Saturday, June 24, 2017

ဝါးခယ်မ သူဋ္ဌေးကုန်း ရေကျော် ရွာလေးက ဖြစ်ရပ်မှန် - စုန်းတကယ် ရှိ မရျိ ( မောင်မြေသစ် - ၀ါးခယ်မ )




(၁)
မြန်မာမှုတွင် ‘စုန်း ဟူသောအမည်ကို အားလုံးသိပြီးဖြစ်နေကြ၏၊မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ၊အလယ် ပိုင်း မြေလတ်ဒေသ၊အထက်ပိုင်အညာမြေနှင့် တောင်တန်းဒေသများ အထိ ‘စုန်း’ ‘စုန်းပညာ’ ‘စုန်းမ’စသည့်အမည်နာမများကို လူကြီးသူမတို့ပြောပြမှုများကြောင့် ကလေး အရွယ်ကပင်နားယဉ်နေပေပြီ။ နားယဉ်ရုံမျှမက အချို့လည်း ကိုယ်တွေ့ကြုံခဲ့ရသူများရှိ၏။’စုန်း’ ဟု ဆိုသည်နှင့် ပြုစားသည်ဟုမှတ်ချက်ပြုပြီးဖြစ်သည်။ ပြုစားသည်ဆိုရာတွင် အကောင်းမရှိ အဆိုသာ ရှိ၏။စုန်းပြုစားခြင်းခံရသူသည် ငိုခြင်း၊ရယ်ခြင်း၊ကြောက်လန့်ခြင်း စသည်များခံစားရသည့်ပြင် လူမမာ တယောက်ကဲ့သို့ပင် အမြဲတမ်းငြိုးငယ်နေတတ်၏။

စုန်းပြုစားပုံကလည်း နေရာဒေသအလျှောက် လူမျိုးများ၏ ဓလေ့စရိုက်များအပေါ်မူတည်ကာ တနေရာနှင့်တနေရာကွဲပြားလျှက်ရှိ၏။ သည့်အပြင်မုန်းလို့ပြုစားသည်၊ချစ်လို့ပြုစားသည်လည်း ဆိုကြ ပြန်သည်။

ယခုစာရေးသူဖော်ပြမည့်အကြောင်းအရာမှာ စာရေးသူ၏ဖခင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ဖခင်ပြောပြခဲ့သဖြင့် မှတ်မိနေသောအကြောင်းအရာကို ပြန်လည်ရေးသားဖော်ပြ ခြင်းသာဖြစ်ပါသည်။ယခုစာပါအကြောင်းအရာထဲတွင်ဖော်ပြထားသော နံမည်များမှာ မူလအမည်များ မဟုတ်ပဲ စာရေးသူ၏စိတ်ကူးနှင့်ပေးထားသောအမည်များဖြစ်ပါသည်။ အကြောင်းအရာကသာအမှန် ဖြစ်ပါ၏။အဘယ်ကြောင့်ဟူမူ စုန်း ပြုစားခြင်းခံရသူများ၏ အဆက်အနွယ်မိသားစုများအား တစုံတရာ ထိခိုက်မည်စိုးသောကြောင့်ပင်ဖြစ်ပါ၏။

(၂)
သူဌေးကုန်းရေကျော်ရွာကလေးသည် မြစ်ဝကျွန်းပေါ်ဒေသ ၀ါးခယ်မမြို့နယ်အပိုင် ဧရာဝတီ မြစ်လက်တက်မြစ်ကြီးတစင်း၏ မြစ်ကမ်းနဘေးတွင်တည်ရှိသောရွာတရွာဖြစ်ပြီး မြန်မာဗုဒ္ဓဘာသာဝင် များနေထိုင်ရာဖြစ်ပါ၏။ သည်နေရာတွင် မြစ်ဝကျွန်းပေါ်သားတို့ တဦးနှင့်တဦး တရွာနှင့်တရွာ နောက် ပြောင်ကစားကြသောစကားရှိပါသည်။ `ဟေ့ကောင် ငါတို့က မြစ်ကြီးဘိုးသားကွ၊ မင်းတို့က ချောင်း တွင်းမြောင်းတွင်းသားတွေ´ဟုပင်ဖြစ်ပါသည်။ မြစ်ကြီးဘိုးဆိုသည်မှာ ယခု သူဌေးကုန်းရေကျော်ရွာ ကဲ့သို့ မြစ်ပြင်ကျယ်ကြီး၏ကမ်းနဖူးပေါ်တွင်တည်ရှိခြင်းဖြစ်ပြီး။ချောင်းတွင်းမြောင်းတွင်းဆိုသည်မှာ မြစ်လက်တက် ချောင်းငယ်၏ဘေးကမ်းနဖူးပေါ်တွင်တည်ရှိသောရွာပင်ဖြစ်ပါသည်။ ကြွားရခြင်း၏ အကြောင်းရင်းမှာ မြစ်ကြီးဘိုးရှိရွာများတွင် ဧရာဝတီသင်္ဘောကြီးများဆိုက်ကပ်ကြပြီး ရန်ကုန်အစရှိ သောမြို့ကြီးများသို့သွားလာ ကုန်ရောင်းဝယ်ပြုနိုင်ကြသော်လည်း။ချောင်းတွင်းရွာကလေးများတွင်မူ သင်္ဘောကြီးများမ၀င်ရောက်နိုင်ပဲ လှေငယ်ဖြစ်မြစ်ကြီးဘိုးသို့ထွက်ကာ မြစ်ကြီးဘိုးရှိ၇ွာမှတဆင့်သာ သင်္ဘောစီးနိုင်ကြသည်ကို အနိုင်ယူနောက်ပြောင်ကြခြင်းဖြစ်ပေ၏။

သူဌေးကုန်းရေကျော်ရွာကလေး၏သက်တမ်းကို ခန့်မှန်းရန်ခက်သောအနေအထားပင်ဖြစ်ပါ ၏။အကြမ်းဖျဉ်းအားဖြင့် သာယာဝတီမင်းလက်ထက်တွင် သာယာဝတီမင်းစီးသော လှေတော်၏ ပဲ့နင်း ကြီးမှာ ရွှေလောင်းသား ဦးပျံ့ပင်ဖြစ်ပါသည်။ အင်္ဂလိပ်ကိုလိုနီလက်ထက် မြို့ပြတခုတည်ထောင်ရန် အင်္ဂလိပ်အာဏာပိုင်တို့ကစီမံရာတွင် ရွှေလောင်းရွာကြီးကို မြို့အဖြစ်ထူထောင်ရန် စီမံဖို့ဆုံးဖြတ်ကြ၏။ ဦးပျံ့ကြီးနှင့်ရွာသားအားလုံးက အင်္ဂလိပ်နယ်ချဲ့စီမံမှုကို သဘောမတူပဲကန့်ကွက်ကြပြီး အခြားနေရာ တနေရာကိုရှာပေးမည်ဟုတင်ပြသည်ကို အာဏာပိုင်တို့ကလက်ခံသဖြင့် ကျယ်ပျံ့သောမြေပြင်ရှိရာ ၀ါးတော်ကြီးတခုကို ရှာဖွေပေးကြသဖြင့် ထိုနေရာကို မြို့အဖြစ်စီမံကာ ၀ါးခယ်မ ဟုအမည်ပေးခဲ့ကြ၏။ ထို့ကြောင့်ဝါးခယ်မမြို့သည် အင်္ဂလိပ်ခေတ်ဦးတွင်တည်ထောင်ခဲ့သည်ဟု မှတ်သားမိ၏။ ၀ါးခယ်မမြို ၏ပထမသူကြီးကို မသိပါ။ပထမသူကြီး၏သားများဖြစ်ကြသော ဦးအရာကြီး၊သူ့ညီ ဦးလူကလေးတို့ စဉ်ဆက်အုပ်ချုပ်ခဲ့။ ဦးလူကလေးသည် သူဌေးကုန်း ရေကျော်ရွာသူကြီးဦးမောင်သင်၏သမီး ဒေါ်ညွန့် နှင့်အိမ် ထောင်ပြုခဲ့သည်။ ဦးအရာကြီးနှင့် ဦးလူကလေး မိသားစုသည် ၀ါးခယ်မမြို့စာရေးကုန်း လမ်း တွင် နေထိုင်ခဲ့ပြီး ယခုတိုင် ဦးအရာကြီး၊ဦးလူလေးမျိုးဆက်နှင့် ဦးမောင်သင် မျိုးဆက်များ နေထိုင် လျှက်ရှိသည်။ (မင်္ဂလာဦးအောင်မောင်းဇာတ်သဘင်ကို ဦးအရာကြီး၏ဖခင် ကူထောင်ပေး ခဲ့ခြင်း ဖြစ်ပါသည်)။

မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏၀မ်းစာတိုက်ကြီးအဖြစ်လည်းကောင်း စပါးကျည် အဖြစ်လည်းကောင်းတင်စားခေါ်ဝေါ်ကြသည်။ အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင်းစပါးကောင်း စပါး သန့်များအများဆုံးထွက်ရာဖြစ်သောကြောင့်ပင်ဖြစ်ပါ။ထိုမျှမက ရေချို၊ရေငံထွက်ကုန်များလည်း အလွန်ပင်ပေများလှပါ၏။အနောက်ရိုးမတောင်တန်းကြီးက မြန်မာနိုင်ငံ။တံတိုင်းကြီးသဖွယ်တည်ရှိ နေပြီး သစ်တောများကလည်း အဖိုးတန်သဘာဝသယံဇာတပေါများရာလည်းဖြစ်ပေသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် မြန်မာလူမျိုးများအပြင် ကရင်လူမျိုးများ ကုလားလူမျိုးများသည် ရှင်ဘုရင်ခေတ်ကပင် ရွာချင်းဆက်အတူနေထိုင်ခဲ့ပြီး အင်္ဂလိပ်ကိုလိုနီခေတ်တွင် ပိုမိုများပြားလာသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် အခြေချနေထိုင်ကြသော လူမျိုးအသီးသီးတို့သည် ဘိုးဘွား စဉ်ဆက်လုပ်ကိုင်ခဲ့သော လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေထူထောင်သောလုပ်ငန်းများ အပြင်သားငါးရှာဖွေသောလုပ်ငန်းများဖြင့် အသက်မွေးဝမ်းမှုပြုကြ။၏။အဓိကလုပ်ငန်းမှာမူ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းပင်ဖြစ်သည်။ ဓားမဦးချအလုပ်ဟုခေါ်ဆိုကြ၏။

သူဌေးကုန်းရေကျော်ရွာဟုခေါ်ဆိုခြင်းမှာလည်း အကြောင်းရှိပါ၏။ ဂျပန်ခေတ်မှသည် ဖဆပလ ခေတ်အထိ သက်တမ်းကြာရှည်အုပ်ချုပ်ခဲ့သော သူကြီးဦးမောင်သင်သည် ရေကျော်ရွာကို အုပ်ချုပ်ထူထောင်ခဲ့သူဖြစ်သည်။ဦးမောင်သင်။ ဘိုးစဉ်ဘောင်ဆက် မျိုးရိုးမှာ မန္တလေးမှပင်ဖြစ်ပါ၏။ ဦးမောင်သင်၏ဖခင်လက်ထက်ကပင်လျှင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆန်များကို ကိုယ်ပိုင်နှစ်ထပ် သင်္ဘောကြီးများဖြင့် လာရောက်ဝယ်ယူကာ မြန်မာပြည်အနှံ့အပြားသာမက အိန္ဒိယနိုင်ငံသို့ပါတင်ပို့ ပြီးအပြန်တွင် အမွှေးအကြိုင်များ၊ဘယဆေးများ၊ အထည်အလိပ်များကိုပြန်လည်တင်ဆောင်ကာ ပြည်တွင်းတွင်ရောင်းချ၏။ အပြန်တွင်အထက်ပါပစ္စည်းများအပြင် မြတ်စွာဘုရားရုပ်ပွားဆင်းတုတော် များပါ ပူဇော်ယူဆောင်လာပြီး မိမိ၏သားသမီးများ ဆွေမျိုးများကိုပေးကာ ကိုးကွယ်စေ၏။

ထို့ကြောင့်ပင် သူကြီးဦးမောင်သင်။အဆက်အနွယ်ဖြစ်သော မြေးမြစ်များထံတွင် အစဉ်အ ဆက်ကိုးကွယ်ခဲ့သော ရှေးဟောင်းဆင်းတုတော်များ ယခုတိုင်ရှိနေရုံမျှမက သူဌေးကုန်းရေကျော်ရွာ တွင် သူကြီးဦးမောင်သင်ပင့်ဆောင်ခဲ့သော Óဏ်တော် ၆ ပေမှအထက်ရှိ သစ်သားရုပ်ပွားတော်၊ကြေး ဆင်းတုတော်နှင့် ကျောက်ဆင်းတုတော်ကြီးများကို ယခုတိုင်ပင် သူဌေးကုန်းရေကျော်ရွာ ဘုန်းတော် ကြီးကျောင်းမှ သိမ်တော်ကြီးအတွင်းတွင်ဖူးမျှော်နိုင်ကြပါသည်။(၁၉၇၀ ခုနှစ်တွင် ရန်ကုန်မှလူအချို့ ရေကျော်ရွာသို့ရောက်လာပြီး သစ်သားရုပ်ပွားတော်တဆူကို သူတို့ကပြင်ပေးမည်။ကျန် ရုပ်ပွားတော် များကိုလည်း ရောင်တော်ဖွင့်ပေးမည်။ သစ်သားရုပ်ပွားတော်တဆူကို သူတို့ကိုပေးပါ ဟုပြောသဖြင့် ဦးမောင်သင်၏မြေးဖြစ်သူ ဒေါ်ပုကြိုင်က သူ၏မောင်တော်သူ ရန်ကုန်ရှိ ဦးအေးသိန်းထံအကြောင်း ကြားရာ ဦးအေးသိန်းက ရုပ်ပွားတော်တွေကို ဘာမှမုလုပ်နှင့် သူတို့ကိုလည်းမပေးပါနှင့်ဟုပြောသဖြင့် ထိုလူများပြန်သွားကြ၏။)

စုန်းအကြောင်းပြန်ဆက်ကြပါဦးစို့ –

ဦးလှမောင်သည် သူကြီးဦးမောင်သင်ပြီးနောက် သူဌေးကုန်းရေကျော်ရွာ၏ သူကြီးပင်ဖြစ်ပါ သည်။ဦးလှမောင်လက်ထက်တွင်ပင် ခေတ်ပြောင်းကာ ပြည်သူ့ကောင်စီခေတ်ရောက်လာသဖြင့် ရွာတွင်သူကြီးခေတ်မဟုတ်ပဲ ကျေးရွာကောင်စီဥက္ကဌကခေတ်ပင်ဖြစ်ပါသည်။ ဦးလှမောင်အနေဖြင့် ကျေးရွာတရားသူကြီးအဖြစ်ဆောင်ရွက်၏။သူသည်လယ်ယာလုပ်ငန်းကို ဦးစီးစီမံသည့်အပြင် ယခင် ကလုပ်လက်စလုပ်ငန်းဖြစ်သော သင်္ဘောဖြင့်လှည့်လည်ရောင်းဝယ်သောလုပ်ငန်းကိုလည်းဆောင် ရွက်နေပေရာ ဦးလှမောင်တို့အဖွဲ့က ၀ါးခယ်မမြို့နယ်အတွင်းသို့ပြန်လည်ရောက်ရှိချိန်တွင် သရက် တောရွာရှိ ဦးမြစိန်တို့နေအိမ်တွင် ၀င်ရောက်တည်းခိုလေ့ရှိ၏။ ဦးမြစိန်ကလည်း လယ်ယာလုပ်ငန်း အပြင် သားသမီးများက ကုန်စုံဆိုင်များဖွင့်လှစ်ထား၏။ ဦးမြစိန်မိသားစုကလည်း ဦးလှမောင်တို့အဖွဲ့ အပေါ်အလွန်ဖော်ရွေပြီး ဧည့်ပျူ ငှာရှိကြပေသည်။ဦးလှမောင်နှင့် ဆွေရင်းမျိုးချာများကဲ့သို့ဖြစ်နေပေပြီ ဦးလှမောင်ကလည်း ဦးမြစိန်မှာသောကုန်များအပေါ် အမြတ်မယူပဲ ဈေးရင်းအတိုင်းပင်ပြန်လည်ကာ ရောင်းချပေး၏။ အဘယ်ကြောင့်ဆိုသော ဦးလှမောင်တို့အဖွဲ့က ဦးမြစိန်တို့အိမ်တွင် အကြိမ်ကြိမ်ပင် တည်းခိုကာ စားသောက်ကြရသဖြင့် ကျေးဇူးကိုသိတတ်စွာ ဆပ်ရာရောက်သောကြောင့်ပါပင်။

ဦးမြစိန်ထံတွင် သားသမီးများစွာရှိသည့်အနက် သူ့အိမ်နှင့်သူဖြစ်နေကြပေရာ ဦးမြစိန်နှင့်အတူ နေသူ သမီးတယောက်ရှိ၏ အမည်မှာ မခင်ဆင့်ဖြစ်ပြီး ချောလှယုံမျှမက ယဉ်ကျေးသိမ်မွေ့သူလည်း ဖြစ်ပါ၏။ ဦးလှမောင်တို့အဖွဲ့အပေါ် ကျွေးမွေးဧည့်ခံရာတွင် တာဝန်ကျေလွန်းသဖြင့် ဦးလှမောင်တို့က ပင်အားနာနေရပေသည်။

သို့ဖြင့် ရင်းနှီးပွင့်လင်းသောဆက်ဆံရေးကြောင့် သွေးသားတော်စပ်သူများသဖွယ် ခင်မင်တွယ် တာနေကြပေသည်။ မခင်မြင့်သည် စုန်းပြုစားခြင်းခံထားရသူတယောက်ဖြစ်သဖြင့် ကောင်းနေချိန်တွင် ဦးလှမောင်တို့အဖွဲ့ နေထိုင်စားသောက်ရေးအတွက် သွက်သွက်လက်လက်ဖြင့် လိုသည်မရှိအောင် ဆောင်ရွက်ပေးနိုင်သော်လည်း စုန်း ၀င်ပူးသောအချိန်တွင်မူ ငိုလိုက် ရယ်လိုက် ကြောက်ပါပြီ ဟုအော် လိုက်ဖြစ်နေတတ်၏။တခါတရံစုန်းမဆိုသူက´ငါ့ကိုဘာမှတ်လို့လဲ သတ်ပစ်မယ်´ စသည်ဖြင့်ကြိမ်း မောင်းတတ်ပြန်၏။ထိုသို့ စုန်းဝင်ပြီးထွက်သွားပြီးနောက်တွင် မခင်ဆင့်မှာ ရက်အနည်းငယ်အထိ လူမ မာတယောက်ကဲ့သို့ အိပ်ယာထဲတွင် လဲနေကာ အစားပျက် အသောက်ပျက် အအိပ်ပျက် ခံစားနေရ တတ်၏။ဦးလှမောင်က ထိုအဖြစ်အပျက်ကို သုံးကြိမ်ထက်မနည်း ကြုံတွေ့ရသဖြင့် စိတ်မကောင်းဖြစ် ရ၏။ မခင်ဆင့်၏ စုန်းပြုစားခံနေရသည်ကို အထက်လမ်းဆရာဆိုသူတယောက်က ကုစားနေသည်ကို ဦးလှမောင် မြင်တွေ့နေရသော်လည်း မခင်ဆင့်ရောဂါက သက်သာထူးခြားခြင်းမရှိသည်ကိုလည်း ဦး လှမောင်ကိုယ်တိုင်မြင်နေရ၏။

တနေ့တွင် ဦးမြစိန်တို့အိမ်သို့ ဦးလှမောင်တို့ရောက်နေခိုက် မခင်ဆင့် စုန်းပူးချိန်နှင့်ကြုံနေ၏။ ထုံးစံအတိုင်းပင် မခင်ဆင့်က ကြောက်ပါပြီဟု အော်ကာ ငိုနေ၏။မခင်ဆင့်၏လက်နှစ်ဖက်ကလည်း ကြိုးနှင့်တုတ်ချည်ခြင်းခံထားရသလို ပူးကပ်နေကာ ခန္တာကိုယ် လဲကျမယောင်ဖြစ်လိုက် တယောက် ယောက်က ဆံပင်ဆွဲပြီးထူလိုက်သလိုဖြစ်ပြီး ပြန်လည်မတ်လိုက်နှင့် မသက်မသာခံစာနေရ၏။ ဦးလှမောင်သည် ထိုအဖြစ်ကိုကြည့်ကာ အတော်ပင်စိတ်ထိခိုက်မိ၏။မခင်ဆင့် မည်သို့မည်မျှ ခံစားနေရမည်ကို ကိုယ်ချင်းစာမိ၏။ ဦးလှမောင်က ထိုစုန်းမဆိုသူကို ပြောလိုက်၏။´ ကျွန်တော် တောင်းပန်ပါတယ် ဒီအိမ်ဟာကျွန်တော်တို့တည်းခိုရာ စားသောက်ရာ ကျေးဇူးရှင်အိမ်ဖြစ်ပါတယ်။ မခင်ဆင့်ကလည်း ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တယောက်ဖြစ်ပါတယ်။ မခင်ဆင့်ကိုယ်စားလည်း ကျွန်တော်က အနူးအညွတ်တောင်းပန်ပါတယ်။မခင်ဆင့်မှာအပြစ်ရှိရင် ခွင့်လွှတ်ပါ ခင်ဗျား’ ။
ဦးလှမောင်စကားဆုံးသည်နှင့် မခင်ဆင့်နှုတ်မှ စကားသံထွက်လာသည်။’ကောင်းပြီ ငါ့ မောင်တောင်းပန်လို့ အမပြန်ရုတ်သိမ်းလိုက်ပါ့မယ်’။ ထိုအခါ အနီးတွင်ရှိနေသော အထက်လမ်း ဆရာက သူလက်မှဆေးကြိမ်လုံးကိုမြှောက်ကာ ‘ဟဲ့ စုန်းမ၊ ငါဆရာအမိန့်ပေးတာကိုတော့ နင်က မနာခံဘူး ဧည့်သည်စကားကိုတော့ နားထောင်တယ် ငါ့ကိုမလေးစားဘူးလား’ ဟုပြောလိုက်ရာ စုန်းမဆိုသူက ‘ ဟဲ့ ဆရာ နင်ကဆရာလုပ်ပြီး သီလလည်းမရှိဘူး ဒီဧည့်သည်မောင်လေးက ကုန် သည်ဖြစ်ပေမယ့် သီလလုံခြုံတယ် ဒါကြောင့်သီလရှိတဲ့သူတဲ့စကားကို လေးစားနားထောင်တာ’ ဆရာဆိုသူငြိမ်သွား၏။

ဦးလှမောင်က ‘ကျေးဇူးတင်ပါတယ်ဗျာ ခုလိုကူညီတာကို သာဓုလည်းခေါ်ပါတယ်’ဟုပြော လိုက်ရာ စုန်းမဆိုသူက ‘ ငါ့မောင် မမတို့စုန်းပညာဆိုတာ သားစဉ်မြေးဆက်ခံယူ ကြတယ်။ မမ နံမည်က မမြခင် ပါငါ့မောင်အကြောင်းရှိတဲ့အခါ မမနံမည်ကို တ ပြီးခေါ်လိုက်ပါ။ မမရောက်အောင် လာခဲ့ပါ့မယ်’ စကားဆုံးသည်နှင့် မခင်ဆင့်လည်း ပကတိလူကောင်းတယောက်လို ရွှင်ရွှင်လန်းလန်း ဖြင့်စကားပြောတော့သည်။

(၃)

ဦးလှမောင်တို့အနေဖြင့် အထက်အညာဆီခရီးဆက်နေရသဖြင့် ဦးမြစိန်တို့ထံမရောက်သည်မှာ နှစ်လခန့်ရှိပေပြီ။ယခုမူ အညာကပြန်လာပြီးနောက် ဆန်များဝယ်ယူရန် မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာ မြို့မှတဆင့် ၀ါးခယ်မရှိ အမျိုးဖြစ်သူအိမ်သို့ရောက်နေ၏။ ညစာစားပြီးနားနေချိန်တွင် ဦးလှမောင်၏ တပည့်ဖြစ်သူ ကိုလှကျော်က အစ်ကို ဟိုစုန်းမဆိုတာ တကယ်မှန်လားမမှန်လား ခေါ်ကြည့်ပါလားဗျ ဟုပြောသဖြင့် ဦးလှမောင်က ခဏစဉ်းစားပြီ အေးဟုတ်တယ်ကွ ငါလည်းမေ့နေတယ်ဟုဆိုလက်၏။ အခြားသူများကပါ ပြောသဖြင့် ဦးလှမောင်က ‘မမြခင် ခင်ဗျား ကျွန်တော့်အနေနဲ့တွေ့ချင်ပါသဖြင့် လာရောက်ရန် ဖိတ်ကြားပါတယ်’ဟုဆိုလိုက်၏။

မကြာမီပင် ဦးလှမောင်တို့တည်းခိုရာ အိမ်ရှင် ဦးဘ၀မ်း၏သမီးဖြစ်သူမစောမေ သည် ဦးလှမောင် တို့နှင့်စကားပြောရာမှ မျက်နှာအမူအယာပြောင်းကာ ကိုယ်က အနည်းငယ်တုန် လာပြီးနောက် ‘ ကဲ ငါ့မောင် မမ ရောက်ပြီ ဘာအကြောင်းရှိလို့လဲ’ ဟုပြောလိုက်ရာ ဦးလှမောင်တို့ အံ့အားသင့်နေကြပြီး နောက်မှ ‘ကျနော့်ညီတွေက ဟုတ်မဟုတ် စမ်းတဲ့အနေနဲ့ခေါ်ခိုင်းလိုက်တာပါ ကျနော်ယုံကြည်ပါပြီ’ ဟုပြောလိုက်၏။ ထိုအခါ စုန်းမဖြစ်သူက ‘ ငါ့မောင်မယုံမရှိပါနဲ့ စုန်းဆိုတာ တကယ်ရှိပါတယ်။ မဟုတ်ပဲ စုန်းယောင်ဆောင်နေသူလည်းရှိတယ်။အစစ်နဲ့တော့ကွာပါတယ်။ မမတို့က သီလလည်းစောင့်ပါတယ် သီလရှိသူတွေကိုလည်း လေးစားပါတယ်’ ဟုပြောလိုက်၏။ ဦးလှမောင်က ‘မမကို ကျွန်တော်လေးစား ယုံကြည်ပါတယ် ကျွန်တော့်ကိုခွင့်လွှတ်ပါ’ ဟုပြောလိုက်ရာ ‘ဒါဖြင့်မမ သွားမယ်’ဟုဆိုလျှက်ထွက်သွား တော့၏။




မောင်မြေသစ်(၀ါးခယ်မ) @ World Myanmar(world-myanmar.com)

No comments:

Post a Comment