Friday, March 9, 2018

K စီးရီး Flanker များနှင့်မြန်မာနိုင်ငံသို့ ရောက်ရှိလာနိုင်ချေရှိမှုအားသုံးသပ်ခြင်း



Sukhoi ကုမ္ပဏီသည် တာဝေးပျံသန်းနိုင်သော လေကြောင်းစိုးမိုးရေးတိုက်လေယာဉ် Su-27 အား ရုရှား တပ်မတော်အတွက် ထုတ်လုပ်ပေးပြီး သော အခါတွင် နောက်ထပ်ပိုမို အဆင့်မြင့်သော တိုက်လေယာဉ်ဒီဇိုင်းတစ်ခုအား ထပ်မံတင်ပြခဲ့သည်။

Sukhoi လေယာဉ်ထုတ်လုပ်ရေးသည် ပထမဆုံးသော Su-30 အမည်ရှိသော တိုက်လေယာဉ်အသစ်အား ၁၉၈၉ တွင် ပျံသန်းသရုပ်ပြခဲ့ပါသည်။ Su-30 ဟုသာအမည်ပေးထားသော သရုပ်ပြတိုက်လေယာဉ် ၅ စီးအားထုတ်လုပ်ခဲ့ပြီးသည့်နောက်တွင် ပြည်ပသို့ တင်ပို့ ရန်အတွက် Su-30K အားထုတ်လုပ်ခဲ့သည်။
Su-30K တိုက်လေယာဉ် ၁၈ စီးအားထုတ်လုပ်ခဲ့ပြီး အိန္ဒိယလေတပ်မတော်သို့ ရောင်းချပေးခဲ့သည်။ N-001 ရေဒါအားတပ်ဆင်ထားသော ၄င်းတိုက်လေယာဉ်သည် စစ်ကစားမှုကောင်းသောတိုက်လေယာဉ်တစ်စီးဖြစ်သည်မှ အပ Air To Air Mission များတွင်လည်း အကန့် အသက်ဖြင့်သာဆောင်ရွက်နိုင်သည်။ N001 Mech ရေဒါသာတပ်ဆင်ထားပြီး အဆိုပါရေဒါသည် တိုက်လေယာဉ်ပစ်မှတ်အား 100km မှသာ ဖမ်းယူနိုင်သဖြင့် 65km မှသာ ဒုံးပျံပစ်ခတ်ရန်အတွက် Track ပြုလုပ်နိုင်စွမ်းရှိသည်။

ပထမဆုံးထုတ်လုပ်သော Air Frame များဖြစ်သောကြောင့် ယခုအခါတွင် သက်တမ်း ၂၈ နှစ်ပင်ကျော်လွန်လာပြီဖြစ်သည်။ မူလ ကနဦး K အမျိုးအစားများသည် လေပေါ်သို့ ပင်ပျံတက်ရန်စိတ်မချရသောလေယာဉ်ဟောင်းများဖြစ်နေပြီဖြစ်သည်။ ရုရှားသည် အိန္ဒိယ လေတပ်အတွက် Su-30K တိုက်လေယာဉ် ၁၈ စီးရောင်းချပေးခဲ့သည့် အချိန်ကာလတွင် တိုက်လေယာဉ်အသစ်ဟုဆိုနိုင်သော်လည်း Su-30MK တိုက်လေယာဉ်များအား စတင်မိတ်ဆက်သောအချိန်တွင် အိန္ဒိယလေတပ်မှ ပြန်လည်အပ်နှံခဲ့သည်။

ကြိုတင်သဘောတူညီမှုတွင်လည်း အဆိုပါလေယာဉ်များအား ၁၉၉၆ မှ ၁၉၉၈ အထိ အငှါးချထားသည့် ပုံစံသာဖြစ်သည်။ ရုရှားလေတပ်သည်လည်း အဆိုပါ K တိုက်လေယာဉ်များအား အသုံးမဝင်သောကြောင့် နိုင်ငံအတွင်း လက်မခံဘဲ ဘီလာရုဇ်နိုင်ငံထံသို့  စာချုပ်ဖြင့်အပြီး အပ်နှံပေးခဲ့သည်။
မိမိတို့ နိုင်ငံထံသို့  Su-30 တိုက်လေယာဉ် ၆ စီးရောင်းချပေးမည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆိုထားခဲ့ပြီး မည်သည့်အမျိုးအစားဟု ဆိုမထားသောကြောင့် လေ့လာသူ ဝါသနာရှင် မြန်မာနိုင်ငံသားအများစု နှင့် မြန်မာပြည်သူများမှ အဆိုပါ Air Frame သက်တမ်းနှစ် ၃၀ နီးပါးရှိနေသော လေယာဉ်အဟောင်းများအား ဝယ်ယူခြင်းဖြစ်နေမည်ကိုအထူး(အထူး) စိုးရိမ်နေကြသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့ မှ စစ်ရေးလေ့လာသူအများစုမှ လည်း ၄င်းတို့ ၏ Facebook Page နှင့် Forum အများအပြားတွင် မြန်မာနိုင်ငံမှ ဝယ်ယူမည့် တိုက်လေယာဉ်မှာ Su-30K တိုက်လေယာဉ်အဟောင်းအနွမ်းများသာဖြစ်ကြောင်း ထင်ကြေးပေးနေကြသည့်အပြင် ထိုင်းနိုင်ငံစစ်ဘက်လေ့လာသူများမှ Su-30SME တိုက်လေယာဉ်ရောက်ရှိလာပါကလဲ ၄င်းတို့ ၏ GripenC တိုက်လေယာဉ်များမှာ သာလွန်နေဆဲဖြစ်ကြောင်း အလွန်အကျူးရေးသားဖော်ပြထားသေးသည်။
ထို့ ကြောင့် Rumour များထွက်ပေါ်နေသော Su-30K တိုက်လေယာဉ်အကြောင်း နှင့် Su-30 မျိုးဆက်မှ K နာမည်ဖြင့် တိုက်လေယာဉ်များအကြောင်း မိတ်ဆက်ဖော်ပြလိုပါသည်။ Su-30 တွင် အထက်ပါ ဖော်ပြထားသောပထမဆုံးထုတ်လုပ်ခဲ့သည့် K အပါအဝင် KN /KI/MK တိုက်လေယာဉ်များရှိပါသည်။
၁၉၉၀ ခုနှစ်တဝိုက်တွင် အရှေ့တောင်အာရှ နိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် Sukhoi တိုက်လေယာဉ်များအား ဝယ်ယူရန်စိတ်ဝင်စားခဲ့ရာ ရုရှားမှ Su-30KI တိုက်လေယာဉ်များအား မိတ်ဆက်ပြသခဲ့သည်။ အဆိုပါမျိုးကွဲသည် Su-27S တစ်ယောက်မောင်းတိုက်လေယာဉ်အား အဆင့်မြှင့်တင်မှုပြုလုပ်ကာရောင်းချပေးမည့် အမျိုး အစားဖြစ်ပြီး ၁၉၉၇ စီးပွားပျက်ကပ်ကြောင့် အင်ဒိုနီးရှားမှ ပါယ်ဖျက်ခဲ့ရသည်။

၁၉၉၃ တွင် Su-30 တိုက်လေယာဉ်များအနက် အဆင့်အမြင့်ဆုံး ဖြစ်လာမည့် Su-30MK အား စတင်မိတ်ဆက်ခဲ့သည်။ ပြည်တွင်းသုံးမျိုးကွဲဖြစ်ပြီး ပြည်ပတင်ပို့သည့် လေယာဉ်များအားလည်း အဆိုပါ MK ဗားရှင်းမှပင် ခွဲထွက်စေခဲ့သည်။ MK နာမည်အောက်တွင် အရေအတွက် အများဆုံးတည်ဆောက်ခဲ့သော အဆင့်မြင့်မျိုးကွဲတိုက်လေယာဉ်ဖြစ်သည်။ အိန္ဒိယသည် MKI နာမည်ဖြင့်လည်းကောင်း မလေးရှားသည် MKM နာမည်ဖြင့်လည်းကောင်း ဗီယက်နမ်သည် MK2V ဟူ၍ လည်းကောင်း အသီးသီးအသုံးပြုနေကြသည်။

KN ဖြစ်ပေါ်လာပုံအားပြောရလျှင် ၄င်းသည် ရုရှားလေတပ်၏ Su-27 တိုက်လေယာဉ်များနှင့် ပထမဆုံး ထုတ်လုပ်ခဲ့သော Su-30 နှင့် Su-30K တိုက်လေယာဉ်များအား ဈေနှုန်းသက်သာစွာ အဆင့်မြှင့်တင်ပေးမည့် Project တစ်ခုဖြစ်သည်။ ရုရှား အစိုးရသည် ထိုသို့  အဆင့်မြှင့်တင်မှုပြုလုပ်ပေးရန် IAPO ဖြင့် ၂၀၀၁ ခုနှစ်တွင် သဘောတူညီမှုပြုလုပ်ခဲ့သည်။ သို့ သော် နောက်ပိုင်းတွင် ရုရှားလေတပ်သည် Su-27 တိုက်လေယာဉ်များအား ပိုမို၍ အဆင့်မြင့်ပြီး လေကြောင်းစိုးမိုးရေးတိုက်လေယာဉ်ဆန်သည့် Su-27SM နှင့် Su-30M များ အဖြစ်သို့  အဆင့်မြှင့်တင်ရန်ရွေးချယ်ခဲ့သောကြောင့် KN အဖြစ်သို့ အဆင့်မြှင့်တင်မည့် အစီအစဉ်ပျက်သွားခဲ့သည်။
ရုရှားတွင်ပျက်သွားသော်လည်း ဘီလာရုဇ်တွင် ကျန်ရှိနေသော Su-30K တိုက်လေယာဉ်များသည်လည်း အဆင့်မြှင့်တင်ရေးအစီအစဉ်တွင်ပါဝင်နေသည့်ကိစ္စရှိနေသေးသည်။ အိန္ဒိယမှပြန်ပို့ ထားသော Su-30K တိုက်လေယာဉ်အဟောင်းများသည် ၂၀၀၇ ခုနှစ်တွင် ဘီလာရုဇ်သို့ ရောက်ရှိပြီးနောက် တပ်တော်ဝင်စာရင်းမှ ပါယ်ဖျက်ခဲ့ပြီး 558 Aviation Repair Plant ပြင်ဆင်ရေးဌာနတွင် သိမ်းဆည်းထားရပါသည်။

Su-30KN သို့ အဆင့်မြှင့်တင်သောအခါတွင် မူလက Fighter Interseptor ဖြစ်သော Su-30K သည် Multirole Fighter ဖြစ်လာသည်။ မူလ Slotted Antenna သာပါဝင်သော N-oo1 RLPK Standard ရေဒါအား Phase Array Antenna ပါဝင်ပြီး Digital Beam Control (Electronic Steering) ပြုလုပ်နိုင်သော N-001VEP(RLCK-VEP) ရေဒါဖြင့် အစားထိုးခဲ့သည်။ အဆိုပါရေဒါကြောင့် မူလက ပုံမှန်တိုက်လေယာဉ်အရွယ်အစားပစ်မှတ်အား 100km အထိသာ ဖမ်းယူနိုင်ရာမှ 150km ထိ ဖမ်းယူနိုင်ပြီး ဗုံးကျဲလေယာဉ်ပစ်မှတ်အား 300km ထိဖမ်းယူလာနိင်သည်။

၎င်းနှင့်အတူ R-77 BVR ဒုံးပျံ တွဲဖက်ပစ်ခတ်နိုင်စွမ်းရှိလာသောကြောင့် မူလ Su-30K နှင့်စာလျှင် Air To Air Mission များအတွက် ပိုမို အဆင့်မြင့်လာသည်ဟုဆိုနိုင်သည်။ OLS စနစ်ပါဝင်ပြီး မည်သည့် စနစ်ဟုမဆိုထားဘဲ ယခင်စနစ်အဟောင်းများဖြစ်သော OLS-27 ဟုသာ ယူဆရသည်။
Air To Ground Mission ပိုင်းတွင်မူ Kh-31P ရေဒါဖျက်ဒုံးပျံ Kh-31A သင်္ဘောဖျက်ဒုံးပျံ Kh-29TE (TV Guided) တာတိုပစ်ဒုံးပျံ များအပြင် Cruise Missile အဖြစ် Kh-59 ALCM အားတပ်ဆင်ပစ်ခတ်နိုင်သည်။ သို့ သော် အဆိုပါ Kh-59 သည် ကီလိုမီတာ ၁၀၀ ကျော်သာ ပစ်ခတ်နိုင်ပြီး ခေတ်ဟောင်း TV Guided ခရုဇ်ဒုံးပျံဖြစ်သည်။ ထို့ အတူ အဓိကတပ်ဆင်ပစ်ခတ်နိုင်သော Kh-29 မြေပြင်ပစ်ပဲ့ထိန်းဒုံးပျံသည်လည်း TV Guided ပင်ဖြစ်သောကြောင့် ရာသီဥတုဆိုးရွားချိန်တွင် ပစ်ခတ်ရန်ကန့် သက်ချက်များပြားပြီး တိကျမှု အားနည်းချက်များရှိသော လက်နက်များဖြစ်သည်။ အခြား ပဲ့ထိန်းဗုံးများအဖြစ် KAB-500 နှင့် KAB-1500 ပဲ့ထိန်းဗုံးများ တပ်ဆင်ပစ်ခတ်နိုင်စွမ်းရှိလာသည်။

Su-30K ၏ မူလ Analig Cockpit တွင် MFI-55 အမျိုးအစား Multi Function LCD နှစ်စုံ ထပ်ပိုးတပ်ဆင်ပေးထားသည်။ A-737-017 GPS Receiver ပြောင်းလဲတပ်ဆင်ပေးထားပြီး GPS စနစ်သာ မက GLONASS နှင့် NAVSTAR စနစ်များပါ ပြောင်းလဲ အသုံးပြုနိုင်
သည်။ Su-30K ၏ သမရိုးကျလက်နက်ထိန်းချုပ်ရေးစနစ်အား ပိုမိုအဆင့်မြင့်သော ကွန်ပြူတာစနစ်များနှင့် ကွန်ပြူတာအပိုများ ပါဝင်ဖွဲ့ စည်းထားသော SUV-30K Weapon Management System ဖြင့် အစားထိုးပေးထားသည်။

ထိုသို့ အဆင့်မြှင့်တင်မှုများပြုလုပ်ပြီးသောအခါတွင် Air To Air Mission များအား အကန့် အသက်ဖြင့်သာ ဆောင်ရွက်နိုင်သော Su-30K တိုက်လေယာဉ်အဟောင်းများသည် တိကျပဲ့ထိန်းလက်နက်ဖြင့်တိုက်ခိုက်ရေး (Precision Strike) အား အကန့် အသက်များစွာနည်းပါးသောအခြေအနေတွင်လုပ်ဆောင်လာနိုင်သည်။ သို့ သော် ၄င်းတပ်ဆင်နိုင်သော လက်နက်များသည် ခေတ်ဟောင်းလက်နက်များဖြစ်သောကြောင့် တိကျမှု နည်းပါးလှသည်။ အဓိကတိုးတက်မှုမှာ Air To Air Mission ပိုင်းတွင်ဖြစ်ပြီး R-27,R-73 ဒုံးပျံများအပြင် R-77 BVR ဒုံးပျံကိုပါ အသုံးပြုလာနိုင်ခြင်းဖြစ်သည်။ ထို့ အပြင် Kh-31P နှင့် Kh-31A ဒုံးပျံများ တပ်ဆင်ပစ်ခတ်နိုင်မှု ရှိလာသောကြောင့် သင်္ဘောဖျက်ဒုံးပျံတပ်ဆင်ပစ်ခတ်နိုင်မှုစွမ်းရည်လိုချင်သူများအတွက်အဆင်ပြေစေပါသည်။ သို့ သော် ၄င်းတပ်ဆင်ပစ်ခတ်နိုင်သော Kh-31A သည် ကီလိုမီတာ ၅၀ သာပစ်ခတ်နိုင်စွမ်းရှိသည်ဟု ဆိုထားသောကြောင့် ရန်သူ့ လေကြောင်း ရန်ကာကွယ်ရေးစက်ဝန်းထဲမှာ ပစ်ခတ်ရမည်သာဖြစ်သည်။

Su-30KN တိုက်လေယာဉ်အဖြစ်သို့  ပြောင်းလဲလိုက်ခြင်းဖြင့် လက်နက်စနစ်များ အနည်းငယ်အဆင့်မြင့်သွားသော်လည်း ပြောင်းလဲမသွားသည်မှာ ၄င်း၏ အိုမင်းဟောင်းနွမ်းနေသော Air Frame များဖြစ်ပါသည်။ သက်တမ်း နှစ် ၃၀ ခန့် ရှိနေပြီဖြစ်သောကြောင့် နောက်ထပ် သုံးနိုင်လျှင်လည်း နှစ်အနည်းငယ်သာဖြစ်သည်။ ထို့ အပြင် ပထမဆုံးထုတ်လုပ်ထားသော တိုက်လေယာဉ်များဖြစ်သောကြောင့်ပင် မည်သည့် နိုင်ငံမှ အသုံးပြုခြင်းမရှိတော့သောကြောင့် အပိုပစ္စည်းအား အကန့် အသက်ဖြင့်ပင်ရရှိနိုင်ရန်အတွက် မနည်းကြိုးစားရမည်ဖြစ်သည်။
၂၀၁၃ ခုနှစ်အောက်တိုဘာလတွင် အန်ဂိုလာလေတပ်သည် အဆိုပါ Su-30K တိုက်လေယာဉ်အဟောင်း ၁၈ စီးထဲမှ ၁၂ စီးအားဝယ်ယူရန်အတွက် ရုရှားစစ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်သော Rosoboronexport ဖြင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ဒေါ်လာ တစ်ဘီလီယံ တန်သော စာချုပ်ထဲတွင် Su-30K တိုက်လေယာဉ် ၁၂ စီးအားပြန်လည်ပြင်ဆင်မွန်းမံပေးပြီး KN အဆင့်သို့ တိုးမြှင့်ပေးရန်နှင့် လိုအပ်သောထိမ်းသိမ်းပြုပြင်ရေးအလုပ်ရုံ တည်ဆောက်ရန် အပိုပစ္စည်းနှင့် တိုက်လေယာဉ်အတွက် ဆက်စပ်သော လက်နက်များ ရောင်းချပေးရန်တို့ အပြင် Mi-17 ရဟတ်ယာဉ် နှင့် လက်နက်ငယ်ထုတ်လုပ်ရေးတို့  အတွက်ပါ ပါဝင်ခဲ့သည်။ ကနဦး အချက်အလက်များအရ Su-30K တိုက်လေယာဉ် ၁၈ စီးလုံးအား ရောင်းချပေးရန်ဖြစ်ပြီး လက်တလောတွင် ၁၂ စီးသာရောင်းချပေးပြီး ကျန် ၆စီးအား ထပ်မံ ရောင်းချပေးရန်အတွက် ဆွေးနွေးမှုများထပ်မံပြုလုပ်သွားမည်ဖြစ်သည်။

စာချုပ်တွင်ပါဝင်သော အချက်အလက်များအရ ဘီလာရုဇ်၏ အမှတ်၅၅၈ ပြင်ဆင်ရေးဌာနသည် Su-30KN များအဖြစ်သို့  အဆင့်မြှင့်တင်ပေးခဲ့ပြီး ပထမဆုံးတိုက်လေယာဉ်နှစ်စီးအား ၂၀၁၇ ခုနှစ်အတွင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်တိုက်လေယာဉ်များသည် ၂၀၁၈ ခုနှစ်အတွင်းရောက်ရှိမည်ဖြစ်သည်။ Su-30K တိုက်လေယာဉ် ၁၂ စီးမှာ အန်ဂိုလာလေတပ်ထံသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သောကြောင့် ကျန်ရှိနေသေးသည့် ခြောက်စီး အတွက် ဝယ်လက်အား ရုရှားနှင့် ဘီလာရုဇ်တို့ မှ ဆက်လက်ရှာဖွေခဲ့သည်။ အထူးသဖြင့် သင်္ဘောဖျက်ဒုံးပျံများ တပ်ဆင်ပစ်ခတ်နိုင်ပြီး လေကြောင်း စိုးမိုးရေးအတွက် ဆောင်ရွက်နိုင်သောကြောင့် ကျွန်းနိုင်ငံဖြစ်သော သီရိလင်္ကာမှ များစွာစိတ်ဝင်စားခဲ့သည်။ သို့ သော် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် အဆိုပါတိုက်လေယာဉ် ၆ စီးအား အန်ဂိုလာလေတပ်မှပင် ထပ်မံဝယ်ယူရန်အတွက် ရုရှားနိုင်ငံနှင့် ညှိနှိုင်းမှုများအားပြုလုပ်ခဲ့သည်။ လက်နက်ရောင်းချသည့် ကုမ္ပဏီဖြစ်သော Rosoboronexport မှ အဆိုပါလေယာဉ်များအား ကိုင်ထားခြင်းဖြစ်သောကြောင့် ၄င်းတို့ ဖြင့်သာ ဆွေးနွးမှ များပြုလုပ်ခဲ့သည်။

အန်ဂိုလာလေတပ်ဦးစီးချုပ်၏ အကြောင်းပြချက်မှာ ၄င်း၏ Flanker တိုက်လေယာဉ်အုပ်အား တိုးချဲ့ လိုပြီး Su-30K တိုက်လေယာဉ်များအား အသုံးပြုနေသည့် နိုင်ငံမှာ၎င်းတို့ သာရှိသောကြောင့် ရွေးချယ်ဝယ်ယူခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့သည်။ ထို့ကြောင့် မကြာမီတွင် ၄င်းတို့ လေတပ်တွင်သာ အသုံးပြုနိုင်သော Su-30KN တိုက်လေယာဉ် များအားထပ်မံတွေ့ ရနိုင်ဖွယ်ရှိသည်။
အခြား ဖြစ်နိုင်ချေရှိသောအချက်မှာ Su-30K တိုက်လေယာဉ်အဟောင်းများအနေဖြင့် သက်တမ်း နှစ် ၃၀ကြာမြင့် ပြီဖြစ်သောတိုက်လေယာဉ် အဟောင်း များဖြစ်သောကြောင့် အားမနာတမ်းပြောရလျှင် ‘အတော့်ကို စုတ်ချာ ‘ နေပြီဖြစ်သည်။ လေပေါ်သို့ ပျံတက်ရန်ပင်အနိုင်နိုင်ဖြစ်နေသောကြောင့် အန်ဂိုလာလေတပ်အနေဖြင့် လက်ခံခြင်းမပြုသောကြောင့် နောက်ဆုံးကျန်ရှိသည့် ခြောက်စီးအား ထပ်မံပေးအပ်ပြီး စာချုပ်မပျက်ပြားစေရေးအတွက် ဆောင်ရွက်ခဲ့ပုံလည်းရသည်။

မိမိတို့ လေတပ်၏ ဝယ်ယူမှု နှင့် Su-30K များအားဆက်စပ်ကြည့်လျှင် ပထမဆုံးကြည့်ရမည်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။ ဝယ်ယူအသုံးပြုခဲ့သော တိုက်လေယာဉ် အမောင်းသင်လေယာဉ် အားကြည့်လျှင် K-8 , Grob , JF-17 Block II , YAK130 အစရှိသည်တို့ အားတွေ့ ရမည်ဖြစ်သည်။ Branded များဖြစ်သည့် အပြင် Brand New အသစ်စက်စက်များဖြစ်သည်ကို တွေ့ရသည်။ ထို့ ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်လက်နက်ပစ္စည်းဝယ်ယူရာတွင် စိတ်ရှည်ရုံသာမက မိမိကိုယ်တိုင် စိတ်တိုင်းကျလိုက်ပါ ကြည့်ရှုပြီး မှဝယ်ယူလေ့ရှိသည်ကို ထင်ထင်ရှားရှားတွေ့ ရသည်။ ဤသည်ကို ထောက်ချင့်ပါက ယခုရောက်ရှိလာမည့် တိုက်လေယာဉ်မှာ Su-30K ဖြစ်နိုင်ဖို့  မရှိချေ။ အခြေခံတိုက်လေယာဉ်များ Stop Gap တိုက်လေယာဉ်များအား အသစ်စက်စက်ဝယ်ယူပြီးမှ ပြိုင်ဘက်လေတပ်များအပေါ် လုံးဝ အသာစီးရသွားစေမည့် အရေးအကြီးဆုံး တိုက်လေယာဉ်ဝယ်ယူမှု တွင် လက်လွတ်စပါယ်ပြုမူလိမ့်မည်မဟုတ်ပါ။ ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်လက်ထက် လက်နက်ဝယ်ယူမှု အတော်များများ ပွင့်လင်းမှုရှိပြီး မည်သည့် လက်နက်မျိုးဝယ်ယူသည်ကို ပြည်သူအများအနေဖြင့် ယခင်ကထက် ပိုမို သိရှိလာနိုင်ခြင်းဖြစ်သည်။

အန်ဂိုလာ လေတပ်၏ Su-30K လက်ကျန်များအားလုံးသိမ်းလိုက်ခြင်းနှင့် သီရိလင်္ကာ၏ ဝယ်ယူရန်စိတ်ဝင်စားခဲ့မှုသည်လည်း တစ်နည်းတစ်ဖုံ စိတ်အေးစေနိုင်သည်။ အရေးအကြီးဆုံးမှာ အဆိုပါ တိုက်လေယာဉ်၏ သက်တမ်းလွန်နေမှုပင်ဖြစ်သည်။ အမှိုက်များဟု ဆိုရလောက်အောင် ဖြစ်နေသောကြောင့် Quality Pass ပြုလုပ်ရာတွင် အောင်မြင်ခြင်းမရှိပါက ဖျက်သိမ်းခံရတော့မည်ဖြစ်သည်။ ဖျက်သိမ်းမည့် တိုက်လေယာဉ်များအား ရွေးချယ်ဝယ်ယူမည်ဆိုလျှင် များစွာ ရူးသွပ်ရာကျပါသည်။

အခြားတစ်ချက်မှာ Su-30 တိုက်လေယာဉ်များ ရောင်းချခြင်းအပေါ် အမေရိကန်နိုင်ငံမှ ဝင်ရောက် ကန့် ကွက်စကားဆိုခြင်းဖြစ်သည်။ ရုရှားနိုင်ငံကလည်း အခြေအမြစ်မရှိကြောင်း ဆိုခဲ့သောကြောင့် ယခု အရောင်းအဝယ်သည် ကာကွယ်ရေးဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက် လုပ်ဆောင်နေကြောင်း ပေါ်လွင်လှသည်။ ထို့ကြောင့် Su-30 တိုက်လေယာဉ်များ အနက်မှ Su-30SME တိုက်လေယာဉ်မျိုးကွဲရောက်ရှိလာရန် ရာခိုင်နှုန်းများပြားနေသည်။ အဆိုပါကန့်ကွက်ချက် နှင့် ရုရှား အစိုးရ၏ ခွန်းတုံ့ ပြန်ပြောဆို မှုများ၏ နောက်ကွယ်အကြောင်း တရားများသည် သာမာန်အဆင့် ကန့် ကွက်ပြောဆိုခြင်းများမဖြစ်နိုင်ဘဲ အခြား အကြောင်း တရားများစွာပါဝင်လာနိုင်ကြောင်း သုံးသပ်ရသည်။
အရေးအကြီးဆုံးတစ်ချက်မှာ တပ်မတော် နှင့် ပြည်သူ ဆက်ဆံရေးပင်ဖြစ်သည်။ Su-30SME တိုက်လေယာဉ်ဝယ်ယူမှု အပေါ်တွင် ပြည်သူအများမှ ထောက်ခံကြိုဆို ကြပြီး ကမ္ဘာ့ထိပ်တန်းစာရင်းဝင် တိုက်လေယာဉ်ဝယ်ယူမှု အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြောင်း ပေါ်လွင်လှသည်။ ဤသို့ သောအခြေအနေတွင် အဟောင်းအနွမ်းတိုက်လေယာဉ်များဝယ်ယူလာပါက တပ်မတော်အပေါ် ပြည်သူအများ၏ အမြင်မကြည်လင်မှု ခံရမည်ဖြစ်သောကြောင့် တိုက်လေယာဉ် အဟောင်း အစုတ်များအား ရွေးချယ် မဝယ်ယူမိစေရန် အထူး(အထူး) ပင်အရေးကြီးလှပါသည်။

ခြုံငုံသုံးသပ်ရလျှင် Su-30 တိုက်လေယာဉ်များအနက် Su-30K/KN တိုက်လေယာဉ်များရောက်ရှိနိုင်မှုသည် ရာခိုင်နှုန်း အလွန်နည်းပြီး Su-30 တိုက်လေယာဉ်များအနက် အဆင့်အမြင့်မားဆုံးသော ရုရှားလေတပ်သုံး Su-30SM တိုက်လေယာဉ်၏ ပြည်ပတင်ပို့  အမျိုးအစား Su-30SME တိုက်လေယာဉ်သာ ရောက်ရှိလာနိုင်ချေ များပြားကြောင်း ဖော်ပြလိုက်ရပါသည်။

ဇွဲထွဋ်ဦး @ The Fifth Wave

No comments:

Post a Comment