Tuesday, June 14, 2016

ဦးသိန်းစိန်၊ဦးရွှေမန်း အားပြိုင်မှုကြားထဲမှာ ညပ်သွားနိုင်တဲ့ NLD - သရ၀ဏ် ( ပြည် )






မကြာမီက ကျောက်မျက်အသင်းရန်ပုံငွေ ယူရို ၈၆ သန်း အလွဲသုံး မှုအရှုပ်တော်ပုံကြီး ပေါ်ပေါက်ခဲ့ပါသည်။ ကျောက်မျက်ရောင်းချရသော ငွေများထဲမှ ၁ ရာခိုင်နှုန်းစုဆောင်းထည့်ဝင်ထားသော ငွေများထဲမှ ယူရို ငွေ ၈၆ သန်းကို အသင်းသားများ၊ အလုပ်အမှုဆောင်များမသိရဘဲ အခြားကဏ္ဍများတွင် သုံးစွဲခဲ့မှုဖြစ်သည်။ ထိုငွေစာရင်းအလွဲသုံးမှု အရှုပ်တော်ပုံကြီးတွင် ကျောက်မျက်အသင်း အလုပ်အမှုဆောင်များက အမှုကိစ္စကို စုံစမ်းစစ်ဆေးအရေးယူပေးပါရန် သက်ဆိုင်ရာသို့ တိုင်စာပို့ခဲ့သည်။
စိတ်ဝင်စားစရာကောင်းလာသည်မှာ အရေးယူပေးပါရန် တိုင်ကြားခံရသူတွင် ယခင်သမ္မတဟောင်း ဦးသိန်းစိန်ပါဝင်နေပြီး တိုင်စာကိုလိပ်မူ ပေးပို့ခံရသူမှာ သူရဦးရွှေမန်း ဖြစ်နေခြင်းပင်ဖြစ်သည်။ ဦးရွှေမန်းသည် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်တွင် ဥက္ကဋ္ဌဖြစ်ရာ ကြီးမားသောအမှုကိစ္စတခုဖြစ်လာလျှင် စစ်ဆေးရမည့်သူ ဖြစ်သည်။ ထိုအခါစစ်မည့်သူသည် ဦးရွှေမန်း၊ အစစ်ခံရမည့်သူသည် ဦးသိန်းစိန်ဆိုသည့် သဘောမျိုးဖြစ်လာသည်။
ဒါကိုသမ္မတဟောင်း ဦးသိန်းစိန်တို့ဘက်က ခါးခါးသီးသီးတုံ့ပြန်သည်။ သူတို့သည် အဂတိလိုက်စားခဲ့တာဘာမှမရှိ။ ထိုပိုက်ဆံတွေကိုသုံးခဲ့ပါက သေဒဏ်ချမှတ်နိုင်သည်ဆို သည်ကို ယခင် သမ္မတရုံးဝန်ကြီးဟောင်း၊ ယခုအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းတို့က ပြောလာသည်မှာ သူရ ဦးရွှေမန်းဦးဆောင်သော ကော်မရှင်ကို တိုင်ကြားခြင်းသည် နိုင်ငံရေးကစားကွက်ဖြစ်ကြောင်း နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ယခင်ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြောကြားခဲ့သည်။
 


 တချိန်တည်းမှာပင် ရန်ကုန်မြို့၌ပြုလုပ်သော ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ အမှုဆောင်များ၏ သတင်းစာရှင်းလင်းပွဲတွင် ကျောက်မျက်အသင်းအလုပ်အမှုဆောင် ဦးကျော်ကျော်ဦးက ''သူတို့က ဘာကြောင့်နိုင်ငံရေးလို့ ပြောလဲဆိုတော့ ကျွန်တော်တို့ တင်လိုက်တဲ့စာပေါ့နော်။ နံပါတ်(၁)ခေါင်းစဉ်တပ်ပြီးတိုင်လိုက်တာက ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို တိုင်လိုက်တယ်။ ဥက္ကဋ္ဌက သူရဦးရွှေမန်းပေါ့။ မိတ္တူတွေကိုတော့ သမ္မတကြီးတို့၊ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့ ဘာတို့ကို ပို့တယ်။ အဲဒီတော့သူတို့စိတ်ထဲမှာ ဒါဟာနိုင်ငံရေးကစားကွက်လို့ ထင်တယ်။ အမှန်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာကြောင့်တိုင်လဲဆိုတော့ ဥပဒေနဲ့ငြိစွန်းနေတဲ့အတွက် ဥပဒေရေးရာ ကော်မရှင်ကိုတိုင်တာ''ဟု ရှင်းလင်းဖြေကြားခဲ့ပေ၏။ မည်သို့ဆိုစေ ဤဇာတ်လမ်းတွင် ဦးရွှေမန်းနှင့် ဦးသိန်းစိန်ပါဝင်လာခဲ့သည်ကတော့ အမှန်တရားပင်ဖြစ်သည်။ ထိုအခါ သူတို့နှစ်ယောက်၏အတိတ်က အားပြိုင်မှုများကို ပြန်လည်အမှတ်ရမိပါသည်။
ဇာတ်လမ်းအစက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က စသည်။ သူတာဝန်မှအနားယူသောအခါ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ပေါ်ပေါက်လာမည့်အစိုးရသစ်တွင် တာဝန်ပေးရန် သူ၏တပည့်ရင်းနှစ်ဦးကို သမ္မတ ရာထူးတွင် တာဝန်ပေးရန်စဉ်းစားသည်။ 


သူယုံကြည်အားထားရသူများဖြစ်သည့် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ထိုစဉ်က လက်ရှိဝန်ကြီးချုပ်ဖြစ်နေသူ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့အနက် မည်သူ့ကို သမ္မတရာထူးပေးမလဲဟု ပြည်သူလူထုက စိတ်ဝင်စားနေကြသည်။ တပ်ထဲကလည်း ဗိုလ်ချုပ်မှူးကြီးအသစ်ဖြစ်လာမည့်သူကို စိတ်ဝင်စားသည်။ ဦးသိန်းစိန်သည် စစ်တက္ကသိုလ် DSA အပါတ်စဉ်(၉) ဆင်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးသူရရွှေမန်းမှာ DSA အပါတ်စဉ်(၁၁)ဆင်းဖြစ်သည်။ ဦးတင်အောင်မြင့်ဦးက အပါတ် စဉ်(၁၂)၊ ယခုလက်ရှိ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က DSA အပါတ်စဉ်(၁၉)ဆင်း ဖြစ်ကြသည်။ ထိုစဉ်က လူတော်တော် များများက ဗိုလ်ချုပ်ကြီးသူရရွှေမန်းကို သမ္မတဖြစ်မည့်သူဟုခန့်မှန်းကြသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်မည့်သူများအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေအပါအ၀င် အခြားထိပ်တန်းခေါင်းဆောင် တော်တော်များများ သတင်းထွက်နေခဲ့သည်။ မည်သူ့ကိုခန့်အပ်သည်ဟူ၍ကား တရားဝင်သတင်း ထုတ်ပြန်မှုမရှိခဲ့သေးသဖြင့် ခန့်မှန်းချက်များနှင့် စောင့်ကြည့်နေရလေသည်။ ထိုစဉ်က ၀န်ကြီးချုပ်ဦးသိန်းစိန်ထက်၊ ဗိုလ်ချုပ်ကြီးသီဟ သူရတင်အောင်မြင့်ဦးနှင့် သူရဦးရွှေမန်းတို့ အာဏာ လက်စောင်းထက်နေကြချိန်ဖြစ်လေသည်။ ထို့ကြောင့်လူအများက ရွေးကောက်ပွဲအပြီး သမ္မတဖြစ်မည့်သူမှာ ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းသာဖြစ်မည်ဟု ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ခန့်မှန်းသူများထဲတွင် ကာယကံရှင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း ပါဝင်ပုံရပါသည်။

 သို့သော် ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် စတင် ကျင်းပသောနေ့မှာပင် သဘောပေါက်လိုက်ရသည်။ သူရလိုက်သည့်ရာထူးက မျှော်လင့်ထားသည့် နိုင်ငံတော်သမ္မတရာထူး မဟုတ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟူသော သူမမျှော်လင့်(မလိုချင်ခဲ့သည့်) ရာထူးတခုမျှသာ။ နိုင်ငံတော်သမ္မတရာထူးကိုတော့ သူနှင့်အတူ တွဲဖက်လုပ်ကိုင်ခဲ့ဖူးသည့် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ပေးအပ်လိုက်လေပြီ။ တပ်မတော်အကြီးအကဲရာထူးကိုလည်း အခြားလူအား ပေးအပ်လိုက် လေသည်။ အရာရာသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကွက်ချစီမံထားသော ကစားကွက်များ ဖြစ်လေသည်။


ထိုသို့ဖြင့် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ဦးသိန်းစိန်ဖြစ်ကာ သမ္မတ ဖြစ်လာပြီး ဗိုလ်ချုပ်ကြီး သီဟသူရတင် အောင်မြင့်ဦးက ဦးတင်အောင်မြင့်ဦးအဖြစ် ဒုတိယသမ္မတဖြစ်လာ ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် ဦးရွှေမန်း အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့ပေသည်။ မျှော်လင့်ထားသော သမ္မတရာထူးမှ လွဲခဲ့ရသော်လည်း သူတို့၏ဂိုဏ်းချုပ်ဆရာကြီး ဦးသန်းရွှေ၏အစီအမံမို့ စောဒကမတက်ဝံ့ဘဲ လက်ခံခဲ့ရပုံရှိ၏။
 ထိုစဉ်မှစကာ ဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရနှင့် ဦးရွှေမန်းခေါင်းဆောင်သော လွှတ်တော်တို့ကြား အားပြိုင်မှုများ၊ ထိပ်တိုက်တွေ့မှုများ၊ အငြင်းပွားမှုများမကြာခဏဖြစ်လာတော့သည်။ ထိုစဉ်က ဥပဒေပြုမှုဖြစ်စဉ်တွင် လွှတ် တော်က သတ်မှတ်ပေးသောရေးရာကော်မတီဝင်များကို နိုင်ငံတော်အဆင့် သတ်မှတ်ပေးဖို့ကိစ္စတွင် သမ္မတနှင့်လွှတ်တော် သဘောထားကွဲသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ထိုအချိန်က ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက) ဦးရွှေမန်းက လွှတ်တော်က သတ်မှတ်ထားသော ကော်မတီများကို ပြည်ထောင်စုအဆင့် သတ်မှတ်သော်လည်း သမ္မတဦးသိန်းစိန်က သဘောမတူပယ်ချသည်။ လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်း မေးသောအခါတွင်လည်း အစိုးရဘက်မှ တာဝန်အရှိဆုံးဝန်ကြီးများ လာရောက်မဖြေကြားဘဲ ဒုဝန်ကြီးအဆင့်ရှိ သူများသာ လာရောက်ဖြေကြားခြင်းကို ဦးရွှေမန်းတို့က မကျေနပ်။ ထို့ကြောင့် လွှတ်တော်မှဖွဲ့စည်းသော ကော်မတီများသည် ပြည်ထောင်စုအဆင့်ရှိမရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးသို့ တင်သည်။ ထိုခုံရုံးက ဦးသိန်းစိန်အဆိုကို အနိုင်ပေးသည်။ ဦးရွှေမန်းအဆိုဖြစ်သည့် လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့် ရှိသည်ဆိုသည့်ကိစ္စကို အရှုံးပေးသည်။ ဦးရွှေမန်းခေါင်းဆောင်သော လွှတ်တော်က ပေါက်ကွဲသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို အယုံအကြည်မရှိ စွပ်စွဲပြစ်တင်သည့်အဆိုတင်ပြီး လွှတ်တော်မှတဆင့် ဖြုတ်ချရန်ကြိုးပမ်းသည်။
ထိုကြိုးပမ်းမှုကို သမ္မတ ဦးသိန်းစိန်က တတ်နိုင်သမျှ ကြားဝင် ဟန့်တားသည်။ ထိုလုပ်ရပ်ကိုမလုပ်ထိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများမှနေ၍ ဆောင်းပါးများထည့်သွင်း ဖော်ပြသည်။ သို့သော် လွှတ်တော်၏ဆောင်ရွက်ချက်ကြောင့် ခုံရုံးအဖွဲ့ဝင်များရာထူးမှ အဖြုတ်ခံရမလို ဖြစ်လာသည့်နောက်ဆုံးတွင် သမ္မတဦးသိန်းစိန်က ခုံရုံးအဖွဲ့ဝင်အားလုံးကို ရာထူးမှနုတ်ထွက်ခွင့်ပြုကြောင်း ကြေညာသည် (ဦးရွှေမန်းမဖြုတ်ခင် ကိုယ့်ဘာသာထွက်သည့်သဘောဖြစ်အောင်လုပ်သည်)။ ရလဒ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအသစ်ပြင်ဖွဲ့ရသည်။ ခုံရုံးဖွဲ့ရာတွင် သမ္မတစိတ်ကြိုက်လူများကိုသာ ခန့်အပ်ခြင်း မပြုနိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လူများကိုလည်း ထည့်သွင်းခန့်အပ်ရန် ဥပဒေကို ပြင်သည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြား ကြီးမားသောပွတ်တိုက်မှု ဖြစ်သည်။


လွှတ်တော်အထက်မှာ မိုးကောင်းကင်ပဲရှိတော့တယ်ဟု ဦးရွှေမန်းက ကြွေးကြော်သည်။ ဦးရွှေမန်းနှင့်တကွ လွှတ်တော်ကို သရော်လှောင်ပြောင်သော ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားဆိုသူ ဖေ့စ်ဘွတ်တွင်ပေါ် လာသည်။ လွှတ်တော်အမတ်တဦးက ဆိတ်ဖွားကိုရှာဖို့ အဆိုတင်သည်။ လွှတ်တော်ကြီးက သဘောတူသည်။ ရှာကြဖွေကြသည်။ နောက်ဆုံးတော့ ဘယ်သူက ဘယ်လိုကြားဝင်လိုက်သည်မသိ ဆိတ်ဖွားရှာပုံတော် အဖျားရှူးကာ နိဂုံးချုပ်သွားသည်။ အစိုးရနှင့်လွှတ်တော်မာန်စောင်မှုတခု အဖြစ်တော့ မှတ်သားစရာ ကျန်ရစ်သည်။ ထိုအတောအတွင်း ဦးရွှေမန်းက လွှတ်တော်ဝန်ထမ်းများကို ရာထူးတဆင့်တိုးပေးကြောင်း ကြေညာရန် စီစဉ်သည်။ ထိုကိစ္စကို ဦးသိန်းစိန်က ကန့်ကွက်သည်။ ၀န်ထမ်းများ ရာထူးတိုးခြင်းကို လွှတ်တော်မှ ဆောင်ရွက်၍မရ အစိုးရက၀န်ထမ်းစည်းကမ်းဥပဒေအရ ဆောင်ရွက်မည်ဆို၏။ ဦးရွှေမန်းက လွှတ်တော်၏လုံခြုံရေးအတွက် သီးသန့်လုံခြုံရေးအဖွဲ့များ လွှတ်တော်တွင်ထားရန် အကြံပြုသည်။ အစိုးရ(ပြည်ထဲရေး)ဘက်မှ ထိုအကြံပြုချက်ကို ပယ်ချသည်။ ထိုသို့ အသေးစားအငြင်းပွားမှုများ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြားတွင် တောက်လျှောက်ဖြစ်ပေါ်ခဲ့သည်ကို မြင်အောင်ကြည့်လျှင် မြင်ရပေလိမ့်မည်။
 ကြီးမားသော အငြင်းပွားမှုများကား သမ္မတဦးသိန်းစိန် သမ္မတတာဝန်ထမ်းဆောင်ရင်း ပါတီတာဝန်များကိုပါ ထမ်းဆောင် နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အတိုက်အခံများဘက်မှ ထောက်ပြ ဝေဖန် တာမှ စသည်။ ထိုဝေဖန်ချက်ကြောင့် ဦးသိန်းစိန်သည် ပါတီလုပ်ငန်းများကို ဆောင်ရွက်ခွင့်မရတော့ဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ယာယီဥက္ကဋ္ဌသစ်မှာ ဦးရွှေမန်းဖြစ်လာသည်။ ထိုအခါ ဦးရွှေမန်းသည် လွှတ်တော်ကိုသာမက ပြည်ခိုင်ဖြိုးပါတီကိုပါ ထိန်းချုပ်ခွင့်ရသွားသဖြင့် အင်အားပိုမိုကြီးထွား လာသည်။ သမ္မတနှင့်အပြိုင် ပြည်ပခရီးများကို ဦးရွှေမန်းသွားသည်။ သူသည် သမ္မတဖြစ်ချင်သူဖြစ်သည်ဟု တရားဝင်ကြေညာကာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မျက်စပစ်လာသောအခါ ဦးသိန်းစိန်အနေနှင့် စိုးရိမ်စိတ်ဝင်သွားပုံရသည်။ ထို့အပြင် သမ္မတဦးသိန်းစိန်သည် နောက်ထပ် သမ္မတရာထူးသက်တမ်းကို ထပ်မံတာဝန်ထမ်းဆောင်တော့မည် မဟုတ်ကြောင်း ပြည်ပသတင်းဌာနတခုနှင့် တွေ့ဆုံခန်းတွင် ဦးရွှေမန်းက ထည့်သွင်းပြောကြားသွားသည်ကို ဦးသိန်းစိန်က မကျေမနပ်ဖြစ်သည်။ သမ္မတကြီးကိစ္စကို သမ္မတက ကာယကံရှင်ကိုယ်တိုင်ကြေညာမည်၊ ဘေးလူက၀င်ပြောစရာမလိုဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဆိုသူက ဦးရွှေမန်းကို ရည်ရွယ်၍ တွယ်သည်။ မကြာမီ ဦးသိန်းစိန်က ပြည်သူ လူထုက လက်ခံလျှင် နောက်သက်တမ်းတခုတွင် သမ္မတထပ်လုပ်ကောင်း လုပ်မည်ဟု လေသံပြောင်းကာဆိုလာ ပြန်သည်။
ထိုအခါ ပြည်ခိုင်ဖြိုးပါတီတွင် ဦးသိန်းစိန်နှင့် ဦးရွှေမန်းဟူ၍ သမ္မတလောင်းနှစ်ယောက် ပေါ်ထွန်းလာသည်။ ပြည်ခိုင်ဖြိုးပါတီထဲဝယ် ဦးသိန်းစိန်ကိုထောက်ခံသူများနှင့် ဦးရွှေမန်းဂိုဏ်းသားများ အားပြိုင်လာကြသည်။ လွှတ်တော်တွင်းတွင်လည်း အားပြိုင်မှုများဖြစ်လာသည်။ 

ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်း
  စစ်သုံးသပ်ရေးကော်မရှင်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ
  ပါတီဝင်များ၏ရှင်းလင်းပွဲ ( From U Shwe Mann FB )
လွှတ်တော်ထဲမှ ပြည်ခိုင်ဖြိုးအမတ် အများစုသည် ဦးရွှေမန်းဘက်မှ ရပ်တည်မဲပေးကြပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ယေဘုယျအားဖြင့် ဦးသိန်းစိန်အစိုးရဘက်မှ ရပ်တည်မဲပေးလေ့ရှိသည်။ ဦးသိန်းစိန်၏ စိန်ဂိုဏ်းနှင့် ဦးရွှေမန်း၏ မန်းဂိုဏ်းမှာ ပြိုင်ဆိုင်မှုပြင်းထန်လာသည်။ ရွေးကောက်ပွဲနီးသောအခါ ထိုပြိုင်ဆိုင်မှုမှာ ပိုမိုကြီးမားလာသည်။ တပ်မတော်မှ အရာရှိကြီးများသည် တပ်မှထွက်၍ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် လုပ်လာကြ သည်။ ဦးရွှေမန်းက ဒါကို လက်မခံ၊ တပ်မှထွက်လာသော အရာရှိဗိုလ်ချုပ်ဟောင်းများအနက် လူအနည်းငယ် ကိုသာ ရွေးကောက်ပွဲဝင်ပြိုင်ရန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အဖြစ်လက်ခံပြီး အများစုကိုပယ်ချလိုက်သည်။
ထို့ကြောင့် သမ္မတရုံးဝန်ကြီးများအပါအ၀င် ၀န်ကြီးအချို့မှာ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ကြရသည်။ ပါတီဝင်များကို ပိုမိုထိန်းချုပ်နိုင်ရန် ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ၀န်ကြီးများသည် လွှတ်တော် ကိုယ်စားလှယ်အဖြစ်သာ မဲဆွယ်ခွင့်ရှိပြီး ပါတီကိုယ်စားပြုဟောပြောခွင့်မရှိကြောင်း ဥပဒေပြုရန် ကြိုးစားသည်။ ထိုသို့လုပ်ခြင်းဖြင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ရွေးကောက်ပွဲဝင်လိုပါက သူ၏(မန်းဂိုဏ်း၏) ထိန်းချုပ်မှု အောက်သို့ ရောက်လာမည်ဖြစ်သည်။ တချိန်တည်းမှာပင် ကြံ့ခိုင်ရေးပါတီနှင့် အခြားပါတီငယ်အချို့လိုလား သော အချိုးကျကိုယ်စားပြုရွေးကောက်ပွဲ စနစ်(P.R)ကျင်းပရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီမညီ ခုံရုံးသို့တင်ပြပြီး ခုံရုံး၏အကြောင်းပြန်ကြားချက်အရ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခြင်းမပြုဘဲ ပယ်ချ လိုက်သည်။ ထိုအချက်များက ဦးသိန်းစိန်အပါအ၀င် ပြည်ခိုင်ဖြိုးခေါင်းဆောင်အချို့(စိန်ဂိုဏ်းကို)ကို အထိနာ စေသည်။ တဖက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့နှင့် ပိုမိုနီးစပ်လာခြင်းအတွက် ဦးရွှေမန်းကို ဦးသိန်းစိန် ဂိုဏ်းသားများ မနှစ်သက်ကြ။ ဦးရွှေမန်းဘက်တွင် လွှတ်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံအချို့ရှိနေပြီး ဦးသိန်းစိန်ဘက်တွင် တပ်မတော်ရှိနေသည်။ ပြည်ခိုင်ဖြိုး ပါတီတွင်တော့ ရွေးကောက်ပွဲနီးကာမှ စိန်-မန်းဂိုဏ်းကွဲနေကြသည်။

 
ထိုအချိန်တွင် ဦးသိန်းစိန်သည် သူ၏ရှေးဆရာကြီးများဖြစ်သော ဦးနေ၀င်း၊ ဦးသန်းရွှေတို့လုပ်သည့် နည်းလမ်းတခုကို ထုတ်သုံးသည်။ ထိုနည်းမှာ ညကြီးသန်းခေါင် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ကို ၀င်စီးကာ အာဏာသိမ်းသည့်လုပ်ရပ်ဖြစ်သည်။ နေရင်းထိုင်ရင်းပင် ဦးရွှေမန်းနှင့်တကွ ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင်များ ရာထူးမှ ပြုတ်ကျသွားပေ၏။ ဦးသိန်းစိန်နောက်တွင် ရဲတပ်ဖွဲ့ကပါဝင်နေသဖြင့် ပြည်ခိုင်ဖြိုးအာဏာသိမ်းပွဲမှာ စစ်တပ် (ပြည်ထဲရေး)၏ထောက်ခံချက်ဖြင့်လုပ်ကြောင်း ထင်ရှားသည်။ သန်းခေါင်ယံအာဏာသိမ်းပွဲတွင် ဦးသိန်းစိန်နှာတဖျားအသာရသွားကာ ပါတီဥက္ကဋ္ဌရာထူးမှ ဦးရွှေမန်းကိုဖြုတ်ချပြီး ဦးဌေးဦးကို တာဝန်ယူစေ၏။ ယခင်အခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က စစ်တိုင်းမှူးများ၊ ဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ထောက်လှမ်းရေးများကိုလုပ်သလို ဦးရွှေမန်းအပေါ် တဆုံးတဆ ပြတ်ပြတ်သားသားအရေးယူချင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးရွှေမန်းကို ရာထူးမှဖြုတ်၍မရ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယကနေရာများမှာ ဆက်ထားရသည်။ ယခင်ခေတ်ကကဲ့သို့ ကျူပင်ခုတ် ကျူငုတ်ပါ မကျန်ရှင်း လင်းရန် ဦးရွှေမန်းသားများပိုင်ဆိုင်သော ချယ်ရီ FM နှင့် Red Link အင်တာနက်ဆက်သွယ်ရေးလုပ်ငန်းများကို တားဆီးလိုက်သေးသည် (ဗိုလ်ချုပ်ခင်ညွန့်ကိုဖမ်းစဉ်က ဗိုလ်ချုပ်ခင်ညွန့်သားပိုင်ဆိုင်သော Bagan Cyber Tech Company ကို ပိတ်သိမ်းပစ်ခဲ့သည်)။ နောက်တော့ တိုးနိုင်မန်းတို့၊ အောင်သက်မန်းတို့ လုပ်ငန်းတွေကို ပြန်ဖွင့် ခွင့်ပေးသည်။ ယခင်စစ်အစိုးရလက်ထက်သာဆိုလျှင် ဦးရွှေမန်းနှင့်တကွ မိသားစုဝင်အားလုံး ထောင်နန်းစံကာ လုပ်ငန်းအားလုံးအပိတ်ခံရမည်ဖြစ်သည်။ သို့သော် ခေတ်ပြောင်းနေပြီဖြစ်သဖြင့် လုပ်ချင်တိုင်းလုပ်မရ။ ဦးရွှေမန်းကို ပါတီဗဟိုကော်မတီမှထုတ်သည်။ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌနေရာမှ ဖယ်ရှားသည်။ သို့သော် လွှတ်တော် ဥက္ကဋ္ဌနေရာ သာမန်ပါတီဝင် တယောက်နေရာကတော့ ဆက်ရှိနေသည်။
ရေးပြခဲ့သမျှသည် ဦးရွှေမန်းနှင့်ဦးသိန်းစိန်၏ အားပြိုင်မှုများဖြစ်သည်။ အများသိသည့်အတိုင်း ရွေးကောက်ပွဲ တွင် ကြံ့ခိုင်ရေးခွက်ခွက်လန် အောင်ရှုံးကာ NLD အပြတ်အသတ်နိုင်သည်။ ဦးသိန်းစိန်သည် သမ္မတအဖြစ်မှ လျောကျကာ လွှတ်တော်တွင် ၄၂ နေရာ(ပြည်သူ့လွှတ်တော် ၃၀ ဦး၊ အမျိုးသားလွှတ်တော် ၁၂ ဦး )သာ အနိုင်ရသော ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ်သာ ရပ်တည်ရတော့သည်။ ရွေးကောက်ပွဲအပြီး စိန်နှင့် မန်းပြိုင်ဆိုင်မှု ဆက်လက်ပြင်းထန်နေရာ ဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က လွှတ်တော်အသစ်၌ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ရာထူးကိုပေးလိုက်သည်။ ထိုကော်မရှင်အဖွဲ့ဝင်အများစုမှာလည်း ဦးရွှေမန်းနှင့်နီးစပ်သော ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင်လူဟောင်းများဖြစ်သည်။ ထိုကိစ္စကို တုံ့ပြန်သည့်အနေနှင့် ဦးသိန်းစိန် ဥက္ကဋ္ဌဖြစ်နေသော ပြည်ခိုင်ဖြိုးပါတီက ဦးရွှေမန်းနှင့်အပေါင်းပါများကို ပါတီမှထုတ်ပယ်ကြောင်း ကြေညာသည်။ ထိုပါတီဝင်ဟောင်းများက သူတို့ကို ထိုသို့ထုတ်ပယ်ခြင်းမှာ ပါတီစည်းမျဉ်းစည်းကမ်းများနှင့်မညီသဖြင့် ဗဟို ကော်မတီအစည်း အဝေးခေါ်ပေးဖို့ တောင်းဆိုသည်။ ပြည်ခိုင်ဖြိုးပါတီ၏လုပ်ရပ်များသည် ပါတီစည်းမျဉ်းနှင့် မကိုက်ညီဟု ကြေညာချက်ထုတ်သည်။ ဆိုရလျှင် ဦးရွှေမန်းနှင့် ဦးသိန်းစိန်၏ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး အားပြိုင်မှု သည် ၂၀၁၀ ရွေးကောက်ပွဲပြီးချိန်မှစကာ ယခုအချိန်အထိ တောက်လျှောက်ဖြစ်ပေါ်နေသည်။ ဦးသိန်းစိန်သည် စစ်တပ်ကိုနောက်ခံပြုပြီး ဦးရွှေမန်းသည် ကြံ့ခိုင်ရေးပါတီဝင်အချို့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို နောက်ခံပြုကာ အင်အားခြင်းပြိုင်နေကြခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျောက်မျက် အသင်းရန်ပုံငွေကိစ္စပေါ်လာကာ အင်အားစုနှစ်စုထပ်၍ ထိပ်တိုက်တွေ့ကြခြင်းဖြစ်သည်။
NLD သည် ပဲလှော်ကြားဆားညပ်ခံ၍မဖြစ်။ အဂတိလိုက်စားမှုဆိုက သေသေချာချာ စစ်ဆေးအရေးယူဖော်ထုတ်ရမည်။ ထိုသို့ဖော်ထုတ်ရာ၌ စိန်-မန်း ပဋိပက္ခအတွင်းသို့ သက်ဆင်းသည့် သဘောမရောက်အောင် သတိထားရမည်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုပြီး ဘာမှ မတို့ရဲ မထိရဲသည့်အဖြစ်ကိုလည်း ရှောင်ရမည်။ လာဘ်ပေးလာဘ်ယူမှုကို ပုဂ္ဂိုလ်ရေးတွေနှင့်ရောထွေးနေတာကိုလည်း ရှောင်ရမည်။ ထိုအစွန်း နှစ်ဖက်ကြားမှ NLD လျှောက်ရမည်ဖြစ်သည်။ မြတ်စွာဘုရားဟောသော မဇ္ဈိမပဋိပဒါလမ်းစဉ်အတိုင်း သွားရမည်ဖြစ်သည်။ အမှန်စင်စစ် ဦးသိန်းစိန်ဂိုဏ်းသည်လည်းကောင်း၊ ဦးရွှေမန်း ဂိုဏ်းသည်လည်းကောင်း NLD နှင့် ဒီမိုကရေစီဘက်သားများကို မေတ္တာထားခဲ့ကြသူများမဟုတ်တာကို မမေ့ကြဖို့လိုသည်။ ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြတို့၊ ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြတို့ဟူသည့် ဆောင်ပုဒ်များကို အတူတကွ အားတက်သရောအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။ ဒီမိုကရေစီဘက်တော်သားများကို တသွေးတည်းတသံတည်း နှိပ်ကွပ်ခဲ့ကြသူများဖြစ်သည်။ ယခုအခါ ဦးသိန်းစိန်ကလည်း သူ့မှာရှိသမျှ ဘက်ဂရောင်းနှင့် ဦးရွှေမန်းကလည်း သူ့မှာရှိသောနောက်ခံအင်အားနှင့် ကိုယ်ကျိုးစီးပွားအတွက် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်ရာ NLD သည် မည်သည့်ဘက်ကိုမှမယုံဘဲ ပြည်သူသာအမိ ပြည်သူသာအဖဆိုသည့် ခံယူချက်အတိုင်း သတိကြီးစွာထား၍ တိုင်းပြည်မျက်နှာကိုပဲကြည့်ကာ ဥပဒေအတိုင်း ပါဝင်ဆောင်ရွက်သင့်ပါကြောင်း။

သတ္တုတွင်း ဝန်ကြီး အဖြစ် တာဝန် ယူခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင၏ ပြန်လည်ရှင်းလင်းမှု
 အနာဂတ်တွင် စိန်-မန်းအုပ်စု အားပြိုင်မှုပဋိပက္ခများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ ထပ်မံပေါ်ပေါက်လာ နိုင်သေးသည်ဖြစ်ရာ ဦးသိန်းစိန်၊ ဦးရွှေမန်းအားပြိုင်မှုမှသည် တပ်မတော်နှင့် NLD အားပြိုင်မှု ပဋိပက္ခအသွင်သို့ မဆီမဆိုင်ရောက်ရှိမသွားရန် ဒီမိုကရေစီဘက်တော်သားများက သတိချပ်ကြရမည်ဖြစ်ကြောင်း။

သရ၀ဏ် ( ပြည် ) @ News Watch
https://scontent.fbkk3-1.fna.fbcdn.net/v/t1.0-1/p50x50/12565432_969296496441485_1950287083964859467_n.jpg?oh=19e9da8cfec0a4fce8e43e6db0c6228e&oe=57CF5814

No comments:

Post a Comment