Saturday, June 24, 2017

ပျက်ကျ Y8 လေယာဉ် ရှာဖွေရေး ရေငုပ်သမား ကိုသန်.ဇင်ဦး နှင့် အင်တာဗျုး နှင့် ကွယ်လွန်သွားသူ ကိုစောနောင်

Y-8 လေယာဉ်ဆယ်ယူရာတွင်ပါဝင်ကူညီခဲ့သော အရပ်ဘက်ရေငုပ်သမား ကိုသန့်ဇင်ဦးနှင့် တာဝန်ရှိသူတို့ ၏စကားသံများ


၂၀၁၇ ခုနှစ် ဇွန် ၇ ရက်တွင်ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ်(Y-8)၏ အစိတ် အပိုင်းများဆယ်ယူရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော အရပ်ဘက်ရေငုပ်အဖွဲ့မှ ရေငုပ်သမားနှစ်ဦး၏ ဆောင်ရွက်ချက်များနှင့် ဆေးကုသပေးမှုအပေါ် ရေငုပ်သမားကိုသန့်ဇင်ဦးနှင့် တာဝန်ရှိသူတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

သန့်ဇင်ဦး(ရေငုပ်သမား)


Y-8 လေယာဉ်အမြီးပိုင်းကို ရေထဲမှစမ်းသပ်ရရှိပြီးတဲ့နောက်မှာ ကျွန်တော်နဲ့ကိုစောနောင်က အရင်ဆုံးဆင်းပါတယ်။ ရေထဲမှာ ကြိုးတစ်ချောင်းထောက်ပြီးပြန်တက်လာတယ်။ နောက်တစ်ခါလေအိတ် နှစ်လုံးထိုးပေးရမယ့်နေရာကို နောက်တစ်ဆိုင်းဖြစ်တဲ့ ကိုသောင်းနဲ့ကတုံးတို့က ထပ်ဆင်းပြီး လေယာဉ်တောင်ပံနှစ်ခုကို ကြိုးချည်ပြီးပြန်တက်လာတယ်။ အနက်ပေ ၁၂၀ ကျော်လောက်မှာ လုပ်ရတာဖြစ်ပြီး ပထမတစ်ကြိမ်က နာရီဝက်ကျော်လောက်တော့ကြာတယ်။ ကတုံးတို့ပြန်တက်လာပြီး လေအိတ်တွေချမယ်ဆိုတော့ ကျွန်တော်တို့ ဒုတိယအကြိမ်ပြန်ဆင်းပါတယ်။ သင်္ဘောပေါ်ကနေကြိုး ချည်ပေးဦးဆိုတော့ ကျွန်တော်တို့ရေငုပ်ပြီး Black box ကိုသွားရှာတာမတွေ့ဘူး။ ဒါနဲ့ရေထဲ ကနေပြန်တက်လာခဲ့တယ်။ တောင်ပံနှစ်ဖက်ကို ကြိုးတစ်ချောင်းစီချည်ပြီးလေအိတ်ကို တစ်လုံးပြီး တစ်လုံးဆွဲရတယ်။ ကိုစောနောင်ကလည်း တစ်လုံးဆွဲချတယ်။ နောက်တစ်လုံးဆွဲချတဲ့အချိန်မှာ နည်းနည်း ကြာသွားတယ်။ လေအိတ်ကြီးကို ရေထဲယူပြီးတော့ လေယာဉ်တောင်ပံနှစ်ဖက်မှာချည်ပြီး ရေထဲကပြန်တက်လာခဲ့ပါတယ်။

ကျွန်တော်တို့နှစ်ယောက်သင်္ဘောပေါ်ရောက်တော့ ကိုစောနောင်က အင်္ကျီတောင်ချွတ်လိုက်သေးတယ်။ ထမင်းစားမယ်ဆိုပြီး ဗိုက်ဆာလို့ထမင်းခူးနေတုန်း ကျွန်တော့်နောက်က ကိုစောနောင်ပစ်လဲသွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်းခြေထောက်နဲ့ လက်ထောက်လို့ မရတော့ပါဘူး။ ခန္ဓာကိုယ်ကကိုက်ခဲလာတယ်။ အဲဒီအခါ သင်္ဘောပေါ်ကလူတွေရောက်လာပြီး နှိပ်နယ်ပေးတော့ လည်းမခံနိုင်ဘူးဖြစ်နေတယ်။ ဒါကိုဒေသခံတွေကရေနာမိတာလို့ပြောပါတယ်။ အဲဒီအတွက် ကျွန်တော်တို့နှစ်ဦးကို ပေ ၆၀ ရေအနက်လောက်မှာ ရေငုပ်သမားအချို့က၀န်းရံပြီး ရေထဲပြန် ဆင်းကြတယ်။ အဲဒီမှာကိုစောနောင်က မျက်စိဖွင့်ကြည့်ပြီး သတိပြန်ရလာတယ်။ လက်တွေ လှုပ်ရှားလာတယ်။ သတိပြန်လည်လာတော့ အပေါ်ကိုခေါ်တင်တဲ့အခါ လှေပေါ်ကို ရောက်တော့သတိမေ့သွားရော၊ ဒါနဲ့နောက်တစ်ခါ ရေထဲကိုပြန်ဆင်းတယ်။ သတိပြန်ရလာပြီး မျက်လုံးတွေဖွင့်ကြည့်တယ်။ လက်လှုပ်ပြတယ်။ ဒါနဲ့အပေါ်ပြန်တက်တဲ့အခါမှာ သတိလစ်နေပြန်ရော၊ ခုနစ်ကြိမ်လောက်အတက်အဆင်းလုပ်တယ်။ လှေပေါ်ရောက်ရင် သတိပြန်မေ့တယ်။ အခြေအနေ မကောင်းတော့ဘူးဆိုပြီး ထားဝယ်ဆေးရုံမှာဆေးကုသမှုခံယူခဲ့ပါတယ်။ ကိုစောနောင်က အသက် ၄၅ နှစ်လောက်ရှိပြီးရေငုပ်သက် နှစ် ၂၀ ကျော်နေပါပြီ။

ဒီဖြစ်စဉ်က ရေစီးကြောင်းနှစ်ကြောင်းကြားထဲ ရောက်သွားတယ်လို့ပြောတယ်။ ကျွန်တော်ကတော့ ပထမတစ်ကြိမ်ရေထဲဆင်းပြီးကတည်းက သတိပြန်ရလာပြီး အခြေအနေကောင်းလာပါတယ်။ ဒီအပေါ်မှာ တပ်မတော်(ရေ)အဖွဲ့တွေကလည်း အားလုံး ပြည့်ပြည့်စုံစုံလုပ်ပေးပါတယ်။
ကျွန်တော်တို့ ရှာနေတဲ့ Y-8 လေယာဉ်ရဲ့ Black box တွေ့ရင် လေယာဉ်ဘာကြောင့် ပျက်ကျသွားတယ်ဆိုတာသိရမယ်။ သူများနိုင်ငံတွေမှာ လေယာဉ်ပျက်ကျတာ ဘာအစိတ်အပိုင်းမှ ရှာမတွေ့ဘူးလေ။ ဒါကိုကျွန်တော်တို့ အနေနဲ့ကြိုးစားပြီး ရှာဖွေခဲ့ပါတယ်။ ဒီအပေါ်မှာ လုပ်ဖော် ကိုင်ဖက်တစ်ဦး၊ ရဲဘော်ရဲဘက်တစ်ဦး ကျဆုံးသွားတဲ့အတွက်အရမ်းကိုဝမ်းနည်းရပါတယ်။ ကျွန်တော့်ရဲ့ကျန်းမာရေးအခြေအနေကတော့ အခုအခါမှာအားလုံးကောင်းနေပါပြီဟုပြောသည်။


ဗိုလ်ကြီးရာဇာဝင်း(ဌာနချုပ်ဆေးမှူး၊ မောရ၀တီရေတပ်စခန်းဌာနချုပ်)
ရေငုပ်သမားနှစ်ဦးက ဖြစ်စဉ်ဖြစ်တဲ့ ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ ပေ ၁၂၀ ကျော်လောက်ရေငုပ်ပါတယ်။ ရေအောက်ကြမ်းပြင်မှာ အလုပ်လုပ်ချိန်က နာရီဝက်လောက်ကြာပါတယ်။ ရေငုပ်ခြင်းကနေပြန်တက်လာတဲ့အခါ ပုံမှန်အားဖြင့်လိုအပ်တဲ့ ရေအနက်ပေ တစ်နေရာမှာနားရပါမယ်။ ပြီးမှ အပေါ်ကို တဖြည်းဖြည်းချင်းတက်ရပါမယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကရပ်နားခြင်းမရှိဘဲ ပြန်တက်လာပါတယ်။ ပြန်တက်လာလာချင်း မိနစ်ပိုင်းအတွင်းမှာပဲ သတိလစ်မေ့မြောသွားပါတယ်။ အဲ့လို ရုတ်တရက်မေ့မြောသွားတာကြောင့် ရေငုပ်အဖွဲ့ခေါင်းဆောင်နဲ့ ဒေသခံရေငုပ်သမားတွေက ရေအောက် အနက် ပေ ၆၀ သို့ပြန်ချပြီး ဖိအားလျှော့ချခြင်းများလုပ်ဆောင်ပြီး သတိရအောင်ဆောင်ရွက်ပါတယ်။ ရေပေါ်သို့ ပြန်ပေါ်လာချိန်မှာလူနာနှစ်ဦးအနက်မှ ကိုသန့်ဇင်ဦးက သတိပြန်ရလာပြီး ကိုစောနောင်ကတော့ သတိပြန်ရလာခြင်းမရှိပါဘူး။ ဒါကြောင့်ကိုစောနောင်ကို နောက်ထပ်တစ်ကြိမ်ရေအောက်သို့ ပြန်လည်ခေါ်ဆောင်ပြီးဖိအားလျှော့ချခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုစောနောင် ကပြန်လည်သတိရလာခြင်းမရှိတဲ့အတွက်နီးစပ်ရာဆေးမှူးဆရာဝန်တွေကို အကူအညီတောင်းပြီး ဆေးကုသမှုခံယူပါတယ်။ အဲဒီအချိန်မှာ တာဝန်ကျဆရာဝန်တစ်ဦးရောက်လာပြီး လူနာကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ပါတယ်။ စမ်းသပ်စစ်ဆေးချက်များအရဆေးရုံပို့ဖို့လိုအပ်လာတဲ့အတွက် လူနာနှစ်ဦးစလုံးကို ညောပြင်ဆိပ်ကမ်းမှတစ်ဆင့် ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ ခုတင်-၁၀၀ ကိုပို့ဆောင်ပေးပါတယ်။ ဆေးရုံကလိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ ကုသမှုတွေပြုလုပ်ပြီးတဲ့နောက်မှာ မင်္ဂလာဒုံဆေးရုံကြီး ခုတင်-၁၀၀၀ ကို ဇွန် ၁၈ ရက် နံနက် ၉ နာရီ ၃၅ မိနစ်မှာရောက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ မော်တော်ယာဉ်နဲ့ သယ်ဆောင်ရတဲ့အကြောင်းရင်းက ရေငုပ်ခြင်းကြောင့် ရောဂါဖြစ်တဲ့ အတွက် လေယာဉ်နဲ့ သယ်ဆောင်လို့မရပါဘူး။ လေယာဉ်နဲ့သယ်မယ်ဆိုရင် လေဖိအားလျော့တဲ့အပြင် တစ်နေရာကနေတစ်နေရာ သယ်ဆောင်မယ်ဆိုရင်လူနာတွေအတွက် အန္တရာယ်ပိုရှိပါတယ်။အဲဒါကြောင့် မော်တော်ယာဉ်နဲ့သယ်ဆောင်ခြင်းဖြစ်ပါတယ်။ မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီးကိုရောက်ရှိတဲ့အခါမှာ ကိုစောနောင်နဲ့ကိုသန့်ဇင်ဦးတို့နှစ်ဦးစလုံးကို လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ကုသမှုတွေပေးဖို့အတွက် ပြင်ဆင်ပါတယ်။ စီစဉ်ပေးတဲ့အခါ ကိုသန့်ဇင်ဦးကို လေဖိအားသုံးအိမ် Hyperbaric Chamber နဲ့ကုသနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့် ကုသပေးဖို့စီစဉ်ပါတယ်။ ကိုသန့်ဇင်ဦးကို ဇွန် ၁၉ ရက်မှာတစ်ကြိမ်၊ ၂၀ ရက်မှာတစ်ကြိမ်၊ ၂၁ ရက်မှာတစ်ကြိမ် စုစုပေါင်းသုံးကြိမ် လေဖိအားသုံး Chamber နဲ့ကုသပေးပါတယ်။ ကိုသန့်ဇင်ဦးခံစားနေရတဲ့ရောဂါလက္ခဏာတွေက ပျောက်ကင်းသွားပါတယ်။ သတိလစ်မေ့မြောနေတဲ့ ကိုစောနောင်ကိုတော့ ကျွန်တော်တို့လေဖိအားသုံးအိမ် Chamber နဲ့ ကုသဖို့စဉ်းစားပါတယ်။ ဒါပေမဲ့ကိုစောနောင်က သတိလည်လာခြင်းမရှိပါဘူး။ နောက်ပြီး သူ့ရဲ့အသက်ရှူမှုအနေအထားနဲ့ အဆုတ်အနေအထားအရ အသက်ရှူအားကူစက်တင်ပြီးမှ အသက်ရှူ ရတာအဆင်ပြေမှာဖြစ်တဲ့အတွက် အသက်ရှူအားကူစက်တင်ထားလိုက်ရပါတယ်။ လေဖိအားသုံးအိမ်နဲ့ ကုသဖို့ အခွင့်အရေးမရခဲ့ပါဘူး။ ဒါပေမဲ့ ကုသခွင့်ရဖို့အတွက် အချိန်တစ်ခုပေးဖို့ကြိုးစားနေဆဲမှာပဲ ကိုစောနောင်ဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားတဲ့ ကိုစောနောင်ဈာပနကိစ္စများအတွက် သူ့မိသားစုဝင် တွေနဲ့တွေ့ဆုံတယ်။ ရပ်မိရပ်ဖတွေ့နဲ့လည်းတွေ့ဆုံပြီး သူ့ရဲ့ရက်လည်အတွက်ရော၊ ဈာပနအတွက်ရော အစမှအဆုံးအထိတပ်မတော်မှအကုန်လုံးတာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ ကိုစောနောင်ရဲ့မိသားစုဝင်၊ ဇနီး၊ မိခင်၊ ညီအစ်ကိုမောင်နှမတွေအားလုံးကို မေးမြန်းပြီးတော့ကျေနပ်မှုရှိသည်အထိ ဆောင်ရွက်ပေး ထားပါတယ်။ ဆက်လက်ပြီးတော့လည်း လိုအပ်တဲ့ထောက်ပံ့မှုတွေပေးဖို့ရှိပါတယ်။ ကိုစောနောင်ရဲ့ ဈာပနအတွက် မင်္ဂလာဒုံစစ်သင်္ချိုင်းမှာပဲ သဂြုင်္ိဟ်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုစောနောင်က အရပ်သားဖြစ်နေပေမယ့် တပ်မတော်အတွက်ကူညီလုပ်ကိုင်ပေးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ သတ်မှတ်ပြီးတော့ စစ်သင်္ချိုင်းမှာသဂြုင်္ိဟ်ရခြင်းဖြစ်ပါတယ်။ အခမ်းအနားကတော့ အရပ်သားလိုပဲလုပ်မှာပါ။ ကိုသန့်ဇင်ဦးကတော့ ရောဂါလက္ခဏာတွေခံစားရခြင်းမရှိတော့ဘဲ ရာခိုင်နှုန်းပြည့်ပျောက်ကင်း သွားပြီဖြစ်တဲ့အတွက် မကြာခင်ရက်ပိုင်းအတွင်း ဆေးရုံကဆင်းပေးဖို့ရှိပါတယ်။ သူ့ကိုလည်းလိုအပ်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့တပ်မတော်အပေါ်ကူညီပေးတဲ့သူတစ်ယောက် အခုလိုဆုံးပါးသွားတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ကြိုးစားကုသပေးခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် မမျှော်လင့်ဘဲဆုံးပါးသွားခဲ့ရတဲ့အတွက် များစွာဝမ်းနည်းမိပါတယ်။


ဒုတိယဗိုလ်မှူးကြီးဇော်ဦး [စစ်ဦးစီးမှူး(ပထမတန်း) စစ်ဆင်ရေးနှင့်လေ့ကျင့်ရေးတာဝန်၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်]
ရေငုပ်သမားတစ်ယောက်အနေနဲ့ ရေအနက် ၃၃ ပေ ရောက်တိုင်းမှာ သူ့အပေါ်ကို အမောစဖီးယား၊ One Bar ၊ လေဖိအားသက်ရောက်မှုရှိပါတယ်။ ရေအနက် ၃၃ ပေနောက်ထပ် ထပ်ဆင်းတိုင်းကို One Bar One Bar စီပိုပြီး သက်ရောက်တာဖြစ်ပါတယ်။ ရေငုပ်သမားဟာ အကြမ်းဖျင်းအနေနဲ့ ရေအောက်မှာအလုပ်ချိန် ပေ ၆၀ မှာ ၃ အမောစဖီးယား၊ three Bar သက်ရောက်နေမှာဖြစ်ပါတယ်။ လေဖိအားသက်ရောက် နေတာနဲ့အမျှ နိုက်ထရိုဂျင်ပူဖောင်းလေးတွေဟာ ခန္ဓာကိုယ်ထဲကို ပျော်ဝင်သွားတာရှိပါတယ်။ ဒီပူဖောင်းလေးတွေဟာ လေထုဖိအားများချိန်မှာ သေးသေးလေးဖြစ်နေပြီးရေပေါ်ပြန်တက်လာတဲ့အခါမှာ လေပူဖောင်းလေးတွေဟာ ကြီးသွားပါတယ်။ သွေးကြောထဲမှာ လေပူဖောင်းတွေပိတ်ဆို့ရင် သွေးကြော ပိတ်ရောဂါကိုဖြစ်စေပါတယ်။ ရေငုပ်သမားတွေဟာ ရေအနက်သတ်မှတ်တဲ့ အတိုင်းအတာအထိငုပ်ပြီဆိုရင် ရေပေါ်ပြန်တက်တဲ့အခါမှာ သတ်မှတ်ရေအနက်အတိုင်း နားနားပြီးတက်ရပါတယ်။ ဒီလိုမှမလုပ်ဘဲ တက်လာရင်သွေးကြောထဲမှာ ရေပူဖောင်းတွေပိတ်ပြီးရေငုပ်ရောဂါဖြစ်တတ်ပါတယ်။ ရောဂါဖြစ်တဲ့ ရေငုပ်သမားကို Hyperbaric Chamber လို့ခေါ်တဲ့ကိရိယာတပ်ရေငုပ်တဲ့ အနက်မှာရှိနေတဲ့ ဖိအားအတိုင်းဒီအထဲမှ လေဖိအားကိုပေးပါတယ်။ ပြီးရင်သူဖြစ်နေတဲ့ လေပူဖောင်းတွေက သေးသွားမယ်။ ပြီးရင် သွေးကြောထဲပျော်ဝင်သွားမယ်။ အဲဒီလိုမျိုးအတိုင်း ရေအောက်မှာဖြစ်နေတဲ့ရောဂါအတွက်ကို ကူပေးတဲ့ ပစ္စည်းကိရိယာပါ။ ရေငုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုရှိပါတယ်။ တစ်ယောက်ကတော့ သတိ လစ်မေ့မြောနေပြီး သူ့လို ICU ထဲမှာကုသတယ်။ အသက်ရှူကိရိယာနဲ့ကုသတဲ့အနေအထားရှိပါတယ်။ အသက်ရှူကိရိယာနဲ့ကုတဲ့အခြေအနေမှာ Hyperbaric Chamber နဲ့ ကုဖို့အခက်အခဲရှိပါတယ်။ ဒီစက်နဲ့ကုလို့မရဘူး။ ကျန်တစ်ယောက်က ရေငုပ်ရောဂါဖြစ်လို့သူက သတိကောင်းတဲ့အတွက် သူ့ကို Hyperbaric Chamber ထဲမှာထည့်ပြီးကုသပေးခဲ့ပါတယ်။ ကိုသန့်ဇင်ဦးကို ဇွန်လ(၁၉၊ ၂၀၊ ၂၁)ရက်တို့တွင် တစ်ရက်ကို ၂ နာရီခန့် Chamber ထဲမှာထည့်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ရေငုပ်လုပ်ငန်းကြောင့်ဖြစ်ပေါ် တဲ့သွေးကြောထဲမှာဝင်နေတဲ့ ပူဖောင်းလေးတွေကို သေးအောင်ပြန်လုပ် ပေးတယ်။ ပြီးတော့သွေးကြောထဲမှစီးဝင်ပြီး ပျောက်သွားတဲ့အထိဖြစ်အောင် ဒီ Chamber ထဲမှာကုသပေးပါ တယ်။ အဲဒီအတွက် ကိုသန့်ဇင်ဦးဟာ ဒီမရောက်ခင်လက်တွေ၊ ခန္ဓာကိုယ်တွေနာကျင်ကိုက်ခဲတာရှိတယ်။ ဒီပူဖောင်းလေးတွေဟာလှုပ်ရှားလို့တောင်မဖြစ်နိုင်တဲ့သဘောရှိပါတယ်။ ဒီသုံးရက်မှာပျမ်းမျှ ၂ နာရီနဲ့ ကုသပေးတဲ့အတွက် လုံးဝသက်သာပျောက်ကင်းသွားတဲ့အနေအထားရှိပါတယ်။ ကိုစောနောင်ကတော့ ရေငုပ်ရောဂါဖြစ်ပြီးရှေးဦးသူနာပြုစုနည်းလုပ်တဲ့အချိန်ကတည်းက သတိမေ့နေတယ်။ ဒါကိုကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေက သတိလစ်နေသူကို Chamber ထဲမထည့်ဖို့အကြံပြုတယ်။

ရေငုပ်ခြင်းကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်အတွင်းရုတ်တရက်ဖိအားလျော့ပြီး သွေးကြောများပိတ်ဆို့ခြင်းနဲ့ ဦးနှောက်သွေးကြောပိတ်ဆို့ပြီး သွေးပြတ်လပ်ခြင်းတို့ကြောင့် မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှာ ကွယ်လွန်သွားပါတယ်။
ရေငုပ်ရောဂါဖြစ်ရင် လေယာဉ်နဲ့သယ်လို့မရပါဘူး၊ ကားနဲ့သယ်ရပါတယ်။ ထားဝယ်ကနေကားနဲ့ သယ်ခဲ့ပါတယ်။ လေယာဉ်နဲ့သယ်ရင် လူနာလေဖိအားပိုလျော့သွားပြီး သွေးကြောထဲမှာရှိတဲ့ ပူဖောင်းလေး တွေက ပေါက်ကွဲထွက်နိုင်တဲ့အတွက် လူနာကိုလေယာဉ်နဲ့ သယ်ဆောင်ခြင်းမပြုပါဘူး။ တစ်ချိန်တည်းမှာ ရေငုပ်တပ်က Hyperbaric Chamber ကို တစ်ခါတည်းယူဆောင်ပြီး အသင့်ကုသနိုင်အောင် ထားရှိပြီးကုသပေးခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။



တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ဆယ်ယူရေးတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော ရေငုပ်သမားတစ်ဦး ကွယ်လွန်

နေပြည်တော် ၊ ဇွန် ၂၃
တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ဆယ်ယူရေးတွင် တပ်မတော်နှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ဒလမြို့နယ်၊ အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမား ဦးစောနောင်နှင့် ဦးသန့်ဇင်ဦးတို့ ၂ ဦးသည် ပင်လယ်ရေအောက် ၁၂၀ ပေခန့်၌ Y-8 လေယာဉ်၏အမြီးပိုင်းတွင်ငြိနေသော ငါးဖမ်းပိုက် ဖြတ်တောက်ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်စဉ် ရေနာရောဂါရရှိခဲ့သဖြင့် ကနဦးကုသပြုစုခြင်းများ ဆောင်ရွက်၍ ဆေးမှူး အရာရှိတစ်ဦးလိုက်ပါလျက် ရန်ကုန်မြို့သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ရာ ဇွန် ၁၈ ရက် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီးသို့ရောက်ရှိ၍ ဆေးကုသမှုခံယူခဲ့သည်။
အဆိုပါရေငုပ်သမား ၂ ဦးအား ကုသမှုများဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်(ရေ)မှ Hyperbaric Chamber (လေဖိအားသုံးကုသသည့် ပစ္စည်း)အား မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးသို့ ပို့ဆောင်တပ်ဆင်ပေးခဲ့ပြီး တပ်မတော်ဆေးရုံမှ ကျွမ်းကျင်ပါရဂူများဖြင့် အထူးကြပ်မတ်ကုသပေးခဲ့သဖြင့် ဦးသန့်ဇင်ဦးမှာ ရောဂါသက်သာ ပျောက်ကင်းခဲ့သော်လည်း ဦးစောနောင်(၄၅)နှစ်၏ ရောဂါအခြေအနေမှာ ကောင်းမွန်လာခြင်းမရှိဘဲ ရေငုပ်ခြင်းကြောင့်ဖြစ်သော ခန္ဓာကိုယ်အတွင်း ရုတ်တရက်ဖိအားလျော့ပြီး သွေးကြောများပိတ်ဆို့ခြင်းကြောင့် ဇွန် ၂၂ ရက် ည ၉ နာရီခွဲတွင် ကွယ်လွန်ခဲ့သဖြင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ၀မ်းနည်းပါကြောင်းနှင့် ၎င်းမိသားစုများ၏ လိုအပ်ချက်များကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ကွယ်လွန်သူရေငုပ်သမား ဦးစောနောင်၏ ကျန်ရစ်သူမိသားစုများအား သွားရောက် တွေ့ဆုံအားပေး


နေပြည်တော်၊ ဇွန် ၂၃
တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်းများအား ဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမားဦးစောနောင်နှင့် ဦးသန့်ဇင်ဦးတို့သည် ဇွန် ၁၈ ရက်မှစ၍ မင်္ဂလာဒုံမြို့၊ တပ်မတော်ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေစဉ် အဆိုပါ ၂ ဦးအနက် ဦးစောနောင်သည် ဇွန် ၂၂ ရက် ည ၉ နာရီခွဲတွင် ကွယ်လွန်သွားခဲ့သဖြင့် ကျန်ရစ်သူမိသားစုများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် တပ်မတော်ဆေးရုံကြီးရုံးခန်းမ၌ သွားရောက်တွေ့ဆုံအားပေး စကားပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ကွယ်လွန်သူ ဦးစောနောင်၏ ကျန်ရစ်သူမိသားစုများအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကလှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကလှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း စုစုပေါင်း ငွေကျပ် သိန်း ၃၀ တို့အား အသီးသီးပေးအပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီး၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် ဦးသန့်ဇင်ဦး၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Source ; တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး Page

No comments:

Post a Comment