Saturday, November 3, 2012

ရခိုင်အရေး သမ္မတ ရုံး ကြေငြာချက်

                                                                           Photo by Thein Hlaing / Mizzima
 
  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်ပတ်သက် ၍ ဒုတိယမြောက်ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက် မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။

၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ်လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများကို တွေ့ရှိရပါသည်။

၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်းစေရေးအတွက် နိုင်ငံတော်ကိုချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါသည်။

၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
ထို.အပြင် ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များသို့ အပ်နှံရန်  သက်ဆိုင်ရာက ကြေညာသည်။

အဆိုပါ ကြေညာချက်များကို  အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။
အောက်တိုဘာ ၂၁ ရက်မှစတင်၍ ရခိုင်ပြည်နယ် အတွင်း မြို့နယ်အချို့တွင် ပဋိပက္ခများ ထပ်မံ ဖြစ်ပွား လျက်ရှိရာ တစ်ဖက်နှင့်တစ်ဖက် လူမျိုးစု အချင်းချင်း အပြန်အလှန် မီးရှီု့မှုများအပြင် သေဆုံး၊ ထိခိုက် ဒဏ်ရာရသူများရှိခဲ့သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရေးယူ ထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး ပြည်နယ် အာဏာပိုင် အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများက ၀ိုင်းဝန်း ထိန်းသိမ်း လျက်ရှိသည်။
နိုင်ငံတော်က မူလအခြေအနေသို့ အမြန်ရောက်ရှိအောင် တည်ငြိမ်းအေးချမ်းမှု အကောင် အထည် ဖော်ဆောင်ရွက် နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နေစဉ်တွင် ဆူပူအကြမ်းဖက် လိုသူများမှ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ ပျက်ပြား စေရန် အဖျက်အမှောင့် လုပ်ငန်းများကို နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။ အချို့မြို့နယ်များတွင် လူအုပ်စုဖွဲ့ကား  ဓား၊ လှံ၊ တူမီး သေနတ်များ ကိုင်ဆောင်၍ လုယက် ဆူပူ အကြမ်းဖက်ရန် ကြိုးစားမှုများ ဖြစ်လာသဖြင့် တည်ငြိမ် အေးချမ်းမှု ပျက်ပြားပြီး ပဋိပက္ခကို အခြေအနေဆိုးရွား သွားစေရန်ဖန်တီးခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှာ ဥပဒေချိုးဖောက်မှု၊ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို ဖော်ထုတ်ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ အရေးယူခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပဋိပက္ခ ဖြစ်စဉ်များကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် တရားမ၀င်ကိုင်ဆောင်ထားသော လက်နက်များ ကိစ္စနှင့် ပတ်သက်ပြီး ယနေ့မှစ၍ ၂၀၁၂ ခုနှစ်၊ နိုင်ဝင်ဘာ ၃ ရက်အတွင်း ၁၈၇၈ ခုနှစ်၊ လက်နက် ဥပဒေ ပုဒ်မ ၄ (ဃ) တွင် အဓိပ္ပာယ် ဖွင့်ဆို ထားသည့် သေနက်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့်မြား၊ ဂျင်ဂလိ၊ လက်နက်အစိတ်အပိုင်းနှင့် လက်နက်ထုတ်လုပ်သော ဆက်စပ်ပစ္စည်းများ အားလုံးကို နီးစပ်ရာ ရဲစခန်း၊ လုံခြုံရေး အဖွဲ့များထံ အမြန်ဆုံး အပ်နှံကြရန်နှင့် သတ်မှတ်ရက် နောက်ပိုင်းတွင် ရန်ပြုလိုသော စိတ်ဖြင့် အဆိုပါလက်နက်များ ကိုင်ဆောင်ထားခြင်းကို တွေ့ရှိ ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ကြေငြာပါသည်၊

No comments:

Post a Comment