Friday, June 10, 2016

သူသိသော ဆရာမ ဒေါ်မူမူ



အာစရိယ ဂုဏော အနန္တော....


"ဇော်လွင်ကြီး"
"ရှိပါတယ် ဆရာမ"
"လာ...ရှေ့ထွက်ခဲ့"

ကိုရီးယားလို အလယ်တန်းပထမနှစ် ခေါ်ရမယ့် ပဉ္စမတန်းရဲ့ ပထမဦးဆုံး အတန်းစတက်တဲ့ နေ့ ၊ ပထမဦးဆုံး ကျောင်းတက်ချိန်မှာပဲ အတန်းပိုင် ဆရာမ
အတန်းထဲ ဝင်ဝင်လာချင်း
ဘုမသိ ဘမသိ အတန်းရှေ့ထွက်ဖို့ အခေါ်ခံလိုက်ရတဲ့ ကျွန်တော်။ အဖြေမပါတဲ့ အတွေးများစွာနဲ့ အတန်းရှေ့ ထွက်လာခဲ့ရပေါ့။

သည်လိုပါ။
ဝါးခယ်မမြို့လေးရဲ့ တစ်ခုတည်းသော ဆေးရုံရှိသမို့ ဆေးရုံရပ်ကွက်လို့ အမည်နာမတွင်တဲ့ရပ်ကွက်လေးမှာ ကျွန်တော် နေပါတယ်။ ဆေးရုံဝန်းအဆုံးမှာ လမ်းကလေးတစ်ခုခြားလျက် တည်ရှိနေတာက ခရစ်ယာန်ကျောင်းဝန်း။ အဲ့သည် ခရစ်ယာန်ကျောင်းဝန်းရဲ့ အဝင်ပေါက်ဝတည့်တည့် ၊ မြို့လေးရဲ့အဓိကလမ်းမကြီး မြူရုံးလမ်းသာ ခြားပြီး မျက်နှာချင်းဆိုင်တည့်တည့်မှာ ကျွန်တော်တို့အိမ်။

သည်လောက်ထိ ပြောပြနေရတာကတော့ ပဉ္စမတန်း အတန်းပိုင်ဆရာမက ခရစ်ယာန်မို့ တနင်္ဂနွေဆို ဘုရားကျောင်း လာတက်လေ့ရှိတယ်။
"NYEIN ... Hey.... NYEIN"
"Hi"
"How are you"
"Fine sayarma, are you OK"
"Oh! I'm also fine ...."
စသည်ဖြင့်ပေါ့။
(ကျန်သောစကားများ ထိုအချိန်က နားမလည်ခဲ့၍ မမှတ်မိတော့ပါ။ အစဉ် နှုတ်ဆက်နေကျ စကားများဟူ၍သာ မှတ်မိပါတော့ကြောင်း ဝန်ခံပါသည်)

ဘုရားကျောင်းအတက်(သို့မဟုတ်)အဆင်း တစ်ချိန်ချိန်တော့ အိမ်ရှေ့လမ်းမမှကနေ တစ်မျိုး ၊ အိမ်ပေါက်ဝအထိ အရောက်လာလို့ တစ်နည်း ၊ တစ်ခါတရံ အိမ်ထဲသို့ပင် ဝင်လာ၍ တစ်ဖုံ နှုတ်ဆက်ပြောဆိုနေကျ။
ကျွန်တော့်ကိုတော့ မဟုတ်ပါ။ ကျွန်တော်၏ ဦးလေးတော်စပ်သူမှာ ထိုအချိန်က မြို့လေးရဲ့ တစ်ကျောင်းတည်းသော အထကမှာ အထက်တန်း အင်္ဂလိပ်စာပြ ဆရာတစ်ဦးဖြစ်သကဲ့သို့ ဆရာမသည်လည်း အလယ်တန်း အင်္ဂလိပ်စာပြ ဆရာမတစ်ဦး ဖြစ်ကြလို့ လုပ်ဖော်ကိုင်ဖက် ဆိုတာထက် ငယ်ရွယ်သူ ကျွန်တော့်ဦးလေးကို ချစ်ခင်ရင်းစွဲနဲ့ ဝတ္တရားမပျက် နှုတ်ဆက်လေ့ရှိတာလို့ မှတ်ယူသိရှိထားပါတယ်။


သည်တော့လည်း တစ်အိမ်တည်း အတူနေ ဖိုးစပ်စု (သူတို့နှစ်ယောက် စကားပြောနေချိန်မျိုးများမှာ အနားသွား နားထောင်တတ်လို့ပါ) ကျွန်တော့်ကိုလည်း ချစ်ခင်ကြင်နာမှုအပြည့်နဲ့ ဦးခေါင်းပွတ်သပ် အသိအမှတ်ပြုတတ်ပါတယ်။

ငယ်ငယ်လေးတုန်းက မှည့်ခေါ်ခံခဲ့ရဖူးတဲ့ "ဇော်လွင်အောင်" ဆိုတဲ့အမည်နာမကို ချစ်စနိုးနဲ့ "အောင်" ဖြုတ်လို့ "ကြီး" တပ်ခေါ်ခဲ့တာပါ။ ဆရာမ ဖန်တီး အစွဲပြုခဲ့တဲ့ "ဇော်လွင်ကြီး" အမည်က အိမ်ပတ်ဝန်းကျင်မှာတော့ အတော် တာသွားခဲ့ပါတယ်။ (ယခုအချိန်အထိ ဇော်လွင်ကြီးလို့ ခေါ်ကြတုန်းပါ)
ဆရာမရဲ့ သားငယ်နဲ့ ကျွန်တော်နဲ့က အတန်းတူ ကျောင်းနေဖက် ၊ ဆရာမသမီးလေးနဲ့ ကျွန်တော့်ညီမကလည်း အတန်းတူကျောင်းနေဖက် သူငယ်ချင်းတွေဆိုတော့ ပိုရင်းနှီးကြတာ သိပ်တော့ မဆန်းပေမယ့် ဆရာမက ကျွန်တော်တို့ အိမ်သားတွေကို သံယောဇဉ်ရှိပုံ ရပါတယ်။
အစလေး ပြန်ကောက်ပါရစေ...။

ကျွန်တော် အတန်းရှေ့ရောက်တော့ ဆရာမက ပုခုံးလေး အသာလှမ်းဖက်လို့ ပြုံးပြုံးလေးနဲ့ စကား စပါတယ်။
"သူ့ကို သိကြလား"
"သိပါတယ်"
"အေး...မင်းတို့က သူ့အကြောင်း ဆရာမထက် ပိုသိမှာပေါ့။ ဈေးကျောင်း (ဈေးရပ်ကွက်မှာ ရှိတဲ့ အမကကျောင်းကို ဈေးကျောင်းလို့ အလွယ်ခေါ်ကြပါတယ်) အတူတူ တက်လာကြတာပဲ။
ဟုတ်တယ်မလား
"
"ဟုတ်ပါတယ်"
(အခြား အမကများက လာသူများလည်း ရောယောင် အော်ခဲ့ကြမယ်လို့ ထင်ပါတယ်)
"ဟုတ်ပြီ...သူက ဈေးကျောင်းမှာ ဘာလုပ်ခဲ့လဲ"

တစ်တန်းလုံး ငြိမ်သွားတယ်။ ဖြေမယ့်သူ မရှိ။ ကျွန်တော်လည်း ရင်တွေ တဒိတ်ဒိတ် ခုန်လို့ပေါ့။ ငါ ဘာလုပ်မိခဲ့ပါလိမ့်။ ဆရာမရဲ့ မေးခွန်းကို နားလည်ဖို့ထက် ကိုယ့်လုပ်ခဲ့တာတွေ ပြန်တွေးနေမိတာများ တီဗီကြော်ငြာတွေ အမြန်ဆွဲပြနေသလို တရိပ်ရိပ်။ အဲ့သည့်အချိန်မှာပဲ အသံတစ်သံ ထွက်လာတယ်။
"အားလုံး သတိ အော်ရပါတယ် ဆရာမ"
သူပြောမှ သတိရသွားတယ်။ သည်လိုပါ။ အမကကျောင်းလေးမှာ ၂ တန်း ၊ ၃ တန်း ၊ ၄ တန်း ကျောင်းသားကျောင်းသူတွေ စုပေါင်းလို့ နံနက်ကျောင်းစတက်ချိန်မှာ ဘုရားရှိခိုးရတယ်။ ဘုရားရှိခိုးပြီးတာနဲ့ အားလုံးမတ်တပ်ရပ်ကြရပြီး ကျွန်တော်က -
"အားလုံး....သတိ ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေး....ပြု" လို့ အော်ပေးရတယ်။ အားလုံး ဦးညွတ် အလေးပြုကြရတယ်။ တစ်အောင့်အကြာမှာတော့ ကျွန်တော်က - "နေမြဲ" လို့ ပြန်အော် ၊ အားလုံး ပြန်မတ် စသည်ဖြင့် ရှေ့က အော်ပေး (အမိန့်ပေး)ရတာကို ဆိုလိုတာပါ။

"မှန်လိုက်တာ သားရယ် ၊ သူက လုပ်ဖူးနေကျ ဆိုတော့ ဆရာမက သူ့ကို မော်နီတာ လုပ်ခိုင်းမလို့"

ဆရာမက စကား ခဏရပ်လို့ အတန်းကို အကဲခတ်တယ်။ များသောအားဖြင့်က "မော်နီတာ" ဆိုတဲ့ ဝေါဟာရကို သိပ်မသိကြသေး။ ပါးစပ်အဟောင်းသားလေးတွေနဲ့ ငေးလို့ပေါ့။
သိကြတာက အတန်းခေါင်းဆောင်လို့လေ။
ဆရာမကလည်း ပါးပါးလှပ်လှပ်လေး။ မော်နီတာ ဆိုတာ ဆိုပြီး အစချီလို့ အတန်းခေါင်းဆောင် ဖြစ်ကြောင်းကအစ တာဝန်ဝတ္တရားတွေအလယ် ဘာညာကွိကွအဆုံး ရှင်းပြနေပါတယ်။


ကျွန်တော့်ရင်ထဲက ဘုမသိ ဘမသိ အလုံးကြီးလည်း ကျသွားလိုက်တာ ဂုကနဲတောင် မြည်မလားပါပဲ။

သည်လို ရေးပြနေမိတာက မနေ့က ၆-၆-၂၀၁၆ မှာ ဆရာမ နေအိမ် ရောက်သွားတဲ့ တပည့်တစ်ယောက်က status ရေးတင်ပါတယ်။ ဆရာမရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ နေထိုင်စားသောက်နေရပုံတွေကို ဓာတ်ပုံတွေနဲ့ပေါ့။
ဒါကို ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးက ထပ် share ပါတယ်။ ကျွန်တော် ဖတ်မိကြည့်မိချိန်က ၇-၆-၂၀၁၆ ရက်နေ့ကို အစပျိုးနေတဲ့ သုညခံတဲ့ နာရီအချိန်ပါ။ ဒါနဲ့ပဲ cmt လေးရေးပြီး အိပ်ရာဝင်ပါတယ်။ ဘယ်လိုမှ အိပ်မပျော်ပါဘူး။ အလူးလူး အလှိမ့်လှိမ့်နဲ့ပဲ ၂ နာရီကျော်ကျော်မှာ ပြန်ထလာလိုက်ပြီး ရင်ထဲ ပေါ့သွားမလားလို့ သည်စာကို ရေးမိတာပါ။


ဖတ်မိသူ တပည့်အပေါင်း....
အာစရိယ ဂုဏော အနန္တော...ပါ။
ဆရာမကြီး ဒေါ်မူမူ အတွက်
တတ်နိုင်သလောက် ဝိုင်းဝန်းစောင့်ရှောက် ကျေးဇူးဆပ်ကြရအောင်လား.....။ ။


ဆောင်းမွန်းချစ်
၇-၆-၂၀၁၆ ၀၃၃၃ နာရီ
ခေတ္တ-နေပြည်တော်

No comments:

Post a Comment