Sunday, March 29, 2015

လောက်ကိုင် သူရဲကောင်း တစ်ဦး - ကွမ်လုံ ကြက်ခြေနီ ဦးမိုးကျော်သန်း


ကိုမိုးကျော်သန်း ကိုးကန်.သောင်းကျန်းသူတို.၏ ပစ်ခတ်ခံရစဉ်က


  တောင်ပေါ်ဒေသရဲ့ ဖေဖော်ဝါရီလ၊ နှင်းဝေဆဲအချိန် မနက် (၉း၃၀) လောက်မှာ ကားစီးရေ ခုနှစ်စီးပါတဲ့ ယာဉ်တန်းတစ်ခုဟာ စစ်ရှောင်ပြည်သူများရှိရာ လောက်ကိုင်မြို့ကို ခရီးနှင်ခဲ့ကြပါတယ်။ လောက်ကိုင်မြို့မှာ ကျန်ရှိဆဲပြည်သူများ၊ ကားမရှိတော့လို့ လမ်းလျှောက်ဆင်းလာကြတဲ့ ပြည်သူများကို ကူညီသယ်ဆောင်ပေးမယ် ဆိုတဲ့အသိနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ စုပေါင်းလာခဲ့တာပဲဖြစ်ပါတယ်။

သူတို့စတက်သွားစဉ်မှာပင် လမ်းတစ်လျှောက်မှာတိုက်ပွဲတွေဖြစ်နေပါတယ်။ကျွန်တော်တို့စတက် သွားကတည်းက တိုက်ပွဲတွေကကျိုကြားကျိုကြား ဖြစ်နေတယ်။ ကျွန်တော်တို့လည်း အခြေအနေကြည့်ပြီး ရပ်လိုက်မောင်းလိုက်ပေါ့၊ လောက်ကိုင်မြို့ထဲဝင်သွားတော့ တစ်နာရီခွဲ နှစ်နာရီလောက်ဖြစ်နေပြီလို့ ခရီးစတင်ထွက်ခွာခဲ့ပုံကို ကိုမိုးကျော်သန်းက ပြောပြတယ်။

လောက်ကိုင်မြို့ကိုရောက်တာနဲ့ အချိန်မဆွဲဘဲ လောက်ကိုင်ကြက်ခြေနီက စုပေးထားတဲ့ စစ်ရှောင် ပြည်သူတွေကိုတင်၊ နောက်စုစုပေါင်းကားခုနှစ်စီးပေါ်ကို ရနိုင်သလောက်ထပ်တင်ပြီးတဲ့နောက်မှာပဲ သူတို့ကားတန်းဟာ လောက်ကိုင်ကနေ ပြန်ထွက်လာခဲ့ကြပါတယ်။ကျွန်တော်တို့ ပြန်ထွက်လာတော့ နာရီလောက် ရှိပြီထင်တယ်။ ပြန်ထွက်လာတဲ့အချိန်မှာပဲ ပါစင်ကျော်နားမှာ တိုက်ပွဲတစ်ပွဲ ဖြစ်နေလို့ ကားတန်းကို ခဏရပ်ထားလိုက်ရသေးတယ်။ တစ်နာရီလောက်ပဲ ကြာမယ်ထင်တယ်။ ပြန်ထွက်လာကြတယ်။ ပြန်ထွက်လာပြီး ငါးမိနစ်လောက်ပဲရှိဦးမယ်။ အပစ်ခံရတော့တာပဟု ကိုမိုးကျော်သန်းက ဆိုတယ်။



ကိုမိုးကျော်သန်း လိုက်ပါလာတဲ့ကားဟာ ရှေ့ဆုံးကားဖြစ်ပြီး လေကာမှန်ကွဲသွားပါတယ်။ လေကာမှန်ကွဲစ တစ်ချို့က ယာဉ်မောင်း ကိုဇော်မင်းထိုက်ရဲ့ ညာဘက်မျက်လုံးထဲကို စိုက်ဝင်ကုန်တယ်။ကျွန်တော့်ရဲ့ဗိုက်ကိုထိသွားပြီဆိုတာသိလိုက်ရတဲ့အချိန်မှာ ကျွန်တော့အဖွဲ့သား ကားသမားလည်း မျက်လုံးမှာ မှန်စတွေစိုက်နေတယ်ဆိုတာ သိလိုက်ရတယ်။ ပြောရရင်ထိထိချင်းမှာ အမလေးတော့တလိုက်တာပေါ့။ အမလေးမှန်သွားပြီကွာဆိုပြီးတော့ပေါ့။ ဒါပေမဲ့ကျွန်တော်သတိရှိနေသေးတယ်လို့ ဆိုတယ်။

ကိုမိုးကျော်သန်းဟာ ဘေးမှာပါလာတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်နဲ့ နှစ်ယောက်အတူ အောက်ကိုဆင်းလိုက်ကြတယ်။ကျွန်တော်သတိရှိနေသေးတော့ ကားတံခါးတွန်းဖွင့်လိုက်ပြီး ကျွန်တော့ဘေးက ပိုင်ပိုင်ကို တွန်းချပြီးအောက်ဆင်းလိုက်တယ်။ ခရီးသည်တွေဘာဖြစ်သွားသေးလဲ။ ထိသွားသေးလားလို့ ပိုင်ပိုင်ကိုမေးလိုက်သေးတယ်။ ခရီးသည်တွေဘာမှ မဖြစ်ဘူးအစ်ကိုလို့ ပိုင်ပိုင်က ပြန်ပြောတယ်။ ခရီးသည်တွေက အောက်ကိုမဆင်းနိုင်ဘူး။ ဆင်းရင်လည်းပိုဆိုးကုန်မှာ။ ဝပ်နေကြဟေ့။ ဝပ်နေရင် မမှန်ဘူးလို့ ကျွန်တော်ပြောလိုက်တယ်။ လက်နက်ကြီးနဲ့ ထပ်ပစ်သေးတယ်။ ကျွန်တော်တို့ ကားတန်းကို ကျော်ပြီးကြံခင်းထဲကို ကျသွားတယ်။ ကျွန်တော်တို့ကားတန်းပေါ်ကိုသာ ကျရင် ပြောတောင် မပြောတတ်တော့ဘူး။ ကျွန်တော်တို့က ဒုက္ခသည်တွေကို ကူညီဖို့သွားတာ။ ကိုယ်ကိုယ်တိုင်ဒုက္ခရောက်ပေမဲ့ သူများတွေကိုဆက်ပြီးဒုက္ခ မရောက်စေချင်ဘူးလို့သူ့ရဲ့ ရင်ထဲက စေတနာကို ပြောပြတယ်။

ကျွန်တော်က ကတ္တရာလမ်းပေါ်နေပူထဲမှာ။ သူတို့တွေကျွန်တော့်ကိုလာဆွဲကြပြီး နေရိပ်ထဲကို ခေါ်သွားပေးတယ်။ နေပူထဲမှဆိုရင် ကျွန်တော်သေရင်သေသွားနိုင်တယ်။ နာရီကျော်ကျော်လောက်မှာ ကျွန်တော်တို့ကိုလာကြိုတဲ့ ကားတန်းရောက်လာတယ်။ အဲဒီကနေ ချင်းရွှေဟော်၊ ချင်းရွှေဟော်ကနေ ကွမ်းလုံဆေးရုံပေါ့။ ဆေးရုံမှာပဲ ကျွန်တော်ခွဲစိတ်ကုသမှု ခံယူရပါတယ်လို့ မှတ်မိသမျှကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောပြခဲ့တယ်။



ကြက်ခြေနီဆိုတာကတော့ ဒုက္ခရောက်တဲ့သူအားလုံးကို ကူညီရမှာပဲ။ အိမ်မှာနေလည်းသေမှာပဲ။ ဘယ်မှာနေနေသေမှာပဲ။ မသေခင်အချိန်လေးမှာတော့ ကိုယ်လုပ်နိုင်တဲ့အကျိုးထဲက အကြောင်းတစ်ခုခုတော့ လုပ်ရမှာပဲ။ ကျွန်တော်ကတော့ ဆက်လုပ်နေဦးမှာပဲ။ ခုတောင် မကောင်းသေးလို့။ ကောင်းသွားရင် ဆက်လုပ်နေဦးမှာလို့ဒဏ်ရာများနှင့် ဝမ်းဗိုက်ခွဲစိတ်ကုသမှုခံယူအပြီး နှာခေါင်းသွင်းပိုက် တပ်ဆင်ထားရင်းပင် သူ့ရဲ့ခံယူချက်ကို ပြောပြသွားခဲ့ပါတယ်။

ထိုသို.အများအတွက် မွန်မြတ် ရဲဝံ.စွာ ကြိုးပမ်းခဲ့သူ  ဦးမိုးကျော်သန်းသည် ၂၀၁၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ နံနက် (၁၁း၄၅) နာရီတွင် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်းသိရပါသည်။
 ဦးမိုးကျော်သန်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် ကြက်ခြေနီစေတနာလုပ်အားရှင်အဖြစ် (၁၉၉၉) ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ကိုးကန့်ဒေသ ပဋိပက္ခများတွင် ကြက်ခြေနီစေတနာလုပ်အားရှင် တစ်ယောက်အဖြစ် (၁၃.၀၂.၂၀၁၅) ရက်နေ့မှစတင်ကူညီခဲ့ပြီး (၁၇.၀၂.၁၅) ရက်နေ့တွင် လောက်ကိုင်မှ တိုက်ပွဲရှောင်လာသူ ပြည်သူများကို သယ်ဆောင်လာစဉ် ဝမ်းဗိုက်အား ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့သည်။ (၁၇.၀၂.၁၅) ရက်နေ့တွင် ဝမ်းဗိုက်ခွဲစိတ်မှုကို ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ခံယူခဲ့ပြီး၊ (၁၈.၀၂.၁၅) ရက်နေ့တွင် လားရှိုးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှုခံယူခဲ့ပါသည်။ (၀၆.၀၃.၁၅) ရက်နေ့တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှုခံယူခဲ့ပြီးနောက် (၂၇.၀၃.၁၅) ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပါသည်။

ကျန်ရစ်ခဲ့သောမိသားစု

 ကွယ်လွန်ချိန်တွင် အသက် (၄၅) နှစ်အရွယ်ဖြစ်ပြီး၊ ဇနီး၊ သားသမီးအရင်း (၅) ဦး၊ မွေးစားသားသမီး (၃) ဦးတို့ကျန်ရစ်သည် ဦးမိုးကျော်သန်း၏ ကြွင်းကျန်ရစ်သောခန္ဓာကို (၂၉.၀၃.၁၅) ရက်နေ့၊ နေ့လည် (၀၁း၀၀) နာရီအချိန်တွင် ၎င်းနေထိုင်ခဲ့ရာ ကွမ်းလုံမြို့နယ်၊ အောင်မင်္ဂလာကျေးရွာအနီးတွင် အခမ်းအနားဖြင့် ဂူသွင်းသဂြိုလ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ဦးမိုးကျော်သန်း၏ မိသားစု တွင် အသက်(၇၀)နှစ်ကျော် မိခင် ဖြစ်သူပါ ရှိနေပြီး  အကြီးဆုံးသားမှာ န၀မတန်း ကျောင်းသားဖြစ်ကာ  အငယ်ဆုံးမှာ (၅)နှစ်အရွယ်သာ ရှိသေးသောကြောင့် ၎င်းတို့၏ စားဝတ်နေရေး အတွက် ရေရှည်တွင် လိုအပ်ချက်များစွာ ရှိနေကြောင်း ကွမ်းလုံမြို့မိမြို့ဖ ဦးတာက ပြောသည်။

            ဦးမိုးကျော်သန်းမှာ လောက်ကိုင်ရှိ   စစ်ဘေးဒုက္ခသည်များအား ကြက်ခြေနီကားဖြင့် တင်ဆောင်လာစဉ် ချင်းရွှေဟော်မြို့အနီး လုံထန်ရွာ၌ ဖေဖော်ဝါရီ ၁၇ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ကွမ်းလုံဆေးရုံ၊ လားရှိုးဆေးရုံနှင့် မန္တလေးဆေးရုံတို့တွင်    ရက်၄၀ကြာ ကုသခဲ့ရပြီး မတ်လ ၂၇ ရက်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကွမ်းလုံဆေးရုံအုပ်ကြီး ဒေါက်တာသိမ်းမြို့က ပြောသည်။

‘‘သေနတ်ဒဏ်ရာက ဗိုက်ကနေ ဖောက်ဝင်သွားလို့ အူတွေထိတယ်။ အနာရှိန်နဲ့ အစာမစား နိုင်တော့ အစာအိမ်တွေ၊ အသည်းတွေ၊ ကျောက်ကပ်တွေ အကုန်ပျက်စီးသွားတာ။   သွေးဆိပ်တက်ပြီး   နောက်ဆုံးကွယ်လွန်သွားတာပ’’ဟု ဒေါက်တာသိမ်းမြို့က ပြောသည်။

ကျန်ရစ်ခဲ့သော ကလေးငယ်များ

 ဦးမိုးကျော်သန်းမှာ တိုက်ပွဲအတွင်း စစ်ဘေးဒုက္ခသည်များကို  ကယ်ဆယ်ရင်း ပစ်ခတ်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်သောကြောင့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်မှ ဟင်နရီဒူးနန့် ဆုချီးမြှင့်ပေးရန် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ချုပ်က ဦးဆောင်၍ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ချုပ်ထံ  အဆိုပြုလွှာတင်ထားကြောင်း ကွမ်းလုံကြက်ခြေနီအဖွဲ့မှ မချစ်မီးက ပြောသည်။

‘‘သေနတ်အပစ်ခံရပြီး ဆေးကုနေတုန်းမှာပဲ ဟင်နရီဒူးနန့်ဆုအတွက် ဂျီနီဗာကို အဆိုပြုထားတာပါ။ အခုဒီဒဏ်ရာနဲ့ပဲ သေဆုံးတာဆိုတော့ အကြောင်းအရာ ပြည့်ပြည့်စုံစုံနဲ့ အဆိုပြုလွှာ ထပ်တင်ပါတယ်။ ရခဲ့ရင်တော့ ကျွန်တော်တို့နိုင်ငံအတွက် အမြင့်ဆုံးဂုဏ်ပြုခံရတာမျိုး ဖြစ်မှာပါ’’ ဟု ဒေါက်တာသိမ်းမြို့က ပြောသည်။

ဦးမိုးကျော်သန်း၏ ရုပ်အလောင်းကို မန္တလေးဆေးရုံမှ ကွမ်းလုံမြို့သို့ မတ်လ ၂၈ ရက်တွင် ပြန်လည်ယူဆောင်ခဲ့ပြီး လမ်းတစ်လျှောက်ရှိ မြို့များမှ ကြက် ခြေနီတပ်ဖွဲ့ဝင်နှင့် ဒေသခံများက ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။

‘‘မြို့ရဲ့ စံပြတစ်ယောက် အနေနဲ့၊ ဂုဏ်ဆောင်တစ်ယောက် အနေနဲ့ ဂုဏ်ယူပြီး မြို့နေလူထုက နာရေးကို တက်တက်ကြွကြွ လုပ်ပေးနေကြတယ်။ ဂူသွင်း သင်္ဂြိုဟ်သွားမှာပ’’ဟု ဒေါက်တာသိမ်းမြို့က ပြောသည်။


၎င်းမသေဆုံးမီ လားရှိုး ဆေးရုံတွင် ဆေးကုနေစဉ် နိုင်ငံတော်သမ္မတကိုယ်တိုင် လာရောက်တွေ့ဆုံခဲ့ပြီး လူမှုထူးချွန် ပထမအဆင့်ပေးရန် စိစစ်နေကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောသည်။

ဦးမိုးကျော်သန်းနှင့်အတူ ကယ်ဆယ်ရေးလုပ်ရင်း သေနတ် ဒဏ်ရာရခဲ့သူ ကိုမျိုးမှာ ဒဏ်ရာ ပျောက်ကင်းသွားပြီဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြောင်း ဒေါက်တာသိမ်းမြို့က ပြောသည်။

ကျန်ရစ်ခဲ့သော ကလေးငယ်များ

 သေနတ်ဖြင့် ပစ်ခတ်သည့်အဖွဲ့မှာ ကိုးကန့်တပ်ဖွဲ့ဖြစ်ကြောင်း မျက်မြင်တွေ့သူများနှင့် အစိုးရကပြောကြားပြီး ကိုးကန့်တပ်ဖွဲ့ကမူ မဟုတ်မှန်းကြောင်း ငြင်းဆိုထားသည်။ ပစ်ခတ်ခံရသည့်နေရာမှာမူ   ကိုးကန့်တပ်ဖွဲ့များ အဓိကခြေကုပ်ယူထားသည့် ချင်းရွှေဟော်နှင့် လောက်ကိုင်အကြား တောင်တန်းနေရာများတွင် ဖြစ်သည်။ တပ်မတော်က ယင်းနေရာများကို ယနေ့အချိန်အထိ အပြီးသတ်ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း ချင်းရွှေဟော်နှင့် ကွမ်လုံဒေသခံများထံမှ သတင်း ရရှိသည်။

၁၉၇၇ ခုနှစ် ရူမေးနီးယား နိုင်ငံ ဘူခါရက်မြို့တွင် ကျင်းပသော ၂၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီညီလာခံတွင် မြန်မာနိုင်ငံမှ ကြက်ခြေနီ တပ်ဖွဲ့ဝင် အသက်(၂၁)နှစ်သာ ရှိသေးသည့် စိုင်းအောင်လှိုင်မြင့်မှာ ဟင်နရီဒူးနန့်ဆု ချီးမြှင့်ခံခဲ့ရပြီး ထိုဆုရသူများထဲတွင် အသက်အငယ်ဆုံး ဖြစ်သည်။

Ref ; Myanmar Red Cross Page & 7 Day Daily
Thanks for Original Photo Uploader