Thursday, November 29, 2012

ကိုတိုးႀကီၤး @ ကိုယ်ပိုင်သံစဉ်လောက၏ သူရဲကောင်းတစ်ဥိး

ဝေးသွားခဲ့တဲ့ ပန်းခရမ်းပြာ

     စကားနည်းပြီး ဘ၀ကိုအေးအေးဆေးဆေးနဲ့ ကိုယ်တွေးချင်ရာကို လွတ်လပ်စွာ တွေးတောလုပ်ကိုင်ခွင့်ရတဲ့ဘ၀ကို နှစ်သက်တဲ့ ခင်မောင်တိုးဆိုတဲ့ ဂီတငွေကြယ်ပွင့်တစ်ပွင့်ကို ၁၉၅၀ ပြည့်နှစ် ဧပြီလ ၁ ရက် နေ့ကစစ်ကိုင်းတိုင်း မော်လိုက်မြို့မှာ အရေးပိုင်မင်း ဦးခင်မောင်နဲ့ ဇနီး ဖြစ်သူ ဒေါ်ခင်လှတို့က မွေးဖွားခဲ့ပါ တယ်။ သူက မောင်နှမဆယ့်သုံးယောက် ရှိတဲ့အထဲမှာ သုံးယောက်မြောက်သားအဖြစ် မွေးဖွားခဲ့ခြင်းပါ။
    ပညာရေးကို နံပါတ်တစ်နေရာမှာထားပြီး ပညာအမွေကိုသာ အဓိကပေးချင်ခဲ့တဲ့ မိသားစုထဲမှာ ခင်မောင်တိုးရဲ့ ငယ်ဘ၀ခရီးကလည်း ပညာရေးသည်သာ ပထမဆိုတဲ့ အသိစိတ်နဲ့ ဖြတ်သန်း ကြီးပြင်းလာခဲ့သူပေါ့။  ဖခင်ဖြစ်သူ အရေးပိုင်မင်းပြောင်းရွှေ့ရာမြို့တွေမှာ လိုက်လံနေထိုင်ခဲ့ရတဲ့ ခင်မောင်တိုးက သူငယ်တန်းကနေ ဆဌမတန်းအထိကို ရွှေဘိုမြို့၊ သတ္တမတန်းနဲ့ အဌမတန်းပညာကို စစ်တွေမြို့နဲ့ အထက်တန်း ပညာအောင်သည် အထိကိုတော့ သထုံမြို့မှာ တက်ရောက်သင်ယူခဲ့သူ ဖြစ်ပါတယ်။
    ၁၉၆၅ ခုနှစ်မှာဆယ်တန်း အောင်မြင်ခဲ့တဲ့ ခင်မောင်တိုးက ၁၉၆၆ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ် တက်ရောက်ခဲ့ပြီး သူ့ဘ၀ကို အင်ဂျင်နီယာတစ်ဦးအဖြစ် ရပ်တည်ဖို့ဆုံးဖြတ် ထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တက္ကသိုလ်ရပ်ဝန်းကို ရောက်ရှိချိန်မှာကြုံတွေ့ရတဲ့ လူငယ်တွေရဲ့ သဘာဝအတိုင်း ခင်မောင်တိုးလည်း တက္ကသိုလ်က သူငယ်ချင်းတွေနဲ့အတူ ဂီတဘက်မှာ လိုက်စားခဲ့တာကြောင့် ပညာရေးမှာ အားနည်းခဲ့ပါတယ်။  ဂီတရပ်ဝန်းထဲကို ခြေချဖို့ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်း တွေကိုခင်မောင်တိုးက ..Eleven Media နဲအင်တာဗျုးမှာ.....
" RIT ရောက်တော့ အချိန်တန်ရင် အင်ဂျင်နီယာဖြစ်သွားမယ်လို့ပဲ တွက်ခဲ့တာ။ဒုတိယနှစ်မှာအဆောင် နေတာဆိုတော့ သူငယ်ချင်းတွေနဲ့ ဂီတပိုးကထလာပြီး ဂီတလုပ်တဲ့အ ချိန်ကပိုများလာတယ်။ စတီရီယို သီချင်းတွေပေါ်လာတော့ လုပ်စရာ တွေပေါလာပြီး ဂီတာလိုင်းဘက် ကူးဖြစ်တယ်။ အဲဒီမှာကိုယ့်ပုံစံတစ် ခုမွေးဖွားဖို့အကြောင်းပေါ်လာတယ်။ အဲဒီတုန်းက RIT မှာ ကိုရဲလွင်နဲ့တွဲပြီး စမ်းသပ်လုပ်ကြည့်လို့ ရလာတယ်။ ကျောင်းက ထွက်ပြီးတဲ့နောက်မှာ ရပ်တည်စရာတစ်ခုကို ရှာမယ်ဆိုတော့ တကယ်ယုံကြည်စိတ်ရှိတဲ့ ဂီတကိုအသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ မဟုတ်ပေမယ့် ဘာမှလုပ်စရာမရှိတဲ့ အချိန်မှာ ဂီတထဲမှာပဲ အသိုင်းအ၀ိုင်းနဲ့နေပြီး ခိုင်မာအောင် လုပ်ဖို့များသွားတာပေါ့" လို့ ဖွင့်ဟခဲ့ပါတယ်။

   အဲဒီလို ဖြတ်သန်းမှုတွေရှိခဲ့တဲ့ ခင်မောင်တိုးက ၁၉၇၃ခုနှစ်ဝန်းကျင်မှာတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးအဖြစ် 'ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်' တေးစီးရီးကိုထွက်ရှိ နိုင်ခဲ့ပါတယ်။ အဲဒီနောက် ရင်ခုန်နေတဲ့ အိပ်မက်များ' ဒုတိယစီရီးထွက်ရှိ ခဲ့ပါတယ်။ ၁၉၇၉ခုနှစ်မှာ ကိုရဲလွင်၊ ကိုဇော်မျိုးထွဋ်၊ ကိုမောင်မောင်၊ ကိုနေ၀င်းတို့နဲ့အတူ 'လိစ္ဆ၀ီ' ဆိုတဲ့ တေးဂီတ၀ိုင်းကို ဖွဲ့စည်းခဲ့ပါတယ်။ တေးစီးရီးဖြန့်ချိစကနေ မျက်သွယ် တေးစီးရီးထွက်ရှိချိန်ထိ ကော်ပီတေး သီချင်းများ ရောယှက်မှုရှိနေခဲ့တဲ့ ခင်မောင်တိုးက ၁၉၇၉ ခုနှစ်မှာထွက်ရှိတဲ့ 'အဉ္ဇလီအတွက် ဂီတအဉ္ဇလီ' တေးစီးရီးကို တော့ ကိုယ်ပိုင်တီးဝိုင်းနဲ့ ကိုယ်ပိုင်သံစဉ် တေးသီချင်းများအဖြစ် ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့  'လိစ္ဆ၀ီ' တီးဝိုင်းကို 'မဇ္ဇျိမလှိုင်း'လို့ အမည်ပြောင်းလိုက်ပါတယ်။၁၉၇၃ ခုနှစ်ဝန်းကျင်မှာ ဂီတရပ်ဝန်းထဲ စတင်ခြေချခဲ့သူ ခင်မောင်တိုးက ဂီတခရီး၃၇နှစ်အတွင်း မှာ ဂီတအလုပ်များကို ပုံမှန်လုပ်ကိုင် ရင်းလက်ရှိအချိန်ထိ တေးစီးရီး ၂၅ ခွေဝန်းကျင် ကိုထွက်ရှိပြီးဖြစ်ပါတယ်။
 "မဟာဆန်သူ"သည် ခင်မောင်တိုး၏ အအောင်မြင်ဆုံး တေးစီးရီး ဖြစ်ခဲ့သည့် အပြင် ခင်မောင်တိုးနှင့်အတူ "မဇ္ဇျိမလှိုင်း" တေးဂီတ အဖွဲ့ကိုပါ အောင်မြင်မှု ရရှိစေခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် "ကြိုးကြာသံ" တေးစီးရီး ထွက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် "မျက်သွယ်" အမည်ဖြင့် လက်ရွေးစင် တေးပေါင်းစု ထွက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်၌ " ရောင်စဉ် ခုနှစ်သွယ်"၊ ၁၉၉၀ ပြည့်နှစ်၌ "ဝေးခဲ့ပြီ ပန်းခရမ်းပြာ"၊ ၁၉၉၁ ခုနှစ်တွင် "လေးညှို့ရှင်" အစရှိသည့် တေးစီးရီးများ ထွက်ရှိခဲ့သည်။ 

၁၉၉၂ ခုနှစ်တွင် "ပန်းချစ်သူ" တေးပေါင်းစု ထွက်ရှိခဲ့ပြီး ထိုစီးရီး၌ ပါဝင်ခဲ့သော သီချင်းများမှာ ရုပ်ရှင်ဇာတ်ဝင် သီချင်းများ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် "ပန်တော်ဦး"၊ ၁၉၉၄ ခုနှစ်တွင် "မြစ်တစ်စင်း ဖြစ်တည်မှု" ထွက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာပင် Live 94 (Live Show) နှစ်ခွေတွဲ ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် "ရည်ရွယ်သူ"၊ ၁၉၉၆ ခုနှစ်တွင် "မှီတွယ်ရာ လွမ်း"၊ ၁၉၉၇ ခုနှစ်တွင် "လှိုင်းထက်က ခြေရာများ" အစရှိသည့် စီးရီးများ ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရင်ခတ်အလွမ်း" တေးစီးရီး ထွက်ရှိခဲ့ပြီး ထိုစီးရီးတွင် ပါဝင်သော သီချင်းများမှာ မွန်းအောင်၏ သီချင်းများကို ပြန်လည် သီဆိုခဲ့ခြင်း ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် "တိတ်တခိုး" စီးရီး ထွက်ရှိခဲ့သည်။ "တိတ်တခိုး"သည် မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများကို ကိုနိုင်မင်းက သံစဉ် ထည့်သွင်းပေးခဲ့ပြီး ခင်မောင်တိုးက သီဆိုခဲ့ခြင်း ဖြစ်သည်။

၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ခင်မောင်တိုး၏ တေးသီချင်းသစ် ထွက်ရှိမှု မရှိသလောက် နည်းပါးခဲ့ပြီး  ၂၀၀၇ ခုနှစ် အချိန်တွင် "ခုနှစ်နှစ်အလွန်" တေးစီးရီး ထွက်ရှိလာခဲ့ပါသည်။  "ခုနှစ်နှစ် အလွန်" သည် ခင်ဝမ်းအမှတ်တရ အနေဖြင့် ခင်ဝမ်း သီဆို အောင်မြင်ခဲ့ပြီးသော သီချင်းများကို သီဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် "အကြိုက်ဆုံး မန္တလေး သီချင်းများ" တေးစီးရီး၊ သည်းဦးသစ္စာ အစရှိသည်တို့ ထွက်ရှိခဲ့ပြီး နောက်ဆုံး ထွက်ရှိခဲ့သော တေးစီးရီးမှာ " ခွန်အားဖြည့်ပါ မိငယ်" ဖြစ်သည်။ 
    "ကျွန်တော်ရဲ့ပထမဆုံး ထွက် ရှိတဲ့ စီးရီးနဲ့ ဒုတိယစီးရီးက ကော်ပီ တွေပေါ့။ စီရီးဖြန့်ချိမှုပုံစံကလည်း ဆိုင်တွေကိုကိုယ်ကိုယ်တိုင်စာအုပ် ကြီးကိုင်ပြီး လိုက်ရောင်းရတာ။  ကျွန်တော်မှတ်မိနေတာက သွင်းတဲ့စနစ်က အခုခေတ်လို စက်ပိုင်းဆိုင်ရာ ခေတ်မမီသေးတော့ တစ်ပြိုင်တည်း အသံသွင်းရတာလေ။ တစ်ယောက်မှားရင် အကုန်ပြန်သွင်းရတော့ ပင်ပန်းတယ်။ တချို့အမှားတွေလည်း လွှတ်လိုက်ရတာရှိတယ်"လို့ ခင်မောင်တိုးက ဆိုပါတယ်။


  ခင်မောင်တိုးက ၀ိုင်းရဲ့ဆည်းဆာ တေးစီးရီးနဲ့ပရိသတ် အသိအမှတ် ပြုမှုကိုရရှိခဲ့ပြီး မဟာဆန်သူ တေးစီး ရီးမှာတော့ အောင်မြင်မှုပိုမိုခိုင်မာခဲ့ သူဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တာ ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိဖို့ကိုယ် ပိုင်သံစဉ်လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ ဆိုလာသူ ခင်မောင်တိုးပြောပြတဲ့သူ့ဘ၀ခရီးနဲ့ လမ်းမှား၊ လမ်းမှန် လျှောက်လှမ်းနိုင်မှု ဆိုတာကတော့. .
     "ဖြတ်သန်းခဲ့ခရီးကို ပြန်သုံးသပ်ရင် တက္ကသိုလ်ပြီးတဲ့နောက်ပိုင်း တစ်လျှောက်လုံးက ဂီတကိုနံပါတ် တစ်ထားတာဖြစ်တဲ့အတွက် ကျန်တဲ့ဖြတ်သန်းမှုက သမားရိုးကျပါပဲ။ ဂီတနဲ့ ပတ်သက်ပြီး ကိုယ့်ဟာကိုယ် ပြုပြင်ပြောင်းလဲလာခဲ့တာ သက်တမ်း တစ်လျှောက်လုံး မှားတယ်လို့ မတွက်မိဘူး။ တစ်ခုလုပ်လိုက်တိုင်း အတွေ့အကြုံတွေ အများကြီးရတယ်။ အဲဒါတွေကို အခြေခံပြီးပုံစံသစ်တွေနဲ့ သင်ယူရတဲ့သဘော ရှိပါတယ်။ ကျွန်တော့်အမြင်က ဂီတကြောင့်လူတွေဟာ လောကအမြင်မှန်နဲ့ နီးစပ်တယ်လို့ထင်တယ်။ ကျွန်တော်ဘ၀ ဖြတ်သန်းချင်တဲ့ပုံစံက မြတ်စွာဘုရား ဟောကြားသလိုလူတွေက မွေးပြီး သေသွားမယ့်သူတွေ ဖြစ်ပေမယ့်   ကြားထဲမှာ သံသရာဆိုတာရှိတယ်။ ဒီဘ၀လုပ်နေတဲ့ အလုပ်တွေအကုန်လုံးက သံသရာတစ်လျှောက်လုံးကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုးရှိရမယ်ဆိုတော့ ရိုးရိုးသားသားနေလို့ရတဲ့ ဂီတအလုပ်က ကျွန်တော့်ဘ၀အတွက် အင်မတန်သင့်တော်ပါ တယ်" လို့ သုံးသပ်ပြောပြခဲ့ပါတယ်။


 အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းကပင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေပြီး အသည်းကင်ဆာရောဂါ အတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့က သတိလစ်မှု ဖြစ်ပေါ်ခဲ့ကာ ကွယ်လွန်သွားကြောင်း သတင်းများ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း ယင်းသတင်းများမှာ ကောလာဟလ များသာ ဖြစ်ခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အဆိုတော် ခင်မောင်တိုး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိခဲ့ကာ ပြန်လည် သတိရချိန်တွင် မိသားစုဝင်များအား စကား တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောနိုင်ခဲ့သည့် အပြင် သူ့အနားတွင် ရှိနေသော သူများ အားလုံးကိုလည်း မှတ်မိသည့် အခြေအနေ ရှိခဲ့ သည်။ စင်ကာပူတွင် ရောက်ရှိနေသော တေးသံရှင် ဂျေမောင်မောင် မှ ရန်ကုန်မှ မိတ်ဆွေ များဆီသို့ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သိရသည်။ " စကား ပြောနိုင်ပြီ၊ ပုတီးတွေတောင် စိပ်နိုင်ပြီဟု" တေးသံရှင် ဂျေမောင်မောင်နှင့် ဖုန်းအဆက်အသွယ်ရရှိခဲ့သော မိတ်ဆွေများ ကပြောကြားခဲ့ကြသည်။ ဒါ.အပြင် စန္ဒယား အောင်ဝင်းကကိုတိုးနဲ့  တိုက်ရိုက် စကားပြောဖို့  သူ့ အိမ်မှာ ၃ ယောက် တပြိုင်တည်း ပြောနိုင်အောင် စီစဉ်ပေးတဲ့သူက၊ ခင်ဗျားတို့  မှား ကုန်ပြီ။ ကိုတိုး ကွယ်လွန်ပြီ ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ယခု မနက်မှာဘဲ စင်္ကာပူ ဆရာတော်ကြီးအား သင်္ကန်းကိုယ်တိုင် ကပ်လှုပြီးတရားနာ သာဓုခေါ်နိုင်ကြောင်း ဖုန်းခေါ်လာပါတယ်။ ကျနော်တို့  အလွန် အံ့အားသင့်ရပါတယ်။ မြန်မြန်ပြန်ရေးပါလို့  ဖုန်းခေါ်လာပါတယ်။ အဲဒီတော့ ဒီထက်သေခြာတာ မရှိတော့ပါဘူး။ ဖုန်းချပြီးတာနှင့် ကျနော် ဒီစာရိုက်တင်လိုက်ပါတယ်ဟုဆိုကာ ၁၀ ရက် နေ.က သတင်းဖြန်.ဝေပေးခဲ့သော်လည်း
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။


 ခင်မောင်တိုးသည် ပထမစီးရီး "ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်" မထွက်ရှိမီ အချိန်ကပင် ဒေါ်ဝေေ၀ခိုင်နှင့် လက်ထပ်ခဲ့ပြီး သားကြီးမင်းမင်းဦး၊ သားလတ် အောင်ပန်းဦးနဲ့ သမီးငယ် ဝေနှင်းခိုင်ဆိုတဲ့ သားသမီးသုံးဦး  ရှိခဲ့ပါသည်။


   အဆိုတော် ဦးခင်မောင်တိုး၏ ကြွင်းကျန်သော ရုပ်ခန္ဓာ အား စင်ကာပူ စံတော်ချိန် ညနေ ၃ နာရီ မိနစ် ၄၅ အချိန်တွင်
 မွန်ဒိုင်းသုဿန၌် သဂြိုလ် ခဲ့ပါသည်။ကိုခင်မောင်တိုး ကွယ်လွန်သွားခဲ့တဲ့အတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကာသံများကို ပေါ်ပြူလာဂျာနယ်တွင် အောက်ပါအတိုင်းဖ်ာပြပေး ခဲ့ပါသည်။


"ထွန်းအိန္ဒြာဗိုလ်"

မိသာစုနဲ့ ထပ်တူဝမ်းနည်းပါတယ်။အခုလိုကြွေလွင့် သွားတယ်ဆိုတာ ဂီတလောကအတွက်ဆုံးရှုံးမှုတစ်ရပ်ပါပဲ။

"ဓိရာမိုရ်"

ဦးတိုးကြီးကတကယ် အနုပညာရှင်တစ်ယောက်ပါ။သူက ကိုယ်ပိုင် သံတစ်ခုနဲ့ ရပ်တည်ခဲ့တဲ့သူပါ၊ အနုပညာရှင်တွေရဲ့ လေးစားမှုလည်းရခဲ့တဲ့သူပါ။အခုချိန်ထိ ရပ်တည်ခဲ့တဲ့သူ တစ်ယောက်အခုလို ဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါ ဘူး။သူလို လူမျိုးကရှားပါတယ်။
 

"သျှီ"

ဦးတိုးက သမာသမတ်ကျတယ်။ အဲဒီသူရဲ့ သမာသမတ်က အင်မတန် အံ့သြဖို့ ကောင်းတယ်။ အခုလိုမျိုးဖြစ်သွားတဲ့ အတွက် ဂီတလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ပါပဲ။

"ဆုန်သင်းပါရ်"
ကိုယ်လောကသား တစ်ယောက်လျော့သွားတဲ့ အတွက် ၀မ်းနည်းရပါတယ်။ သတင်းဆိုးကြားရတာ စိတ်မကောင်းပါဘူး မိသားစု၊ပရိသတ်တွေနဲ့ ထပ်တူ ကြေကွဲရပါတယ်။
 

"ပိုးအိစံ"

ဦးတိုးကွယ်လွန်သွားတဲ့အတွက်တကယ်ကိုစိတ်မကောင်းပါဘူး။

"ကော်နီ"

စိတ်ထားမြင့်မြတ်တဲ့ ဂီတလောကက အနုပညာရှင်တစ်ဦး မရှိတော့တာသိတော့ ၀မ်းနည်းမိတယ်။ ဂီတလောက မှာဒီလို လူမျိုး တစ်ဦးဆုံးရှုံးသွားတော့စိတ်မကောင်းဖြစ်မိတယ်

Ref; Eleven Media Group,ရွှေမြန်မာ Media Group,Popular News,Moethihaaung Blogspot

No comments:

Post a Comment