Friday, December 5, 2014

AK-47 Company က Design သစ် မိတ်ဆက်



ကမ္ဘာကျော် ချေမှုန်းရေး ရိုင်ဖယ် သေနတ်အမျိုးအစားဖြစ်သည့် AK-47ကို ထုတ်လုပ်သည့် ရုရှား လက်နက် လုပ်ငန်းကြီးက မျိုးဆက်သစ် ရိုင်ဖယ်သေနတ် အသစ်များကို စတင်မိတ်ဆက် ပြသလိုက်ကြောင်း သိရသည်။

ရုရှား လက်နက် လုပ်ငန်းကြီး Kalashnikov သည် ဒီဇိုင်းပိုင်း မွမ်းမံအဆင့်မြှင့်ထားသည့် စနိုက်ပါနှင့် ချေမှုန်းရေး ရိုင်ဖယ်များကို မိတ်ဆက်လိုက်ပြီး နောက်ထပ် ဝယ်လက်အသစ် များစွာကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ထားသည်။ မော်စကိုတွင် ယခုသီတင်းပတ်အတွင်း ကျင်းပသည့် လက်နက်ပြပွဲ တစ်ခု၌ AK-47ကို အဆင့်မြှင့်တင်ထားသည့် လှပပြီး ဆွဲဆောင်မှုရှိသော ရိုင်ဖယ် သေနတ် အသစ်များကို ခင်းကျင်း ပြသခဲ့ခြင်း ဖြစ်သည်။

AK-47သည် ကမ္ဘာပေါ်တွင် အရောင်းရဆုံး ရိုင်ဖယ်သေနတ် အမျိုးအစားဖြစ်ပြီး Kalashnikovက ၎င်းတို့၏ ဈေးကွက်ကို ချဲ့ထွင်ရန် ခြေလှမ်းသစ်များ စတင်လာခြင်း ဖြစ်သည်။

ယူကရိန်း ပဋိပက္ခနှင့် စပ်လျဉ်းပြီး ရုရှားကို အနောက်အုပ်စု နိုင်ငံများက ပိတ်ပင်မှုများ သတ်မှတ်လိုက်ခြင်းကြောင့် Kalashnikov အနေဖြင့်လည်း ရုန်းကန်ရသည့် အခြေအနေများ ရှိခဲ့သည်။ ယခုအခါ လက်နက်ကုမ္ပဏီကြီးက သေနတ်သစ်များအပြင် အမှတ်တံဆိပ် အသစ်တစ်ခုကိုပါ မိတ်ဆက်ခဲ့သည်။

Kalashnikovက ထုတ်လုပ်သည့် AK-47သည် ဈေးသက်သာခြင်း၊ ပေါ့ပါးခြင်း၊ စွမ်းအင်ထက်မြက်ခြင်းနှင့် ထုတ်လုပ်ရ လွယ်ကူခြင်းတို့ကြောင့် ကမ္ဘာအနှံ့ ဈေးကွက်အများအပြား ရရှိခဲ့ပြီး အထူးသဖြင့် အာရှနှင့် အာဖရိကရှိ အစိုးရ စစ်တပ်များစွာက မှာယူခဲ့သည်။

မှတ်တမ်းအားဖြင့် တိတိကျကျ မဖော်ပြနိုင်သော်လည်း ဆိုဗီယက်ခေတ် ဒုတိယ ဗိုလ်ချုပ်ကြီး မစ်ခေးလ် ခါလက်ရှ်နီကော့ဗ် စတင်ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့သည့်နောက်ပိုင်း AK-47 သေနတ်ပေါင်း သန်း(၁၀၀)ကျော်ထိ ထုတ်လုပ်ခဲ့ပြီးပြီဟု ယူဆရသည်။




ယခုအခါ Kalashnikov Concern ဟု အမည်ပြောင်းလဲထားသည့် ကုမ္ပဏီသည် K နှင့် C တို့ ပေါင်းစပ်ထားသည့် ကုမ္ပဏီ အမှတ်တံဆိပ်သစ်ကိုလည်း ပြသခဲ့သည်။ ကုမ္ပဏီ၏ ကြေညာချက်အရ ယခုနှစ်အတွင်း စုစုပေါင်း သေနတ် အရေအတွက် (၁၄၀၀၀၀)ကျော် ရောင်းချထားပြီး ယမန်နှစ်ကထက် နှစ်ဆမျှ အရေအတွက်တိုး ရောင်းချရခြင်းဟု သိရှိရသည်။

Copy from OE .

No comments:

Post a Comment