Wednesday, July 15, 2015

ဦးရွှေမန်း ရဲ့ ခရိုနီ အင်ပါယာကြီး ပြိုကွဲတော့မှာလား






( ယခုဖော်ပြထားသော ဆောင်းပါးမှာ
ပြည်သူ့အာဏာ  တွင်ရေးသားထားသော ဆောင်းပါးကို မူရင်းအတိုင်းကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည် )


E-Lite မော်တော်ယာဉ်လိုင်း ပိတ်သိမ်းခံရပြီးနောက် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ အားလုံးကို ပြည်ထဲရေးဝန်ကြီးဌာနက ထိပ်တန်းဦးစားပေး စစ်ဆင်ရေးပုံစံမျိုး ချေမှုန်းတော့မည့် သတင်းများ ထွက်ပေါ်လာမှု အပေါ် စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြောင်း သတင်းရရှိသည်။

ဦးရဲထွဋ်က စည်သူအောင်မြင့်နဲ့ အင်တာဗျူးမှာ ဖြေထားတယ်။ နာမည်သာ ထုတ်မပြောတာ၊ ဦးရွှေမန်းရဲ့ သား တိုးနိုင်မန်း ထောင်ထားတဲ့ Glabal Net ကုမ္ပဏီကို ပြောတယ် ဆိုတာ လူတိုင်းသိတယ်။ ရေကူး အသံလွှင့်ရုံ မြေနေရာကို တိုးနိုင်မန်းက လာလျှောက်တယ်။ မပေးဘူး။ တင်ဒါခေါ်ပြီးမှ ပေးမယ် ဆိုပြီး လုပ်တယ် လို့ ပြောထားတယ်။ ခရိုနီတစ်ဦးတည်းက လက်ဝါးကြီးအုပ်တာ မခံရစေဖို့ တင်ဒါခေါ်တာဆိုပြီး ဒဲ့ကို ပြောတယ်။ ဒီတော့ တိုးနိုင်မန်းက Eleven ကို ခိုင်းသလား၊ Eleven က သူ့ဘာသာရေးသလား မသိဘူး။ ရေးတယ်။ ဦးအောင်သိန်းလင်းက အဆို ထတင်တယ်။ ဦးရဲထွဋ်က လွှတ်တော်မှာ ပေါ်တင်ပဲ ပြောတယ်။ အချိန်မရွေး သိက္ခာချင်း ယှဉ်နိုင်တယ် ဆိုတော့။ ပါးစပ်ပိတ်သွားတယ်။ ဒါပေမယ့် ရေကူး အသံလွှင့်ရုံ မြေနေရာက ဦးရွှေမန်း သမ္မတ ဖြစ်လာရင် သူ့သားတွေအတွက် ဆိုင်းငံ့ ဖြစ်သွားတယ်။ ပြီးတော့ ပြန်ကြားရေးက ချယ်ရီ FM ပိတ်သိမ်းဖို့ လုပ်လာ တယ်။ ပြီးတော့ ဆက်သွယ်ရေးဝန်ကြီးဌာနမှာ တိုးနိုင်မန်း၊ အောင်သက်မန်းတို့ရဲ့ လုပ်ငန်းတွေ အများကြီး ရှိတယ်။ ပြုတ်သွားတဲ့ ဗိုလ်သိန်းထွန်းက ဒါနဲ့ ဆက်စပ်နေတယ်။ အခု ၀န်ကြီးလုပ်နေတဲ့ ဗိုလ်မြတ်ဟိန်း ဆိုရင်လည်း သူတို့နဲ့ မကင်းဘူး။ ဟွာဝေး ဆိုတာ အောင်သက်မန်းက တစ်ဆင့် မြန်မာနိုင်ငံမှာ လုပ်ပိုင်ခွင့်တွေ ရနေတာ။ ထူးမှာ ပါတဲ့ ရှယ်ယာတွေ ပြန်ထုတ်ပြီးတော့ ကုမ္ပဏီနာမယ် မျိုးစုံနဲ့ လုပ်နေပြီ။ အော်ရီဒူးတို့၊ တယ်လီနောတို့ တင်ဒါအောင်တော့ လွှတ်တော်ကို သုံးပြီး တားတယ်။ အထဲက လွှတ်တော်အမတ်တွေက ရဲရဲတောက်တွေ ပြောကြဆိုကြ၊ ခိုင်မောင်ရည်ဆိုတာက တိုးနိုင်မန်း မွေးထားတာ။ အခုတော့ အစိုးရဘက်က ဥပဒေဖောက်ဖျက်ထားတဲ့ ဒီခရိုနီအင်ပါယာကြီးကို ဖြိုတော့မယ် ထင်တယ်” ဟု ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။ 


 တည်ဆောက်ထားတာက စနစ်ကျတယ်။ ဦးခင်ရွှေဆိုတာ ဟိုတယ် လုပ်ငန်းတွေရဲ့ ဆရာကြီး။ မင်္ဂလာဒုံမြေတွေကို ဦးရွှေမန်းအရှိန်နဲ့ အလကားနီးပါး ရထားတယ်။ မြေယာပြဿနာတွေ တက်တော့ ဦးအောင်သိန်းလင်းက ကြားက ၀င်ပြီး စေ့စပ်ပေးလို့ ငြိမ်သွားတယ်။ ဦးခင်ရွှေရဲ့ သမီးနဲ့ သူ့သားကို နေရာချလိုက်တော့ ဦးခင်ရွှေရဲ့ သြဇာက ဦးရွှေမန်းလက်ထဲ ရောက်လာတယ်။ ဦးရွှေမန်းက အစစ်ခံနိုင်တယ် ဆိုပြီး ပြောနေတာက စာရင်းတွေ ခွဲ နာမည်တွေ ခွဲပြီး လုပ်ပြီးပြီ ဆိုတာကို ပြောတာပဲ။ အခု သွားစစ်ကြည့် သူ့ မိသားစုဝင်တွေ နာမည်နဲ့ သိပ်မကျန်တော့ဘူး။ ဒါပေမယ့် ပြည်ထဲရေးက သိပါတယ်။ ကုမ္ပဏီ နာမည် ဘယ်လိုပဲ ပြောင်းပြောင်း စီးပွားရေးလောကမှာ ကြာရှည် ဖုံးထားလို့ မရဘူး။ လေချုပ်အဟောင်း ဗိုလ်မြင့်ဆွေရဲ့ သားကို နာမည်ခံခိုင်းပြီး ရတနာပုံတယ်လီပို့ကို ဦးရွှေမန်းက သိမ်းထားတယ်။ အော်ရီဒူးနဲ့ တယ်လီနောကို ဘယ်ယှဉ် နိုင်မလဲ။ ဒီတော့ ဆက်သွယ်ရေးဥပဒေတွေ၊ နည်းဥပဒေတွေကို ကိုင်ပြီး ချုပ်ဖို့ လုပ်နေတာ။ ရတနာပုံ တယ်လီပို့ ဆိုတာက အဓိပ္ပါယ်မရှိတဲ့ အခွင့်ထူးခံ လုပ်ငန်းရှင်တွေ စုထားတာ။ ဒီလူတွေကို တိုးနိုင်မန်းက နောက်ကနေပြီး ခိုင်းစားထားတာ။ ဗိုလ်မြဟိန်း မှားတာနဲ့ ကွဲပြီသာမှတ်။ ဆက်သွယ်ရေး လိုင်စင်တွေကို E-Lite ရော Red Link ရော အမည်ခံ ကုမ္ပဏီခွဲတွေကိုရော ချပေးထားတာတွေ အစိုးရဘက်က မသိဘဲ နေမှာ မဟုတ်ဘူး။ ဥပဒေအရ ကုမ္ပဏီတွေ အများကြီး ထောင်လို့ ရတယ်။ အခွန်ရှောင်ဖို့ ဟိုစာရင်း ဒီထည့်၊ ဒီစာရင်း ဟိုထည့် လုပ်နေတာ တွေက ဖမ်းဆီးလို့ ရနေပြီ” ဟု ၄င်းက ပြောသည်။


 Red Link ဆိုရင်လည်း အခုမှ လိုင်စင် ရတာ။ လိုင်စင်မှာ မပါတဲ့ လုပ်ငန်းတွေ လုပ်နေတာတွေ အများကြီး ရှိတယ်။ ဒါတွေကို ဆက်သွယ်ရေးက အရာရှိတွေနဲ့ ပေါင်းပြီး ကြိတ်နေတာ။ နိုင်ငံတော်က အခွန် တစ်ခုမှ မရဘူး။ ရတနာပုံ ဆိုရင်လည်း အဝေးပြောတာတွေ ခိုးပြီး သွယ်တဲ့ မှတ်တမ်းတွေ ရှိတယ်။ ပြီးတော့ ဆက်သွယ်ရေးနဲ့ အရှုပ်အရှင်းတွေ အများကြီး ရှိတယ်။ အဲဒါတွေ ဖော်ရင် အခု တိုးနိုင်မန်းနဲ့ အဖွဲ့က တာဝန်ယူရမှာပဲ။ တရားခံ ကတော့ ရှိရမယ်လေ။ ရတနာပုံမှာ အမည်ခံ ပါထားပြီး လုပ်ပိုင်ခွင့်တွေ ပြန်ပြီး ရောင်းစားဖို့ လုပ်နေတယ်။ ဆက်သွယ်ရေးကနေ ရတနာပုံ၊ ရတနာပုံကနေ E-Lite အဆင့်ဆင့် လုပ်ပိုင်ခွင့်တွေ ခွဲပေးပြီး ပေါင်းစားနေတာ ကြာပြီ။ E-Lite ကမှ ကျန်တဲ့ အမှန်တစ်ကယ် လုပ်ငန်းလုပ်တဲ့သူတွေ တစ်ဆင့်ခံ လုပ်ကြရတယ်။ ဒါတွေက ဆက်သွယ်ရေးလောကမှာ လူတိုင်း သိတယ်။ ခိုးစားနေတာတွေ အများကြီး ရှိတယ်။ ကျန်တဲ့ အိုင်တီ ကုမ္ပဏီတွေက ကိုယ့်အရည်အချင်းနဲ့ ကိုယ် ရပ်တည်နေကြတာ။ ဟွာဝေး၊ E-lite Red Link လို ဦးရွှေမန်း အရှိန်နဲ့ အခွင့်ထူးခံ လုပ်စားနေကြတာ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး လောကမှာ တိုးနိုင်မန်းနဲ့ အောင်သက်မန်း ကြီးစိုးထားတာ ခုချိန်အထိပဲ။ ကျန်တဲ့ ကုမ္ပဏီတွေ ဘာလျှောက်လျှောက် လိုင်စင် ချမပေးဘူး။ အဆင့်ဆင့် လာဘ်ထိုးရတယ်။ ချပေးရင်တောင် ဟိုလုပ်ငန်းချန်၊ ဒီလုပ်ငန်းချန် ငွေညှစ်နေကြတာ။ ဒါကြီး တစ်ခုလုံး အမြစ်ကလှန်ပြီး အသစ်လဲပစ်မှ ရမယ်။ အခု အရေးယူမယ် ဆိုရင်လည်း အကုန်လုံးကို အမြစ်ပါ နှုတ်ပြီး ထယ်ထိုးသလို ဖော်ထုတ်မှ ရမယ်။ ခြစားနေတာတွေက ကြာလှပြီ။ ဗိုလ်သိန်းထွန်းကိုပဲ ကြည့်။ ပြုတ်သွားတယ်။ အေးအေးဆေးဆေးပဲ။ ဆက်သွယ်ရေးပြုတ်တွေ ကုမ္ပဏီထောင်ပြီး ဆက်သွယ်ရေးမှာ ပြန်ပြီး တင်ဒါတွေ ယူနေကြပြီ။ လုပ်မယ့်လုပ် အမြစ်ပါလှန်မှ ရမယ် ဆိုတာ အဲဒါကြောင့် ပြောတာ” ဟု ယင်းက ဆိုသည်။ 


 မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း “စက်သုံးဆီတွေက ခိုးသွင်းတာ များတယ်။ ပင်လယ်ထဲက ဆီသယ်သင်္ဘောတွေနဲ့ သယ်ချင်တိုင်း သယ်နေတာ။ သွင်းကုန်လိုင်စင် မရှိဘူး။ ပင်လယ်ထဲမှာပဲ ဆီတွေ ရောတယ်။ အော့တိန်းဆိုရင် ဘာလိုင်စင်မှ မရှိဘူး။ အောင်သက်မန်းရဲ့ Terminal ဆီဆိုင်တွေမှာ ဒီအတိုင်း ရောင်းနေတာ။ အဲဒါ ခိုးသွင်းလာတဲ့ ဆီတွေ။ ပြီးတော့ ကျန်တဲ့ ဆီဆိုငတွေကို လက္ကားဖြန့်နေတာ နည်းမှ မနည်းတာ။ တစ်နိုင်ငံလုံးမှာရှိတဲ့ မော်တော်ကားအရေအတွက်ကို တွက်ကြည့်လိုက်။ ဆိုင်ကယ်တွေ မပါသေးဘူး။ ဒီကားတွေ သုံးနေတဲ့ စက်သုံးဆီတွေက တရားဝင် အခွန်ဆောင်ပြီး သွင်းတာ ၁၀% လောက်ပဲ ရှိတယ်။ ကျန်တာတွေက ခိုးသွင်းနေတာ။ ပြီးရင် ခိုးသွင်းတဲ့ဆီတွေကို ဈေးတင်ပြီး ရောင်းသေးတယ်။ ကမ္ဘာ့ ဆီဈေးက ကျနေတာ ကြာပြီ။ အောင်သက်မန်းတို့ ကုမ္ပဏီတွေက ဈေးမချဘူး။ သွင်းနေတာက လွှတ်တော်အမတ် ဦးဝင်းမြင့်၊ ခရိုနီ ဦးဇော်ဇော်နဲ့ ဦးရွှေမန်းရဲ့ သား အောင်သက်မန်း၊ ခရိုနီ ဦးချစ်ခိုင်၊ ဒီလူနည်းစုလေးက တစ်နိုင်ငံလုံးရဲ့ စက်သုံးဆီဈေးကွက်ကို ထိန်းချုပ်ထားတာ။ လောဘတွေ သတ်ဖို့ ကောင်းပြီး။ ပြည်သူတွေမှာတော့ ဆီညံ့ညံ့တွေကို ဈေးကြီးပေးဝယ်ရတယ်။ လီတာလည်း မပြည့်ဘူး။ ခိုးသေးတယ်။ မိအေး နှစ်ခါမကဘူး နာနေတာ။ စွမ်းအင်ဝန်ကြီးဌာနက စစ်ဆေးရေးအဖွဲ့ဆိုတာတွေကလည်း ခရိုနီတွေ ပေးတာယူ၊ ကျွေးတာစား၊ အသံမထွက်နဲ့ ဆိုတဲ့ အစားတွေ။ ဒါတွေကို အစိုးရက အခု ဖမ်းတာဆီးတာတွေ လုပ်တော့မယ် ဆိုရင်တော့ ကြိုဆိုပါတယ်။ ထိထိ ရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူပါ။ ကုမ္ပဏီတွေ Black List သွင်းရင် နာမည်အသစ်နဲ့ ပြန်ထောင်လို့ ရတယ်။ ဒီတော့ ဆီသူခိုး ခရိုနီတွေရဲ့ တစ်ဦးချင်း နာမည်တွေကိုပါ Black List သွင်းပြီး တစ်နိုင်ငံလုံး သိအောင် ကြေညာဖို့ တောင်းဆိုချင်ပါတယ်” ဟု ထုတ်ဖော်ပြောဆိုသည်။ 

ဒီခရိုနီ အင်ပါယာကြီးက အကြီးကြီးပဲ။ တစ်နိုင်ငံလုံး သန်း ငါးဆယ်ကျော်ကို တစ်သက်လုံး ကျွေးထား နိုင်လောက်တဲ့အထိ ချမ်းသာနေကြပြီ။ ဦးခင်ရွှေနဲ့ အမှုဖြစ်နေတဲ့ မြေယာကိစ္စတွေကို ဘယ်လွှတ်တော် ကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့လို့လဲ။ ဘယ်ကော်မရှင်က ဆင်းပြီး စစ်ခဲ့လို့လဲ။ ဧရာဝတီတိုင်းထဲမှာ ဧရာရွှေဝါက သိမ်းထားတဲ့ လယ်မြေတွေဆိုရင် ဧကပေါင်း ထောင်ချီပြီး ရှိတယ်။ ဘယ်လွှတ်တော် ကိုယ်စားလှယ်က ဘာအသံထွက်ဖူးသလဲ။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေ ကြည့်ရင်လည်း ဘုမသိ ဘမသိနဲ့ ကာကွယ်ပေးနေတာ။ တိုင်းရင်းသားလုပ်ငန်းရှင် ဆိုတဲ့ အမည်ကို ဗန်းပြ့ပီး ဥပဒေတွေမှာ ကာကွယ်ပေးကြတယ်။ အောင်သက်မန်းရဲ့ ဧရာဝတီတိုင်းထဲက ငါးကန်တွေအတွက် ချေးငွေတွေ ဦးမောင်မောင်သိမ်းက ထုတ်ချေးထားတယ် လို့ကြားတယ်။ ဟုတ်-မဟုတ်တော့ မသိဘူး။ အခု နာမည်ပြောင်း ထားတဲ့ မွေးရေဘဏ်မှာ ခရိုနီအင်ပါယာကြီးရဲ့ ငွေသိုက်ကြီး ရှိတယ်။ မွေးရေက သတင်းစာမှာထည့်ပြီး နာမည်တွေ ဖော်ပြတယ်။ ပြီးတော့ ဘာဖြစ်လို့ ရပ်သွားလဲ မသိဘူး။ အမှန်က အဲဒါတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုတယ်။ ဧရာရွှေဝါက ဓါတ်မြေသြဇာ အကြွေးတွေ ခုထိ လယ်သမားတွေ ဆပ်နေရတုန်း။ ဧရာဝတီတိုင်းမှာ အဲဒီအကြွေးကို ရွှေမန်းကြွေး လို့တောင် ခေါ်ကြတယ်။ လယ်သိမ်း မြေသိမ်း လုပ်ချင်ရာ လုပ်ခဲ့တာတွေ။ ဘယ်သူမှ မသုံးလို့ ယူလိုက်တာဆိုပြီး ပြောသေးတယ်။ ဒီနိုင်ငံမှာ ဘယ်သူမှ မစိုက်လို့ ကိုယ်ယူပြီး နာမည် ဖောက်လို့ ရသလား။ ဒီလိုဆိုရင် မြေလွတ်တွေ လူတိုင်း ယူချင်သလို ယူနေမှာပေါ့။ ဒါတွေကို အစိုးရက ပြတ်ပြတ်သားသား အရေးယူပေးဖို့ မျှော်လင့်တယ်။ ဧရာရွှေဝါက သိမ်းထားတဲ့ မြေတွေကို ပြန်သိမ်း၊ လယ်သမားတွေကို ခွဲပေးလိုက်။ ဓါတ်မြေသြဇာ အကြွေးတွေကို လယ်သမားကာကွယ်ရေးအတွက် လျှော်လိုက်တော့။ အစိုးရကို လယ်သမားတွေက ကျေးဇူးတောင် တင်နေလိမ့်မယ်” ဟု တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

မိုးပဲ ခြိမ်းပြီး မရွာဘူး ဆိုတာမျိုး မဖြစ်စေချင်ဘူး။ အပြတ်အသတ်သာ နှိမ်နင်းပေတာ့။ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ စစ်တာ ဆေးတာတွေ၊ ဖမ်းတာ ဆီးတာတွေ လုပ်စေချင်တယ်။ အစတစ်ခု ထွက်လာရင် ထပ်ပြီး ဆွဲ။ နောက်အစတစ်ခု ထပ်ထွက်လာရင် ထပ်ပြီး ဆွဲ။ ဒီလိုမျိုး ရေဆုံးရေဖျား လိုက်ပြီး စစ်ဆေးတာတွေ လုပ်မယ် ဆိုရင် ဒီအင်ပါယာကြီးထဲမှာ ပါဝင်နေတဲ့ သူတွေ အကုန်လုံး ပေါ်လာလိမ့်မယ်။ စစ်တာဆေးတာတွေ ပြည်သူကို ချပြ။ ဘာတော့ ပေါ်နေပြီ။ ဘယ်သူတွေတော့ ပါနေပြီ။ ပွင့်ပွင့်လင်းလင်း ကြေညာ။ ပြီးရင် အဆုံးထိ ချ။ မညှာနဲ့။ အစိုးရထဲက လူတွေလည်း ပါနိုင်တယ်။ ပါလည်း ချ။ လွှတ်တော်ကိုယ်စားလှယ်တွေ ပါနိုင်တယ်။ ပါလည်း ချ။ ဒီအင်ပါယာကနေပြီး ဆက်စပ်နေတဲ့ မဟုတ်မမှန် လုပ်နေတဲ့သူအကုန်လုံး ထွက်လာလိမ့်မယ်။ မီဒီယာတွေကို ပြောပြ၊ လူထုကို ရှင်းပြ။ နောက်ကွယ်မှာ တရုတ်နိုင်ငံ ပါနေနိုင်တယ်။ ပါလည်း မတတ်နိုင်ဘူး။ ဖော်ပေတော့။ ဒီလို လုပ်မှလည်း နောင်အစိုးရတွေလက်ထက်မှာ ဒီလိုမျိုး အာဏာအလွဲသုံးစားလုပ်ပြီး ခရိုနီ ဖြစ်နေတာတွေ ပျောက်သွားမယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

E-Lite မော်တော်ယာဉ်လိုင်း ပိတ်သိမ်းခံရပြီးနောက် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ အားလုံးကို ပြည်ထဲရေးဝန်ကြီးဌာနက ထိပ်တန်းဦးစားပေး စစ်ဆင်ရေးပုံစံမျိုး ချေမှုန်းတော့မည့် သတင်းများ ထွက်ပေါ်လာမှုအပေါ် စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment