Saturday, December 29, 2018

ဇီးပင်ကြီးစစ်တမ်း ဇီးပင်ကြီးပုံပြင် နဲ. ဇီးပင်ကြီးအမြင်များ - ၃





ဇီးပင်ကြီးနဲ့ ဖောင်ကြီးမှာ လေထန်နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ - Myanmar Now
ဖောင်ကြီးမှ ခေတ်သစ်ဝါဒမှိုင်း

မြန်မာပြည်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် နှစ်ခုရှိရာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ပဲခူးရိုးမ ဖောင်ကြီး ကျေးရွာ အနီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာမူ ပါလီမန်ဒီမိုကစီအစိုးရကို အဏာသိမ်း တက်လာသော ဗိုလ်ချုပ်ကြီးနေဝင်းခေတ်တွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။

မြေဧက ၃ဝဝဝ ခန့်ပေါ်တွင် တည်ရှိသော ဖောင်ကြီးအား စတင်ဖွင့်လှစ်သည့် ၁၉၆၅ ခုနှစ် ကာလများတွင် လက်နက်ကိုင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပဲခူးရိုးမတွင် လှုပ်ရှားလျက်ရှိသည်။

နှစ်စဉ်ဝန်ထမ်းထောင်ချီ၍ ဖောင်ကြီးသို့ သွားရောက် သင်တန်းတက်ရပြီး ဆိုရှယ်လစ်လမ်းစဉ် နိုင်ငံရေး သဘောတရားများနှင့် စစ်ပညာအခြေအခံ သင်တန်းများပါ အပြာရောင် ယူနီဖောင်း ဝတ်ကာ သင်ကြားရသည်။

ထိုသင်တန်းများသို့ တက်ရောက်ခဲ့ရသူတစ်ဦးမှာ ယခုအသက် ၇၃ နှစ်ရှိပြီဖြစ်သည့် တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့် ဖြစ်သည်။ သင်တန်းတက်သည့် ၁၉၇၄ ခုနှစ်တွင် သူသည် မြို့နယ် သမဝါယမဦးစီးမှူး အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်သည်။

သူတို့ လက်ခံစေချင်တာကတော့ ပါလီမန် ဒီမိုကရေစီစနစ်ဟာ မကောင်းဘူးပေါ့ဗျာ။ ဒါကြောင့် တပ်မတော်က အာဏာ သိမ်းရတယ်။ နိုင်ငံတော်အပေါ်မှာ သစ္စာရှိရမယ်။ ပြည်ပ ကျူးကျော်လာရင် ခံတိုက်ရမယ်။ အဲဒါမျိုးတွေပေါ့ဗျာ။ အဓိကတော့ စစ်ဝါဒတွေကို ဝန်ထမ်းတွေရိုက်သွင်းတဲ့နေရာပဲ။ တိုင်းပြည်အတွက် ဘာမှအကျိုးမရှိတဲ့သင်တန်းတွေပဲ ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီးနေဝင်းစစ်အုပ်ချုပ်ရေး၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေစစ်အုပ်ချုပ်ရေးမှ ယနေ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရဖွဲ့နိုင်သည့် ခေတ်ပြောင်းစနစ်ပြောင်း အခြေအနေများ ဖြစ်ပေါ်နေသော်လည်း ခေတ်အဆက်ဆက် ဝါဒမှိုင်းများသာမက ဝါဒသစ်များပါ ဖောင်ကြီး၏ နိုင်ငံရေးသိပ္ပံ သင်ကြားချက်များတွင် ဆက်လက် ပဲ့တင်ထပ်နေသည်။

ထိုအချက်မှာ နိုဝင်ဘာ ၁၆ ရက်နေ့က ဖောင်ကြီးတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံဌာန တွဲဖက်ပါမောက္ခ ဒေါ်ယဉ်ယဉ်နွဲ့ ၏ သင်ကြားပို့ချချက်များတွင် အထင်အရှား ပေါ်လွင်နေသည်။

အသက် ၂၅ နှင့် ၃၅ နှစ်ကြား ရဲတပ်ဖွဲ့ဝင်များ၊ တရားရေး ဝန်ထမ်းများနှင့် အခြားသောဌာနဆိုင်ရာ ဝန်ထမ်းများ ၁၀၀ နီးပါးသည် ၎င်း၏ သင်တန်းသားများဖြစ်သည်။

နားကြပ်ကိုချိတ်၊ ကြိုးမဲ့မိုက်ကရိုဖုံးကို လက်တွင်ကိုင်ပြီး ပရိုဂျက်တာအသုံးပြု၍ သင်ကြားနေသာ သင်တန်းနည်းပြဆရာမက မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီကျွန်ပြုခံခဲ့ရပုံ၊ လွပ်လပ်ရေးရပြီးနောက် လက်နက်ကိုင် သောင်းကျန်းသူများအကြောင်းကို ပြောဆိုရင်း တပ်မတော်ခေါင်းဆောင်များက ၁၉၆၂ မှ ၂ဝ၁ဝ တွင် နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရပုံများကိုပြောဆိုသည်။ ထို့နောက် နိုင်ငံတော်၏ လမ်းပြမြေပုံ ခုနစ်ချက်ကိုကြေညာကာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထု၏ထောက်ခံမှုဖြင့် အတည်ပြုပြီး ဒီမိုကရေစီလမ်းစဉ်ကို ပြောင်းလဲခဲ့ပုံကိုလည်း ဟန်ပန်အမူအရာအပြည့်ဖြင့် ရှင်းပြနေသည်။

အထက်ပါအကြောင်းအရာများသည် စစ်အုပ်ချုပ်ရေးခတ် ကျောင်းသုံးစာအုပ်များနှင့် နိုင်ငံပိုင် မီဒီယာများတွင် အဖန်တလဲလဲ ပါဝင်သော အကြောင်းအရာများဖြစ်သည်။

အနောက်နိုင်ငံတို့က မဖွံ့ဖြိုးသေးသည့်နိုင်ငံများကို ဆင်းရဲမွဲတေစေရန် ကနဦးလုပ်ဆောင်ကြောင်း၊ ဆင်းရဲမှုကြောင့် တိုင်းပြည်တွင် ငွေကြေးဖောင်းပွမှုများ၊ လူ့အခွင့်အရေးဆုံးရှုံးမှုများဖြစ်ပေါ်လာပြီး ထိုအခြေအနေတွင် အင်အားကြီးနိုင်ငံများက တိုင်းပြည်ကို ၎င်းတို့လိုသလို ထိန်းချုပ်ကြောင်း၊ ထိန်းချုပ်နိုင်ခြင်း မရှိပါက စီးပွားရေးပိတ်ဆို့ကာ ခေတ်သစ်နယ်ချဲ့ဝါဒကို ကျင့်သုံးကြောင်း ဒေါ်ယဉ်ယဉ်နွဲ့က ပို့ချသည်ကို Myanmar Now ၏ခရီးအတွင်း မြင်ခဲ့ရသည်။

မီဒီယာတွေသုံးလာပြီးတော့မှ အားနည်းတဲ့နိုင်ငံ၊ သူတို့ မျက်စိကျတဲ့နိုင်ငံတွေရဲ့ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ဖို့ ကြိုးစားတယ်။ ကြိုးစားပြီးတော့မှ မဟုတ်မမှန်သတင်းတွေနဲ့ မီဒီယာတွေက တစ်ဆင့် ဖြန့်ပြီးတော့မှ သူများတွေ နိုင်ငံရေးကိစ္စတွေမှာ ဝင်ပြီးတော့မှ လာတာ။ ဒါ ကျွန်မတို့ ခေတ်သစ် ကိုလိုနီနယ်ချဲ့ဝါဒတွေပါ ဟု အသက် ၄ဝ အရွယ် နိုင်ငံရေးသိပ္ပံပါမောက္ခက ပို့ချသည်။

သင်တန်းပြီးဆုံးပြီးနောက် ထိုဆရာမကို Myanmar Now က “ဒီအချက်တွေကို ဘယ်သူ သင်ခိုင်းတာလဲ။ ဆရာမသဘောနဲ့ ဆရာမ သင်တာလား ဟု မေးမြန်းသည့်အခါ ၎င်းက အထက်အရာရှိများ၏ လမ်းညွှန်ချက်များ ခံယူပြီး သင်ကြားခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုသည်။

ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းတွင် ထူးခြားချက်များအနက် တစ်ခုမှာ အခမ်းအနား ပြီးဆုံးသည့်အခါ လက်ခုပ် အချက် ၂ဝ တီးရခြင်း ဖြစ်သည်ဟု ဒေါက်တာစိုးသူရဇော်က ပြောသည်။

စိတ်ထဲကနေအချက် ၂၀ ရေပြီး တီးရပါမယ် တဲ့။ ဒီတက္ကသိုလ်ကနေ ဆင်းပြီး လုပ်ငန်းခွင်ကို ရောက်သွားတဲ့အခါရော သူတို့ ဘာတွေပဲလုပ်ကြလဲ။ for show တွေပဲ (အပြကောင်းတာတွေပဲ) လုပ်ကြတယ်၊ ဥပမာ လူကြီးခရီးစဉ် ရှိရင် ဓာတ်တိုင်တွေ ထုံးသုတ်တယ်။ သစ်ပင်တွေ ထုံးသုတ်တယ်၊ ပလက်ဖောင်းတွေ ဆေးသုတ်တယ်ဟု သူက ဆက်ပြောသည်။

စစ်အရာရှိ ပါချုပ်များ



ဖောင်ကြီးနှင့် ဇီးပင်ကြီး တက္ကသိုလ်နှစ်ခုလုံးသည် နိုင်ငံတော်သမ္မတက ခန့်အပ်သည့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့၏ ဥက္ကဋ္ဌလက်အောက်တွင် လည်ပတ်နေကြခြင်းဖြစ်သည်။ ရာထူးအဖွဲ့အောက်တွင် ဝန်ထမ်း ရွေးချယ် လေ့ကျင့်ရေး ဦးစီးဌာန၊ ဝန်ထမ်းရေးရာ ဦးစီးဌာန အပြင် အောက်မြန်မာပြည် (ဖောင်ကြီး) နှင့် အထက်မြန်မာပြည် (ဇီးပင်ကြီး) ဗဟိုဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်များ ရှိသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းသိမ်းမှာ ရာထူးမှ နုတ်ထွက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်ထက် ၂ဝ၁၆ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် တပ်မတော် အငြိမ်းစားအရာရှိ တစ်ဦးဖြစ်ပြီး၊ ၎င်းလက်အောက်ရှိ ဇီးပင်ကြီးနှင့်ဖောင်ကြီး တက္ကသိုလ် ပါမောက္ခချုပ်များ မှာလည်း အငြိမ်းစား တပ်မတော် အဆင့်မြင့် အရာရှိများဖြစ်သည်။

ဇီးပင်ကြီးပါမောက္ခချုပ် ဦးညီညီစံနှင့် ဖောင်ကြီးပါမောက္ခချုပ် ဦးအောင်တင်စိုးတို့နှစ်ဦးစလုံးက ၎င်းတို့သည် တပ်မတော် အငြိမ်းစားအရာရှိကြီးများ ဖြစ်ကြသော်လည်း လက်ရှိအစိုးရ၏ မူဝါဒများအတိုင်း သင်တန်းများကို စီမံ ခန့်ခွဲနေခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်အုပ်ချုပ်ရေးမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းချိန်တွင် ကြီးမားသောပြောင်းလဲမှုများ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် မရှိခဲ့သော်လည်း ၂ဝ၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ အစိုးရ ဖွဲ့စည်းပြီးချိန်မှစ၍ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီဖြစ်ကြောင်း သူတို့နှစ်ဦးက ဆိုသည်။

သင်တန်းများကိုယခင်က စစ်ပညာ အခြေခံ သဘောတရားများဖြင့် သင်ကြားခဲ့သော်လည်း ယခု NLD အစိုးရ လက်ထက်တွင် စစ်ပညာသင်တန်းများကိုဖျက်သိမ်းခဲ့ကြောင်း၊ တူညီဝတ်စုံများကိုယခင်က ဝတ်ဆင်ရသော်လည်း ဝန်ထမ်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် ဝတ်ဆင်ရသည့် အဝတ်အစားများကို ဝတ်ဆင်ခွင့် ပြုထားပြီဖြစ်ကြောင်း ၎င်းတို့ကရှင်းပြသည်။

တက္ကသိုလ်နှစ်ခုလုံးတွင် စီမံခန့်ခွဲမှု၊ စီးပွားရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ၊ ဥပဒေ၊ အင်္ဂလိပ်ဘာသာ၊ နိုင်ငံရေးသိပ္ပံနှင့် စစ်ပညာ သင်တန်းများနေရာတွင် အစားထိုးလိုက်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဘာသာရပ်ကို ပို့ချနေခြင်းဖြစ်သည်။ တက္ကသိုလ်တစ်ခုအတွက် နှစ်စဉ် ဘတ်ဂျက်အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၃ဝဝဝ ခန့် ရှိပြီး၊ တစ်နှစ်လျှင် သင်တန်းသားပျမ်းမျှ တစ်သောင်း လက်ခံလေ့ကျင့်ပေး နေသည်ဟု သိရှိရသည်။

သင်ကြားရေး ရည်ရွယ်ချက်များသည် ပြည်သူ့ဝန်ထမ်းများစွမ်းဆောင်ရေးမြှင့်တင်ရေး၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို နားလည် သိရှိလိုက်နာနိုင်ရေးနှင့် ဝန်ထမ်းများ ရိုးသားခြင်း၊ ဖြောင့်မတ် သမာဓိရှိခြင်း၊ ဘက်မလိုက်ခြင်းစသည့် စံတန်ဖိုးများ ပိုမို ခံယူကျင့်သုံးနိုင်စေရေးဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

လတ်တလော ပြောင်းလဲလာတဲ့အချိန်မှာ ဖွဲ့စည်းပုံအရတော့ အဟောင်းပဲ၊ အဟောင်းကို အသစ် အသွင် ပြောင်းတယ်။ ပြောင်းတဲ့အချိန်မှာ ပြောင်းတဲ့ဆရာ ဆရာမတွေက အသစ်ဖြစ်ချင်မှဖြစ်မယ်။ ပညာရေး ဝန်ကြီးဌာနကို ခွင့်တောင်းတယ်။ တတ်နိုင်တဲ့သူတွေလာပါ၊ ရာထူးတိုးပေးမယ် ဆိုပြီး ခေါ်တာတွေရှိတယ်။ ဒီဘက်ခေတ်က လူတွေလည်း လဲရတာရှိတယ် ဟု ဥက္ကဋ္ဌ ဦးဝင်းသိမ်းပြီးလျှင် ရာထူးဝန်အဖွဲ့တွင် အဆင့်မြင့်ဆုံးအရာရှိဖြစ်သော အငြိမ်းစားတပ်မတော်အရာရှိ ဦးဝင်းမော်က ပြောဆိုသည်။

ဇီးပင်ကြီးတွင် အငြင်းပွားဖွယ် သင်ကြားပို့ချချက်များနှင့် မေးမြန်းသည့်အခါ ၎င်းက ဒေါက်တာ ထွန်းမင်းသည် လက်ရှိဖြစ်ပေါ်နေသည့် သတင်းအကြောင်းအရာများကို သင်တန်းသားများကို သိစေလိုသောကြောင့် သတင်းဂျာနယ်များနှင့် အင်တာနက်တို့မှ အချက်အလက်များ ရယူကာ ဝေမျှခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။

ပြန်ကြားရေးဝန်ကြီးရေးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်းကမူ ၎င်းကိုယ်တိုင် ၁၉၈၃ ခုနှစ်တွင် ပြန်ကြားရေးဌာန သတင်းအယ်ဒီတာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေချိန် ဖောင်ကြီးသင်တန်း တက်ခဲ့ရာတွင် အပေါင်းအသင်းများ များစွာရရှိခဲ့ခြင်း၊ ငွေစာရင်းအင်းထိန်းသိမ်းခြင်း အတတ်ပညာများ သင်ကြားခဲ့ရခြင်းတို့ကြောင့် အကျိုးကျေးဇူးများ ရရှိခဲ့သကဲ့သို့ မကောင်းသည့် အကြောင်းအရာ များစွာလည်း ကြုံခဲ့ရကြောင်း၊ “brainwash”လုပ် (ဝါဒမှိုင်းတိုက်)သည်ကိုလည်း ကြုံခဲ့ရကြောင်း ပြောပြသည်။

ဒီတက္ကသိုလ်တွေကိုတော့ မဖျက်လိုက်စေချင်ဘူး။ ဒါပေမယ့် သင်ရိုးညွှန်းတမ်းတွေ ဘာတွေတော့ အများကြီး ပြုပြင်ပြောင်းလဲဖို့လိုမယ် ဟု ၎င်းက ဆိုသည်။

ဒေါက်တာစိုးသူရဇော်ကလည်း ဖောင်ကြီးနှင့်ဇီးပင်ကြီးကို မဖျက်သိမ်းသင့်ဘဲ ပြုပြင်ပြောင်းလဲရေး လုပ်ရမည် ဆိုသည့်အချက်ကို လက်ခံ သဘောတူသည်။

ကျွန်တော်တို့က မလိုအပ်ဘူး မဟုတ်ဘူး၊ လိုအပ်တယ်။ ခုနပြောသလိုမျိုး မူဝါဒတွေနဲ့ လွဲချော်ပြီးတော့မှ စိတ်ခံစားချက်တွေနဲ့ ထည့်သွင်း ပြောကြားတဲ့ ဆရာတွေ ရှိကောင်း ရှိမယ်။ လက်ချာတွေ ရှိကောင်းရှိမယ်။ ဒါတွေကို သေသေချာချာ စိစစ်ပြီးတော့မှ အရေးယူသင့်တယ်။ သင်ရိုးညွှန်းတမ်းတွေ၊ ပြောင်းလဲသင့်တဲ့ အရာတွေ အများကြီးရှိတယ်။ ပြောင်းလဲပြီးတဲ့အခါမှာ ဝန်ထမ်းတွေအတွက် တကယ်ကို အသုံးဝင်တဲ့ တက္ကသိုလ်တစ်ခုဖြစ်အောင် လုပ်ဖို့ ဖြစ်စေချင်တဲ့ စေတနာနဲ့ ကျွန်တော်တို့က ဝေဖန် ထောက်ပြခြင်း ဖြစ်ပါတယ် ဟု ၎င်းကပြောဆိုသည်။

ဒေါက်တာစိုးသူရဇော်ဘက်မှ ဆရာဝန်ပေါင်းများစွာ လက်မှတ်ထိုးထောက်ခံမှုများ မြင့်တက်လာချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမြင့်ထွေးက ဒေါက်တာစိုးသူရဇော်သည် အလုပ်ကို ကြိုးစားပြီး ထူးချွန်ထက်မြက်သူဖြစ်ကြောင်း၊ ၎င်းကို ဌာနတွင်း စုံစမ်းမှုများပြုလုပ်ခဲ့သော်လည်း အရေးယူရန် အစီအစဉ် မရှိကြောင်း ဒီဇင်ဘာ ၂၄ ရက်နေ့တွင် သတင်းရှင်းလင်းပွဲလုပ်ပြီး ပြောဆိုလိုက်သည်။

Myanmar now

Aung Myint  ဆိုတဲ့အကောင့် ကတော့ "အိပ်ယာ ထဲ အတူအိပ်ပေမဲ့ အိမ်မက်ကတော့ မတူနိုင်ပါ" ဆိုတဲ့ခေါင်းစဉ် နဲ. ခုလိုတင်ပြလာပါတယ်



ဝန်ထမ်း သင်တန်းကျောင်း တွေမှာ သင်တန်းသား ၄၀၀/၅၀၀ အတူ တက် အတူစား အတူသင်ကြားရသော်လည်း တစ်ယောက် နှင့်တစ်ယောက် ရရှိလာသည့် အတွေ့အကြုံ အကျိုးအမြတ် ခံစားချက်တို့ ထပ်တူထပ်မျှ မတူနိုင်ပါ။အိပ်ယာထဲနှစ်ယောက်အတူအိပ် ပေမဲ့ အိမ်မက်ချင်းကတော့မတူ နိုင်ပါ လို့ နိုင်ငံရေးဒဿန ဆရာဦးကျော်ဝင်း ခေါင်းစဉ်ပေးဘူးပါသည်။
သင်တန်းဆိုသည့်အတိုင်းပင်ပန်း ပါသည်။တရားစခန်း ဝင်တာတောင် ပထမအစ မှာ စိတ်ပင်ပန်းကြပ်တည်းမှု ဖြစ်စေပါသည်။ စစ်တပ်ထဲဝင်လျင် စစ်သင်တန်းတက်ရပေမည် , ဗိုလ် လုပ်ချင်လျင် ဗိုလ်သင်တန်းတက်ရ မည်။ ဝန်ထမ်း လုပ်လျင်ဝန်ထမ်းရေးရာသင်တန်းတက်ရပေမည်။သင်တန်းသား က သင်တန်း၏ သင်ကြားမှု ကို ဟိုအပိုင်းကို ကြိုက်လို့တက်မည် , ဒီအပိုင်းကို မ ကြို က်လို့ အဆောင်ထဲမှာဘဲအိပ်နေလိုက်မယ်ဆိုသည့် ရွေးချယ်ပိုင်ခွင့် မရှိပါ။ ကိုယ်ကြိုက်ရာ ကိုယ်လုပ်မယ် သူများတွေအကြိုက် ငါမလုပ်ဆိုလျင် မည် သည့်သင်တန်းမှ တက်ရန်မလို။ ဝန်ထမ်းမလုပ်တာအကောင်းဆုံးဖြစ်ပါမည်။
သင်တန်းကျောင်းဆိုသည်မှာ လိုအပ်လို့ဖွင့်ခြင်း ဖြစ်ပြီး သင်ရိုးညွှန်း တမ်းများကိုသာ ခေတ်စနစ် နှင့် မညီမျှ ဟု သုံးသပ်မိပါက ပြင်ဆင်ဖို့လိုအပ်ပေ မည်။ သင်တန်းသား တဦးတစ်ယောက် ၏ စိတ်ခံစားချက်အရ သင်တန်းကျောင်းကြီး တခုလုံးကို ဖျက်သိမ်းသင့်သည်ဟု အထင်ရောက်နေ သည့်သူများ စုဝေးသည့် ဝန်ထမ်း နိုင်ငံ သည် အောက်ခြေစိတ်ဓါတ်အားနဲနေ ကြောင်းပြသနေသည့်သဘောဖြစ်။ အများနှင့်အံဝင်ဂွင်ကျမနေတတ်ခြင်း ပူးပေါင်းဆောင်ရွက်မှု စရိုက် မရှိ ခြင်း , ငါ လုပ်တာဘဲကောင်းတယ် သူများ ဘာလုပ်လုပ်မကောင်းဘူးဆိုသည့် အတွေးအခေါ်မျိုး မရှိသင့် ပေ။မကောင်း သည့်အပိုင်း ကိုသာ ယုတ္တိ တန်အောင် ညွှန်းဆို ပြသသင့်ပြီး ထိုညွှန်းဆိုပြသ သည့်မကောင်းသည့်အချက်သည်သင်တန်းသါးအများအတွက်အကျိုးရှိသည့်အချက်ဖြစ်သင့်ပေသည်။ မည်သည့်သင်တန်းသားမဆို ကောင်းကောင်းစား ,သက်သက်သာသာနေ ပိုက်ဆံလည်းရ လူလည်းဝ ချင်သည့်အတ္တစိတ်ကိုယ်စီရှိကြပေမည်။ ထို့အတူ သင်တန်းသားသာမဟုတ် လူတိုင်း လောကကြီးတွင် အထက်ကကျွန်တော်ပြောသလို "ချင်" ကြပေမည်။
မရဘူးလေ လောကကြီးမှာလူတိုင်းသင်တန်းတက်နေ ကြရတာဘဲ နေ့တိုင်း သင်တန်းတက်ရင်းသံသရာခရီးသွားနေကြတာပါဘဲ။
အိပ်ယာအတူအိပ်ပေမဲ့ အိမ်မက် က မတူနိုင်ပါ။ တဦးတယောက်၏စိတ်ခံ စားမှု အရ အားလုံး ဒီလိုဘဲဟု တန်းညှိ ဖို့ မဖြစ်နိုင်ပါ။ (ကျနော်လည်း ကျနော့ စိတ်ခံစားမှု အရ ရေးခြင်းဖြစ်ပါသည် ။ စာဖတ်သူများလည်းကြိုက်သလို ခံစား နိုင်ပါသည် ခင်ဗျား၂၀၁၉ နှစ်သစ်တွင် လူတိုင်း အဆင်ပြေ ရီမော နိုင်ကြပါစေ ကြောင်း)

အောင်ဆွေဝင်း ဆိုတဲ့ အကောင့်ပိုင်ရှင်ကတော့ ခုလိုရေးသားထားတာတွေ.ရပါတယ်




ဇီးပင်ကြီးကိုသူရိန်၄၀တက်ခဲ့ပါတယ်။သိပ်မကြာသေးပါဘူး။အဲ့မှာအခုပြောနေကြတဲ့ဆရာဝန်လေးလို
လူငယ်တချို့နဲ့တဆောင်ထဲနေခဲ့ဖူးပါတယ်။ဒီကလေးတွေဟာ...ဝန်ထမ်းလောကနဲ့အကျွမ်းတဝင်မဖြစ
်သေးတော့ အရာရာမှာအံဝင်ခွင်ကျမဖြစ်ပါဘူး။အများနဲ့လိုက်လျောညီထွေနေဖို့အရမ်းအားနည်းပါတယ်။
အသင်းလိုက်အဖွဲ့လိုက်စိတ်ဓာတ်မရှိတတ်ကြဘူး။
ရေသာခိုချင်တဲ့စိတ်၊အများထက်သာချင်ကျောချင်တဲ့စိတ်၊အဆိုးဆုံးက ငါတို့သည်သူများဝန်ထမ်းတွေလို BA,BScမဟုတ်ဘူးဆိုတဲ့စိတ်တွေရှိပါတယ်။သင်တန်းကပေးချင်တဲ့တကယ့်မက်ဆေ့ကိုလည်းမသိပါဘူး။
ဖက်ထိပ်လုပ်ရင်အမှိုက်သယ်တဲ့တောင်းကိုပြေးဦးပါတယ်။
ထမင်းခူးရင်လည်းနောက်ဆုံးက။တန်းစီပြီးဟင်းခွက်ယူရင်လည်းတော်တော်နဲ့ရွေးမပီး။
သို့သော်ငြားလည်း...အများတကာလွယ်လွယ်ကျော်ဖြတ်နေတဲ့ကိစ္စလေးတွေကိုအပြစ်ကြီးလုပ်ပြီး
ယောကျားတန်ချူသံပါအောင်ငြီးတဲ့နေရာ၊ညအိပ်ချိန်အရက်ခိုးသောက်တဲ့နေရာမှာတော့
ရှေ့ဆုံးကပါပဲ။သူတို့သည်သက်မွေးဘွဲ့ရပညာရှင်တွေမို့အစစသူတို့ကိုဦးစားပေးစေချင်ပုံရပါတယ်။
သင်တန်းမှာက ဘယ်သူ့သား၊ဘယ်ဝါ့သားရယ်လို့ဦးစားပေးတာမရှိပါ။
မိမိတို့တက်တုံးကလည်းဝန်ကြီးတူတစ်ယောက်နဲ့တဆောင်ထဲအတူတူကျပါတယ်။
ဘာအခွင့်အရေးမှပိုမရပါ။လိုရင်းပြောရရင်ဆရာဝန်လေးသည်သင်တန်း၏အားနည်းချက်များကိုသာ
ကျောက်ကြည့်သလိုကြည့်ပြီးအနှစ်သာရကိုရှာမတွေ့သွားပါ။ရှင်းရှင်းပြောရရင်လူတန်းစားပျက်
တယောက်လို့ပဲအားမနာတမ်းသတ်မှတ်ရမှာပါ။သူအဓိကပစ်မှတ်ထားချင်တဲ့ပါမောက္ခ
ဒေါက်တာထွန်းမင်းအကြောင်းပါ။အဲ့ဆရာကရှစ်ပူးဟောင်းပါ။ကျောင်းသားတပ်ကအလင်းပြန်ဝင်လာသူပါ
သူဟာနိုင်ငံရေးအတွေ့အကြုံနဲ့နိုင်ငံရေးသိပ္ပံမှာအတော်နှံ့စပ်သူပါ။
မိမိတို့တုံးကသူ့အချိန်ရှစ်ချိန်သင်ရပါတယ်။လက်ရှိအစိုးရကိုအားမလိုအားမရဖြစ်တဲ့
စကားမျိုးတော့သူပြောပါတယ်။တခြားဆန်ကျင်ပုပ်ခတ်တဲ့ငြိမ်းချမ်းရေးကိုသွေဖီမယ့်စကားမျိုး၊ပို့ချချက်မျိုးတော့
မကြားခဲ့ရပါ။ဒေါက်တာထွန်းမင်းရဲ့စကားတစ်ခုကိုတော့ကြိုက်မိပါတယ်။
ဝေဖန်ရေးမှာချစ်ခြင်းမုန်းခြင်းကင်းရမယ်..တဲ့။
သူ့စကားအတိုင်းပါပဲ။သူ့ဝေဖန်ရေးတွေဟာချစ်ခြင်းမုန်းခြင်းကင်းပြီးသမာသမတ်ကျပါတယ်။
အခုဝေဖန်တဲ့ဆရာဝန်လေးကော...ဒေါက်တာထွန်းမင်းပြောသလိုချစ်ခြင်းမုန်းခြင်းကင်းပါရဲ့လား။
တစ်ခုပဲဆရာဝန်လေးကိုမေးလိုပါတယ်။ဒေါက်တာထွန်းမင်းဟာ...ဝေဖန်တုံ့ပြန်ဆွေးနွေးခွင့်သူ့လက်ချာချိန်မှာ
ခွင့်ပြုလေ့ရှိပါတယ်။အဲ့ချိန်တုံးကဆရာဝန်လေး..ဘာတွေများပြန်လည်တုံ့ပြန်ဆွေးနွေး
ခဲ့ပါသလဲ။ပြောစရာတွေတော့အများကြီးပါ။

ဒါ့အပြင် ဇော်သစ် ဆ်ုသူက "ဇီးပင်ကြီးစစ်တမ်းကို ထပ်မံစီစစ်ခြင်း" ဆိုပြီး ခုလို အသေးစိပ်ပြန်လည်ထောက်ပြ သွားခဲ့ပါတယ်



ဇီးပင်ကြီးစစ်တမ်းနဲ့ပတ်သက်ပြီး ဂယက်စထချိန်မှာ ကျွန်တော် ဘာမှ မရေးချင်သေးပါဘူး
အရင်ဆုံး ဒေါက်တာစိုးသူရဇော်ရဲ့ဇီးပင်ကြီးစစ်တမ်းတွေကို အပိုင်းလိုက်ရှာဖတ်မိတယ်
မှန်ရာကိုဝန်ခံရရင်
ဒီဒေါက်တာစိုးသူရဇော်ကိုအရင်ကမသိဘူး
သူရဲ့ဇီးပင်ကြီးစစ်တမ်းက ဂယက်ထလာတော့မှ သူ့အကောင့်ကိုရှာ သူ့စာတွေလိုက်ဖတ်ကြည့်မိတာပါ
ပြောရရင် သူ့ရဲ့ဇီးပင်ကြီးစစ်တမ်းမှာ အဓိက ပါတာက ဇီးပင်ကြီးရဲ့နေထိုင်မှုပုံစံနဲ့စည်းကမ်းပိုင်းတွေရယ်၊ သင်ကြားပေးတဲ့ဆရာများစွာထဲကမှ ဆရာနှစ်ဦးရဲ့အပြောအဆိုအပေါ် သူအနေနဲ့ သဘောမကျခဲ့တာကို ရေးပြသွားတာ တွေ့ရပါတယ်

အဲဒီနှစ်ပိုင်းမှာ ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့နေထိုင်မှုပုံစံတွေနဲ့စည်းကမ်းပိုင်းတွေဟာ ဒီကျောင်းမှာသင်ကြားနေတဲ့ဆရာတွေမှာ တာဝန်မရှိသလို၊ ဆရာနှစ်ယောက်ရဲ့ သူတို့ရဲ့စိတ်ခံစားမှုအရ ပြောကြားခဲ့တာတွေကလည်း ဗဟိုဝန်ထမ်းတက္ကသိုလ်ကိုသော်လည်းကောင်း၊ သင်ကြားနေတဲ့ဆရာအားလုံးကိုသော်လည်းကောင်း ကိုယ်စားမပြုဘူးလို့ ကျွန်တော်ကတော့ မြင်မိပါတယ်

ဒီအမြင်တွေအတွက် အကျယ်ထပ်ရှင်းရမယ်ဆိရင် ကျောင်းရဲ့စည်းကမ်းပိုင်းနဲ့ နေထိုင်မှုပုံစံတွေဟာ ဆရာတွေက ချမှတ်အကောင်အထည်ဖော်နေရတာမျိုးတော့ မဟုတ်ဘူးလို့ သုံးသပ်မိပါတယ်
အိပ်ယာခင်းကို ကျောင်းကသတ်မှတ်ထားတဲ့အတိုင်းခေါက်ရတာ၊ ဘိနပ်ကို ညီအောင်စီရတာ စသဖြင့် ကျောင်းရဲ့နေထိုင်မှုပုံစံတွေဟာ ကျောင်းရဲ့စည်းကမ်းပိုင်းလို့ ကျွန်တော်ကတော့မြင်ပါတယ်
အဲဒီကျောင်းရဲ့စည်းကမ်းပိုင်းတွေဟာ အထက်ကချမှတ်ထားတဲ့စည်းကမ်းတွေဖြစ်ပြီး ဆရာတွေက နေ့စဉ်စစ်ဆေး အမှတ်ပေးရတယ်လို့ သိရပါတယ်
အမှတ်ပေးရတဲ့အတွက် ဒီစည်းကမ်းချက်တွေအပေါ် ဝန်ထမ်းတွေ လိုက်နာခြင်းရှိမရှိဟာ သူတို့ရဲ့ရာထူးတက်လမ်းအတွက် တစ်စုံတစ်ရာ အရေးပါနေမလား ကျွန်တော်တွေးမိပါတယ်
အကယ်၍ ဒီစည်းကမ်းချက်တွေကို မလိုက်နာနိုင်ရင် အမှတ်လျော့မယ်၊ ရာထူးအခွင့်အလန်းအတွက် ထည့်သွင်းစဉ်းစားတဲ့အခါ အရေးပါမယ်ဆိုရင် ဒေါက်တာစိုးသူရဇော်တို့ ပိုက်ဆံပေးလိုက်နာချင်ယောင်ဆောင်ခဲ့ရတဲ့ ဖော်ရှိုးကို သိသိချည်းနဲ့မသိချင်ယောင်ဆောင် အမှတ်ပေးခဲ့တဲ့ဆရာတွေဟာ ဝန်ထမ်းတပိုင်းကျောင်းသားရိုင်းကြီးတွေအပေါ် စေတနာထားရှာသားပဲလို့ တွေးမိပါတယ်
တကယ်ဆိုရင် ဒေါက်တာစိုးသူရဇော်အနေနဲ့ အဲဒီအချိန်ကတည်းက ရွေးချယ်စရာ နှစ်မျိုးရှိခဲ့ပါတယ်
ဘယ်ကျောင်း/ဘယ်သင်တန်းမှာတက်တက် ကျောင်းကသတ်မှတ်ထားတဲ့ အမှတ်ပေးစံနစ်နဲ့ စည်းကမ်းတွေကို လိုက်နာရမှာက ကျောင်းသားရဲ့တာဝန်ပါ
ကြိုက်ခြင်းမကြိုက်ခြင်းက တစ်ပိုင်းပါ
အဲဒီလို လိုက်နာတဲ့နေရာမှာ ဖော်ရှိုးပဲ လိုက်နာချင်ယောင်ဆောင်မှာလား
တကယ်ကို ကျောင်းကသတ်မှတ်ထားတဲ့အတိုင်း ကိုယ့်အိပ်ယာလိပ်ကိုယ် စနစ်တကျသိမ်း၊ ကိုယ့်ဖိနပ်ကြိုးကိုယ် စနစ်တကျချည်၊ စနစ်တကျစီမှာလားဆိုတာက ဒေါက်တာစိုးသူရဇော်ရဲ့ ရွေးချယ်ခွင့်လို့ မြင်ပါတယ်
ကျောင်းရဲ့တစ်ချို့သောစည်းကမ်းတွေဟာ တစ်ချို့သောကျောင်းသားတွေအတွက် အခက်အခဲဖြစ်စေတယ်
မလိုက်နာပြန်ရင်လည်း သင်တန်းကာလ အမှတ်ပေးတဲ့အခါ သူတို့ရဲ့ဘဝတက်လမ်းကို ထိခိုက်စေနိုင်တယ်လို့ယူဆပြီး နားလည်မှုပေးခဲ့တဲ့ ဆရာတွေရဲ့စေတနာကတော့ "ဇီးပင်ကြီးစစ်တမ်း"ပါဖော်ရှိုးဆိုတဲ့ စကားလုံးတစ်လုံးနဲ့ တိုင်းသိပြည်သိ အစော်ကားခံလိုက်ရသလိုပါပဲ
အကယ်၍များ ကျောင်းရဲ့စည်းကမ်းချက်တွေမှာ မလိုအပ်တာတွေ ပါနေတယ်လို့ မြင်ရင် သက်ဆိုင်ရာ ဌာနတွေအထိ အကြံပြုတင်ပြလို့ ရသလို၊ ဒီ့ထက်ပိုပြီးအပြုသဘောဆောင်တဲ့ ရေးသားချက်မျိုးဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်
အခု အချိန်မှာ ဒေါက်တာစိုးသူရဇော်ကိုယ်တိုင်က အင်တာဗျူးနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်ဟာ လိုအပ်ပါတယ်။
ပြုပြင်ရမယ့်အပိုင်းတွေကိုသာ ထောက်ပြတာပါဆိုတဲ့သဘောမျိုး ဘယ်လိုပင်ဖာထေးပြောသော်ငြား ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ပုံရိပ်ကတော့ ဇီးပင်ကြီးစစ်တမ်းကြောင့် ကျဆင်းသွားခဲ့ရတာ စိတ်မကောင်းစရာပါပဲ

ဇီးပင်ကြီးစစ်တမ်းရဲ့အဓိကကျတဲ့နောက်တစ်ပိုင်းက ဘာလဲဆိုတော့ "လက်ရှိအစိုးရကစေတနာမရှိလို့ ပြည်တွင်းငြိမ်းချမ်းရေးမရတာ"ဆိုတဲ့ ဆရာတစ်ယောက်ရဲ့ပြောကြားချက်နဲ့ "လူမျိုးရေးဘာသာရေးတွေ ကြားညပ်ပြောတဲ့နောက်ဆရာတစ်ယောက်ရဲ့ ပြောကြားချက်ပါ
အဲဒီပြောကြားချက်တွေမှာလည်း ဝန်ထမ်း ၆၀၀ သင်ကြားနေတဲ့အထဲကမှ ဒေါက်တာစိုးသူရဇော်ကိုယ်တိုင်ရဲ့ရေးသားချက်နဲ့ သူ့ရေးသားချက်မှန်ကန်ကြောင်းထောက်ခံတဲ့ ဆရာဝန်များ (ကျွန်တော်တွေ့မိသလောက် ဆယ်ယောက်မပြည့်)ရဲ့ ထောက်ခံချက်တွေအရသာ သိရတာဖြစ်ပြီး
ကျန်တဲ့ဝန်ထမ်း ၅၀၀ကျော်ရဲ့ပြောဆိုချက်တွေ မတွေ့ရပါဘူး
အဲဒီပြောကြားချက်တွေနဲ့ပတ်သက်ပြီး ကာယကံရှင်ဆရာနှစ်ဦးကလည်း သူတို့ မပြောခဲ့ကြောင်း ငြင်းဆိုနေပြီး အသံမှတ်တမ်းမှတ်ရာလည်း မရှိဘူးလို့ သိရပါတယ်
ကျွန်တော် စုံစမ်းသိရသလောက် စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုလည်း တွေ့ရပါတယ်
အဲဒါကတော့ အဲဒီဆရာနှစ်ယောက်ထဲက တစ်ယောက်နဲ့ ဒေါက်တာစိုးသူရဇော်တို့အဖွဲ့ဟာ သင်တန်းတက်စဉ်ကာလမှာ အဖုအထစ်ကလေးတွေ ရှိခဲ့ကြတယ်ဆိုတာပါပဲ
ဒေါက်တာစိုးသူရဇော်တို့အဖွဲ့ရဲ့စည်းကမ်းမလိုက်နာမှုနဲ့ပတ်သက်ပြီး အဲဒီဆရာနဲ့ အခြေအတင်ဖြစ်ခဲ့ကြတယ်
အဲဒီနောက် အဲဒီဆရာရဲ့စကားကိုထောက်ပြီး ဒေါက်တာစိုးသူရဇော်တို့အဖွဲ့က အတန်းထဲမှာ ပြန်လှန်မေးခွန်းတွေ ထုတ်ခဲ့ကြတယ်လို့ ကြားရပါတယ်
ဒီနေရာမှာ အများကရော သက်ဆိုင်ရာပုဂ္ဂိုလ်တွေကရော ဒေါက်တာစိုးသူရဇော်ရဲ့လွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ကိုပဲ ဇောင်းပေးပြောနေကြပေမယ့် ဟိုဆရာနှစ်ယောက်ရဲ့လွတ်လပ်စွာ ပြောဆိုဝေဖန်ပိုင်ခွင့်နဲ့ ဘယ်အချက်အလက်တွေကိုအခြေခံပြီး ဝေဖန်ခဲ့သလဲ၊ ဘယ်လောက်အတိုင်းအတာအထိပြောခဲ့သလဲ၊ ဒေါက်တာစိုးသူရဇော်ရေးခဲ့တဲ့ဇီးပင်ကြီးစစ်တမ်းထဲကလို အတိအကျပြောခဲ့တာလားဆိုတဲ့အချက်တွေကိုတော့ မျက်ကွယ်ပြုထားကြပါတယ်
ဆရားအများကိုကိုယ်စားမပြုတဲ့ အဲဒီဆရာနှစ်ယောက်ရဲ့ပြောဆိုချက်အပေါ် ဗဟိုဝန်ထမ်းတက္ကသိုလ်ကြီးကပဲ ဝါဒမှိုင်းတိုက်သလို ပြောဆိုချက်များကိုလည်း ကျွန်တော်ကတော့လက်မခံပါဘူး
ဝါဒမှိုင်းတိုက်တာ/ဘရိန်းဝပ်ရှ်လုပ်တယ်ဆိုတာဟာ ဆရာနှစ်ဦးလောက်က ရံဖန်ဖန်ရံခါ စကားလမ်းကြုံလို့ စိတ်ခံစားချက်အရပြောသလိုမျိုး ကရော်ရိကရော်မယ် လုပ်လို့မရပါဘူး
သေချာစနစ်တကျ လုပ်ရတဲ့ကိစ္စပါ
သင်တန်းတစ်ခု ကျောင်းတစ်ခုမှာ ဘရိန်းဝပ်ရှ်လုပ်မယ်ဆိုရင် သင်ကြားတဲ့ဆရာတိုင်းက သူတို့ရိုက်သွင်းချင်တဲ့မူဝါဒကို စကားမကြုံကြုံအောင် ဆွဲယူပြီး ဘာသာရပ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ပြောရဟောရပါတယ်
အစားစားကာနီး အတန်းတက်ခါနီး အတန်းဖြုတ်ကာနီး အိပ်ယာဝင်အိပ်ယာထ ဒီမူဝါဒကိုပဲ ဂါထာလို ကြွေးကြော်သံလို ရွတ်ဆိုကြရပါတယ်
ဒါတင်မျှမက ကျောင်းသား/သင်တန်းသားတွေကြားထဲမှာ အမာခံဆဲလ်တွေသွင်းပြီး မူဝါဒကိုလက်ခံလာအောင် ပုံစ့အမျိုးမျိုးနဲ့ရိုက်သွင်းပါတယ်
အသက်အားဖြင့် နှစ်ဆယ်ကျော်၊ ပညာအားဖြင့် ဘွဲ့ရတွေ၊ ရာထူးအားဖြင့် တိုင်းပြည်ရဲ့ဝန်ထမ်းအရာရှိတွေကို သင်ကြားပို့ချနေရတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်ကြီးက ဘရိန်းဝပ်ရှ်လုပ်တာ အဲလောက်အထိ ကရော်တိကရော်မယ် မသေမသပ်မလုပ်လောက်ဘူးဆိုတာကို ဒေါက်တာစိုးသူရဇော်နဲ့အပေါင်းအပါ ပညာရှိများမတွေးမိရလေမလားရယ်လို့လည်း မချင့်မရဲဖြစ်မိလိုက်ပါတယ်

 
Photo from Moemakha

ပိုဆိုးတာက ဘက်မမျှတဲ့မီဒီယာရဲ့ရပ်တည်မှုပါ
Myanmar Nowရဲ့အင်တာဗျူးမှာလည်း ဒေါက်တာစိုးသူရဇော်ရဲ့ပြောကြားချက်တွေကိုသာ အဓိကဖော်ပြပြီး သူတို့ကိုယ်တိုင်သွားမေးခဲ့တဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ဆရာများရဲ့ပြောကြားချက်ကိုတော့ ထင်ရှားအောင်ဖော်ပြမထားပါဘူး
ကျွန်တော်က သတင်းသမားမဟုတ်ပါဘူး
ဘယ်ပါတီကိုထောက်ခံသူလို့လည်း မဟုတ်ပါဘူး
အခုအချိန်မှာ ကျွန်တော်တို့လို သာမန်ပြည်သူတွေအတွက် ဘယ်ပါတီကိုထောက်ခံရမှန်းမသိအောင်ကို နိုင်ငံရေးကရှုပ်ထွေးနေတဲ့အချိန်ပါ
ဒါ့ကြောင့် ဘယ်သူ့ကိုမှ မယုံပါဘူး
ဇီးပင်ကြီးစစ်တမ်းကိုဖတ်ပါတယ်
ဆက်စပ်သတင်းတွေ ရေးသားချက်တွေကို ဖတ်ပါတယ်
အပြင်မှာ လက်လှမ်းမီသလောက် စုံစမ်းပါတယ်
ပြောရလို့ရှိရင် ပြည်ထောင်စု ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ဥက္ကဌဦးဝင်းသိန်းအကြောင်းကအစ ပြန်လေ့လာပါတယ်
လက်ရှိဦးဝင်သိန်းဘာတွေလုပ်နေလဲ ဘယ်လိုသဘောထားရှိလဲ
သူ့အရည်အချင်းနဲ့ပတ်သက်ပြီး ဘာတွေဝေဖန်ကြသလဲကအစ မေးမြန်းစုံစမ်းပါတယ်
ဘာလို့လဲဆိုတော့ အထက်ကဆိုခဲ့သလို ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ စည်းကမ်းပိုင်းနဲ့သင်ကြားမှုတွေအားလုံးဟာ တည်ဆဲအစိုးရရဲ့မူဝါဒနဲ့ ကိုက်ညီအောင် ပြည်ထောင်စုဝန်ထမ်းရွေးချယ်ရေးအဖွဲ့ဥက္ကဌကနေ ပြုပြင်ပြောင်းလဲပေးနေရလို့ပါပဲ
ဦးဝင်းသိန်းဟာ NLDအစိုးရက ခန့်ထားခဲ့တဲ့လူပါ
သူ့ရဲ့လက်ရှိရာထူးကလည်း ပြည်ထောင်စုဝန်ကြီးအဆင့်နဲ့တန်းတူပါ
စိတ်ဝင်စားစရာကောင်းတာက သူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အရေးပေးသဘောကျခြင်းခံရတဲ့ ရှားရှားပါးပါးဝန်ကြီးစာရင်းထဲမှာ ပါနေပါတယ်
သူစတာဝန်ယူကတည်းက လုပ်ဆောင်နေတဲ့ ဝန်ထမ်းကဏ္ဏ ပြုပြင်ပြောင်းလဲရေးမဟာဗြူဟာစီမံချက်နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့သင်ကြားရေးတွေကို ပြုပြင်ပြောင်းလဲပေးခဲ့တာတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က သဘောကျလက်ခံနေပါတယ်
ဒါ့အပြင် ဦးဝင်းသိန်းတင်ပြခဲ့တဲ့ ဝန်ထမ်းကဏ္ဏ ပြုပြင်ပြောင်းလဲရေးမဟာဗြူဟာစီမံချက်နဲ့
ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့သင်ကြားရေးနည်းစနစ်တွေ သင်ရိုးညွှန်းတမ်းတွေကို အီးယူနဲ့ အောက်စဖို့တက္ကသိုလ်တို့ကပါ သဘောတူလက်ခံခဲ့တယ်ဆိုတာလည်း သိရပါတယ်
ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ လက်ရှိဒီမိုကရေစီအစိုးရရဲ့မူနဲ့ကိုက်ညီအောင် ပြုပြင်ပြောင်းလဲမှုတွေကို ဘယ် အချိန်ကတည်းက စတင်ခဲ့သလဲဆိုတော့ ၂၀၁၇ခုနှစ် ဇွန်လက စတင်ခဲ့ပါတယ်
စတင်ခဲ့တာသိပ်မကြာသေးတော့လည်း ဒီအပြောင်းအလဲကို ဖော်ဆောင်ရာမှာ တစ်ချို့သောကိစ္စတွေ တစ်ချို့သောလူပုဂ္ဂိုလ်တွေဟာ အပြောင်းအလဲအတိုင်း မလိုက်ပါနိုင်သေးတာကတော့ ရှိနေဦးမှာပဲလို့ ယူဆမိပါတယ်
ပြောရမယ်ဆိုရင် ဇီးပင်ကြီးစစ်တမ်းဟာ အနေအထိုင်စည်းကမ်းတင်းကြပ်တာ၊ အစားအသောက်အကျွေးအမွေးမကောင်းတာ၊ ကျောင်းရဲ့ဝန်ဆောင်မှုပိုင်းနဲ့ကျောင်းသာအင်အား မမျှတတာ၊ ဆရာအများကိုကိုယ်စားမပြုတဲ့ ဆရာနှစ်ဦးရဲ့အပြောအယူအဆအပေါ် မကြိုက်တာကိုသာ ဖော်ပြသွားပြီး ခေတ်စနစ်နဲ့အညီ နိုင်ငံတကာကပါ အသိအမှတ်ပြုလာအောင် ပြုပြင်ပြောင်းလဲသင်ကြားပေးနေတဲ့ သင်ရိုးညွှန်တမ်းတွေအကြောင်းတော့ ဘာမှရေးမသွားတာကို တွေ့ရပါတယ်
တကယ်ဆိုရင် ဒေါက်တာစိုးသူရဇော်ဟာ ဆန္ဒတွေစောလွန်းတာပဲလား ဒါမှမဟုတ် ပြုပြင်ပြောင်းလဲသင်ကြားပေးနေတဲ့ သင်ကြားရေးစနစ်တွေကို မသိတာပဲလားတော့ မပြောတတ်ပါဘူး
သူ့ရဲ့ဇီးပင်ကြီးစစ်တမ်းကတော့ အပြုသဘောမဆောင်ပဲ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ပုံရိပ်ကိုပါ ဆွဲချသွားခဲ့ပါတယ်
သူ့ရဲ့ဇီးပင်ကြီးစစ်တမ်းကိုဖတ်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ဝန်ထမ်းလေးကျင့်ရေးကျောင်းတွေဟာ လုံးလုံးပိတ်ပြစ်သင့်တယ်လို့ ထင်မြင်နေသူတွေပါ ထွက်ပေါ်လာတာက သက်သေပါပဲ
သုံးသပ်ရရင် ဒေါက်တာစိုးသူရဇော်မကျေနပ်တဲ့ဆရာနှစ်ယောက်ရဲ့ပြောစကားဟာ ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ ဆရာအများကို ကိုယ်စားမပြုသလို ဒေါက်တာစိုးသူရဇော်နဲ့ဆရာဝန်အချို့ထောက်ခံကြတဲ့ဇီးပင်ကြီးစစ်တမ်းဟာလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ဝန်ထမ်းတွေကို ကိုယ်စားပြုတယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး
ပြောရမယ်ဆိုလို့ရှိရင် ဒေါက်တာစိုးသူရဇော်နဲ့အတူ တစ်ပတ်စဉ်တည်းတက်ရောက်ခဲ့တဲ့ အခြားသောအရာရှိဝန်ထမ်းတွေ (ငါးရာကျော်)ရဲ့သဘောထားတောင် မဟုတ်ပါဘူး

ဒါပေမယ့် ၂၀၁၇ ဇွန်လကစပြီး ပြောင်းလဲခဲ့တဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုသာ နောင်တစ်ချိန်ကျမှ ပြည်သူကသိလာခဲ့ရင်တော့ ဒေါက်တာစိုးသူရဇော်က ဖော်ထုတ်လိုက်လို့ ပြောင်းလဲသွားတာလို့ ထင်မြင်ယူဆသွားတာမျိုး ဖြစ်လာနိုင်ပါတယ်
ကမ္ဘာကအသိအမှတ်ပြု နိုင်ငံတော်အတိုင်ပင်ခံကလည်း သဘောကျ ဒီမိုကရေစီအစိုးရရဲ့မူဝါဒနဲ့လည်း ကိုက်ညီတဲ့
ပြည်ထောင်စုဝန်ထမ်းရွေးချယ်ရေးအဖွဲ့ဥက္ကဌကြီးရဲ့ ဝန်းထမ်းလောကပြုပြင်ပြောင်းလဲရေး သုံးနှစ်ကျော်ကြိုးပမ်းအားထုတ်ခဲ့ရမှုတွေကိုတော့ အများကမသိတော့ပဲ သဲထဲရေသွန်ဖြစ်သွားရလေမလားရယ်လို့
ကိုယ်ချင်းစာစိတ်မကောင်းလည်း ဖြစ်ရပါတယ်

ဇီးပင်ကြီးစစ်တမ်းရဲ့ အကျိုးအမြတ်ကို ထုတ်ကြည့်မယ်ဆိုရင်
၁။ ဒေါက်တာစိုးသူရဇော်ဟာ အမှားအယွင်းတွေကို ရဲရဲဝံ့ဖော်ထုတ်သူအဖြစ် လူအများသိသွားပြီး မြတ်ပါတယ်
၂။ အစိုးရက ပြုပြင်ပြောင်းလဲနေပါလျက်နဲ့ ပြုပြင်ပြောင်းလဲဖို့လိုအပ်နေသော ကဏ္ဏကြီးတစ်ခုအဖြစ် ပြည်သူကထင်မြင်သွားတဲ့အတွက် လက်ရှိအစိုးရ ရှုံးပါတယ်
၃။ ဗဟိုဝန်ထမ်းတက္ကသိုလ်ကြီးဟာ စစ်အာဏာရှင်အလိုကျ ဝါဒမှိုင်းတိုက်နေသလို ထင်မြင်သွားစေတဲ့အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်ကြီးနဲ့ အရောင်အသွေးကင်းသောဆရာဆရာမများအထိနာပါတယ်
၎။ ဗဟိုဝန်ထမ်းတက္ကသိုလ်ဟာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အောက်မှာရှိတဲ့ ကျောင်းတစ်ခုဖြစ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌကြီးအတွက် မျက်နှာပူစရာ ဖြစ်ရပါတယ်
၅။ အတိုင်ပင်ခံလည်းသဘောကျ နိုင်ငံတကာကလည်းလက်ခံတဲ့ ဥက္ကဌကြီးရဲ့ဝန်ထမ်းကဏ္ဏ ပြုပြင်ပြောင်းလဲရေးမဟာဗြူဟာစီမံချက်ကို အနှောက်အယှက် ဖြစ်စေပါလိမ့်မယ်
၆။ အဆိုးဆုံးကတော့ ဗဟိုဝန်ထမ်းတက္ကသိုလ်က ဆင်းခဲ့၊ ဆင်းဆဲ၊ ဆင်းလတံ့သော အရာရှိဝန်ထမ်းများဟာ (ဆရာဝန်တွေကလွဲလို့ပေါ့လေ) ဒီကျောင်းရဲ့ဘရိန်းဝပ်ရှ်တွေမိပြီး ဒီမိုကရေစီအစိုးရရဲ့မူတွေနောက်ကို မလိုက်ဘူးလို့ အထင်ရောက်စေတာကလည်း ဝန်ထမ်းလောကတစ်ခုလုံးကို ဂုဏ်သိက္ခာကျဆင်းခဲ့စေသော သက်ရောက်မှုများ ဖြစ်ပေါ်စေသည် ဟု
မြင်မိပါကြောင်း ဇီးပင်ကြီးစစ်တမ်းအား
စီစစ်သုံးသပ်လိုက်မိပါသည်ခင်ဗျာ...
လေးစားစွာဖြင့်
ဇော်သစ်


ဆက်စပ်ဖတ်ရှုရန်
  





No comments:

Post a Comment