ ( သို. ) ဘူးလက်လှဆွေ ၏ အတွေး၊ အမြင် ၊ အရေး ၊ အသား များ ( ၂ )




 

No comments:

Post a Comment