ဖန်မီးအိမ်ကို မီးစာမြှင့်လိုက်ရင်း မရင်မေသည် တစ်ချက်
သမ်းလိုက်၏။ တစ်နေကုန် စက်ချုပ်ထားသည်ဖြစ်၍ သူ့ မျက်လုံးများ စင်းလာသည်။ သစ်သားတံခါး
တစ်ချပ် လှစ်ထားရာမှ အပြင်သို့ မျှော်ကြည့်မိ၏။ အပြင်ဖိနပ်ချွတ်မှာ ကာရံထားသော သံဆန်ခါကွက်တံခါးကိုတော့
ချက်ထိုးထားသည်။ စောစောက လူသွားလူလာနှင့် ဆူညံနေသောလမ်းသည် ယခုတော့ လမ်းမီးတိုင် အောက်မှာ
တိတ်ဆိတ်နေသည်။
သူတို့အိမ်လေးသည် တောင်ဥက္ကလာပ ၁၀ ရပ်ကွက်ဈေး၏ မျက်နှာစာတန်းနှင့်
တစ်တန်းတည်း ဈေးနှင့်မနီးမဝေးမှာ ရှိသည်။ တစ်နေ့လုံးနှင့် ညဦးအထိ လူစည်ကားသော နေရာ
ဖြစ်သည်။
သားသည် ၈ နာရီ ကျူရှင်ပြီးလျှင် ၉ နာရီလောက်တော့ အရောက်ပြန်လာတတ်သည်။
ယနေ့ညတော့ ၉ နာရီကျော် ၁၀ နာရီ နီးနေပြီ။ တစ်ဖက်ခန်းရှိ အိမ်ရှင် သို့မဟုတ် အလုပ်ရှင်
ဒေါ်မြငြိမ်းတို့ မိသားစု အိပ်ပျော်နေကြပြီ ထင်သည်။ ဘာသံမှ မကြားရ။ လျှပ်စစ်မီးတစ်လုံး
ဖွင့်ထားလျှင်တော့ရသည်။ ဒေါ်မြငြိမ်းကို သူက အားနာသည်။ ပြီးတော့ အပ်ချုပ်ခြင်းနှင့်မဆိုင်သော
သားကို စောင့်မျှော်ခြင်းအတွက် ဒေါ်မြငြိမ်း၏ မီးလုံးကို မသုံးသင့်ဟု သူထင်သည်။ ဒါကြောင့်
သူဝယ်ထားသော ရေနံဆီနှင့် ဖန်မီးအိမ်ကိုထွန်းကာ သားကို စောင့်မျှော်နေရခြင်း ဖြစ်သည်။
စာအုပ်လေး ဘာလေးဖတ်၍ စောင့်မျှော်နေရသော အချိန်ကို ကုန်လွန်အောင်
လုပ်လျှင်တော့ ရသည်။ ဒါပေမယ့် အလုပ်က မျက်စိကို အသုံးချရသော စက်ချုပ်အလုပ်ဖြစ်၍ မျက်စိကို
ညဘက်မှာ အနားပေးဖို့လိုသည်။ ဒေါ်မြငြိမ်းအိမ် ရောက်စကတော့ နေ့စက်ချုပ်၊ ညဘက် ကြယ်တံတပ်သည်။
ယခုတော့လဲ ကြာကြာဝါးမည့်သွား အရိုး ကြည့်ရမည်။ သူအိုမင်းချိန်အတွက် အာမခံချက်က ဘာမှမရှိသေး။
သူရှာရသမျှ သားအတွက်ပဲ ဖြည့်ဆည်းနေရသည်။
သားသည် ဘာကြောင့်များ နောက်ကျဘာလိမ့်။ ထူးချွန်သော ကျောင်းသား
မဟုတ်သော်လည်း သားကိုးတန်းအထိ စာမေးပွဲမှန်မှန်အောင်ခဲ့သည်။ ၁၀ တန်းရောက်ခါမှ လပတ်စာမေးပွဲများမှာ
အမှတ်မကောင်း။ မနှစ်ကလည်းကျ၍ ယခုဒုတိယနှစ်တွင် သားကို ကျူရှင်ထားပေးသည်။ ကျူရှင်က မဝေး
၈ ရပ်ကွက်ထဲမှာ။ လခကလည်း မြို့ထဲက ဝိုင်းကျူရှင်များလို ဈေးမကြီးလှ၍ သူက သားကိုထားပေးသည်။
လက်သမားကြီး ဦးဘထူးပင် သူ့သားကို ထားပေးတော့ သူကလဲ ကြိုးစား၍ သားကို
ထားပေးသည်။ ၁၀ တန်းအောင်လျှင် သားအတွက် သူ့တာဝန်အေးပြီ။ သင့်တော်သော အလုပ်တစ်ခု သားရှာဖို့
အခြေခံရပြီ။ အလုပ်ရမှ သားပညာဆက်လိုချင်သေးလျှင် စာပေးစာယူ ဆက်တက်ပေါ့။ ဒါက သူစဉ်းစားထားသော
အစီအစဉ်။
သူ့အဖို့ကတော့ စက်ချုပ်စက်နှင့် လုံလောက်သည်။ ဒေါ်မြငြိမ်းအိမ်ရောက်တော့
သူ သားကို ကိုယ်ဝန်လွယ်လျက် ရှိသည်။ ဒေါ်မြငြိမ်းအိမ်က ခုလိုပျဉ်ထောင်ကာ သွတ်မိုး မဟုတ်သေး။
ထရံကာ၊ သွတ်မိုး၊ လေးပင်သုံးခန်း ဖြစ်သည်။ အိမ်ကတော့ ကျယ်သည်။ မရင်မေကို ရန်ကုန်သုံးပုံစံများ
အရင်ချုပ်တတ်အောင် သင်ပေးပြီးမှ ဒေါ်မြငြိမ်းက စက်ထောင်ပေးသည်။ မရင်မေက နယ်မှာကတည်းက
စက်ချုပ်လာသူဖြစ်၍ အခြေခံရှိပြီးဖြစ်သည်။ ရန်ကုန်ပုံစံများကို သင်ယူသောအခါ လွယ်ကူပါသည်။
ဒေါ်မြငြိမ်းကို သူကျေးဇူးတင်ပါသည်။ သူခိုနားဖို့ အိမ်ခန်းလေးပေးသည်။
ထမင်းစားဖို့ အပ်ချုပ်ပညာလည်း သင်ပေးသည်။ ဒေါ်မြငြိမ်းက မုဆိုးမဖြစ်သည်။ သားတစ်ယောက်၊
သမီးတစ်ယောက်နှင့်အတူ ၁၀ ရပ်ကွက်ဈေးထဲမှာ အထည်ဆိုင် ထွက်သည်။ သူ သားကိုမွေးခါနီးတော့
ဒေါ်မြငြိမ်းက သူ့ကိုနားခိုင်းသည်။ တခြား အမျိုးသမီးတစ်ယောက်ကို ခေါ်ယူကာ အပ်ချုပ်ဆိုင်ကို
တိုးချဲ့လိုက်သည်။
သားမွေးပြီးတော့ စက်သုံးလုံးနှင့် ကလေးမလေး အကူနှစ်ယောက်ပါ ရလာသည်။
စက်ချုပ်ဆိုင်မှာ အပ်ထည်အများအပြား ရလာသည်။ ဒေါ်မြငြိမ်းက ဈေးထဲကဆိုင်ကို ရောင်းလိုက်၍
အိမ်ကို သွတ်မိုး ဆောက်လိုက်သည်။ မရင်မေ နေဖို့ စက်ခန်းလေးနှင့်အတူ အခန်းကာပေးသည်။
ကျန်နှစ်ခန်းမှာ ဒေါ်မြငြိမ်းတို့ မိသားစုနေ၍ မွေ့ရာ၊ ခြင်ထောင်၊ ခေါင်းအုံး စသည်များကို
ချုပ်၍ရောင်းသည်။ အပ်လျှင်လည်း ချုပ်ပေးသည်။
စက်ခန်းလေးမှာ သူတို့သားအမိနှစ်ယောက် နေရ၍ ထမင်းကိုတော့ သီးသန့်ချက်စားသည်။
ဘာပဲပြောပြော သူ၏ရပ်တည်ရာ မရသော ဘဝအတွက် အခြေကျအောင် စီမံပေးသော
ဒေါ်မြငြိမ်းကို ကျေးဇူးတင်ပါသည်။ ဒေါ်မြငြိမ်းကလည်း သစ္စာရှိ၍ အလုပ်ကျေပွန်သော သူ့ကို
အစစ အဆင်ပြေအောင် ကြည့်ရှုသည်။
အပြန်အလှန် တစ်ဦးအပေါ်တစ်ဦး ထားရှိသော စေတနာနှင့် ကျေးဇူးတရားများကို
ပြန်လည်တွေးမိချိန် စိတ်ကအေးချမ်း သွားသလောက်၊ အပြင်လမ်းမက ခြေသံကြား၍ မျှော်ကြည့်လိုက်တိုင်း
သားမဟုတ်လျှင် စိတ်ကမောသွားသည်။
သားသည်သော် လည်းကောင်း၊ သား၏အဖေသည်သော် လည်းကောင်း မိခင်တစ်ယောက်
သို့မဟုတ် ဇနီးတစ်ယောက်၏ စောင့်မျှော်ရခြင်း ဒုက္ခကို သူတို့ နားလည်စာနာတတ်သူများ မဟုတ်ကြ။
ဘာကြောင့်များ မိန်းမဆိုသူတွေကို စောင့်မျှော်ရခြင်းဟူသော ဒုက္ခကို
သဘာဝက ပေးထားပါသလဲ။ ရည်းစားဘဝက မပိုင်သေး၍ မျှော်ရသည် ထားပါတော့။ လင်သား ဖြစ်လာပြန်တော့
သူတို့ကခြေမငြိမ်၊ လာချိန်တန် ပြန်မလာတော့ မျှော်ရသည်။ သားရပြန်တော့ အရွယ်ရောက်၍ ခြေကစားလျှင်
ညဥ့်နက်သည်ထိ မျှော်ရပြန်သည်။ သားတို့ဖေဖေကို စောင့်မျှော်ရစဉ်ကလည်း စိတ်မောလိုက်တာ။
ဒေါ်မြငြိမ်းဆို သတ်မှတ်၍ရသည်။ ခင်ပွန်းသည်သေဆုံးသွား၍ “မုဆိုးမ”။
မရင်မေဘဝက ဘာမှန်းမသိ၊ သားတို့ အဖေသည် သေသွားပြီလား၊ အဝေးတစ်နေရာမှာလား
မသိနိုင်။ သူယခုထိ စောင့်မျှော်လျက်ရှိဆဲပါ။ နာကြည်းစွာနှင့် မျှော်လင့်ခြင်းဖြစ်သည်။
တိုးတိုးတိတ်တိတ်ပင် ဆိုသော်လည်း လက်ထပ်ပြီးစကတော့ လက်ထပ်စာချုပ်ဆိုသည်မှာ
သူ့ဘဝအာမခံချက်လို မရင်မေ သဘောထားမိသည်။ ဒီစာချုပ်လေးကို တပွေ့ပိုက်ပိုက်နှင့် အမြတ်တနိုးသိမ်းထားမိ၏။
သားတို့အဖေ အချိန်ကြာမြင့်စွာ မပေါ်လာတော့မှ ဒီစာချုပ်သည် လူတစ်ယောက်အား
ဆွဲဆောင်ထားနိုင်သော စွမ်းအားမရှိသည့် စက္ကူအပိုင်းအစလေး တစ်ခုဆိုတာ သူနားလည်လာသည်။
ချစ်သူအပေါ် ယုံကြည်အားထားသော မိန်းကလေးတို့၏ ပျော့ညံ့မှုအပေါ် အကွက်ကောင်းယူကာ
လှည့်စားသိမ်းသွင်းရာ၌ လက်ထပ်စာချုပ်သည် လက်နက်တစ်ခု ဖြစ်လာပါပကော။
အမေ မသေခင်က ပြောစကား သတိရသည်။ “ဘာမှမပါလဲလေ တင်တောင်းစရာ မလိုဘူး။
အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် အသိအမှတ်ပြုပြီး လူကြီးမိဘစုံရာနဲ့ လာတောင်းရင် အမေ
ပေးစားမှာပဲ”
မြန်မာထုံးစံ ဤလိုလက်ထပ်ခြင်းမှာ ကတိမ်းကပါး ဖြစ်သွားဦးတော့ မိန်းကလေးအတွက်
ဂုဏ်သရေကို အကာအကွယ်ပေးခြင်း ပါလားဟု သဘောပေါက်သည်။ နောက်ကျ သွားခဲ့ပြီ။ အမေသာရှိရင်
ရင်ကျိုးမှာ။
“လူကြီးတွေဆိုတာ မလိုပါဘူး။ နှစ်ဦးသဘောတူလက်ထပ် ပြီးတာပဲ။ ချစ်တာသာ
ပဓာန” တဲ့လေ။ သားအဖေကို ဘယ် လိုက်ရှာရပါ့။ သားကို ကိုယ်ဝန်လွယ်ရတော့မှ သူမျက်လုံးပြူးမိသည်။
မိန်းမရဲတွေလို လက်ထပ်စာချုပ်ကိုင် ထဘီစွန်တောင်ဆွဲကာ မဏ္ဍပ်တိုင် မတက်ရဲလေတော့၊ အစက
ဘယ်လူကြီးမှမသိသော ဇာတ်ထုတ်ကို သူ့ဟာသူ ပြည်ဖုံးကားချလိုက်သည်။ ကိုယ့်ရင်သွေး ကိုယ်လွယ်ကာ
သူချက်မြုပ် ဒေသမှ ထွက်ခွာလာခဲ့သည်။
ကလေးအဖေအမည်ကို ဖော်ဖို့နေနေသာသာ သူသည် ကလေးအဖေနာမည်ပါသော စာချုပ်ကို
နာကြည်းစွာ ဆုတ်ဖြဲပစ်လိုက်သည်။ ဘာမှအကာအကွယ် မပေးနိုင်၊ မိန်းကလေးတစ်ယောက်၏ သိက္ခာကို
မဆယ်ယူနိုင်သော စက္ကူစုတ်။ သားတို့အဖေ ဘယ်သူဘယ်ဝါဆိုတာ သူကဖော်မပြောသော်လည်း သူ့အကြောင်း
ဖြစ်ခဲ့သမျှတော့ အမှန်အတိုင်း ဒေါ်မြငြိမ်းကို သူဖွင့်ဟပြောခဲ့သည်။
ဒေါ်မြငြိမ်းကတော့ ပြောပြသည်။
“မင်းက ထင်တာကို၊ မင်းမှာ တစ်ကောင်ကြွက် ကျောထောက်နောက်ခံ မရှိလို့၊
ဒီတိတ်တဆိတ် လက်ထပ်ထားတဲ့ စာချုပ်ဟာ တန်ဖိုးမရှိဖြစ်ရတယ်လို့။ ပုဏ္ဏား ၈ ယောက် ဘိသိက်မြှောက်ပြီး
ဧည့်တစ်ထောင်နဲ့ လက်ထပ်လည်း သူတို့သစ္စာရှိမှ သက်ဆုံးတိုင် ပေါင်းရတာ။ တို့မိန်းမတွေ
ကျေအေး လက်ထပ်ထားတာလေ၊ လူသိရှင်ကြားရှိတော့ ခုလို ကလေးရလာရင် တိတ်တိတ်ပုန်း အလေဏတော
မဟုတ်ဘူး။ လက်ထပ်ပြီးရတာပါလို့ ပြောနိင်တာလေး တစ်ခုပဲရှိတယ်”
တော်ပါပြီလေ ကိုယ်မိုက်လို့ ကိုယ်ခံရတာပဲ ဖြစ်သည်။ မိုက်ရဲ၍ ရလာသော
ဒီကလေးအတွက် အစစ သူတာဝန်ယူရဲရမည်။
သားတို့အဖေ ပြန်လာလာ၊ မလာလာ သူကတော့ သားကို လောကကြီးထဲ အရောက်ခေါ်ခဲ့၏။
သူ့အလုပ်က စက်ချုပ်အလုပ်ဆိုတော့ အပ်ထည်တွေချုပ်ရင်း သားငယ်အတွက် အင်္ကျီမျိုးစုံချုပ်သည်။
နေ့ကလေးထိန်း စ,ထားကတည်းက သားသည် တခြားကလေးများ အလယ်တွင် သစ်လွင် တောက်ပသော အင်္ကျီလှလှလေးများနှင့်
ထင်ပေါ်သူ။ ယခု ၁၀ တန်းရောက်သည်အထိ သားမှာ အဝတ်အစား မညှိုးရ၊ ပြည့်စုံသည်။ သစ်လွင်သည်။
သပ်ရပ်သည်။
ထမင်းဘူးဆိုလည်း သားအတွက်တော့ အသားဟင်းတစ်ခွက်ပါအောင် ထည့်ပေးသည်။
သားသည် အရိုးကြောက်၍ ငါးမစားသောကြောင့် ပုစွန်နှင့်အသားတစ်ခုခု ထည့်ပေးရသည်။ ကျောင်းမှာ
သားထမင်းဘူးသည် ကြေးရည်တတ် မိဘများ၏သားများ ထမင်းဘူးအလယ်မှာ မျက်နှာမငယ်စေရ။ စာအုပ်ဆိုလျှင်လည်း
လိုလေသေး မရှိ။ အကြောင်းမသိသူက စက်ချုပ်သမသားဟု ထင်စရာမရှိအောင် သူ့ဘဝအတွက် ခြိုးခြံ၍
သားကိုဖြည့်ဆည်းသည်။
သားက ၁၀ တန်းရောက်လာမှ ခြေလှမ်းကမမှန်။ ယခုတလော ကျောင်းကပြန်လာတိုင်း
မျက်နှာက မကြည်လင်။ အောက်တိုဘာ ကျောင်းပိတ်ရက် ပြန်ဖွင့်လျှင် စာမေးပွဲကြီး နီးလာပြီဖြစ်၍
သားကို အပြင်းအထန် ကြိုးစားစေချင်သည်။ သားက ညဥ့်နက်မှပြန်လာ၊ မနက်ကျစောစောမနိုး၊ စာကြည့်ချိန်
မရ။ ၁၀ တန်းရောက်ကတည်းက ကျောင်းချိန်မှာ လက်ဖက်ရည်ဆိုင်ထိုင်လျက် တွေ့ရသည်ဟု ဒေါ်မြငြိမ်းသား
ကိုသန်းအောင်က သူ့ကို သတင်းပေးသည်။ တစ်ခါတစ်ရံ ဦးဘထူးသားနှင့် မြို့ထဲမှာတွေ့ခဲ့ရသည်။
တီးတိုးညင်သာစွာ သားကို သူဆုံးမသည်။ အော်ကြီးဟစ်ကျယ်နှင့် ခဏခဏ မပြောချင်။ သူကိုယ်တိုင်လည်း
တစ်နေကုန် တစ်နေခန်း ပင်ပန်းလှ၍ ညဥ့်ဦးယံသည် သားနှင့်အတူ သာယာပြေပြစ်သော အချိန်လေးပဲ
ဖြစ်စေချင်သည်။ သားနှင့်ကတောက်ကဆ မဖြစ်ချင်။ သားမျက်နှာက မကျေနပ်ခြင်း၊ ရန်လိုခြင်းများကို
ပြနေ၍ သူကရင်ဆိုင်ထိပ်တိုက် တွေ့ဖို့ အစဖော်မပေး။ အေးအေးသက်သာတော့ သွယ်ဝိုက်ပြောသည်။
ယခုလို အပြန်နောက်ကျခြင်းမှာ ကျူရှင်အပြီး သူငယ်ချင်းတွေနှင့်
တစ်ခုခုဝင်လုပ်နေ၍ ဖြစ်ရမည်။ သူစိတ်မောလိုက်တာ။ ဆက်မတွေးချင်တော့။ သားကို ကိုယ်ဝန်ရှိကတည်းက
မောခဲ့ရသော အမောကြောင့် သူနောက်ထပ်စိတ်မောရန် အင်အားမရှိတော့ပါ။
အိမ်ရှေ့မှ ခြေသံကြားရပြီ။
“သားလား” ပြောပြောဆိုဆို တံခါး တစ်ချပ်ကို ထပ်လှစ်၍ ဖိနပ်ချွတ်ကို
ဆင်းလိုက်သည်။ သံဆန်ခါတံခါးအပြင်မှာ သား မတ်တတ်ရပ်နေသည်။ သူတံခါးဖွင့်ပေးလိုက်တော့
သားသည် တိတ်ဆိတ်စွာ အိမ်ခန်းထဲဝင်သွားသည်။ သူသည် တံခါးများကို ပိတ်၍ အိမ်ခန်းထဲ ပြန်ဝင်လာသည်။
သား၏နှုတ်ဆိတ်ခြင်းကိုမကြိုက်။ အထူးသဖြင့် သားသူ့အနားဖြတ်သွားစဉ် အနံ့တစ်ခု ရရှိသည်။
ဒီအနံ့ကို ပို၍မကြိုက်။
သားသည် အခန်းထဲဝင်သွားကာ လွယ်အိတ်ကို စားပွဲခုံပေါ်တင်လိုက်၏။ စားပွဲတင်နာရီက
၁၁ နာရီ ထိုးနေပြီ။
“မောင်အောင်မြင့်”
မရင်မေသည် အသံမာမာနှင့် လှမ်းခေါ်လိုက်၏။ သားသည် ခါတိုင်းလို သူ့ကို
သားဟုမခေါ်။ နာမည်ခေါ်ယုံမက တစ်ခါမှမကြားဖူးအောင် မာကျောလှသည်။ အခန်းထဲမှထွက်ကာ မောင်အောင်မြင့်က
မရင်မေရှေ့ လာရပ်သည်။
“အချိန် ၁၁ နာရီ ရှိပြီလို့ အမေ ပြောမလို့ မဟုတ်လား”
သားက မေးရင်း ထိုင်လိုက်၏။ ဖန်မီးအိမ်အရောင်ဖြင့် မရင်မေမျက်လုံးများသည်
ဝင်းဝင်းတောက်နေသည်။ အသက်လေးဆယ် ပတ်ဝန်းကျင်ရှိသေး၍ ဝင်းဝါသော သူ့မျက်နှာတွင် နုပျိုလန်းဆတ်သော
အသွင်များ ရှိနေဆဲ။ ဒါပေမယ့် ယခုလိုဒေါသဖြင့် ဖိတ်ဖိတ်တောက်နေသော မျက်လုံးမျိုးကို
အမေ့ မျက်နှာတွင် မောင်အောင်မြင့် မတွေ့ခဲ့ရဖူးပေ။
“၁၁ နာရီကို မပြောချင်ဘူး။ သားဟာ ကျောင်းသားတစ်ယောက် အနေနဲ့ ဘယ်အချိန်
အိမ်ပြန်ရမယ်ဆိုတာ သိရမှာပဲ။ အမေ ဘာမှ ပြောဖို့မလိုဘူး။ အမေမင်းကို အိမ်ပြန် နောက်ကျတာနဲ့
ပတ်သက်လို့ မဆူခဲ့ဘူး မဟုတ်လား။ မင်း မနှစ်က ၁၀ တန်းကျပြီးပြီ။ ဒီနှစ် ၁၀ တန်းပြန်တက်ရကတည်းက
မင်းခြေလှမ်းပျက်နေတယ်”
“ဟုတ်တယ်”
မောင်အောင်မြင့်အသံက အံ့ဩဖွယ်ကောင်းအောင် ခပ်ပြတ်ပြတ် ခပ်မာမာ။
မရင်မေကို ကြည့်နေသော မျက်လုံးများက အခြေအနေအရပ်ရပ်ကို ရင်ဆိုင်ဖို့ စိန်ခေါ်နေသော မျက်လုံးများ။
ဒီမျက်လုံးနေပုံကို မရင်မေ မကြိုက်။ အဓိပ္ပါယ်ကို နားမလည်။ သူ့ကို ရင်ဆိုင်အန်တုတော့မည့်ပုံမျိုး။
“မင်း အရက်သောက်လာတယ် မဟုတ်လား”
“ဟုတ်တယ်၊ သောက်လာတယ်”
မာကျောသောဖြေသံကြောင့် မရင်မေ သက်ပြင်းချလိုက်၏။
“ကျောင်းမှာ မင်းဘာအဆင်မပြေလို့လဲ။ စာအုပ်၊ အဝတ်အစားကအစ ဘာလိုလဲ။
ခု ကျူရှင်တက်ဖို့လည်း အမေစီစဉ်ပေးတယ်”
မောင်အောင်မြင့်သည် ဖန်မီးအိမ် ဘက်ကို မျက်စိလွှဲလိုက်၏။ ရုတ်တရက်
ဘာမှမဖြေ၊ သားအမိ နှစ်ယောက်ကြား အချိန်သည် ခေတ္တတိတ်ဆိတ်နေသည်။
“ပြောပါဦး၊ အရက်သောက်နေတဲ့ အထိ စိတ်ဓာတ်ပျက်ပြားရအောင် ဘာတွေ ဖြစ်နေလို့လဲ”
“အမေက ကျွန်တော်အရက်သောက်တာပဲ ပြောတာကိုး”
“မင်း အရက်သောက်တာကိုး မင်းကိုပဲ အမေပြောရမှာပဲ။ ကဲ အမေ့ဘက်က ဘာချို့ယွင်းခဲ့သလဲ”
မောင်အောင်မြင့်မျက်နှာသည် ရုတ်တရက် ခက်ထန်လာသည်။
“အမေအတွက် ကျွန်တော် သိပ်စိတ်ဆင်းရဲတယ်”
“ဘာ”
ကြားရသောစကားကို မယုံသလို မရင်မေက မျက်လုံးပြုးကာ မေးလိုက်၏။
“ပြောစမ်းပါအုံး၊ မင်းက စိတ်ဆင်းရဲရအောင်”
“ဟုတ်တယ်၊ မနှစ်က ၁၀ တန်းကျကတည်းက”
“ ၁၀ တန်းကျတာ အမေလုပ်လို့လား”
“ဟုတ်တယ်”
မရင်မေသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားသည်။ သားစကားကို နားမလည်။
“ကဲ အမေ့ကို ရှင်းရှင်းပြောပြစမ်း”
မရင်မေက သားမျက်နှာကို စေ့စေ့ ကြည့်နေပေမင့် မောင်အောင်မြင့်က
မျက်နှာလွှဲထားသည်။
“လက်သမား ဦးဘထူးသားနဲ့ ကျွန်တော် ကျူရှင်အတူတက်ရတော့ သူက တစ်ည
ကျွန်တော့်ကိုပြောတယ်။ သူ့အဖေက ပြောတယ်တဲ့၊ အမေ ကြီးကြီးငြိမ်းအိမ် ရောက်တော့ ကျွန်တော့်ကို
ကိုယ်ဝန်ကြီးနဲ့ဆို”
“အဲဒါ ဘာဖြစ်လဲ၊ ဒီအိမ်ကို ပြင်ဆောက်တာကအစ ဦးဘထူးလုပ်ပေးတာ၊ အမေ့မှာ
ကိုယ်ဝန်ကြီးနဲ့ ရောက်လာတာ သူသိတာပေါ့”
“မေမေက ဘယ်ကရောက်လာမှန်း မသိဘူးတဲ့၊ ကလေကချေပေါ့လေ။ ဒါထက် ကျွန်တော်သိချင်တာက
ကျွန်တော့အဖေ ဘယ်သူလဲ။ သူတို့ကပြောတယ်။ ကျွန်တော်ဟာ အဖေမရှိတဲ့သား တဲ့”
မောင်အောင်မြင့်က နာကြည်းစွာ ပြောရင်း မျက်ရည်လည်လာသည်။ မရင်မေသည်
အခြေအနေအားလုံးကို သဘောပေါက်သွားသည်။ သူ့မျက်နှာသည် ကြေကွဲဝမ်းနည်းရမည့်အစား ပြုံးလာသည်။
“ဒါကြောင့်လား။ ဒါကြောင့် ကျွန်တော်စာမေးပွဲ ကျရပါတယ်၊ အရက်သောက်ရပါတယ်ပေါ့”
“ဟုတ်တယ်၊ အမေ ကျွန်တော့်ကို မလှည့်စားပါနဲ့။ ကျွန်တော့်အဖေဟာ
ဘယ်သူလဲ။ ကျွန်တော့်ကို တိတိလင်းလင်းပြောပါ”
မောင်အောင်မြင့်အသံက မာလာသည်။
“ကဲ အမေကမပြောဘူး ဆိုပါတော့”
ဒေါ်ရင်မေထံမှ သူလိုချင်သောအဖြေ ထွက်မလာ၍ မောင်အောင်မြင့်က အံ့ဩသွားသည်။
“ကလေးအဖေ မဖော်နိုင်အောင် ဖောက်ပြန်တဲ့ မိန်းမတစ်ယောက်နဲ့ ကျွန်တော်
အတူမနေနိုင်ဘူး။ ကျွန်တော်ရှက်တယ်၊ ရှက်လွန်းလို့ အရက်သောက်တာ”
ဒေါ်ရင်မေမျက်နှာသည် ကြောက်စရာ ကောင်းလောက်အောင် ပြုံးလာသည်။ ပြီးတော့
ကြောက်စရာ ကောင်းလောက်အောင် ရယ်သည်။
“ဒီမှာသား၊ ရှက်ရမှာက အမေပါ။ လင်ကောင်မပေါ်ဘဲ သားတစ်ယောက်ကို မွေးရတဲ့
အမေက ရှက်ရမှာပါ။ ဒါပေမယ့် အမေ့ကိုလည်း မလှည့်စားဘဲနဲ့ မင်းဖြေပါ။ မင်းအရက်သောက်တာကို
ဖုံးဖိချင်လို့၊ အကြောင်းရှာပြီး အမေ့ကြောင့်လို့ မင်းကစွပ်စွဲတာ အမေရယ်ချင်တယ်။ ဒီသတင်းကြားကြားချင်း
မင်းအဲဒီအတွက် စိတ်ဆင်းရဲရိုးမှန်ရင် အမေ့ဆီ ပြေးလာပြီး မေးရမယ်။ ခုတော့မင်းက အရက်ဆိုင်ကို
ခြေဦးလှည့်တယ်၊ လက်ဖက်ရည်ဆိုင် ထိုင်တယ်။ ကျောင်းပြေးတယ်။ အမေခဏခဏ တိုးတိုးတိတ်တိတ်
သတိပေးခဲ့တယ်။ ဒီမှာသား၊ သားကို အမေမေးမယ်။ သားကျောင်းနေကတည်းက အဝတ်အစား၊ စာအုပ်၊ မုန့်ဖိုးကအစ
အခြေအနေအားလုံး အဖေရှိတယ်ဆိုတဲ့ သားတွေနဲ့ သား ဘာများခြားနားခဲ့ရသလဲ။ သားမျက်နှာငယ်ရတဲ့အကြောင်း
ရှိခဲ့ဖူးလား။ အဖေမရှိလို့ သားမှာ စာအုပ်၊ အဝတ်အစားကအစ ချို့ငဲ့လို့ စိတ်ဓာတ်ကျရပါတယ်
ဆိုရင်တော့ နည်းနည်းယုတ္တိရှိသေး”
မောင်အောင်မြင့်သည် မဖြေ။
“အဖေတစ်ယောက်ရှိတဲ့ ဆင်းရဲသားထက် သားမှာ ပြည့်စုံတယ်။ ဒီပြည့်စုံတဲ့
အခြေအနေမှာ သူများထက်တော်အောင် ကြိုးစားရတယ်။ မင်းခြေလှမ်းပျက်တာ ၁၀ တန်းရောက်ကတည်းက
အမေ တိုးတိုးတိတ်တိတ် ဆုံးမခဲ့တယ်။ မင်းရဲ့ အပြစ်ကိုဖုံးချင်တာနဲ့ အမေ့ရဲ့ပျော့ကွက်ကို
ထောက်ပြီး မေးတဲ့မေးခွန်းကို အမေဘယ်တော့မှမဖြေဘူး မှတ်။ တခြား အဖေမရှိတဲ့ မုဆိုးမသားတွေကတော့
ကျောင်းမှာ ဘာလို့ စာကြိုးစားသင်နိုင်သလဲ။ မင်းလောက်တောင် မပြည့်စုံဘူး မှတ်။ မင်းမှာ
ဘာမပြည့်စုံလို့လဲ”
“အဖေ” အောင်မြင့်က တစ်လုံးပဲ ဖြေသည်။
“အေး မင်းအတွက်အဖေဆိုတာကို အမေလည်း ရှိစေချင်တာပေါ့။ အဖေဆိုတဲ့
လူသားတစ်ယောက်ရှိရင် မင်းလဲပြည့်ပြည့်စုံစုံ ရှိရက်နဲ့ စာမကြိုးစား၊ အရက်ကိုသောက်လာပြီး
ဒီလို အမေကို မာရေကျောရေ ဆက်ဆံရဲမှာ မဟုတ်ဘူး။ အဖေက နားရင်းအုပ်ပြီ။ ဒါပေမယ့် သားရဲ့အဖေပါလို့
တာဝန်ယူဖို့ လူတစ်ယောက်ရဲ့ တာဝန်ပျက်ကွက်မှုကို အမေဘာမှ မတတ်နိုင်ဘူး။ အဖေမဖော်နိုင်လို့
ကျွန်တော် စာမသင်ချင်ဘူး၊ ရှက်လှချည်ရဲ့ဆိုပြီး ကိုယ့်ဟာကိုယ် စာမကြိုးစားချင်တာနဲ့
အရက်သောက်ပြီး မခိုင်လုံတဲ့ အကြောင်းတွေ မပြပါနဲ့။ မိစုံ၊ ဖစုံနဲ့ ကျောင်းသားတွေ မင်းတို့ကျောင်းမှာ
အကုန်စာတော်လား”
အောင်မြင့်သည် အရက်သောက်ထား၍ ခံပြင်းသောမျက်လုံးတွေနှင့် အမေ့ကို
လှမ်းကြည့်သည်။
“အမေ အနေအထိုင်မဟုတ်လို့ ကျွန်တော်အရှက်ရတာ။ ဦးဘထူးကြီးက သူ့သားတင်မဟုတ်ဘူး။
လူတကာကို လျှောက်ပြောမှာ”
“ဟား ဟား ဟား” ဒေါ်ရင်မေက ခပ်သောသော ရယ်လိုက်ပြီး စကားဆက်ပြော၏။
“ဟိုဘက်ခန်းက လူတွေများ နိုးလာမလား မသိ။ ဦးဘထူးကြီးက လျှောက်ပြောစမ်းပါစေ
အမေရင်ဆိုင်ရဲတယ်။ ဒီမှာသား အမေ့အနေနဲ့ သားက စာကြိုးစားသင်ပြီး အမေရေ ကျွန်တော့်ဖေဖေဟာ
ဘယ်သူလဲလို့ အေးအေးဆေးဆေးမေးရင်၊ အမေဖြေဖို့ အဆင်သင့်ပဲ၊ အမေပြောခဲ့ပါရောလား။ မင်းက
အရက်သောက်ပြီး ခြိမ်းခြောက်တဲ့ အနေနဲ့ မေးတဲ့စကားလုံးတွေကိုတော့ အမေ မဖြေနိုင်ဘူး”
မောင်အောင်မြင့်သည် ဆတ်ခနဲဖြစ်သွားသည်။ ဒေါ်ရင်မေကတော့ မရပ်၊ စကား
ဆက်ပြောသည်။
“ကလေးတစ်ယောက်ကို အဖေမဖော်နိုင်ဘဲ ရလာတဲ့ အရှက်အတွက် မိန်းမတစ်ယောက်ဟာ
အသက်ကိုတောင် စွန့်ချင်တယ် ဆိုတာ သားယုံပါ။ သားထက် အမေက ပိုရှက်ခဲ့ရတယ်။ အေး ဒီအရှက်ကြောင့်ရလာတဲ့
ဝေဒနာကို အလုပ်ကြိုးစားလုပ်ပြီး မိန်းမတစ်ယောက်ဖြစ်တဲ့အမေ ကုစားခဲ့တယ်။ မင်းက ဒီအရှက်ကို
ယောက်ျားတန်မဲ့ အရက်နဲ့ကုစားတာတော့ အမေနည်းနည်းမှ ခွင့်မလွှတ်နိုင်ဘူး။ မင်းသိပ်ပျော့ညံတယ်။
အမေ့ ယူဆချက်က ငါ့ပယောဂကြောင့် ရလာတဲ့ အပြစ်မဲ့တဲ့ရင်သွေး၊ ငါ့မှာ တာဝန်ရှိတယ်။ ဒါ့ကြောင့်
ဗိုက်ထဲမှာကတည်းက ကျန်းမာပါစေ၊ လူသားလေးတစ်ယောက်အဖြစ် လှုပ်ရှားနိုင်ပါစေဆိုတဲ့ မိခင်မေတ္တာနဲ့
သူတကာ တံထွေးခွက်မှာ ပက်လက်ပဲ မျောရ မျောရ၊ လက်ပစ်ပဲ ကူးရကူးရဆိုတဲ့ ယူဆချက်နဲ့ မင်းကိုမွေးလာ၊
စောင့်ရှောက်လာတာ။ အမေက စရိုက်မကောင်းတဲ့မိန်းမ၊ မင်းပြောသလို အနေအထိုင် မဟုတ်ဘူးဆိုရင်
မင်း မွေးပြီး အမေ့အသက် ၂၀ ကျော်ရှိသေးတာ။ လှတုန်း ငယ်ရွယ်တုန်း ကမြင်းချင်ရင် ဖြစ်တာပဲ။
ဒီရပ်ကွက်ကိုမေးကြည့်။ အမေ အစွန်းအထင်း ရှိခဲ့ဖူးလားဆိုတာ”
မောင်အောင်မြင့်သည် ငြိမ်သွား၏။ စကားတုံ့ပြန်ပြောစရာ မရှိသလို
ဖြစ်နေသည်။ သူ့ဘက်က အကြောင်းပြချက် တဖြည်းဖြည်း အားနည်းလာသည်။
“တစ်ခု အမေပြောမယ်။ လက်ထပ်ပြီး အဖေငုတ်တုတ်ရှိတာတောင် ကလေးမလိုချင်တဲ့
မိန်းမတွေအတွက် ခုခေတ်မှာ ဆေးနည်းမျိုးစုံရှိတယ်။ အမေတို့လို ကံအကြောင်းမသင့်လို့ ကလေးရလာတဲ့
မိန်းမတွေအတွက်လဲ လူ့လောကထဲ ဒီကလေးခြေမချရခင် ရှင်းလင်းပစ်တဲ့ နည်းမျိုးစုံရှိပါတယ်။
အမေ ဒီလိုမလုပ်ဘဲ သားအသက်ကို အရယူခဲ့တယ်။ အဖေဆိုတဲ့ ယောက်ျားသားတစ်ယောက် မပါဘဲ သားကို
လူတစ်လုံးသူတစ်လုံး ဖြစ်အောင်၊ တင့်တင့်တယ်တယ် ဖြစ်အောင် အမေမွေးခဲ့တယ်။ ကိုယ့်အရှက်ကို
အဓိကမထားဘဲ ကိုယ့်ပြစ်မှုအတွက် ရလာတဲ့ရင်သွေးကို အဓိကထားခဲ့တဲ့ မိန်းမတစ်ယောက်ကို ‘အနေအထိုင်
မတတ်တဲ့မိန်းမ၊ ဒီလိုမိန်းမမျိုးနဲ့ အတူနေရတာ ရှက်လှချေရဲ့’ ဆိုရင် အမေပြောမယ်။ မင်းဟာ
ယောက်ျားတစ်ယောက်၊ ၁၀ တန်းရောက်ပြီ။ ကျန်းမာရေးလည်း တောင့်တင်း ပြည့်စုံတယ်။ လောကထဲကို
ခြေချနိုင်ပြီ။
အရက်လည်း မသောက်တော့ပါဘူး တေပေလဲ မနေပါဘူး။ ၁၀ တန်းအောင်အောင်
ကြိုးစားပါမယ်လို့ ကတိပေးရင် အမေမင်းကို ဆက်ပြီးတော့ တာဝန်ယူမယ်။ အကြောင်းအမျိုးမျိုးပြပြီး
ခုအတိုင်းဆက်နေမယ်ဆိုရင် အမေမင်းကို ဆက်ပြီး တာဝန်မယူနိုင်ဘူး။ အိမ်ရှေ့လမ်းဟာ မင်းအတွက်ပဲ။
မင်းကြိုက်တဲ့လမ်းကို ရွေးနိုင်တယ်။ မင်းအဖေရော မင်းရော အမေ့ပျော့ညံ့ချက်ကို အခွင့်ကောင်းယူပြီး
လှည့်စားမနေနဲ့တော့ ... ဒါပဲ”
မရင်မေသည် စကားကိုအဆုံးသတ်ကာ အိမ်ခန်းထဲဝင်သွား၍ ခုတင်ပေါ် လှဲလိုက်သည်။
အဖေနှင့်သားဟူသော ပညတ်သာ ကွာသည်။ ယောက်ျားသားနှစ်ယောက်၏ နင်းချေမှုကို သူ့နှလုံးသားက
ဆက်လက် ခံယူဖို့ မစွမ်းနိုင်တော့ပါ။
အတန်ကြာ တိတ်ဆိတ်နေသည်။ အပြင်မှ ဂျပ်ဟူသော တံခါးပိတ်သံ ကြားရသည်။
သူ့အခန်းသို့ လှမ်းလာသောခြေသံကို ကြားနေရ၏။
“မရင်မေ” ဒေါ်ငြိမ်းအသံ။ သူသည် ငေါက်ခနဲ ထထိုင်လိုက်၏။ အံ့အားသင့်သွားသည်။
“ဒေါ်ဒေါ် မအိပ်သေးဘူး၊ မင်းတို့သားအမိနှစ်ယောက် ပြောနေတာ အကုန်ကြားရပါတယ်။
သူအပြင်ထွက်သွားတာ ဒေါ်ဒေါ် မြင်လိုက်တယ်"
“ဟုတ်ကဲ့ ကျွန်မကြိုတင် တွက်ထားပြီးသားပါ။ သွားတုန်းကထက်တော့ နည်းနည်းပိုပြီး
ခံစားရပါတယ် ဒေါ်ဒေါ်။ တော်ကြာရင် ပြီးသွားမှာပါ။ ဒေါ်ဒေါ်ကို အားနာလိုက်တာ။ ကျွန်မတို့ကြောင့်
အိပ်ရေးပျက်သွားပြီ”
“မင်းပဲ ကောင်းကောင်းအိပ်နိုင်အောင် ကြိုးစား၊ ဒေါ်ဒေါ်သွားမယ်။
တံခါးလာပိတ်”
သူသည် ခုတင်မှဆင်းကာ ဒေါ်မြငြိမ်း နောက်လိုက်လာသည်။ ဒေါ်မြငြိမ်း
တစ်ဖက်ခန်း ကူးသွားတော့မှ တံခါးပိတ်ကာ အိမ်ထဲ လှည့်ဝင်လာသည်။ စားပွဲပေါ်မှ ဖန်မီးအိမ်ကို
မီးဇာလျှော့လိုက်သည်။
ဖန်မီးအိမ်လေးငြိမ်းသွားပြီ ... ... ...
ခင်နှင်းယု
16-10-93
ကလျာ၊ ဇန်နဝါရီ၊ ၁၉၉၄
No comments:
Post a Comment