Friday, October 3, 2014
သခင်သိန်းမောင် ( ၀ါးခယ်မ ) - ဇာတိမြေ ကို တင်.တည်စေခဲ့သူ
 သခင်သိန်းမောင် (ဝါးခယ်မ) အား ၂.၂.၁၉၁၉ ရက်နေ့တွင် အဘ ဦးဘမောင် နှင့် အမိ ဒေါ်မိက လေးတို့မှ ဝါးခယ်မမြို့တွင် မွေးဖွားခဲ့ပြီး ဝါးခယ်မအစိုးရ အထက်တန်းကျောင်းတွင် ၇တန်းအောင်သည်အထိပညာသင်ကြားခဲ့သည်။ ၀ါးခယ်မ လူငယ်များကြီးပွားရေး အသင်း ထူထောင်ရာတွင်ပါဝင်ခဲ့သည် ။ ၁၉၃၅ တွင် သခင်သိန်းဖေ ၊ သခင်ချစ်တင် ၊ သခင်မောင်မောင် တို.နှင်.အတူ တို.ဗမာ အစည်းအရုံးကို ၀င်ရောက်ပြီး လယ်သီးစာခ မပေးရေး လှုပ်ရှားမှု နှင်. ထွန်တုံးတိုက်ပွဲ များတွင်ပါဝင်ခဲ့သဖြင်. ထောင်ဒါဏ် ၆ လ ကျခံခဲ့ရသည် ။ ၁၉၃၈/ ၃၉ ခုနှစ်တွင် သခင်သန်းထွန်းနှင့် ဆရာကွန်းတို့ ကျောင်းဆရာလုပ်ကိုင်သည့် ရန်ကုန်မြို့ ကန်တော်က လေးရှိ ဗမာ-မွတ်စလင်ကျောင်း( မှတ်တမ်းတစ်ခုတွင် အမျိုးသားကျောင်းတွင် ၁၀တန်းအထိ ပညာသင်ကြားခဲ့သည်ဟု ဆိုသည် ) တွင် အထက်တန်းပညာရပ်ကို ဆက်လက်သင်ယူခဲ့သည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး ၂ဝ.၁၂.၁၉၃၈ ရက်နေ့တွင် အတွင်းဝန်ရုံးအား ဝိုင်းစဉ်တွင် ဦး ကြည်မောင်၊ ဦးအေးငွေ၊ ဦးဌေးမြိုင် (ဒဂုန်တာရာ) တို့နှင့်အတူ   ပါဝင်ခဲ့သည်။ 
၁၅.၈.၁၉၃၉ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းပြီးနောက်တွင် သခင်သိန်းမောင်သည် ကွန် မြူနစ်ပါတီဝင်ဖြစ်လာပြီး ကွမ်းခြံကုန်းမြို့၊ အင်္ဂလုံကျေးရွာတွင် သခင်စိုး ပို့ချခဲံသော နိုင်ငံရေးသင်တန်းအား သခင်ဘဟိန်း၊ သခင်ဗသိန်းတင်၊ RET ဦးကျော်ငြိမ်း၊ ဒေါ်စောမြ၊ ဒေါ်နှင်းဆီ တို့နှင့်အတူ တက်ရောက်ခဲ့ ကြသည်။ သခင်ဗို ၏ မာ.က်စ် ၀ါဒ လေ.လာရေး အစုဝင် အဖြစ်  ဦးအေးငွေ ၊ ဦးကြည်မောင်တို.နှင်. အတူ ပါဝင်ခဲ့သည် ။ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးကာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီမှ ထုတ်ဝေသည့် အရေး တော်ပုံ မြေအောက်ဂျာနယ်ကို သခင်ဘဟိန်း၊ သခင်ဗိုလ်၊ RET ဦးကျော်ငြိမ်း တို့နှင့် လျှို့ဝှက်စွာ ထုတ်ဝေ ဖြန့်ချီရာတွင် ပါဝင်ခဲ့သည်။
 ၂၇.၃.၁၉၄၅ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို မြစ်ဝကျွန်းပေါ်တိုင်း၊ ဝါးခယ်မမြို့မှ ပါဝင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး ၂ဝ.၇.၁၉၄၅ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ် ပါတီကွန်ဂရက်ကို မြောင်းမြခရိုင် ပါတီအတွင်းရေးမှူးအနေဖြင့် တက်ရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင်  တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် ၀ါးခယ်မမြို.မှ ဗမာပြည် ကွန်မြူနစ် ပါတီ အမတ်လောင်းအဖြစ် ၀င်ရောက်အရွေးခံရာ အနိုင်မရရှိခဲ့ ပါ ။ ထိုနှစ်တွင် ဒေါ်အေးမြင့်နှင့် အိမ်ထောင်ကျခဲ့သည် ။ ၂၈.၃.၁၉၄၈ ရက်နေ့တွင် ဗမာ ပြည်ကွန်မြူနစ်ပါတီ တောခိုခဲ့ရပြီးနောက်တွင် သခင်သိန်းမောင်သည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ သာယာ ဝတီထောင်နှင့် အင်းစိန်ထောင်တို့တွင်နှိပ်စက်ခံခဲ့ရသည်။  မက်စ်စာပေ လေ့လာရေးအဖွဲ့အား လေထီးဗိုလ်အုန်းမောင်၊ ဦးကျော်ရင်တို့နှင့် အတူဖွဲ့စည်းခဲ့ပြီး ဖ.ဆ.ပ.လ ခေတ်တွင် ကရင်ပြည်နယ်ဝန်ကြီး ဦးစောဘာဘာ၏ ကိုယ်ရေးအတွင်းဝန်အဖြစ်၎င်း၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည် တွင်းငြိမ်းချမ်းရေးအဖွဲ့ (ဗမာနိုင်ငံ) တွင်ပါဝင်ခဲ့သည်။
 ၁၉၈၈ လူထုအရေးတော်ပုံအပြီးတွင် တို့ဗမာအစည်း အရုံးဝင် သခင်တစ်ယောက်အနေဖြင့် လေထီးဗိုလ်အုန်းမောင်၊ သခင်အုန်းမြင့် တို့နှင့်အတူ ဒီမိုကရေစီရေး တိုက်ပွဲတွင် ပါဝင်ခဲ့သည် ။  ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်  ၊ ၁၉၉၂ မှစ၍  ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းရေးကော်မတီ တွင်ပါဝင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ သည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းရေးကော်မတီနှင့် ဟံသာဝတီ ဦးဝင်းတင် ဖောင် ဒေးရှင်းတို့တွင်လည်း နာယကအဖြစ် နောက်ဆုံးအချိန်အထိ တာဝန်ယူခဲ့သည်။ ၁၉၉၉ တွင် ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။  
၂၉.၉.၂ဝ၁၄ ရက်နေ့ ညနေ (၅းဝဝ) နာရီ အချိန်တွင် ဈာပနအခမ်းအနားအား ရေဝေးသုဿန်၌ကျင်းပခဲ့ပါသည် ။ သခင်သိန်းမောင်၏ ဈာပနအခမ်းအနားအား နိုင်ငံရေးအင်အားစု အသီးသီးနှင့် ဆွေမျိုး မိတ်သင်္ဂဟများ က ပန်းခြင်း၊ ပန်းခွေ အမြောက်အများ  ပေးပို.ခဲ့ကြပြီး သခင်သိန်းမောင်၏ နိုင်ငံရေးနှင့် လူမှုရေး ဆောင်ရွက်ချက်များအား ဖတ်ကြားတင်ပြခြင်းနှင့် နယ်ပယ်အသီးသီးမှ ပေးပို့သည့် သဝဏ်လွှာများအား ဖတ်ကြားခဲ့သည့်အပြင် တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ နိုင်ငံရေးနယ်ပယ်မှ တာဝန်ရှိသူများနှင့် မိတ်ဆွေများတို့မှ သခင်သိန်းမောင် နှင့်ပတ်သက်၍ အမှတ်တရစကားများ ပြောကြားခဲ့ကြသည် ။
နိုင်ငံ.တာဝန်ကို ငယ်ရွယ်စဉ်ကပင် ကျရာနေရာမှ တက်ကြွစွာ ပါဝင်ထမ်းဆောင်ခဲ့သူ ၊ မိမိ၏ အမည်နာမ နှင်. တွဲ ၍ မိမိဇာတိကို ဆက်စပ်တင်.တည်စေသူ ၊ နိုင်ငံအတွက် -  လူမျိုးအတွက် - မိမိမြို.ရွာအတွက် တာဝန်ကျေပြွန်ခဲ့သော သခင်သိန်းမောင် ( ၀ါးခယ်မ ) အနေဖြင်. ကောင်းရာသုဂတိ လားပါစေကြောင်း ဇာတိဖွားတို.အားလုံးကိုယ်စား နှမြောတသ ယူကြုံးမရစွာ ဆုတောင်းအပ်ပါသည် ။
ဆက်စပ်ကြည်.ရှုရန်
No comments:
Post a Comment