Friday, May 11, 2018

ဝါးခယ်မ အမှတ်တရ - အောင်မိုး






ဝါးခယ်မသားတစ်ယောက်ဟာ တာဝတိံသာမူလတန်းကျောင်းကို မီခဲ့ဖူးမယ်ဆိုရင် သူဟာ
အသက် ၄၈ အထက်ရှိလောက်ပါပြီ။ဆရာခက်တို့ ဆရာဦးအုန်းမောင်တို့ကို မီခဲ့ဖူးရင်
၅၀အထက်ရှိပြီပေါ့။

ရေကျော်ရပ်ကွက် မီးသတ်ရုံအနီးက တာဝတိံသာဘုန်းကြီးကျောင်းဝန်းထဲကမူလတန်းကျောင်းမို့
တာဝတိံသာမူလတန်းကျောင်း လို့သာသိသူများပါတယ်။ သူငယ်တန်းကနေ လေးတန်းအောင်တဲ့ထိ
တာဝတိံသာကျောင်းမှာ နေခဲ့ဖူးလို့ နောင်တချိန် အခြားနေရာပြောင်းသွားတာသတင်းကြားရတော့
ငယ်ဘဝနေရာလေးကို လွမ်းမိပါတယ်။

သူငယ်တန်းစတက်တဲ့နေ့ မိုးတွေကရွာ အိမ်နဲ့မခွဲဖူးလို့ငိုပေါ့။ အဖေ တစ်ပတ်လောက် ကျောင်းရှေ့က ထိုင်စောင့်ပေးတာ ဒီနေ့ထိမှတ်မိသေးတယ်။ကျောင်းသူ ကျောင်းသားတွေရဲ့ အသဲစွဲ အမေနွဲ့အသုပ်ဆိုင်လေးက ဘယ်ရောက်သွားသည် မသိတော့သလို အမေနွဲ့လည်း ရှိတော့မယ်မထင်ပါဘူး။ဆရာခက်တို့ ဆရာဦးအုန်းမောင်တို့ အရိုက်ကြမ်းတဲ့အထဲမှာ နာမည်ကြီးလို့ မေ့မရနိုင်ခဲ့ပါဘူး။ ဆရာကြီးတွေ ရိုက်ချက်ပြင်းလို့ အရှိုးတွေထပ်နေလဲ မိဘတွေ အပစ်မတင်ကြပါဘူး။(ဒီနေ့ခေတ် ဖေ့ဘုတ်မှာ ဘုန်းကြီးရိုက်လို့ ဆရာရိုက်လို့ တင်ထားတဲ့ပုံတွေကြည့်ပြီး ရယ်ချင်ပါသေးတယ်။အဲဒီခေတ်က ဆရာတွေကို မီအောင် ရိုက်နိုင်ရင် ချက်ချင်း ထောင်ထဲထည့်ကြမယ်ထင်ပါတယ်)

လေးတန်းစာမေးပွဲရက်ဆို ဆရာခက်ကြီး တပည့်အိမ်တွေလိုက်ကြည့် .... စာမလုပ်ရင် အိမ်ထဲဝင်ရိုက်သွားတာမျိုး ဒီနေ့ခေတ်မှာ မရှိတော့ပါဘူး။ ဆရာကြီး ဦးအုန်းမောင် ပင်စင်ယူသွားတာတောင်အိမ်ကမိဘတွေက အလွတ်သင်တက်ခိုင်းလို့ သင်ခဲ့ဖူးပါတယ်။ အရိုက်ကြမ်းသလောက် အသင်အပြကောင်းတဲ့ ဆရာကြီးပါ။ တက္ကသိုလ်ကျောင်းအသီးသီးမှာ အာစရိယပူဇော်ပွဲတွေ အပြိုင်အဆိုင် တွေ့ရပေမယ့် လစာရိက္ခာချို့ငဲ့လှတဲ့ မူလတန်းပြဆရာတွေအတွက်အသိအမှတ်ပြုသူအင်မတန်ရှားပါးပါတယ်။မူလတန်းပြဆရာတစ်ယောက်
ရဲ့ ပင်ပန်းမှု၊ သင်ကြားပြသ လက်ဝင်ခက်ခဲမှုမျိုးစုံ၊ ကလေးရဲ့ ပြုမူတဲ့ အပစ်အပေါ်မှတ်မှတ်သားသားရှိစေဘို့ ဘယ်လောက်ရိုက်ရိုက်သားရယ် သမီးရယ် မေတ္တာနဲ့ စိတ်ရှည်သည်းခံသင်ကြားပေးရမှုက မူလတန်းကလေးတွေ စာပြဖူးသူမှဘဲ နားလည်နိုင်မှာပါ။


 
ကျောင်းအဝင် ရှေ့နားက စက်ဘီးပြင်ဆိုင် ရယ်
လေးတန်းစာသင်ဆောင်နဲ့ သိမ်ကြားက ယူကလစ်ပင်တွေကို မစွဲမလန်း မျက်စေ့ထဲ ပြန်ကာ ပြန်ကာ မြင်နေမိပါတယ်။မိုးကုန်လို့ ခြောက်သွေ့တဲ့ရာသီဆို ဦးရှင်ကြီးကွင်းကဖြတ်ပြန်နေကျပေါ့။ အထက်တန်းကျောင်းတက်ရမှာပျော်ပေမယ့် ကိုယ့်မူလတန်းကျောင်းလေး ပစ်ထားခဲ့ရမှာကို စိတ်မကောင်းဖြစ်တဲ့ခံစားချက်က နောက်ဆုံးကျောင်းတက်ရက်တွေကို မပျော်ရွှင်စေတော့ပါဘူး။
အမှတ်တရလို့ပြောရပေမယ့် တကယ်တော့ မှတ်မှတ်သားသား ဘာမှ ကျန်ရစ်မနေတော့ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ကာလက ခုခေတ်လို နည်းပညာပစ္စည်းတွေ မသုံးနိုင်သေးတော့ မှတ်တမ်းမှတ်ရာ အများကြီး မရှိခဲ့တာရယ်။ မိဘတွေ ရန်ကုန်မှာ စီးပွားခြေချနေတုန်း အိမ်မီးလောင်ခံရလို့ ရှိသမျှဓါတ်ပုံတွေ ဘာတစ်ခုမှမကျန်အောင် ပျက်စီးကုန်တာရယ်က ကိုယ့်ဘ၀ အမှတ်အသားတွေ ခြေရာပျောက်ဘို့ ဖြစ်လာသလိုပါဘဲ။

မှတ်မှတ်ရရ တကယ်ကျန်ခဲ့တာက စိတ်ထဲကပုံရိပ်တွေပါ
နှစ်တွေအလီလီပြောင်း။ အလုပ်တွေ နေရာတွေ ၊ ဘ၀အခြေအနေတွေ အမျိုးမျိုးပြောင်းခဲ့ပေမယ့် ငယ်ဘ၀ပုံရိပ်တချို့က ပျောက်ပျက်မသွားခဲ့ပါဘူး။အသက် ၁၅-၁၆ က ကျန်းမာရေးကြောင့် ကျောင်းဆက်မတက်နိုင်ဘဲအနားယူရင်းဆေးကုဘို့ အဒေါ်အိမ်မှာ ၃လလောက် လာနေခဲ့တာဟာ
ဝါးခယ်မမြေပေါ် နောက်ဆုံးခြေချနိုင်ခဲ့ခြင်းပါဘဲ။

အချိန်ရရင် တာဝတိံသာကျောင်းရှေ့က ဖြတ်လျောက်ကြည့် ။
တချို့ရက်တွေ အနောက်ပိုင်းကျောင်းကြီးကို အပြင်က ကြည့်ရင်း
အလွမ်းဖြေမိပါတယ်။
တာဝတိံသာကျောင်း က မူလတန်းအောင်ပြီး အနောက်ပိုင်းကျောင်းကြီးမှာ ၅တန်း ၆တန်း ၂နှစ်တက်ရောက်ခဲ့ဖူးပါတယ်။
၇ တန်းနှစ် ရန်ကုန်ပြောင်းတော့မှ ကိုယ့်မြို့ကကျောင်းကြီးရဲ့တန်ဘိုးကို ပိုသိလာရပါတော့တယ်။
ဒိထက်ပိုသိရတာကတော့ လုပ်ငန်းခွင်ထဲဝင်ပြီး အလုပ်ကိစ္စနဲ့ နိုင်ငံအနှံ့ မြို့အနှံ့ရောက်ဖူးတော့လဲ ၀ါးခယ်မမြို့ အနောက်ပိုင်း ကျောင်းကြီးကို မီတဲ့ကျောင်းမျိုး မတွေ့ခဲ့ဖူးသေးပါဘူး။

(ကိုယ်မတွေ့သေးတာလည်း ဖြစ်နိုင်ပါတယ်)

ကြီးမားပြည့်စုံပြီး ကျောင်သူ ကျောင်းသားတွေ အမှန်တကယ် ၀င်ရောက်ဖတ်ရှု လေ့လာခွင့်ရတဲ့ စာကြည့်တိုက်ကောင်း အလွန်ရှားပါး လှပါတယ်။စာဖတ်ဝါသနာပါလို့ ၀ါးခယ်မမြို့ အနောက်ပိုင်း ကျောင်းကြီး မှာတက်ခဲ့ရတဲ့ ၂ နှစ်လုံးလုံး နေ့လည်ထမင်းစားဆင်းချိန်
ထမင်းအမြန်စားပြီး စာကြည့်တိုက်ကို အပြေးအလွှားသွား
စာအုပ်တွေမွှေနှောက်ရှာဖွေပြီးဖတ်ရတာမမောနိုင်ခဲ့ပါဘူး။အသင်းအလိုက်စာကြည့်တိုက်သန့်ရှင်းရေး
လုပ်ရတဲ့နေ့တွေအရမ်းပျော်ခဲ့ပါတယ်။စုံလိုက်တဲ့စာအုပ်တွေကလည်း ရွှေသွေး မိုးသောက်ပန်းကနေ မဂ္ဂဇင်းပေါင်းစုံ ၊ ဘာသာပြန်စာအုပ်တွေ ၊ စွယ်စုံကျမ်းတွေ ၊ ဘာသာရပ်အလိုက်
လေ့လာစရာတွေ စုံနေလို့ စာသင်နှစ် ၂နှစ်အတွင်း ကုန်အောင်မဖတ်နိုင်ခဲ့ပါဘူး။


 
ရန်ကုန်ကျောင်းအတော်များများ မှာ ကာယအချိန်ဆိုတာ
ကျောင်းသားတွေ လွတ်လပ်စွာ စည်းကမ်းမဲ့ ဆော့တဲ့အချိန်လိုဖြစ်နေတာ အလွန်စိတ်ပျက်ခဲ့မိပါတယ်။
(အာပြဲမြင့်ဆွေ-လို့ လူသိများတဲ့) ကာယဆရာ ဦးမြင့်ဆွေ ရဲ့ အောင်မြင်တဲ့အသံအား အသင်အပြကောင်းတဲ့ ကာယလေ့ကျင့်ခန်းတွေ ကလည်း ကျွန်တော်မေ့မရတဲ့
ရွှေခယ်မြို့ရဲ့ အမှတ်တရတွေထဲက တစ်ခုပါဘဲ။
ဘယ်လိုမှ ယှဉ်မရနိုင်တဲ့ သင်ကြားမှုဖြစ်တဲ့ သက်မွေးပညာရပ်ကို (ယောင်္ကျားလေးတွေအတွက် စက်မှုလက်မှုဘာသာရပ်-မိန်းကလေးတွေအတွက် အိမ်တွင်းမှုဘာသာရပ်တွေကလည်း
မြန်မာနိုင်ငံရဲ့ ရှားပါးကျောင်းကြီးအဖြစ် ရပ်တည်စေနိုင်လျက်ရှိပါတယ်။) အလွန်စိတ်ဝင်စားစွာ
သင်ကြားချင်ပေမယ့် ၂ နှစ်ဆိုတဲ့ တိုတောင်းတဲ့ စာသင်နှစ်က ဘ၀အတွက် လက်တွေ့အသုံးချ လက်မှုအတတ်ပညာ ကို သင်ကြားခွင့်ရခဲ့ပါတယ်။
ကျူရှင်ဆိုတာဘာမှန်းမသိရအောင် ဘာသာရပ်တိုင်းရဲ့ ဆရာ ဆရာမတွေကလည်း အသင်အပြကောင်းခဲ့တာကို ပိုသိလာရပါတယ်။

အသင်အပြကောင်းတဲ့ ဆရာတွေထဲမှာ ပဉ္စမတန်း မြန်မာစာ ဆရာ ဦးစိန်လျှံ ကတော့ အမှတ်တရထဲမှာ ပါခဲ့ပါတယ်။ သင်ခန်းစာကို ရိုးရိုး သင်ရိုးအတိုင်းမသင်ဘဲ ဆက်စပ်တဲ့ ဥပမာ ပုံပြင်တွေ ပြောပြ သင်ပြ ကောင်းခဲ့လို့ (နောက်ပိုင်း ဂမ္ဘီရစာပေတွေလေ့လာဖြစ်ပြီး ဆောင်းပါးအချို့ရေးဖြစ်ခဲ့တာ)ထိုအချိန်က ဆရာချပေးခဲ့တဲ့ ဂမ္ဘီရစာပေမျိုးစေ့လို့ ပြောရမှာဖြစ်ပါတယ်။ ဦးစိန်လျှံ ကိုယ်တိုင် နက္ခတ္တ နဲ့ ဂမ္ဘီရမဂ္ဂဇင်းတွေမှာ ရေးသားတဲ့ ဆောင်းပါးတွေ ဖတ်ရလို့ ကြည်နူးဝမ်းသာနေတုန်း မကြာခင်ဘဲ ဆရာဆုံးသွားတဲ့ သတင်း ကြားရလို့ ၀မ်းနည်းခဲ့ရပါသေးတယ်။

ကိုယ့်မြို့ကျောင်းကြီးကို အလွမ်းဆုံး သတိအရဆုံးအချိန်က ကထိန်ရာသီပါဘဲ။
အတန်းတိုင်းရဲ့ အခန်းတိုင်းက ပဒေသာပင်တွေ အပြိုင်ဆိုင်ချိုးပြီး မမောနိုင် မပမ်းနိုင်လှည့်လည်တာဟာဖြင့် ကျောင်းသားတွေရဲ့ ဘာသာရေးအခြေခံတဲ့ အနုပညာစွမ်းရည်ပြပွဲတစ်ခုမဟုတ်ပါလား ။ဝါးခယ်မနယ်သား မိဘနှစ်ပါးကဝါးခယ်မမြို့မှာမွေးဖွားခဲ့သော်လည်းသိတတ်တဲ့အရွယ်ကနေ ရန်ကုန်ကိုပြောင်းရွှေ့ချိန်ထိ
အချိန်ကာလကြာကြာ မနေခဲ့ရပေမယ့်နေပျော်ဖွယ် ကိုယ့်မြို့လေးရဲ့အမှတ်တရပေါင်းများစွာက ရင်ထဲမှာ စွဲငြိနေလို့အကြောင်းတိုက်ဆိုင်တိုင်း သတိတရလွမ်းဆွတ်မိခဲ့ပါတယ်။



မြို့ရဲ့လျှပ်စစ်မီးကလည်း မီးစက်နဲ့အချိန်ပိုင်း ပေးရာကနေ၂၄ နာရီ မီးရတော့ ပျော်လိုက်တာ။
အရှေးမနှောင်းမှာဘဲမြို့ထဲကလမ်းတွေ ကတ္တရာခင်းတော့မူလတန်းအရွယ်လောက်မှာပေါ့။

မိုးဦးကျဆို စည်ပင်ကမြောင်းတွေဖော်ရင် ပျော်ပါတယ်။မိုးတွေကရွာ မြစ်ရေကတက်လာတဲ့အခါ
မြောင်းတွေထဲ ငါးတွေတက်လာတာကိုးငါးတွေ ပုဇွန်တွေကြည့်ရတာ သဘောကျတယ်လေ
မီးသင်္ဘောလည်း လွှတ်ကြတာပေါ့။

အိမ်နီးချင်းတွေက ကလေးငယ် ကလေးကြီးလူပျိုပေါက် အပျိုပေါက်စ ခေါင်းနိမ့် ခေါင်းမြင့်မတိမ်းမယိမ်း 
အရွယ်တွေဆိုတော့ ညီကိုမောင်နှမအရင်းတွေနဲ့မခြား ဆော့ဖော်ဆော့ဖက်တွေ
ညဘက်ဆို လမ်းထဲမှာ ကစားနည်းပေါင်းစုံစုကစားကြတာ ပျော်စရာကြီးပါ။
နွေရာသီကျောင်းပိတ်ရက်ဆို သီရိမင်္ဂလာလမ်း (ယခင် ကောင်စီရုံး - ယခု ဘုံကျောင်းဟုသိရသည်) အနီးဝန်းကျင်က ကလေးအုပ်စု အသံတွေ ညံမဆဲတဲ့ နေရာလေးပေါ့။
(ထိုစဉ်က အတူဆော့ဖက် အမတစ်ယောက် နေပြည်တော်ရုံးမှာ တာဝန်ကျလို့ တခါတခါအချိန်ရရင် သူ့ဆီပြေးပြီး ငယ်ဘဝအကြောင်းတွေ လက်ရှိမြို့ရဲ့သတင်းတွေ ပြောဖြစ်ပါတယ်။)



ဝါးခယ်မမြို့ဟာ အရမ်းကြီးမားကျယ်ပြန့်တဲ့ ဈေးမြို့ကြီးခရိုင်မြို့ကြီးမဟုတ်ပေမယ့် နေပျော်ဖွယ် မြို့လေးဆိုတာ အနယ်နယ် အရပ်ရပ်ရောက်ဖူးတော့ ပိုသိခဲ့ရပါတယ်။
မြို့ဦး မြို့ထိပ် မြို့လယ် မြို့နောက် ဘယ်နေရာသွားသွား ကြည်ညိုဖွယ် စေတီပုထိုးတွေ၊ နှစ်စဉ် ပွဲတော်ရ ဘုရားတွေအပြင် မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့(နေ့စဉ် မျက်နှာသစ်တော်ရေကပ်တဲ့ မဟာမြတ်မုနိ ဘုရားပြီးလျင်) လပြည့်နေ့တိုင်း မျက်နှာသစ်တော်ရေကပ်တဲ့ (သကျမဟာသီရိဘုရားကြီး) ကြည်နူးဖွယ်အလေ့အထ ရှိတဲ့မြို့လေးလဲဖြစ်ပါတယ်။ထူးခြားတဲ့ ပုဂ္ဂိုလ်တွေ ၊ အောင်မြင်ကျော်ကြားသူတွေ
ပေါ်ထွန်းတဲ့ ဘုမ္မိမြေကောင်းရှိရာ အရပ်လို့လဲ ဆိုကြပါတယ်။

ဝါးခယ်မမြို့ကို နေ့တိုင်းသတိရမနေပေမယ့်ပြက္ခဒိန်ကြည့်တိုင်း သတိရနေတယ်လို့ပြောရင်
မမှားပါဘူး။နှစ်စဉ်ပွဲတော်ရ မြသိန်းတန်/သကျမဟာသီရိ/ရှစ်မျက်နှာ/သော်က ဘုရားပွဲတော်တွေ။
(မိမိတို့ရှိစဉ်က မှတ်မိသလောက်ပါ-တခြားဘုရားပွဲတွေရှိနိုင်ပါသေးတယ်)
ဒေသရဲ့ ထူးခြားတဲ့ပွဲတော်တစ်ခုဖြစ်တဲ့ ဦးရှင်ကြီးပွဲ ကပိုပြီးသတိရစေပါတယ်။ ပွဲတော်ရက်မတိုင်ခင် မြို့ထဲ
အလှူခံရက်တိုင်း နတ်ဒိုးသံတခြိမ်းခြိမ်းကကလေးဘဝကို ပိုမိုတက်ကြွပျော်ရွှင်ခဲ့ရပါတယ်။
အိမ်က ပွဲတော်ကွင်းနဲ့ နီးတော့ ပွဲတော်ကြီးမပြီးမချင်းပြေးလိုက် လွှားလိုက်နဲ့ ဘာမှန်းမသိ မအားရအောင်
မနားရအောင် ပြေးလွှား ပျော်ပါးနေခဲ့တဲ့ အချိန်တွေက မနေ့တနေ့ကလိုပါဘဲ။

နွေအခါ မြစ်ထဲ ရေကျချိန်တံတားအောက်စပ်နားကိုင်ပြီး ရေကူးရသလိုမိုးတွင်းရေပြည့်လို့ ကမ်းနဖူးတိုက်အောင် ရေတက်လဲပျော်ခဲ့တာပါဘဲ။ (သံဈေးအောက်က ဂလိုင်ကြီးတော့
ခုချိန် ပြုပြင်ပြီးပြီလား ၊ ပိုကြီးလာမလား မသိပါဘူး။)(စကားချပ်- မကြာခဏ အိပ်မက်မက်ရင်
မြို့မလမ်း ဈေးကုန်းတံတားကို မောပမ်းကြီးစွာတက်ရောက်ဖြတ်ကူးရတာပါ။အိပ်မက်ထဲမှာ ကုန်းတံတားက အရမ်းမြင့်ပြီးတက်ရခက်ခဲပါတယ်။)

မနက်ပိုင်း ဈေးရောင် ဈေးဝယ်လှေ သင်္ဘောအရွယ်စုံ ဝင်ထွက် သွားလာနေကြတာ
တမျိုးချစ်စရာကောင်းတဲ့မြင်ကွင်းလေးကမြစ်ကမ်းအလှကို ပိုပြီးအသက်ဝင်စေပါတယ်။




ဒီလို လှပတဲ့မြင်ကွင်း နေရာလေးကမိမိတို့ကို လက်ပြနှုတ်ဆက်မယ့်နေရာလေးတစ်ခု
ဖြစ်လာမယ်လို့ မထင်မှတ်ခဲ့မိပါဘူး။

အိမ်ထောင်ပရိဘောဂပစ္စည်းတွေတင်ထားတဲ့"မင်းဆန်း" သဘောင်္ရဲ့ ဥသြဆွဲသံ နဲ့
ကမ်းပေါ်က ဆွေမျိုးသားချင်းတွေအိမ်နီးချင်းတွေရဲ့လက်ပြနှုတ်ဆက်နေကြတဲ့ပုံရိပ်တွေက
မိမိရင်ထဲမှာ တခါမှ ဝေဝါးမသွားသေးပါဘူး။လွန်ခဲ့တဲ့ နှစ်၄၀ကျော်က အစားအသောက်တွေက
အရသာကောင်းပြီး ဘေးကင်းစိတ်ချရတာလည်းလွမ်းစရာတစ်ခုပါဘဲ။

မီးသတ်ရုံရှေ့က အကြော်ဆိုင်၊ အနောက်ပိုင်းကျောင်းကြီးရှေ့ အကြော်ဆိုင် အပါအဝင် အကြော်ဆိုင်တွေက
ဘယ်အချိန်စားစား အရသာရှိနေတာပါ။ ထိုစဉ်ကစားအုန်းဆီ အကြော်ခံဆီဆိုတာ မကြားဖူးသေးတဲ့
အချိန်ပါ။ မုန့်နှစ်ကလည်း သဘာဝအတိုင်းဖေါက်ထားတော့ ဆီအိုးထဲက ထွက်လာတဲ့
အကြော်နံ့က မွှေးပျံ့နေပါတယ်။အကြော်နဲ့စားဘို့အချဉ်ရည်ကို မကျဉ်းနှစ်နဲ့ကိုယ်တိုင်းဖျော်တော့
အရောင်တင်ဆိုးဆေးအန္တရာယ်မရှိသလိုနံနံပင် ငြုပ်သီးစိမ်း ခပ်ပါးပါးလေးလှီးထည့်ထားတဲ့
အချဉ်ရည်နံ့က အကြော်ဆိုင်ခပ်လှမ်းလှမ်းထဲကအကြော်စားချင်စိတ်ကို ဖိတ်ခေါ်နေသလိုပါဘဲ၊

ကိုယ့်မြို့ကထန်းသီးမုန့် စားဖူးခဲ့တော့ ထန်းပင်ပေါတဲ့ရေစကြိုမြို့က ထန်းသီးမုန့်တောင် ကို့ပါးစပ်ထဲ
မတိုးနိုင်ခဲ့ပါဘူး။ ထန်းနှစ်ကြောင့် အပေါ်ရည်တင်းနေတဲ့ ထန်းသီးမုန့်က ကိုက်လိုက်တိုင်း ထန်းသီးနုနုစားရသလိုချိုမွှေးနေပါတယ်။

သံဖြူဆိုင်ရှေ့နဲ့ တောဈေးတန်းထောင့်ကအုန်းကောက်ညှင်းကို ပုဇွန်အသားလှော်လေးဖြူးပေးတာမျိုး ခုထိမတွေ့ဖူးတော့ပါဘူး။

ဦးရှင်ကြီးကွင်းရှေ့ မီးသတ်ရေကန် ယာဘက်နားကထောပတ်ဘိန်းမုန့် ကန်ရဲ့ ဝဲဘက်အလွန်နားက
မုန့်တွန်ဇံနဲ့ အာဒက် ရောင်းတဲ့သူတွေ ရှိနိုင်ကြပါတော့မလား။

ရန်ကုန်ရောက်ခါစက မုန့်ဟင်းခါး လုံးဝစားမရခဲ့ပါဘူး
ကိုယ့်မြို့က ငါးချိုချိုနဲ့ ငရုတ်ကောင်းနံ့သင်းပျံ့နေတဲ့ မုန့်ဟင်းခါးကို ပါးစပ်ထဲစွဲနေတော့ ရန်ကုန်ဟင်းရည် အနံ့အရသာက ဘယ်လိုမှ ခံစားမရခဲ့ပါဘူး။ ဈေးကုန်းတံတားနားက ကြက်တိန်ညင်မုန့်ဟင်းခါးကို သတိအရဆုံးပါဘဲ။



ကုန်စိမ်းတန်း အဝင်ထိပ်က ချဉ်ဖတ်စုံကိုအိုးကြီး အိုးငယ်တွေနဲ့ တည်ရောင်းနေတဲ့ ဆိုင်လေးရော
ရှိသေးရဲ့လားမသိတော့ပါဘူး။ ဆိုးဆေးမပါအချဉ်မလွန်ဘဲ အမြဲစားချင်စဖွယ်ဖြစ်အောင်
ပြင်ဆင်ထားတဲ့ ဆိုင်လေးပါဘဲ။ အဲဒီချဉ်ဖတ်ရောင်းတဲ့ မိသားစုက ပွဲတော်ရက်တွေ အသုပ်ဆိုင်ဖွင့်တော့လည်းသန့်သန့်ရှင်းရှင်း အစပ်တည့်တည့်ရောင်းတတ်တာကို မှတ်မိနေပါသေးတယ်။

အဲဒီအချိန်က တရုတ်အစားအစာ စားချင်ရင် ကြင်သိန်းစတိုး ရှေ့က တရုတ်ဆိုင်ရယ် ကမ်းနားလမ်းက ဆိုင်တချို့ရယ်ဘဲ ရှိခဲ့သော်လည်း ယခုအချိန်မှာတော့ စားသောက်ဆိုင်ပေါင်းစုံအပြင် အဝေးပြေးကားဂိတ် နဲ့
ဟိုတယ် မိုတယ်တွေတောင် ရှိနေပြီလို့ ကြားသိရပါတယ်။


အောင်မိုး

No comments:

Post a Comment