From RadioAustralia |
မေး-အန်တီတို့ အိမ်ကိုဝင်ပြီး ၀န်ကြီးချုပ်ကို ဖမ်းဆီးခဲ့တဲ့ မျက်မြင်ကိုယ်တွေ့ဖြစ်ရပ်ကို ပြန်ပြောပြပါဦး။
ဖြေ-အဲဒီတုန်းကတော့ သူတို့လာကြတဲ့အချိန်မှာ အပြင်မှာတော့ တပ်တွေဘယ်လောက် ရှိသလဲ မသိဘူး။ အပြင်ကို လှမ်းမြင်နိုင်တဲ့သူတွေပြောတာကတော့ တင့်ကားတွေ၊ စစ်ကားတွေနဲ့လာတယ် ပြောတယ်။ ခြံဝင်းထဲမှာတော့ စစ်ကားတွေအပြည့်ပဲလာတယ်။ အန်တီတို့ကို တံခါးဖွင့်ခိုင်းတယ်။ အန်တီ့အစ်ကိုက ဘယ်သူမှန်းလည်းမသိတော့ ဖွင့်မပေးဘူး။ လက်နက်တွေနဲ့ဆိုတော့ စစ်သားလား၊ သူပုန်လား ဘယ်သိမလဲ။ မဖွင့်ပေးဘူးဆိုတော့ သူတို့က "ပစ်လိုက်ရမလား"ဆိုပြီးပြောတော့ အမေက ကမန်းကတမ်းထွက်သွားပြီးတော့ ဖွင့်ပေးလိုက်တယ်။
မေး-လာတဲ့အချိန်မှာ ဒီလို ဖမ်းဆီးဖို့လာတယ်လို့ တွေးမိသလား။
ဖြေ-အမေတို့က ဒါတွေက အတွေ့အကြုံရှိတယ်။ ဒီလို ကြမ်းကြမ်းရမ်းရမ်းအာဏာသိမ်းတာ ဒီတစ်ကြိမ်က ပထမဦးဆုံးဆိုပေမယ့် အမေတို့က နိုင်ငံရေးအပေါ်မှာအတွေ့အကြုံရှိတယ်လေ။ သူသဘောပေါက်သွားပြီး ဖွင့်ပေးလိုက်တယ်။ အန်တီတို့က ကလေးတွေပဲရှိသေးတော့မသိဘူး။ ကိုးတန်း ဆယ်တန်းလောက်ပဲ ရှိသေး တယ်။ အားလုံးကို ဧည့်ခန်းထဲမှာပဲ ထိုင်ခိုင်းတယ်။ လမ်းမဘက်ကို မျက်နှာမူပြီး ထိုင်ခိုင်းထားတယ်။ အဖေ့ကို မေးတာပေါ့။ အဓိကကတော့ သူက အဖေ့ကို လာဖမ်းတာကို။ အဖေက အန်တီတို့အိမ်ထဲမှာမရှိဘူး။ အဖေက သူ့ဘုရားဆောင်နဲ့ စာရေးတဲ့အခန်းနဲ့ သူ့ဟာသူ သီးသန့်နေတယ်။ အဲဒီမှာလည်းမရှိဘူး၊ ဘာလို့လဲဆိုတော့ အဲဒီရက်တွေက ဧည့်သည်တွေများတော့ စာရေးချင်တော့ နောက်က ခြံလေးထဲမှာ သူ့ဖာသူ အိမ်လေးတစ်လုံး ပေါ့နော်၊ သီးသန့်ငှားပြီးတော့ နေတယ်။
မေး-နောက်တော့ ဘယ်လိုတွေ့သွားတာလဲ။
ဖြေ-နောက်ဆုံးကျတော့ အမေကပဲ ပြောလိုက်တယ်။ အန်တီတို့အတွေးက အဖေ့ကို ဝှက်ထားစရာအကြောင်း မရှိဘူးလေ။ အဲဒီမှာနေတာလို့ပြောလိုက်တော့ အဲဒီကိုသွားတယ်။ အဖေ့ကိုတွေ့လာခဲ့တယ်ပေါ့။ အဲဒီခြံကို သွားတဲ့ လမ်းနဲ့ ခြံစည်းရိုးမှာ တံခါးဖောက်ထားတယ်။ အဲဒီကနေသွားပြီးတော့ အဖေ့ကို ဖမ်းတယ်ဆိုပါတော့၊ ခေါ်လာတယ်။ အဖေက အပေါ့သွားချင်တယ်ဆိုတာတောင် သွားခွင့်မပေးဘူး။ အန်တီတို့ကလည်း အသံတွေ ကြားနေတော့ သြော် အဖေ့ကိုတွေ့သွားပြီဆိုတာ သိလိုက်တယ်။
မေး-၀န်ကြီးချုပ်ကို နေတဲ့အိမ်ကနေ တိုက်ရိုက်ခေါ်သွားတာလား။
ဖြေ-လမ်းထိပ်ကိုခေါ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ဖေဖေတို့ကို ခေါ်ဖို့အတွက် ညွှန်ကြားချက် မလာ သေးဘူးပေါ့။ ဖမ်းတော့ဖမ်းပေါ့။ ဖမ်းပြီး ဘယ်ကိုခေါ်မယ် ဘာဆိုတာ ညွှန်ကြားချက်မလာသေးတော့ ဂိတ်ဝမှာ စောင့်ခိုင်းထားတယ်။ အိမ်ထဲကနေပြီး ကုလားထိုင်တစ်လုံးလာယူတယ်။ ပြီးတော့ အိမ်ထဲမှာ လက်နက်တို့၊ ပစ္စည်းတို့၊ စာရွက်စာတမ်းတို့ ရှာတာပေါ့။အဓိကကတော့ လက်နက်တို့ ဘာတို့ အန်တီတို့က လက်နက်မပြောနဲ့၊ ခြံမှာစောင့်တဲ့သူကတောင် လက်နက်တို့ ဘာတို့ရှိတာ မဟုတ်ဘူး။ ဒီအတိုင်းပဲ ရိုးရိုးပဲနေကြတာကို၊ အခုခေတ် လိုမျိုးလည်း မဟုတ်ဘူး။
မေး-အန်တီမိခင်ဖြစ်သူကကော ဒီလိုမျိုးဖြစ်လာမယ်လို့ ခန့်မှန်းထားတာမျိုး ရှိသလား။
ဖြေ-အင်း ရှိလိမ့်မယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကတည်းကလည်း တစေ့တစောင်း တော့ကြားနေတာကိုး။ ဖေဖေကပြောတာတော့ မဟုတ်ဘူး။ ဖေဖေက မပြောပေမယ့် မေမေက သူ့အသိုင်း အ၀ိုင်းနဲ့သူပေါ့နော်၊ အဲဒါမျိုး ကြားတာလေး ဘာလေးလည်း ရှိတာပေါ့။
မေး-လက်နက်တွေလည်းကိုင်လာတယ်၊ အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးတယ်ဆိုတော့ အန်တီတို့အပေါ်မှာကော ကိုယ်ထိလက်ရောက် ကျူးလွန်တာရှိလား။
ဖြေ- မရှိပါဘူး။ မရှိဘူးဆိုတာက သူတို့ ဗီရိုတွေ ဘာတွေကို ခြေထောက်နဲ့ ကန်ပြီးဖွင့်တယ်။ သူတို့ ဆောင့်ကန် ထားတဲ့ စစ်ဖိနပ်ရာတွေ ဘာတွေက အန်တီတို့က ဒီအတိုင်းထားတယ် အမှတ်တရလေးပေါ့လေ။ ကန်နေတော့ အမေက သော့ပေးပြီး သွားဖွင့်ခိုင်းတော့ အန်တီလည်း ဖွင့်ပေးတယ်။ သူတို့ဖွင့်ခိုင်းသလိုတော့ ချက်ချင်းတော့ လည်း ဘယ်ပွင့်မလဲ။ သော့ကလည်း အဲဒီအချိန်မှာကြာလိုက်တာ။ အဲဒီတော့ ကြာလို့ဆိုပြီးတော့ ဆောင့်ကန် တာတွေ ဘာတွေရှိတယ်။
မေး-အိမ်ထဲကို ဝင်လာတာမှာ ဘယ်သူတွေပါပြီး အင်အားကကော ဘယ်လောက်ရှိလဲ အန်တီ။
ဖြေ-အိမ်ထဲကိုတော့ အယောက် နှစ်ဆယ်လောက်ပါတယ်။ ဘယ်သူတွေလဲဆိုတာတော့ မသိဘူး။ နောက်ပိုင်း မှာ ပြန်ကြားရတာက နယ်စပ်တွေမှာရှိတဲ့တပ်ကိုခေါ်လာတာတဲ့။ ခေါ်လာတော့လည်း ရန်ကုန်မြို့မှာ သူပုန်တွေ ဝင်တယ်ပေါ့။ သူပုန်ကိုသွားဖမ်းဖို့ဆိုပြီးခေါ်လာတာလို့ ပြန်ကြားတယ်။ သူပုန်ဖမ်းဖို့ နယ်စပ်က တပ်တွေခေါ်လာ တာဆိုတော့ သူတို့လည်းကိုယ့်ကို မြင်ဖူးတာမဟုတ်ဘူးလေ။ သူတို့ကို သူပုန်ဖမ်းဖို့ခေါ်လာတာဆိုတော့ ဒီအိမ်ကိုလည်း သူပုန်အိမ်လို့ထင်ချင်ထင်မှာပေါ့။ သူတို့ ခြေထောက်နဲ့ ဘာနဲ့ကန်ပြုသွားတယ်ဆိုတာကလည်း အပြစ်မရှိပါဘူး။
မေး- အားလုံးက နယ်စပ်ကပဲလာ။း ဒီမြို့ပေါ်ကကော ဘယ်သူတွေပါသေးလဲ။ အန်တီတို့ သိတဲ့သူတွေ ဘာတွေကော ပါသလား။
ဖြေ-အဲဒါတော့ ညွှန်ကြားတဲ့သူတွေပါမှာပေါ့။ တပ်သားတွေကတော့ နယ်ဘက်ကလူတွေလို့ ပြောတယ်။
မေး-အန်တီတို့ တွေ့ကြုံရင်းနှီးဖူးတဲ့ လူပါသလား။
ဖြေ- မသိဘူး၊ အန်တီတော့ မသိဘူး။ နောက်ပိုင်းလည်း ပြောသံမကြားပါဘူး။
မေး-ဖမ်းသွားပြီးတော့ အိမ်မှာ မိသားစုတွေက ဘယ်လိုမျိုးကျန်ခဲ့သလဲ။
ဖြေ-ဒီလိုပဲဖမ်းပြီး ခေါ်သွားတာပဲ။ အိမ်မှာ စစ်တပ်လုံခြုံရေးတွေ ဘာတွေလည်း မထားခဲ့ဘူး။ ဘာလို့ဆိုတော့ သူတို့လိုချင်တဲ့ လူလည်းပါသွားပြီလေ။ ကျန်တဲ့မိသားစုကလည်း ဘာမှလုပ်နိုင်တာမှ မဟုတ်တာ။ သူတို့က အင်အားရှိတဲ့လူလေ။ စစ်တပ်ကိုး။ ဆိုတော့ ဒီလိုပဲထားခဲ့တာပဲ။ အမေကတော့ အရင်တုန်းကလည်း ဖေဖေက ဒီနိုင်ငံရေးလုပ်လာတယ်ဆိုတော့ ထောင်ထဲမှာ အကြိမ်ကြိမ်ပေါ့။ ဒီလွတ်လပ်ရေးမရခင်အချိန်ထိက ထောင်နဲ့ အိမ်နဲ့ဆိုတာကတော့ ထောင်မှာနေရတဲ့အချိန်က ပိုများ များနေသလား မသိပါဘူး။ ဒါပေမဲ့ စစ်တပ်က ဖမ်းခေါ် သွားတယ်ဆိုတော့ နည်းနည်းတော့ ပူပန်မှုတော့ ရှိတာပေါ့လေ။
မေး-ဝန်ကြီးချုပ်တစ်ယောက်ကိုခေါ်သွားတယ်ဆိုတဲ့အပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ခေါ်သွားသလဲ။ သူတို့ကို သူပုန်ဖမ်းမယ်လို့ ပြောထားတယ်ဆိုတော့လေ။
ဖြေ-အဲဒါကတော့ ကိုယ်ကလည်းမျက်စိနဲ့မမြင်ရဘူး။ ဒါပေမဲ့ တစ်ခုရှိတာက အဖေ့ရဲ့စာအုပ်ထဲမှာ ပြန်ရေး တာကတော့ သူ့ကိုခေါ်သွားပြီးတဲ့အခါမှာ သတင်းပို့ရတယ်မို့လား။ တွေ့ပြီဆိုတဲ့အကြောင်းကို အဲဒီလို သတင်းပို့တဲ့အခါ "လောက်ကောင်မိပြီဟေ့"လို့ ပြောတယ်တဲ့။
မေး- ဝန်ကြီးချုပ်ကို ဖမ်းခေါ်သွားပြီးတဲ့နောက်မှာ အန်တီတို့ ဘယ်လိုဖြတ်သန်းခဲ့သလဲ။
ဖြေ-ဒါကတော့ မကြာခဏ ဖြစ်တတ်ပါတယ်။ လောကဓံပေါ့။ လူတွေက အိမ်တောင်မလာရဲတော့ဘူး။ သတင်းမေးဖို့တောင်မလာဘူး။ ကိုယ့်ဆွေမျိုးသားချင်းဆိုတာလည်း မှတ်မှတ်ရရဆိုလို့ အဖေရဲ့အစ်ကိုကြီးရယ်၊ အဖေ့အစ်မကြီးရယ် သူတို့လာနှစ်သိမ့်တယ်။ အန်တီတို့ကို လာသတင်းမေးတယ်။ ငါတို့ရှိတယ်ဆိုပြီး လာပြောတယ်ပေါ့။ ဒီလောက်ပါပဲ။ ကျန်တဲ့ဆွေမျိုးသားချင်းတွေဆိုတာ ကိုယ့်လမ်းတွေ့ရင်တောင် မခေါ်ရဲ မပြောရဲဘူး။ အဲဒီလိုအခြေအနေမျိုး ဖြစ်သွားတယ်။
မေး-အိန္ဒိယနိုင်ငံမှာလည်းသွားနေခဲ့တော့ အဲဒီဘက်မှာကော ဘယ်လိုဖြတ်သန်းခဲ့သလဲ။
ဖြေ-အဲဒါကတော့ အဖေပြန်လွတ်မှ သွားတာပါ။ ဖေဖေက ၆၅ ခုနှစ်မှာ ပြန်လွတ်တယ်။ နောက်ပိုင်းမှာ နိုင်ငံရေး အခြေအနေအရသုံးသပ်ပြီးတော့ ပြည်ပထွက်ရင်ကောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ၆၉ ခုနှစ်၊ ဧပြီလမှာ အိန္ဒိယကိုသွားတာပဲ။ အိန္ဒယကနေတဆင့် ထိုင်းနိုင်ငံမှာ ခြောက်နှစ်နေတာပေါ့လေ။ အဲဒီတုန်းက တော်လှန် ရေးတစ်ရပ်ဆင်နွှဲဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲဒီနောက်ပိုင်း အိန္ဒိယကိုပြန်လာခဲ့ကြတယ်။ အိန္ဒိယမှာခြောက်နှစ်ထပ်နေပြီး ဦးနေဝင်းကလည်း မြန်မာနိုင်ငံကိုပြန်လာပါလို့ ပြောတဲ့အတွက်ကြောင့် ဖေဖေ ကလည်း ဘာသာရေးကိစ္စလုပ်ချင်တော့ မြန်မာပြည်ကို ပြန်ရောက်လာတယ်။ အန်တီတို့က နောက်ပိုင်းမှ ၂၀၀၃ ခုနှစ်ကျမှ ပြန်လိုက်လာတယ်။
from လျှပ်တစ်ပြက် |
မေး-အန်တီတို့ မြန်မာပြည်ကို ပြန်ရောက်တော့ အရင် အန်တီတို့ ထွက်သွားတဲ့ ပုံစံနဲ့ ဘာတွေ ကွာခြားမှုတွေ့ရလဲ။
ဖြေ - မသွားခင်တုန်းကကော ပြန်လာတဲ့အချိန်ထိကော ထောက်လှမ်းရေးတွေက ဆက်ပြီးအင်အာ ကောင်း နေတယ်။ ပြီးတော့ ထောက်လှမ်းရေးတွေက ကိုယ့်ကို အမြဲတမ်းမျက်ခြည်မပြတ် စောင့်ကြည့်နေတယ်ဆိုတာ ကတော့ ကွာခြားမှုမရှိဘူး။ ကျန်တာကတော့ အန်တီတို့သွားနေတဲ့ကာလအတွင်းမှာတော့ ပြည်သူလူထုတွေက ဆင်းဆင်းရဲရဲနေခဲ့ရတယ်ဆိုတာကို သိခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဖေဖေတို့ပြန်လာတဲ့ အချိန်က တည်းကပဲ အစားအသောက်က အစ။ အခြေခံစားကုန်တွေ တော်တော်ရှားပါးနေတယ်။ အခုမှ တော်တော်ပေါ များလာတာပေါ့။ ဟိုတုန်းကတော့ အစားအသောက်ရှားပါးတာ တော်တော်ဒုက္ခခံစားရပါတယ်။
မေး-အဲဒီတုန်းကတည်းကပဲ ရှိခဲ့တဲ့ ပါလီမန် ဒီမိုကရေစီ စနစ်က ခုထိ ဆက်တိုက်သွားနေမယ်ဆိုရင် ဘယ်လိုရှိမယ်လို့ မှန်းဆမိလဲ။
ဖြေ-ဟိုအချိန်ကနေ ဒီအထိ ပုံမှန်အတိုင်းသွားမယ်ဆိုရင်တော့ပေါ့နော်။ အဲဒီက အကျိုးဆက်တိုင်း ဒီအတိုင်း တိုးတက်သွားမယ်လို့ မှန်းဆလို့တော့မရဘူး။ ဒါပေမဲ့ ပုံမှန်လေးအတိုင်းသွားမယ်ဆိုရင် မြန်မာပြည်မှာ ပါလီမန် စနစ်က တော်တော်ကိုခိုင်မာမယ်။ ပြီးတဲ့အခါကျတော့ အရှေ့တောင်အာရှမှာ ဒီလိုပုံစံမျိုးလည်းဖြစ်မှာ မဟုတ် ဘူး။ ဟိုကတည်းက အရှိန်ကောင်းတွေ ရှိတဲ့အခါကျတော့ ကမ္ဘာ့အလယ်မှာ ထိတ်ထိတ်ကြဲ နိုင်ငံတစ်နိုင်ငံ တော့ ဖြစ်နေမှာပေါ့။ အထူးသဖြင့် ဆုံးရှုံးမှုကတော့ လူငယ်တွေရဲ့ ပညာရေးအပိုင်း နစ်နာတာကတော့ အကြီးဆုံး ဆုံးရှုံးမှုပေါ့။
မေး- ၀န်ကြီးချုပ်ဟောင်း ဦးနုမျှော်လင့်ခဲ့တဲ့ မြန်မာနိုင်ငံက ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
ဖြေ-အဲဒီ ၆၂ ခုနှစ် အာဏာမသိမ်းခင် မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ သူက ထိပ်ဆုံးနိုင်ငံ ဖြစ်နေတယ် လေ။ ပြီးတဲ့ခါကျတော့ စီးပွားရေးဘက်မှာပဲ ကြည့်ကြည့်၊ ပညာရေးဘက်မှာပဲကြည့်ကြည့်။ သူတို့က ကိုယ့်ဆီက ဘယ်လိုလဲဆိုတာ သူတို့လာပြီးလေ့လာရတာလေ။ စီးပွားရေးဆိုလို့ရှိရင်လည်း ထိုင်းနိုင်ငံတို့ ဘာတို့ဆိုတာ ပြည်တွင်းနေပြီး ပစ္စည်းပို့နေရတာ။ အခုမှ သူတို့ကနေပြီးတော့ သူတို့ဆီက တစ်ဆင့်ခံပြီး ဝယ်ယူနေရတာကို အဲဒီလိုအနေထားမျိုးမှာ ရှိတယ်ဆိုတော့။ အဖေရဲ့ ရည်မှန်းချက်ကတော့ စည်းလုံးညီညွတ်ရေးကို ရှေ့တန်း တင်ပြီး ကမ္ဘာ့အလယ်မှာ စံတင်လောက်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ ရည်ရွယ်ချက်တွေ ရှိခဲ့တယ်။ ဖြစ်လည်း ဖြစ်နေ ပါပြီ၊ အဲဒီအချိန်တုန်းက။ ပညာရေးဘက်မှာ၊ ကျန်းမာရေးဘက်မှာဖြစ်ဖြစ် အဲဒီအချိန်မှာ ဖေဖေတို့က ကြိုးစားပြီး ဆောင်ရွက်လာခဲ့တာပဲ။ ဒါတွေကတော့ ဘယ်လိုမှငြင်းလို့မရတဲ့ကိစ္စတွေပဲ။ ဘာလို့လဲဆိုတော့ သမိုင်း တစ်လျှောက် အချက်အလက်တွေ ရှိနေတာပဲ။
မေး-အခု အာဏာသိမ်းမှုဟာ ၅၃ နှစ်မြောက် တစ်ပတ်ပြန်လည်လာတဲ့အခါကျတော့ ဒီအချိန်မှာ သီးခြား ခံစားမှုတွေ ဘာတွေ ရှိနေသေးလား။
ဖြေ- အဖေ မကြာခဏပြောခဲ့သလိုပေါ့။ သင်ပုန်းချေတယ်။ အဖေကတော့ အမြဲတမ်းသင်ပုန်းချေဖို့၊ နောက်ပြီး လူတစ်ယောက်ယောက်ကို လက်စားမချေဖို့။ ချေနှစ်ချေဆိုပြီး ပြောတယ်ပေါ့။ ဘာသာရေးလည်း လုပ်တယ်။ နိုင်ငံရေးမှာလည်း အတွေ့အကြုံရှိပြီးသားဆိုတော့ သင်ပုန်းချေတယ်ပေါ့။ အန်တီတို့ကိုယ်တိုင်ကလည်း အဲဒီကိစ္စတွေကို သင်ပုန်းချေလိုက်တာပေါ့။ ဒါကြီးကို တအုံနွေးနွေးခံစားနေရင် ရှေ့ဆက်သွားလို့ မရတော့ဘူး။
မေး-အဲဒီအဖြစ်အပျက်တွေကနေ ဘယ်လိုသင်ခန်းစာတွေယူသင့်လဲ။
ဖြေ-ဘယ်လိုသင်ခန်းစားယူသင့်လဲဆိုရင် အားလုံးက စည်းလုံးညီညွတ်ဖို့လိုတယ်။ ကိုယ့်တိုင်းပြည် ကိုယ် တကယ်ချစ်တယ်ဆိုရင်၊ မာနတွေ ခဏလေး ပစ်ပယ်ထားဖို့ လိုတာပေါ့။ အဲဒါက ပထမဆုံး တိုင်းရင်းသား တွေနဲ့ စည်းလုံးညီညွတ်ဖို့။ ဗိုလ်ချုပ်အောင်ဆန်းကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေ့တန်းတင်ခဲ့ တာလေ။ ဗိုလ်ချုပ်ကျဆုံးပြီး အဖေက ဆက်တာဝန်ယူခဲ့တော့လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေ့တန်းတင်ပြီး ကြိုးစားဆောင်ရွက်တယ်။ ဒီကြားထဲက လွတ်လပ်ရေးရခါစမှာ အကုန်လုံးတစ်ယောက် တစ်ပေါက် ဖြစ်ကုန်ကျတာပဲ။ အဲဒီလိုမျိုး စိတ်ဝမ်းကွဲတာတွေ ထပ်မဖြစ်တော့အောင် အရေးကြီးဆုံးပါပဲ။
ကေဇူးမေးမြန်းသည်
No comments:
Post a Comment