Sunday, January 21, 2018

စိတ်​မိုက်​တို့၏ ချုပ်ငြိမ်းရာ - ကိုနန္ဒ(ဝါးခယ်​မ)



(၁)
အုန်းပင်​စုရွာသည်​ ဧရာဝတီတိုင်းရှိ ပင်​လယ်​ပြင်​နှင့်​အနီးကပ်​ဆုံး ကမ်း​ခြေတံငါရွာလေးဖြစ်​သည်​။ရွာ၌ အိမ်​​ခြေ​လေးရာခန့်​ရှိပြီး အများစုသည်​​ရေလုပ်​ငန်းဖြစ်​​သော တံငါအလုပ်​ကိုသာအဓိကထားလုပ်​ကိုင်​ကြသည်​။မိုးရာသီကုန်​၍ပွင့်​လင်းရာသီသို့​ရောက်​ပြီဆိုလျှင်​ ကမ်း​ခြေသဲ​သောင်​ပြင်​၌ ငါး​ခြောက်​လှမ်း​သောစင်​များဖြင့်​ပြည့်​လျက်​ရှိသည်​။ အုန်းပင်စုဆိုသည့်အမည်နာမအတိုင်း ထိုရွာ၌ များပြားလှသော အုန်းပင်တို့က စီတန်းကာပေါက်ရောက်နေကြသည်။ ပင်​လယ်​ကမ်း​ခြေတ​လျှောက်​ အုန်းပင်​စုရွာကဲ့သို့ပင်​ ရွာတန်းရှည် လေးငါးရွာရှိသည်။ ထိုရွာတို့သည်လည်း တံငါရွာများပင်ဖြစ်သည်။

နေဝင်ရီတရောအချိန်လည်းဖြစ်ပြီမို့ တံငါ​လှေအစုစုတို့သည်​လည်း အလုပ်သိမ်းမည့်အတွက် ကမ်း​ခြေသို့ပြန်​လာ​နေကြသည်။ငါးဖမ်း​လှေငယ်​များကို ​သောင်​ပြင်​ကမ်းစပ်​တွင်​ထားရှိကြပြီး တစ်​​နေ့တာလုပ်​ငန်းကို လက်​စသပ်​ချိန်​လည်းဖြစ်​သည်​။

တံငါသည်တစ်ဦးဖြစ်သော ကိုအုန်းထွန်းသည် ပုခုံးထက်​မှ ​ကျောက်​ဆူးကို သဲ​သောင်​ပြင်​​ပေါ်သို့ ပစ်​ချပြီး သူ၏ညာ​ခြေ​ထောက်​ဖြင့်​ဖိနင်းကာထိုးစိုက်​လိုက်သည်​။ကျွတ်​ထွက်​၊ပြုတ်​မထွက်​သွားရ​အောင်​ ဂရုတစိုက်လုပ်ကိုင်ပြီးနောက် ပင်​လယ်​ကမ်းစပ်​ရှိ​သူ၏လှေသို့ ပြန်​သွားသည်​။ထို့နောက် တစ်နေ့တာလုံးဖမ်းဆီးထားသော ငါးတောင်းကိုထမ်းကာ သူ၏အိမ်သို့ပြန်သည်။ ။လက်​တစ်​ဖက်​က ဓာတ်​မီးကိုကိုင်​ထားသည်​။ဓာတ်မီးကမကိုင်​၍လည်းမဖြစ်​ပါ။ရွာလမ်းမရှိ ဖုံများ ၊သဲများတွင် မြွေ​ပွေး​ကောင်​များက ဖုံလူး၍ငြိမ်​သတ်​​နေတက်ကြသည်။ လမ်းသွားလမ်းလာများက မမြင်​၍တက်​နင်းမိ​သောအခါ ပြန်​လည်​ကိုက်​ခဲတက်​သည်​။အဆိပ်​ပြင်းလွန်း​သော​ကြောင့်​ အကိုက်​ခံရသူတိုင်း ဆေးရုံ ဆေးခန်းသို့မရောက်မီ ကွယ်လွန်သူကများသည်။ ကျေးလက်ဆေးပေးခန်းရှိသော်လည်း ဆေးဝါးစုံလင်မှုက မရှိ။

သို့ပါ​သော​ကြောင့်​ ​နေဝင်​၍ည​မှောင်​ပြီဆိုလျင်​ဖြင့်​ ရွာသားတိုင်း ဓာတ်​မီးမပါဘဲ ဘယ်​ကိုမှ မသွားမလာဝံ့ကြ။
ကိုအုန်းထွန်း သူ၏အိမ်​ခြံဝန်း​ရှေ့​ရောက်​သည်​နှင့်​ ဇနီးသည်​က အ​ပြေးကြိုကာ ပုခုံး​ပေါ်က ငါး​တောင်းကိုကူမသည်​။အိမ်​​ရှေ့ ကွပ်​ပျစ်​​ပေါ်သို့ငါး​တောင်းကို ချပြီး​နောက်​...

"ငါ့ကို ​သောက်​​ရေတစ်​ခွက်​​လောက်​​ပေးစမ်းပါခင်​မြ​ရေ"
အဆီပြန်​မျက်​နှာ​ပေါ်ရှိ​ချွေးတို့ကို သူသုတ်ဖယ်ပြီးသည်နှင့် မီးလင်းလျက်​ရှိ​သော ဓာတ်​မီးကိုပိတ်​သည်။ စတီး​သောက်​​ရေခွက်​ကိုင်​ပြီး သူ့ဆီလာ​နေ​သော သားအငယ်​​ကောင်​ကို ကြည့်​ကာ
"အငယ်​​ကောင်​ မင်းအစ်​မ​ရော မ​တွေ့ပါလားကွ၊ဘယ်​သွား​နေလဲ"
"မိုးမချုပ်​ခင်​​လေးက​တော့ ​တွေ့တယ်​ အဖေ..။ဒီ​နေ့ ​ကျောင်းလည်းပိတ်​ ၊ကျူရှင်းလည်းပိတ်​တော့
အခု ဘယ်​အိမ်​ကိုအလည်​သွား​နေလဲ မသိဘူး၊
အိမ်​မှာ​တော့ မရှိဘူး အ​ဖေ
"
"​အေး.. ​အေး. .မင်းအစ်​မက အရွယ်​​ရောက်​လာပြီ ဆို​တော့
ရွာရိုးတကာလှည့်​ပြီး လင်​ရှာထွက်​​နေမှာ​ပေါ့
" စကား​ပြောလျင်​ ပိဿ​လေး​ဘေးပစ်​​ပြောတက်​​သော​ကြောင့်​ ကိုအုန်းထွန်းအား ဇနီးနှင့်​သားသမီးများက အထွန့်​တက်​၍ စကားမ​ပြောဆိုဝံ့ကြ။ စိတ်မထင်လျှင် မထင်သလို ဓားဆွဲ၊တုတ်ဆွဲကာ ခုတ်ဖို့ထစ်ဖို့တာဆူသည့် အကျင့်ဆိုးကလည်းရှိသည်။ စိတ်​ကောင်း၊ စေတနာ​ကောင်းရှိသော်လည်း မိမိစိတ်​တိုင်းမကျ ၊မြင်​​တွေ့သမျှပုံစံမကျလျှင်​လည်း ဒိုးဒိုး​ဒေါက်​​ဒေါက်​ ​ပြောတက်​သည်​။လူ​ဖြောင့်​စိတ်​တိုမို့ မျက်​နှာကလည်း အပြုံးအရယ်​နည်းလှသည်။

ကိုအုန်းထွန်း၌ သားသမီးနှစ်ဦးသာရှိသည်။ သမီးဖြစ်သူက ဆယ်တန်းကျောင်းသူ ၊သားဖြစ်သူ အငယ်ကောင်က ခြောက်တန်းကျောင်းသား။
သားဖြစ်​သူ ကမ်း​ပေးလာ​သော ​သောက်​​ရေကို တစ်​ကျိုက်​တည်းဖြင့်​ ကိုအုန်းထွန်း အကုန်​​သောက်သည်။
"မနက်​ဖြန်​တစ်​ရက်​​တော့ ငါ အိမ်​မှာနားဦးမယ်​ကွာ။
ဒီ​နေ့ ငါဖမ်းပိုက်​​တွေ ကွဲပြဲလာ​လို့ ပြန်​ဖာရဦးမယ်​။
မနက်​ကြရင်​ ​လှေထဲကပိုက်​​တွေကို အိမ်​ကိုယူလာ​ပေး
"
သားငယ်​ဖြစ်​သူနှင့်​ ဇနီးဖြစ်​သူက ကိုအုန်းထွန်းစကားကို ​ခေါင်းညိတ်​ပြပြီး မည်​သည့်​စကားတစ်​ခွန်းမျှမဟ။ပြီး​နောက်​ မခင်​မြမှာ
ငါးအမျိုးအစားများကို ခွဲခြားပြီး ​ရေခဲပုံးထဲသို့ထည့်​သည်​။ထိုသို့အမျိုးအစားခွဲပြီးသည်​နှင့်​​ ငါးအဝယ်​ဒိုင်​သို့သွင်းရန်​အတွက်​ အိမ်​အပြင်​သို့ထွက်​သွား​လေသည်။

(၂)
ကိုအုန်းထွန်း တစ်ယောက် နံနက်အတော်ပင်နေမြင့်မှ အိပ်ယာနိုးထလာသည်။ သူ အိပ်​ယာနိုး၍အိပ်​ခန်းမှအထွက်​၌ ​တွေ့လိုက်​ရ​သောမြင်​ကွင်း​ကြောင့်​ ​ဒေါသများဆူ​ဝေသွားသည်​။အိမ်​​ဧည့်​ခန်းတွင်​ ညစ်​​ပေ​နေ​သော​ခြေရာများက မြင်​ရက်​စရာမရှိ​အောင်​ ​ပေပွ​နေသည်ကို သူမြင်သွားခြင်းဖြစ်သည်။

"ခင်​မြ​ရေ...လာကြည့်​စမ်း၊
ဒီမှာ ဘယ်​မသာရဲ့ ခွာရာ​တွေတုန်းဟ၊
အိမ်​ဧည့်​ခန်းကို ​ခြေ​ထောက်​ကရွံ့​တွေ​ပြောင်​​အောင်
မသုတ်​ပဲ ဘယ်​​ခွေး​တိရစ္ဆာန်​​တွေ တက်​သွားတာလဲ
"
ခင်​ပွန်းဖြစ်​သူ၏ ​ဒေါသတကြီးစကားသံကျယ်​ကျယ်​ကိုကြားရ​သော​ကြောင့်​ မခင်​မြက မီးဖို​ချောင်​ထဲမှ အ​ပြေး​လေးထွက်​လာသည်​။ပြီး​နောက်​..ကိုအုန်းထွန်း ညွှန်​ပြရာ​နေရာသို့ မခင်​မြကြည့်​မိသည်​နှင့်​..

"​အောင်​မ​လေး..ကိုအုန်းထွန်းရယ်​၊
ရှင်​..​တော့ ငရဲ​တွေကြီးကုန်​​တော့မှာပဲ။
အဲ့တာ..မနက်​က အိမ်​ကို ထိုင်​ဆွမ်းကြွလာတဲ့
ဦးဇင်းသုံးပါးရဲ့ ​ခြေရာ​တွေပါ​တော်​၊
ကျွန်​မ ​နောက်​​ဖေးမှာ မအား​သေးလို့
သန့်​ရှင်း​ရေးမလုပ်​ရ​သေးတာပါ
"
ပါးစပ်​က​ပြောလည်း​ပြောပြီး မခင်​မြမှာ အခန်း​ဒေါင့့်ရှိအဝတ်​ကိုယူ၍သန့်​ရှင်း​ရေးလုပ်​လိုက်​သည်​။ကိုအုန်းထွန်းလည်း သူ၏အထင်​မှားမှုကို​တွေးပြီးပြုံးလိုက်သည်​။နုတ်​ဖျားကလည်း..ကန်​​တော့..ကန်​​တော့ဟုတီးတိုး​ရေရွတ်​သေးသည်။
ကိုအုန်းထွန်းသည် ​ရေမိုးချိုးပြီး၊ထမင်းစားပြီးသည်​နှင့်​ အိမ်​​ရှေ့၌ ငါးဖမ်းပိုက်​အကွဲများကို ထိုင်​ဖာသည်​။ငါဖမ်းပိုက်​တွင်​လိုအပ်​မည့်​ ခဲသီး၊​ဖော့သီးများကိုလည်း ပြန်​လည်​တပ်ဆင်သည်။ အချိန်​နှစ်​နာရီခန့်သာကြာပြီး​နောက်​ သူ၏ပိုက်​ဖာမှုလဲပြီးဆုံးသွားသည်။

(၃)
ညနေထမင်းစားပြီးသည်နှင့် ကိုအုန်းထွန်းတစ်ယောက် ရွာထဲသို့ လမ်းလျှောက်ထွက်လေသည်။
"ကိုအုန်းထွန်း...ခင်​ဗျားဒီ​နေ့ ငါဖမ်းမထွက်​ဘူးလားဗျ"
ရာအိမ်မှူးဖြစ်သူက သူ့ကိုမြင်တွေ့သည်နှင့် လောကွတ်စကားဆိုသည်။
"ဒီ​နေ့ တစ်​ရက်​​တော့ နားတယ်​ဗျာ။
မနက်​ဖြန်​လည်း အ​ခြေအ​နေအရပဲ။ပင်​လယ်
ထွက်​ချင်​မှထွက်​မယ်​။ဒီရက်​​တွေက ​ရေ​သေရက်
တွေဆို​တော့ ငါးသား ဖားသား အရပြုနည်းတယ်​ဗျ
´
ကိုအုန်းထွန်းမှာ ​ရေလုပ်​သား တံငါသည်​မို့အိမ်​၌​နေရသည်​က မရှိ။ငါး​ပေါ်ရက်​များဆိုလျှင်​ ကိုအုန်းထွန်းသည် သုံး​လေးရက်​အိမ်​သို့ပြန်​မလာနိင်​။အိမ်​ပြန်​လာပြန်တော့လည်း ညအိပ်​ချိန်​​၊အနားယူချိန်​​လေးခဏသာ။ သူသည် အတန်းပညာလည်းမတက်​၊ငါဖမ်းအလုပ်​မှလွဲ၍ မည်​သည့်​စီးပွား​ရေးကိုမှ မလုပ်​တက်​​သော​ကြောင့်​လည်း မိရိုးဖလာ တံငါအလုပ်​ကိုသာတစ်​စိုက်​မတ်​မတ်​လုပ်​ကိုင်​​နေခြင်းလည်းဖြစ်​သည်​။ရှိစုမဲ့စု ​ငွေ​ကြေးတစ်​ချို့နှင့်​ငါးအဝယ်​ဒိုင်​​လေးဖွင့်​ဖို့ကို သူစိတ်​ကူးခဲ့ဖူးသည်။ သို့သော် သူ့လို​ပြော​ပေါက်​မျိုးနှင့် စီးပွား​ရေးမဖြစ်​နိင်​ဘူးဟု မခင်​မြက​ပြောထား​သောကြောင့်​အ​ကောင်​အထည်​မ​ဖော်​ဖြစ်​ခဲ့ပါ။


"အိမ်​ထဲကိုကြွခဲ့ပါဦး။ကြုံတုန်းစကား​လေးဘာ​လေး​ပြောရ​အောင်​"
ရာအိမ်​မှူးဖြစ်​သူက ဖိတ်​​ခေါ်​သော​ကြောင့်​ ကိုအုန်းထွန်းလည်း ခေါင်းညိတ်လက်ခံလိုက်သည်။
"ကျွန်​​တော်​လည်း ရပ်​​ရေးရွာ​ရေးကိစ္စ​တွေ
သိချင်​​နေတာနဲ့ အ​တော်​ပဲဗျာ၊
တစ်​​နေ့ တစ်​​နေ့ ပင်​လယ်​ထွက်​လိုက်​၊ညဆို အိမ်​ပြန်​အိပ်​လိုက်​နဲ့ဆို​တော့
ရွာရဲ့ အ​ခြေအ​နေကိုလဲ ဘာမှမသိရပါဘူးဗျာ
"
ကုလားထိုင်​တစ်​ခု​ပေါ်ထိုင်​ရင်း အိတ်​ကပ်​ထဲမှ​ဆေး​ပေါ့လိပ်​ကိုသူထုတ်​သည်​။အစီခံကိုလက်​သဲဖြင့်​ ကုတ်​ခြစ်​နေစဉ် ရာအိမ်မှူးက စကားစလာသည်။

"လာမယ့်​ တ​ပေါင်းလ ရွာဘုရားပွဲအတွက်​ဆရာ​တော်​က ကျွန်​​တော်​တို့ကို အစည်း​ဝေး
သ​ဘောမျိုးတိုင်​ပင်​ဖို့​ခေါ်တယ်​ဗျ၊အုပ်​ချုပ်​​ရေးမှူးက မြို့ကပြန်​မလာ​သေး​တော့
ကျွန်​​တော်​တို့လည်း ဘာမှမလုပ်​တက်​ဘူးဖြစ်​​နေတယ်​၊သူပြန်​လာမှ ဘုရားပွဲအတွက်
စီမံ​ဆောင်​ရွက်​ရဦးမယ်​.. ကိုအုန်းထွန်း​ရေ..
"
ရာအိမ်​မှူးက စကားလည်း​ပြောရင်း ဓာတ်​ဗူးထဲမှ အ​ငွေ့တ​ထောင်း​ထောင်းထ​နေ​သော ​ရေ​နွေးများကို ခရားထဲသို့ထည့်​ပြီး လ္ဘက်​​ခြောက်​ကိုခပ်​သည်​။လက်​ဖက်​ရည်​ကြမ်း၊လက်​ဖက်​၊ငါး​ခြောက်​ဖုတ်​များနှင့်​ ကိုအုန်းထွန်းကို တရိုတ​သေဧည့်​ခံသည်။

"ည..ရပ်​ကွက်​ရုံး​ရောက်​ရင်​ အမှုတစ်​ခုကိုလည်းရှင်း​ပေးရဦးမယ်​ဗျာ၊ရမ်းကားတဲ့လူကလည်း
ရမ်းကားတယ်​၊တဖက်​ကလည်း ​ကျေ​အေးမ​ပေးနိင်​​တော့..တစ်​ခါတစ်​​လေ ရပ်ကွက်မှာ
လူကြီး​တောင်​မလုပ်​ချင်​​တော့​လောက်​​အောင်​ပဲ၊​ခေတ်​ကာလသားသမီး​တွေကလည်း
ပြောရဆိုရတာ ခက်​လိုက်​တာ
"
"ဘယ်​လိုများဖြစ်​လို့တုန်းဗျ"
"ဘယ်​လိုဖြစ်​တာလဲဆို​တော့..ဂဏာန်းအဝယ်​ဒိုင်​ကကို​သောင်းလှသား ​ပေတလူ​ပေါ့ဗျာ၊
ညအချိန်​မ​တော်​ အုန်းမယ်​တို့ဆိုင်​ကိုအရက်​ထမ​ရောင်းလို့ပြဿနာရှာတာက စတာပဲ"
"​ပေတလူကို ကျွန်တော်သိတယ်​၊သူ့နာမည်​ရင်း​တော့မသိဘူးဗျ
"
"သူ့နာမည်​ရင်းက မြ​မောင်​"
ကိုအုန်းထွန်းက ​ရေ​နွေးကြမ်းတစ်​ခွက်​ကို​သောက်​ရင်း ရာအိမ်​မှူးကို​ခေါင်းညိတ်​ပြသည်​။

ပေတလူက ရွာတွင်​ခပ်​ဆိုးဆိုး၊ခပ်​​ပေ​ပေ။ဖဲဝိုင်း၊ကြက်​ဝိုင်း၊အရက်​ဝိုင်း ​နေရာစုံသူကအမြဲပါသည်​။မိဘက​ငွေ​ကြေးပြည့်​စုံပြီး ရိုးရိုးကုပ်​ကုပ်​​နေထိုင်​တက်​​သော်​လည်း တစ်​ဦးတည်း​သောသားဖြစ်​သူ ​ပေတလူကရိုင်းစိုင်းသည်​။ကျောင်း​နေစဉ်​ကလည်း အတန်းပိုင်​ဆရာမကို လက်​ဆွဲပြီးရည်းစားစကား​ပြောခြင်း၊ကာအိ​နြေ္ဒပျက်​ပြား​အောင်​ပြုလုပ်​ခြင်းတို့​ကြောင့်​ ရာသက်​ပန်​​ကျောင်းထုတ်​ခြင်းကိုခံခဲ့ရသူလည်းဖြစ်​ပြန်​​သေးသည်​။

"အချိန်​မ​တော်​ကြီးဆို​တော့လည်း အုန်းမယ်​ကဘယ်​ထ​ရောင်းမလဲ၊မ​ရောင်းရ​ကောင်းလားဆိုပြီး​တော့ ​ပေတလူကဆိုင်​ကို ညတွင်းချင်း
ဖျက်​ဆီးလိုက်​တာ ဆိုင်​တစ်​ခြမ်းပြိုပါ​လေ​ရောဗျာ၊ မိဘဖြစ်​သူ ကို​သောင်းလှကလည်း ဘယ်​လိုမှ ​ပြောမရ၊
ဆုံးမ မရတဲ့ သားဖြစ်​သူ ​ပေတလူ​ကြောင့်​တစ်​ရက်​မှ စိတ်​မ​အေးကြရပါဘူးဗျာ
"
"​တော်​​တော်​ရမ်းကားတဲ့​ကောင်​ပဲ၊ဒီ​ကောင်​ကျုပ်​သားဆိုရင်​ ကျုပ်​ကိုယ်​တိုင်
ဓားနဲ့ခုတ်​သတ်​မိမှာ
"
သွားချင်းကြိတ်​ပြီး​ မေး​ကြောများ​ထောင်​ထသည်​အထိထိုစကားရပ်​ကို ကိုအုန်းထွန်း​ပြောခြင်းဖြစ်​သည်​။

(၄)
ဘတ္ထရီမီး​ချောင်းမှ အလင်းကစူးရှ၍ လင်းကျင်းလွန်း​နေပါသည်​။ထိုမီး​ချောင်းနှင့်​ အနီးဆုံး​နေရာရှိ ခုံ​တန်းပေါ်တွင်​ သမီးဖြစ်​သူ ကျူရှင်​မှ ပြန်​အလာကို ကိုအုန်းထွန်းနှင့်​မခင်​မြက ထိုင်​​စောင့်​​နေကြသည်​။ထိုသို့​စောင့်​ရင်း ​ထွေရာ​လေးပါး စကားတို့​ပြော​နေကြစဉ်​ အိမ်​ခြံဝန်းအပြင်​ဖက်​ဆီမှ အသံကျယ်​ကျယ်​​လောင်​​လောင်​ဖြင့်​ ရန်​​တွေ့သံကို သူတို့လင်မယားကြားလိုက်ရသည်။ ထိုအသံသည်​ကား ကိုအုန်းထွန်း သမီး၏ ​ဒေါသသံ ၊မ​ကျေမနပ်​ဖြစ်​ပြီး ရှက်​သည့်​ စိတ်​တို့​ရောပြွန်းထားသည့်​ စကားသံဖြစ်သည်။
"နင်​..ငါ့အိမ်​နားအထိ ​ရှေ့ဆက်​မတိုးလာနဲ့​နော်​၊နင့်​ လို​ကောင်​မျိုးကို ​သေ​တောင်​မစဉ်းစားဘူး"
ကိုအုန်းထွန်းက ထိုအသံကြားသည်​နှင့်​ ထိုင်​ရာမှထကာ ​ပြေးထွက်​သည်။
သူ၏ နုတ်​ဖျားမှလည်း အိမ်​အပြင်​မှ ကြား​အောင်​အသံကိုမြှင့်​လျက်​...
"သမီး ဘာဖြစ်​တာလဲ၊ဘာဖြစ်​တာလဲ"
"အ​ဖေ နဲ့ အ​မေ ဒီမှာ သမီးကို ​ပေတလူဆွဲလား၊ရမ်းလား လုပ်​ပြီး ​စော်​ကား​နေတယ်​"
ကိုအုန်းထွန်းလည်း အိမ်​ခြံဝ​ရောက်​ပြီးကာမှ အ​နောက်​သို့ပြန်​လှည့်​ကာ အိမ်​​ခေါင်းရင်း၌ချိတ်​ထား​သော ငှက်​ကြီး​တောင်​ဓားကို သွား​ပြေးယူသည်​။တိတ်​ဆိတ်​လျက်​ရှိ​သော ပါတ်​ဝန်းကျင်​က ရုတ်​ချည်းဆူညံကာ
အုန်းအုန်းကျွတ်​ကျွတ်​ဖြစ်​သွားသည်​။မခင်​မြကလည်း ​ဘေးအိမ်​များကို အကူအညီလှမ်း​တောင်းခြင်း​ကြောင့်​ ရွာသားတစ်​ချို့ထွက်​လာကြသည်​။

ပေတလူက ရွာထဲမှရွာပြင်​ရှိ​သောင်​ပြင်​​ကမ်းနားဖက်​သို့​ပြေး၏။ကိုအုန်းထွန်းလည်း ​ပေတလူ​နောက်​သို့ သဲကြီးမဲကြီးဖြင့်​ ထပ်​ချပ်​မကွာလိုက်​​လေသည်​။
"​ဟေ့​ကောင်​..​ခွေးသူ​တောင်းစားမင်း ငါ့လက်​က လွတ်​​အောင်​​ပြေးထား၊
မိလို့က​တော့ လည်​ပင်းပြတ်​ပြီသာမှတ်
"
ပေတလူက ​နောက်​သို့လှည့်​မကြည့်​ပဲကမ်း​ခြေသဲပြင်​မွမွ​ပေါ်တွင်​ အားသွန်​​ပြေး​နေသည်။ ည၏လ​ရောင်​ ခပ်​ပါးပါး​လေးကကမ်း​ခြေသို့ကျ​ရောက်​​နေသည်။ တစ်​ဦးနဲ့တစ်​ဦးကလှမ်းကြည့်​လျင်​မြင်​​နေရသည်​မို့​ပြေးသူနှင့်​ လိုက်​သူသည်​ ထပ်​ချပ်​မကွာရှိလှသည်​။ပေတလူက မူး​နေ​သော်​လည်းသတိရှိလှသည်​။လူငယ်​တစ်​ဦး​မို့လည်း ​ပြေးအားကမကျ။ကိုအုန်းထွန်းကလည်း ​ဇောဖြင့်​ ​ရေကုန်​​ရေခမ်း အမှီလိုက်​​နေသည်​။ငှက်​ကြီး​တောင်​ဓားကိုလည်း ပြုတ်​မကျ​အောင်​ ညာဖက်​လက်​ဖြင့်​ ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်ထား၏။

"အား...​အောင်​မ​လေးဗျ၊​သေပါပြီ"
ပေတလူက စူးစူးဝါးဝါး ​အော်​သံနဲ့အတူ သဲပြင်​​ပေါ်သို့လဲကျသွားသည်​။သဲ​တောထဲရှိ ​မြွေ​ပွေးတစ်​​ကောင်​၏ ကိုက်​ခဲမှုကိုခံလိုက်​ရ​သော​ကြောင့်​ လဲကျသွားခြင်းရယ်​ပါ။
ကိုအုန်းထွန်းကလည်း ​ပေတလူကို မှီသွားပြီမို့ ငှက်​ကြီး​တောင်​ဓားကို ​မြှောက်​လျက်​ခုတ်​မည်​ပြုသည်။ထိုစဉ်....
"မလုပ်​နဲ့..မလုပ်​နဲ့ ကိုအုန်းထွန်း၊ခင်​ဗျား မှားမယ်​"
ကိုအုန်းထွန်းနှင့်​ ​ပေတလူ​နောက်​သို့ လိုက်​လာ​သော ရွာသားများထဲမှ ရွာသားတစ်ဦးက တားမြစ်​ခြင်းဖြစ်သည်။ မီးအိမ်​များ၊ဓာတ်​မီးများဖြင့်​ ထို​နေရာ​လေးတစ်​ဝိုက်​က လင်းသွားသည်​။ရွာသားတစ်​ဦးက ကိုအုန်းထွန်း၏ ဓားကိုဆွဲယူသည်​။

"​ဒေါသ​တွေ ​ဖြေလိုက်​ပါဗျာ၊ခင်​ဗျားသူ့ကို သတ်​စရာမလိုပါဘူး
မ​ကောင်းတဲ့လူက မ​ကောင်းတဲ့လမ်းကိုပဲသွားမှာပါ
"
ပေတလူလည်း မည်​သည့်​​ဆေးရုံ​ဆေးခန်းမှမ​ရောက်​။အဆိပ်​ပြင်းလှ​သော ​မြွေဆိပ်​​ကြောင့်​ပင်​ နာရီပိုင်းအတွင်း၌ သေဆုံးသွားရသည်။

(၅)
ပေတလူ၏ နာ​ရေးရက်​လည်​ပြီး​နောက်​တစ်​​နေ့၌ဖြစ်​သည်​။ကိုအုန်းထွန်းအိမ်​သို့ ရွာမှ ​ကျောင်းထိုင်​ဆရာ​တော်​ကြီးနှင့်​အတူ ကို​သောင်းလှတို့ လင်​မယားနှစ်​ဦးတို့လည်း ကြွ​ရောက်​လာကြသည်​။
"ဖြစ်​ခဲ့သမျှကိစ္စ​တွေအတွက်​ ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​ဗျာ၊
ကျွန်​​တော့်​သားလည်း သူ့အကုသိုလ်​​ကြောင့်​ပဲဆိုရမယ်
အခု​တော့ ​အချိန်​မတိုင်​ခင်​၊လူ့သက်​တမ်းမကုန်​ခင်
သေလမ်းကို မြန်းခဲ့ရပါပြီ
"
ကို​သောင်းလှက ကိုအုန်းထွန်းကို ​တောင်းပန်​စကားဆိုသည်​။ဆရာ​တော်​ကြီးကလည်း ကိုအုန်းထွန်းနှင့်​ ကှို​သောင်းလှကိုကြည့်​ပြီး တရားသ​ဘောဖြင့်​ ​လူလော့ကကြီးတွင်​ကျင့်​ကြံရမည့်​ လူမှု့ကျင့်​ဝတ်​တရားများကိုဟောပြောသည်။

"မျက်​လုံးတစ်​လုံးအတွက်​ မျက်​လုံးတစ်​လုံး ပြန်​​ပေးရမယ်​ဆိုရင်
တစ်​​လောကလုံး အကန်းတွေဖြစ်ကုန်တော့မှာပေါ့၊
အားနည်းတဲ့သူ​တွေက အားကြီးတဲ့သူ​တွေဆီက
ခွင့်​လွှတ်​ခြင်းမခံရဘူး၊အဲဒီလိုပဲ
အားနည်းတဲ့သူ​တွေက တစ်​ချိန်​အစွမ်းရှိလာတဲ့အခါမှာ ခွင့်​လွှတ်​တယ်​၊ခွင့်​မလွှတ်​ဘူးဆိုတာ
ဒကာကြီးတို့​တွေရဲ့သ​ဘောပဲ၊ခွင့်​လွှတ်​တယ်​ဆိုရင်​ ဒကာတို့ဟာ တကယ်​ကြီးမြတ်​တာပဲ
"
"တင်​ပါ့ ဘုရား"
"ပြီး​တော့ ဒကာကြီးအုန်းထွန်းကိုဘုန်းဘုန်းမှာချင်​တာက
ဒေါသကို​ရှေ့ထားပြီး စိတ်​လိုက်​မာန်​ပါမလုပ်​ဖို့ပဲ၊
ပေတလူကို ​မြွေဆိုးကမကိုက်​လည်း ဒကာကြီးရဲ့​ဒေါသစိတ်​​ကြောင့်​ဖြစ်​တဲ့ ကာယကံ​မြောက်​ကျူးလွန်​မှုမှာပဲ
သူ ​သေဆုံးသွားနိင်​တယ်​​လေ၊
တရားတဲ့အလုပ်​လုပ်​ရင်​ တရားတဲ့လမ်းကို​ရောက်​မယ်​။
မတရားတဲ့အလုပ်​ကိုလုပ်​ရင်​ မတရားတဲ့လမ်း၊မကောင်းတဲ့ဘုံကို
ရောက်​မယ်​ဆိုတာ သံသယမဝင်​ပါနဲ
့"
"တင်​ပါ့ဘုရား တပည့်​​တော်​လည်း အသိတရားရပါပြီ"
ကိုအုန်းထွန်းက ဆရာ​တော်​ကို ဝတ္ထု​ငွေကပ်​ခြင်း၊အ​အေးကပ်​ခြင်းတို့ပြုလုပ်​သည်။ ပြီးနောက်တွင် ဆရာ​တော်​လည်း ​ကျောင်းသို့ပြန်​လည်​ကြွသွား​သလို ကိုသောင်းလှတို့လင်မယားလည်းပြန်သွားသည်​။

ထို့နောက် ကိုအုန်းထွန်း၏သမီးဖြစ်​သူက ကြမ်းတိုက်​ဝတ်​ကိုယူကာ ဆရာ​တော်​ကြီးနှင့် ဧည့်သည်များတင်​ကျန်​ရစ်​​ခဲ့သော သစ်သားကြမ်းပြင်မှ ​ခြေရာများကိုတိုက်​မည်​အပြု၌...
"သမီး​ပေး ​ပေး အ​ဖေ့ကို​ပေး၊
အ​ဖေကိုယ်​တိုင်​လုပ်လိုက်မယ်
´
ကိုအုန်းထွန်းက ကြမ်းတိုက်ဝတ်ကိုယူလိုက်သည်နှင့် ထိုဖြစ်အင်ကိုဒေါ်ခင်မြကြည့်ကာ ပြုံးရယ်၍သာနေတော့သည်။



 
ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း ဝန်ခံပါသည်
-------------------------------------------------

အမည်။ ဦးနန္ဒနိုင်ဝင်းထွဋ်
ကလောင်အမည်။ကိုနန္ဒ(ဝါးခယ်မ)
မှတ်ပုံတင်အမှတ်။ 14/ဝခမ(နိုင်)155503
ဖုန်း ။ 09 4312 4991



ဦးစံမြင့် ( သို. ) ရုပ်ရှင်ထဲက ဗြိတိသျှ သခင် - ခက်ဇော်


၁၉၈၇ ခုနှစ်က ဖြစ်သည်။

ပုဇွန်တောင်နွားသတ်ရုံတွင် သတ်ဖြတ်ရန်အတွက် ဖမ်းဆီးလာသော ကျွဲကြီးတစ်ကောင် ရုတ်တရက် လွတ်ထွက်သွားပြီး သားသတ်ရုံဝန်ထမ်းတစ်ဦးကို ချိုဖြင့်အသေခတ်ပစ်လိုက်သည်။
သေတွင်းမှ လွတ်လာသော ထိုကျွဲရိုင်းကြီးသည် မြင်မြင်သမျှ လူများကို လိုက်လံဝှေ့ခတ်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည်။
မင်္ဂလာတောင်ညွန့်ရဲစခန်းက ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ ဖုန်းဆက်လာသည်။
ဦးစံမြင့်ဆိုသူကို စခန်းသို့ ချက်ချင်းလွှတ်ပေး လိုက်ရန်
အဆိုပါ ဦးစံမြင့်သည် စခန်းသို့ရောက်သည်နှင့် စခန်းမှ အရာရှိများက ဒသမ ၃၀၃ ရိုင်ဖယ်ကို ထုတ်ပေးသည်။ ထို့နောက် အထက်အမိန့်အရ ကျွဲရိုင်းကြီးကို အသေပစ်ခတ်ရမည်ဟုဆိုကာ ကျွဲရိုင်းကြီး သောင်းကျန်းနေသည့် နေရာသို့ ခေါ်သွားတော့၏။
မင်္ဂလာတောင်ညွန့်မြို့နယ်ထဲတွင် ကျွဲရိုင်းကြီးက မြင်သမျှ ပတ်ရမ်းနေသည်။ ထောင်ချီသော လူအုပ် ကြီးကလည်း ခပ်ဝေးဝေးမှ အုံလျက် ဝိုင်းကြည့်နေ၏။
ကျွဲရိုင်းကြီး သောင်းကျန်းနေသည့်အနီးသို့ ရိုင်ဖယ်သေနတ်ကိုင်ထားသော အင်္ဂလိပ်ကြီးတစ်ယောက် ဝင်လာသည်ကို တွေ့တော့ သူတို့ ဝိုင်းအော်တားကြသည်။
အချို့ကလည်း အင်္ဂလန်က မုဆိုးကြီးလာပြီ ဆိုပြီး ပြောကြသည်။
အချို့ကတော့ တိရစ္ဆာန်ဥယျာဉ်မှ ဆေးဝန်ထမ်း ကိုစံမြင့်ဆိုသည်ကို သိကြသည်။
ကျွဲရိုင်းကြီးနှင့် ကိုက်နှစ်ရာအကွာအဝေးတွင် သူနေရာယူလိုက်သည်။ မည်းမည်းမြင်ရာ လိုက်ခတ် နေသည့် ကျွဲက သူ့ရှိရာ တစ်ဟုန်ထိုးပြေးလာ၏။
‘ကလစ်’ ခနဲ မောင်းကို တင်သည်။ ခလုတ်ကို ညှစ်သည်။
‘ဒိုင်း’ ဆိုသည့် အသံနှင့်အတူ ကျွဲရိုင်းကြီး၏ ယာဘက်မျက်လုံး ပွင့်ထွက်သွားပြီး လဲကျသွားသည်။
လူအုပ်ကြီးက လက်ခုပ်ဝိုင်းတီးကြသည်။
ရိုင်ဖယ်ကိုင်ထားသည့် မြို့လယ်ခေါင်မှ မုဆိုးကြီး ခမျာ ထိုအခါမှ သက်ပြင်းချနိုင်တော့၏။
မြို့လယ်ခေါင်တွင် ကျွဲရိုင်းကြီးကို ရိုင်ဖယ်သေနတ်ဖြင့် နှိမ်နင်းခဲ့သည်မှာ ရုပ်ရှင်ဇာတ်ဝင်ခန်းမဟုတ်။
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် သည်းထိပ်ရင်ဖို တကယ့်အဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။

ထိုမုဆိုးကြီးသည် မည်သူနည်း

ထိုသို့ ရုပ်ရှင်ဆန်သော စွန့်စားခန်းများကို ပြင်ပဘ၀တွင် အမှန်တကယ်ဖြတ်သန်းခဲ့ရသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဦးစံမြင့်သည် နောင်တစ်ချိန်တွင် မြန်မာ့ ရုပ်ရှင်လောက၏ အင်္ဂလိပ်အရာရှိအခန်းများကို သရုပ်ဆောင်ရသူ သခင်ကြီး ဖြစ်လာလေသည်။
ငယ်စဉ်ဘ၀က မြန်မာ့တော်လှန်ရေးဇာတ်ကားများ ကြည့်ဖူးသူတိုင်း သူ့ကို အမှတ်ရကြလိမ့်မည်။
မကြာသေးမီ နှစ်ကာလများကလည်း သူ့ အကြောင်း ကို ဂျာနယ်များ၊ ရုပ်သံမီဒီယာများတွင် တွေ့မြင်ခဲ့ကြရသည်။
မောင်မင်းလူကလေး ’ ဆိုသော မာန်ပါ လှသည့် ဘိလပ်သံဝဲဝဲ မြန်မာစကားသံသည် သူ့ အမှတ်တံဆိပ် ဖြစ်ခဲ့သည်။
သာမန် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဟုသာ လူအများက သိထားကြသော အသက် ၈၇ နှစ်အရွယ် သခင်ကြီး ခေါ် အဘ ဦးစံမြင့်၏ ပြင်ပဘ၀ ဖြတ်သန်းမှုများကား ရုပ်ရှင်ဇာတ်ဝင်ခန်းများထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းလှသည်ကိုတော့ လူသိနည်းလွန်းလှသည်။
သူဖြတ်သန်းခဲ့သောဘ၀သည် စွန့်စားခန်းများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

ဦးစံမြင့်ကို စစ်ကြိုခေတ် ၁၉၃၁ ခုနှစ်၊ ပြည်မြို့တွင် မွေးဖွားခဲ့သည်။
ဖခင်ဖြစ်သူမှာ ပထမကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် တာဝန်ကျသည့် ဥရောပစစ်သားတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူမှာ မြန်မာလူမျိုးတစ်ဦးဖြစ်သည်။
မောင်စံမြင့် အသက်ခြောက်နှစ်အရွယ်၊ ဒုတိယကမ္ဘာစစ်မဖြစ်မီတွင်ပင် ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့သည်။
မောင်စံမြင့်တို့ မောင်နှမခြောက်ဦးမှာ မိခင် ကြီးနှင့်အတူ ရုန်းကန်လှုပ်ရှားရင်း ကျောင်းနေခွင့်မရခဲ့ပေ။
“အသက် ၁၂ နှစ်လောက်ရောက်တော့ ကျွန်တော် ကျောင်းအရမ်းနေချင်လာတယ်။ အဲဒါနဲ့ အင်္ဂလိပ် မြန်မာ အလွတ်သင်ကျောင်းတစ်ခုကိုသွား ပြီး ကျောင်းအုပ်ဆရာကြီးကို သွားတောင်းပန်ပြီး ပြောတယ်။ ဆရာကြီးက ကျောင်းလခလွတ်ကျောင်းထားပေးတယ်။ ကျွန်တော်က နောက်မှ သင်ရပေမယ့် သေချာသင်တော့ အတန်းတွေ ကျော်တက်ခွင့်ရတယ်။ လေးနှစ်လောက်အတွင်းမှာကို ခုနစ်တန်းအောင်ခဲ့တယ်” ဟု ဦးစံမြင့်က ဆိုသည်။

ထိုခေတ်က ခုနစ်တန်းအောင်လျှင် ရုံးအုပ် စာရေးကြီး၊ ကျောင်းဆရာ စသည်ဖြင့် အလုပ်ရနိုင်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ်တွင်မူ ဦးစံမြင့်သည် ဗမာ့တပ်မတော် အမြောက်တပ်ရင်းသို့ ဝင်ခဲ့သည်။
“သမ္မတကြီး ဦးဘဦး လက်ထက်၊ ၁၉၅၂ မှာ ကျွန်တော့် ယူဂိုဆလားဗီးယားနိုင်ငံကို ပညာတော် သင်သွားရတယ်။ ၇၆ မမ အမြောက်နဲ့ ပတ်သက်ပြီး ပစ်ခတ်ရေး၊ ပြုပြင်ရေးတွေကို ခြောက်လသင်ခဲ့ရတယ်” ဟု ဦးစံမြင့်က ပြောပြသည်။

၁၉၅၄ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ ဆဲလ်ကိုးဒါး မြို့သို့ ထပ်မံပညာတော်သင်စေလွှတ်ခြင်းခံရပြီး တိရစ္ဆာန်ဆိုင်ရာဆေးပညာကို သင်ယူခဲ့ရသည်။
၇၆ မမ အမြောက်ကြီးများမှာ မြင်းများဖြင့် သယ်ယူရသည်ဖြစ်သဖြင့် ဦးစံမြင့်သည် မြင်းများနှင့် ပတ်သက်သည့် ပညာရပ်များ၊ မြင်းစီးခြင်းများ၊ မြင်း တို့၏ ကျန်းမာရေးဆိုင်ရာတို့အားလည်း တစ်ပါတည်း ကျွ မ်းကျင်အောင် သင်ယူခဲ့ရ၏။

“အဲဒီက ပြန်ရောက်တာနဲ့ တရုတ်ဖြူစစ်ဆင်ရေးမှာ ဝင်တိုက်ရတော့တာပဲ။ ရန်ကြီးအောင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး၊ လွိုင်တွန်းစခန်းစစ်ဆင်ရေး၊ အောင်မေဃစစ်ဆင်ရေးတွေမှာ အမြောက်တပ်နဲ့အတူ ဝင်တိုက်ခဲ့ရတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ တခြားအဆင့်တွေက ဒုတိယဗိုလ်မှူးကြီးတင်ဦး (ယခုဦးတင်ဦး NLD)ကို အရမ်းလေးစားနေကြတဲ့အချိန်၊ သူက ကျွန်တော်တို့ အောက်ခြေရဲဘော်တွေဘက်က အမြဲတမ်း ရပ်တည်တယ်။ ကျွန်တော်တို့ကို တပ်ထဲမှာ မနက်ဆို လက်ဖက်ရည် အမြဲတိုက်ရာက ဆန်ပြုတ်ပြောင်းတိုက်ပါဆိုတဲ့ အမိန့်ကို ဗိုလ်တင်ဦးက ကျွ န်တော်တို့ငယ်သားတွေဘက်က ရပ်တည်ပြီး တိုက်ဖျက်ခဲ့တာ။ အဲဒီတုန်းကသူက စစ်မြေပြင်တပ်မှူးဆိုတော့ သူ့လက်အောက်မှာ တိုက်ရတာမို့ ကျွန်တော်တို့က အရမ်းတက်ကြွကြတာ” ဟု ဦးစံမြင့်က ဂုဏ်ယူဝံ့ကြွားစွာပြောပြသည်။

၁၉၆၀ တွင် အရာရှိလောင်းရွေးချယ်သည့်အထဲ ပါခဲ့သော်လည်း ဦးစံမြင့်မှာ နိုင်ငံခြားသွေးပါနေသည့်အတွက် အရာရှိဖြစ်ရန် အခွင့်မရခဲ့ချေ။
“အောင်ပန်းအမြောက်တပ်မှာ ရှိနေတုန်းက မင်းသားတင်ညွန့်တို့၊ ရွှေဘတို့၊ သင်းသင်းလဲ့တို့က အောင်ပန်းမှာ ရုပ်ရှင်လာရိုက်တယ်။ သူတို့က ကျွန်တော်တို့တပ်က မြင်းတွေ ငှားရိုက်တော့ ကျွန်တော်က လိုက်ကူညီပေးရတယ်။ ကျွန်တော်က မြင်းစီးကျွမ်းကျင်တော့ မင်းသမီးရှေ့မှာ မြင်းကို မတ်တတ်စီး၊ ဘေးစောင်းစီး၊ ပုံစံအမျိုးမျိုးစီးပြတော့ သူတို့က သဘောကျတယ်။ အဲ့ဒီလိုနဲ့ ရုပ်ရှင်လောကက လူတွေနဲ့ ရင်းနှီးခဲ့ရတယ်”ဟု ဦးစံမြင့်က ဆိုသည်။



၁၉၆၂ ခုနှစ်တွင် တပ်မှထွက်ပြီးနောက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်ဆေးကုသရေးဆရာအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။
တိရစ္ဆာန်ဥယျာဉ်တွင် တာဝန်ထမ်းဆောင်စဉ် ဦးစံမြင့်ကို သစ်ထုတ်လုပ်ရေးက ခေါ်ယူပြီး ပဲခူးရိုးမထဲတွင် ဆင်ဖမ်းသည့်လုပ်ငန်းကို တာဝန်ယူဦးစီး လုပ်ကိုင်စေပြန်သည်။
“တစ်ရက်မှာ သစ်လုပ်ငန်းက ဆင်တစ်ကောင်က မုန်ယိုပြီး ဆင်ဦးစီးကို အစွယ်နဲ့ထိုးသတ်တယ်။ ပြီးတော့ တောထဲဝင်သွားတယ်။ သစ်တင်ကားတွေ တောထဲလာရင် ကားတစ်စီးလုံးလဲအောင် ထိုးချပစ်တာ။ အဲဒီကောင်ကြီးကို ပစ်ဖမ်းဖို့ကျတော့လည်း ကျွန်တော်ပဲ ဦးဆောင်ရတာပါပဲ။ တကယ့်ကို သက်စွန့်ဆံဖျားပစ်ဖမ်းရတာပါ” ဟု ဦးစံမြင့်က ဆိုသည်။

ဦးစံမြင့်သည် ထိုကဲ့သို့သော ဆင်သုံးကောင်အထိ ဖမ်းပေးခဲ့ရသည်။
တိရစ္ဆာန်ဥယျာဉ်သို့ ပြန်ရောက်သည့်အခါတွင်လည်း မြို့လယ်ကောင်တွင် ကျွဲရိုင်းကို ပစ်ဖမ်းပေးရခြင်း၊ မေ့ဆေးပေးထားသော ခြင်္သေ့များ၊ ကျားများကို လှောင်အိမ်ထဲဝင်ကာ မေ့ဆေးပြေဆေးပြန်ထိုးပေးရခြင်း စသည့် သက်စွန့်ဆံဖျား အလုပ်များသာ လုပ်ကိုင်ပြီး ပျော်မွေ့ခဲ့သည်။

ထူးထူးခြားခြား အာဇာနည်နေ့ဗုံးကွဲမှုမှာ ကိုရီးယားက ဖောက်ခွဲရေးသမားတွေကို လိုက်ဖမ်းတော့ ဦးနေဝင်းကနေ မေ့ဆေးနဲ့ပစ်ဖမ်းဖို့ အမိန့်ပေးတယ်။ အဲဒါနဲ့ ကျွန်တော့်ကို မေ့ဆေးသေနတ်ကိုင်ပြီး လိုက်ခဲ့ဖို့ ခေါ်တယ်။ ဟယ်လီကော်ပရာနဲ့ ခေါ်သွားတာ။ ဒါပေမဲ့ ကျွန်တော်တို့ ရောက်တဲ့အချိန် မြေပြင်လုံခြုံရေးတွေက လုံးထွေးဖမ်းလို့ ဟိုက အသေခံဗုံးခွဲလိုက်တာ သေတဲ့သူတွေက သေနေပြီ။ အဲဒီ ကင်မင်ချူးလည်း လက်ပြတ်သွားတယ်

ဦးစံမြင့်သည် သမိုင်း၏ လူသိနည်းသည့် မှန်ကူကွက်များတွင်လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည့် သက်ရှိမှတ်တမ်းကြီး ဖြစ်နေပြန်သည်။
တိရစ္ဆာန်ရုံတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယခင်က ခင်မင်ခဲ့သည့် ရုပ်ရှင်လောကသားများနှင့် ချိတ်ဆက်မိကာ သူ့အား ရုပ်ရှင်ဇာတ်ကားများတွင်ပါဝင်ရန် ကမ်းလှမ်းခဲ့ကြသည်။
နဂိုကပင် ဝါသနာပါလှသော ဦးစံမြင့်ကား ရုပ်ရှင်ဇာတ်ကားများတွင် အင်္ဂလိပ်အရာရှိအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။

“ကျွန်တော်က အင်္ဂလိပ်ရော၊ ဟင်ဒီရော ဘာသာစကားနှစ်မျိုးတတ်တယ်။ ဒါပေမဲ့ သရုပ်ဆောင်တဲ့အခါကျ ဗမာစကားကို အင်္ဂလိပ်လေသံပေါက်အောင် မပြောတတ်ဘူး။ အဲ့ဒါနဲ့ စနေမ ဇာတ်ကားမှာ ဒေါ်ဝါဝါဝင်းရွှေက မောင်မင်း။လူကလေးဆိုတဲ့ ဒိုင်ယာလော့ခ်ကို သင်ပေးတယ်။ အရင်ခေတ် အင်္ဂလိပ်အရာရှိတွေ စကားပြောပုံပြောနည်းကို သူက ကောင်းကောင်းသိတယ်။ အဲဒါနဲ့ ကျွန်တော်က မောင်မင်းလူကလေးဆိုတာကို ကျွ မ်းကျွ မ်း ကျင်ကျင်သရုပ်ဆောင်နိုင်သွားတာ”ဟု ဦးစံမြင့်က ဆိုသည်။
ဦးစံမြင့်သည် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းဘ၀နှင့် သရုပ်ဆောင်ဘ၀တွင် နှစ်ပေါင်းလေးဆယ်ကျော်ကြာ ကျင်လည်ခဲ့သည်။

န၀တအစိုးရခေတ်တွင် တရုတ်နိုင်ငံသို့သွားရောက်ကာ ဆတ်ချို နုဆေးဖော်နည်းကို သင်ယူခဲ့ရပြီး ထိုစီမံကိန်းတွင် ပါဝင်ခဲ့ရသည်။
ဆတ်သတ္တဝါများနှင့်ပတ်သက်ပြီး ကျွမ်းကျင် သူတစ်ယောက်လည်း ဖြစ်ခဲ့သည်။
သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ် ကားများစွာကို ရိုက်ခဲ့သော်လည်း ဦးစံမြင့် ဖြတ်သန်းခဲ့သည့် ဘ၀ဖြတ်သန်းမှုများမှာ ထိုရုပ်ရှင်များထက် ပိုမိုရုပ်ရှင်ဆန်သည်။
တရုတ်ဖြူစစ်ဆင်ရေးတွင် ပါဝင်ခဲ့သူ စစ်သားကြီး။
နိုင်ငံတကာအဆင့်မီ မြင်းစီးကျွ မ်းကျင်သူ။ တိရစ္ဆာန်ဆေးကုသရေးပညာရှင်။
မြို့ပြမုဆိုး ။ ဆင်ဖမ်းသမား။ ဆတ်ချိုနုဆေးဝါး ထုတ်လုပ်သူ ပညာရှင်။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ပါလီမန်ခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ ဒီမိုကရေစီခေတ် ခေတ် ခြောက်ခေတ်ကို ဖြတ်သန်းခဲ့ပြီး သက်ရှိသမိုင်းစာအုပ် ကြီးဖြစ်နေသည့် ဦးစံမြင့်၏ ဘ၀ဖြတ်သန်းမှု စွန့်စား ခန်းများသည် ရုပ်ရှင်တစ်ကားစာနီးပါးပင် ရှိနေသည်။

“ရုပ်ရှင်ထဲက အင်္ဂလိပ်အရာရှိကြီးလို့ အများမြင်ကြတဲ့လူတစ်ယောက်ရဲ့ ပြင်ပဘ၀မှာ ထူးခြားတဲ့ အတွေ့အကြုံတွေအများကြီးပဲ။ အခုအချိန်မှာ ကျွန်တော်က အဲဒါတွေကို ပြောပြချင်နေခဲ့တာ။
ကျွန်တော့်ဘ၀ကမှ တကယ့် ရုပ်ရှင်ဆန်ဆန်ဖြတ်သန်းခဲ့ရတာ
အသက် ၈၇ နှစ်အရွယ် အဘိုးအိုသည် သူ့ တစ်ဘ၀စာ အမှတ်တရများကို ထိုနှယ့် ကျေနပ်အားရ စွာ ပြောပြရင်း ရယ်မောနေသည်။

ထို့နောက် သူ့ကျွန်မခံမီ ဇာတ်ကားရိုက်စဉ်က သုံးသည့် ပါတော်မူဇာတ်ဝင်တေးသီချင်းကို ဌာန်ကရိုဏ်း ကျကျဖြင့် ဆိုပြလိုက်သေးသည်။
ဘိုင်စကုပ်အပြင်မှ သခင်ကြီးကား မြန်မာ့ဂီတ အဆိုပညာတွင်လည်း ခေသူတော့ မဟုတ်။

ခက်ဇော်(KZ)

The Voice    မှ ဖော်ပြထားမှုအား

Thwin Myint မှ Facebook တွင်တင်ပြသည်ကို
ကူးယူဖော်ပြပါသည် ။

Saturday, January 6, 2018

ဖြစ်လာနိုင်ဖွယ်ရှိသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ်




 စစ်ဘက်ရေးရာ ကျွမ်းကျင်သူ သမိုင်းပညာရှင် အငြိမ်းစား ဗိုလ်မှူး ဒေါက်တာအောင်မျိုးနှင့် တွေ့ဆုံခြင်း



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် တပ်မတော်၏ ကွပ် ကွဲမှု အောက်တွင်သာ တည်ရှိပြီး လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးသည် မြန်မာ့နိုင်ငံရေးတွင် လွန်စွာ အရေးပါသည့် ရာထူး ထိပ်တန်းနေရာဖြစ်သည်။ အစိုးရအဖွဲ့တွင် ဒုတိယသမ္မတတစ်ဦး အဆိုပြုနိုင်ခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပြည်ထောင်စု ၀န်ကြီး နေရာအပြင် ပြည်နယ်နှင့်တိုင်း နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီးများကို အဆိုပြု အမည်စာရင်း တင်သွင်းနိုင်ခြင်း၊ ပြည် ထောင်စု၊ ပြည်နယ်/တိုင်း လွှတ်တော်အားလုံးတွင် တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းခန့်အပ်နိုင်ခြင်းတို့သည် အခြေခံဥပဒေက တပ်ချုပ်ကို သီးသန့် ပေးထားသော အာဏာများပင်ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အငြိမ်းစားယူသွားပါက တပ်ချုပ်သစ် ရွေးချယ်မည့် အလားအလာများနှင့်ပတ်သက်ပြီး စစ်ဘက်ရေးရာ ကျွမ်းကျင်သူလည်းဖြစ်၊ သမိုင်းပညာရှင်တစ်ဦးလည်းဖြစ်သူ အငြိမ်းစား ဗိုလ်မှူး ဒေါက်တာအောင်မျိုးနှင့် ခေတ်သစ် သတင်းဌာနက တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အလွန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ဘယ်လိုရွေးချယ်မလဲ

ဖြေ။ တပ်မတော်ရဲ့ သဘောထားကတော့ ပြောင်းလဲသွားဖို့မရှိပါဘူး။ မရှိဘူးဆိုတာက တပ်မှာ က ဗိုလ်ချူပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ က အသက် ၆၀ ပြည့်ချိန်မှာ ပင်စင်ယူရမှာဖြစ်ပေမယ့် ပင်စင်မယူဘဲ အသက် ၈၀ လောက်အထိ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တော့ အနှစ် ၂၀ လောက်မှာ မျိုးဆက်ပြတ်သွားတယ်။ သူများနိုင်ငံ တွေမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ကို ၄၊ နှစ်ပဲ တာဝန် ထမ်းဆောင်ကြတာ။ ဆိုတော့ ရာထူးသက်တမ်း နှစ် ၂၀ လောက်ကြာတော့ သူများ နိုင်ငံ တွေက တပ်ချုပ်တွေရဲ့ သက်တမ်း ခု၊ ခုစာလောက် တာဝန် ထမ်းဆောင်ခဲ့ကြတာပဲ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ အာဏာသိမ်းတုန်းက ဗိုလ်ကြီးအဆင့်လောက်ပဲရှိတဲ့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အခု တပ်ချုပ်ဖြစ်လာတာ။ အဲဒီတော့ မျိုးဆက် ကွာဟ မှုကြီးတယ်။ ကြီးပြင်းလာရတဲ့ အတိုင်းအတာလည်းရှိတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တပ်ချုပ် ဖြစ်လာဖို့ ဖြတ်သန်းလာပုံက ပုံစံတကျ ချထားခဲ့တဲ့ပုံစံပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဖြတ်သန်းပုံက အရင်ရှေ့ကလူတွေ ဖြတ်သန်းမှုပုံစံနဲ့ မတူဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်အဖြစ် ရွေးချယ် ဖြတ်သန်းလာရတဲ့ ပုံစံက နောက်ထပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှစ်ဆက်လောက် အထိ ဒီပုံစံနဲ့ပဲ ရွေးချယ်ဖြတ်သန်းရမယ့်ပုံစံလို့ ဆိုရမယ်။ ဒီအတိုင်း သွားဦးမယ်။ နောက် ၁၀ နှစ်စာလောက်အထိ ဒီအတိုင်းပဲသွားမယ်။ ၂၀၂၀ ခုနှစ်အထိတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ရှိနေလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူသွားရင်လည်း သူ့ပုံစံအတိုင်းပဲ ပုံစံတူ တပ်ချုပ်သစ်တစ်ယောက် ပေါ်လာမယ်။



မေး။ အခု တပ်ထဲမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အပတ်စဉ် ၂၅ ဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ နှစ်ဦးက တပ်ချုပ်သစ်ဖြစ်လာဖို့ အလားအလာ များတယ်ဆိုပြီး ပြောဆို ခန့်မှန်းတာတွေရှိတယ်။ ဘယ်သူဖြစ်မယ်ထင်လဲ။

ဖြေ။ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ကျနော်ခင်ပါတယ်။ ကိုစိုးဝင်းနဲ့ ကျနော်နဲ့ တပ်မ တစ်ခုတည်းမှာ အတူတူနေခဲ့ရတယ်။ ကိုစိုးဝင်းက အေးလည်းအေးတယ်။ တော်တော် အေးအေးဆေးဆေးနေတတ်တဲ့သူ။ အတော်ကို အေးဆေးစွာ နေတတ်တဲ့သူပါ။ သူက ကျနော်ထက်တစ်နှစ်ငယ်တယ်။ ကိုစိုးဝင်းက အခု အသက် ၅၉ နှစ်ရှိနေပြီ။ နောက် ၂၀၂၀ ဆိုရင် သူက အသက် ၆၂ နှစ်ဖြစ်နေပြီ။ တပ်ချုပ်နဲ့ ဒုတပ်ချုပ်က အသက် ၆၅ နှစ်အထိ တာဝန် ထမ်းလို့ရတယ်ဆိုပြီး ခြွင်းချက်ပေးထားတာရှိတယ်။ ၂၀၂၃ ခုနှစ်မှာ ကိုစိုးဝင်းက ၆၅ နှစ်ပြည့်မယ်။ အဲဒီတော့ ၂၀၂၀ ကျော်လို့ ကိုမင်းအောင်လှိုင်အနားယူသွားတယ်ဆိုရင်တောင် ကိုစိုးဝင်းကလည်း ၂၀၂၃ အထိပဲ သူက တပ်ချုပ်လုပ်လို့ရမယ့် အနေအထားမျိုး။ သက်တမ်း တစ်ခု အပြည့် ၂၀၂၀ ကနေ ၂၀၂၅ အထိ သူ လုပ်လို့မရဘူး။ အဲဒီတော့ တပ်ချုပ်သစ် ထားမယ်ဆိုရင်လည်း သက်တမ်းတစ်ခုတော့ အပြည့်ထားမှာပဲ။ ကိုစိုးဝင်းက Generation Skip သဘောအရ တပ်ချုပ်နေရာအတွက်တော့ ခုန်ကျော်ခံရဖို့ ပိုများတယ်။

အဲဒီတော့ သက်တမ်းတစ်ခုအပြည့်တာဝန်ထမ်းဆောင်နိုင်တဲ့သူကို ကြည့်လိုက်တော့ တပ်ချုပ်သစ်ရာထူး အတွက် အံကိုက် အဖြစ်ဆုံးက ဗိုလ်ချုပ်ကြီးမြထွန်းဦးပဲရှိတယ်။

မေး။ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဘယ်လိုလူစားလဲ။

ဖြေ။ သူက အရည်အချင်းရှိတယ်။ သူ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ သင်တန်း သား ဘ၀တုန်းက ကျနော်က သူရဲ့ Thesis ကို Supervisor လုပ်ပေးရတယ်။ သူ့အကြောင်းကို သိတယ်။ တော်တော်အရည်အချင်းရှိတယ်။ စာလည်းဖတ်တယ်။ အဲဒီသင်တန်းမှာ သူက ဒုတိယရတယ်။ လူတော်ပါ။

မေး။ တကယ်လို့သာ ဗိုလ်ချုပ်ကြီးမြထွန်းဦးသာ တပ်ချုပ်သစ်ဖြစ်လာခဲ့ရင် တပ်မတော်မှာ ပြုပြင်ပြောင်းလဲမှုတွေ မြင်ရမလား။ တကယ့်ပဲ တပ်မတော်က နိုင်ငံရေးက ဆုတ်ခွာပြီး ကာကွယ်ရေးတာဝန်ပဲ ထမ်းဆောင်တာမျိုးရော မြင်ရလာနိုင်လား။

ဖြေ။ တကယ်လို့သာ ဗိုလ်ချုပ်ကြီးမြထွန်းဦးသာ တပ်ချုပ်ဖြစ်လာခဲ့ရင် အခု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် အကောင်အထည်ဖော်နေတဲ့ တပ်မတော်ပြုပြင်ပြောင်းလဲရေးက အရှိန်တက်မှာသေချာတယ်။ သူကိုယ်တိုင်က ပုဂ္ဂိုလ်ရေးရိုးသားမှုရှိတယ်။ သူတိုင်းမှူးဖြစ်တုန်း က နေစရာမရှိဘူး။ သူ့ကလေးတွေ ရန်ကုန်မှာ ကျောင်းထားဖို့တောင် ထားစရာနေစရာ အခန်းမရှိဘူး။ ရိုးသားတဲ့သူတွေထဲမှာပါတယ်။ ခုနက မေးတဲ့ အကယ်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်ချုပ်ဖြစ်လာရင် တပ်က နိုင်ငံရေးက ဆုတ်ခွာမလား ဆိုတာနဲ့ပတ်သက် လို့ကတော့ မဖြစ်နိုင်သေးဘူး။ သူက စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်းဖြစ်တယ်။ ရှစ်လေးလုံး အရေးအခင်းဖြစ်တဲ့အချိန်မှာ တပ်မတော်ထဲကို သူတို့ ရောက်နေပြီ။ သူတစ်ယောက်တည်းပြောင်းချင်ရင်တောင် မဖြစ်ဘူး။ ဘေးအသိုင်းအ၀ိုင်း ရှိတယ်။ အသိုင်းအ၀ိုင်းကို ကျော်လွှားဖို့ ဆိုတာမဖြစ်နိုင်ဘူး။ တပ်မတော်သားတွေမှာငါတို့ကပဲ နိုင်ငံကို ချစ်တယ်။ ငါတို့ ပါမှ ဖြစ်မယ်ဆိုတဲ့ အယူအဆလေးကတဖြည်းဖြည်း မှိန်လာပေမယ့် ပျောက်ကွယ်မသွားနိုင်သေးဘူး။ သူ့နောက်ကို ဆက်ခံမယ့်သူမှ ဖြစ်လာနိုင်မယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး( တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး)

မေး။ တပ်ချုပ်ရွေးချယ်ပုံစံက တပ်မတော်မှာ အစဉ်အလာ စီနီယာအရလား။ နီးစပ်မှုရှိတဲ့ သူကို ရွေးချယ်တဲ့သဘောလား။ သမိုင်းအစဉ်အလာပြန်ကြည့်ရင် ဘယ်လိုပုံစံနဲ့ တပ်ချုပ်ကို ရွေးချယ်ခဲ့ကြတာလဲ

ဖြေ။ ထိုင်းတပ်မတော်နဲ့ပတ်သက်လို့ ရေးထားတာ ဖတ်လိုက်ရတယ်။ ထိုင်းတပ်မတော် ကလည်း ဆရာတပည့် စနစ်နဲ့သွားတယ်။ အမေရိကားမှာလည်း ဆရာတပည့်စနစ်က ရှိတာပဲ။ ဒီမှာလည်း သေချာပေါက်ရှိတယ်။ အစဉ်အလာ စီနီယာအတိုင်းမသွားဘူး။ တပ်မတော် မပြောနဲ့ဦး။ ဦးစီးဌာနမှာတင်ကို ဆရာတပည့်စနစ်ကို ကျင့်သုံးတယ်။ တကယ်တော်တဲ့သူကိုပဲ ပေးမယ်။ တကယ်တော်တဲ့သူနေရာမှာလည်း တော်တဲ့ အဓိပ္ဗာယ်သတ်မှတ်ချက်မှာ ကိုယ် စိတ်ချ ယုံကြည်ရတယ်ဆိုတဲ့အချက်လည်း ပါနေတယ်။ နီးစပ်မှုဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။

မေး။ သမ္မတမှာ သမ္မတ အရည်အချင်းသတ်မှတ်ချက်ဆိုတာရှိတယ်။ ၀န်ကြီးဆိုရင်လည်း ၀န်ကြီးအရည်အချင်း သတ်မှတ်ချက်တွေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်း ထား တယ်။ လွှတ်တော်အမတ်ဆိုရင်တောင်မှ သူ့မှာ သတ်မှတ်ချက်တွေရှိတယ်။ အဲဒီတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ရာထူးအတွက်ကျတော့ သတ်မှတ်ချက် မထား သင့်ဘူးလား။ လွှတ်တော်က တပ်ချုပ် အရည်အချင်းသတ်မှတ်ချက်တွေ မပြဋ္ဌာန်း သင့်ဘူးလား။

ဖြေ။ ကျနော့်အမြင်တော့ အမေရိကားမှာဆိုရင် တပ်ချုပ်က သမ္မတပဲ။ သမ္မတက တပ်ချုပ်ဆိုပေမယ့်လည်း သူ့မှာတော့ အထက်လွှတ်တော်မှာဆိုရင် ကာကွယ်ရေး ဆိုင်ရာကော်မတီဆိုတာရှိတယ်။ ကော်မတီက တပ်နဲ့ပတ်သက်လို့ ဆုံးဖြတ်တာတွေရှိတယ်။ ဒီနိုင်ငံမှာ အဲဒါမျိုးမရှိဘူး။ မရှိတဲ့အပြင်မှာ ၁၉၅၉ တပ်မတော်အက်ဥပဒေဆိုတာ ရှိပေမယ့် လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဲဒီတပ်မတော်အက်ဥပဒေက မကျော်နိုင်ဘူး။ ကျော်လို့လည်းမရဘူး။ အကျော်လည်းခံမှာမဟုတ်ဘူး။ ကျော်ဖို့လုပ်ရင်လည်း တပ်မတော်က သေချာပေါက်ကာကွယ်လိမ့်မယ်။ လက်လည်းခံမှာမဟုတ်ဘူး။ လက်ခံမှာ မဟုတ်သလို လုပ်လို့လည်းရမှာမဟုတ်ဘူး။ ဒီအသိုင်းအ၀ိုင်းမှာလည်း လုပ်လို့လည်းမရဘူး။ ဒီအသိုင်း အ၀ိုင်းက လာတဲ့သူတွေက ဒီပုံစံပဲထွက်မှာပဲ။ တပ်ချုပ်ရာထူးဆိုတာက Designated လုပ်ထားပြီးသား။ Nominated မဟုတ်ဘူး။ ရာထူးလက်ခံမယ့်သူကို သင့်တော်သူကို ဒီဇိုင်းချပြီး ရွေးတယ်ဆိုတဲ့ သဘောပဲ။

စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ကျောင်းဆင်း ဗိုလ်ချုပ်မျိုးဇော်သိန်း( ယခု ဒုတိယဗိုလ်ချုပ်ကြီး ကစထမှူး)

မေး။ ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အာဏာ မစွန့်မီတုန်းက တပ်ချုပ်ရာထူးအတွက် စစ် တက္ကသိုလ် အပတ်စဉ် ၁၈ ဆင်း ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကို ကျော်ပြီး အပတ်စဉ် ၁၉ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ရွေးလိုက်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တပ်ကနေ ထွက်သွားတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ကြားခဲ့ရတယ်။ စီနီယာအရ အပတ်စဉ် ၁၈ ကျောင်းဆင်းက တပ်ချုပ် ဖြစ်သင့်ပေမယ့် ၁၉ သွားဖြစ်တော့ မကျေ မနပ်ဖြစ် ပြီး ထွက်သွားတယ်လို့လည်း ပြောကြတယ်။ အဲဒီလိုမျိုး ပြဿနာတွေ ထပ်ဖြစ်မလာနိုင်ဘူး လား။

ဖြေ။ စီနီယာဆိုတာက Rank(ရာထူး) ကို ကျော်လို့မရဘူး။ ကိုယ့်ထက် ဂျူနီယာ ဖြစ် ပေမယ့် လည်း ရာထူးကြီးလာရင်တော့ အလေးပြုရတာပဲ။ ဂျူနီယာပေမယ့် ရာထူးကြီး တဲ့သူက စီနီယာရာထူးငယ်နေသူကို အကိုကြီးလို့ လေးစားသမှုနဲ့ ခေါ်ချင်ခေါ်မယ်။ ပြောချင်တာကတော့ စီနီယာ ဆိုတာက Rank ကို ကျော်လို့ကိုမရဘူး။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူး မစွန့်မီတုန်းက စစ်ရုံးမှာ ဦး ခေါ်ထားခဲ့တယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ပေါ့။ ဦးကို စစ်ရုံးခေါ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကဲခတ်နေတာ။ နောက်ဆုံးကျမှ တစ်ဦးကို ရွေးချယ်သွားတာ။ အဲဒီတော့ ပြောချင်တာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဘယ်လို စံသတ်မှတ်ချက်တွေနဲ့ ရွေးသွားလဲဆိုတာ ကျနော်တို့လည်း မသိနိုင် ဘူး။ သေချာတာကတော့ ဦးကို စစ်ရုံးခေါ်ပြီး သူအကဲခတ်တယ်။ နောက်ဆုံးကျမှ သူ သင့်တော်မယ်လို့ ယူဆတဲ့သူကို ရွေးပြီး ပေးလိုက်တာပဲ။

မေး။ ဒါဆိုရင် တပ်ချုပ် သစ်ဖြစ်လာမယ့် သူက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကြိုက်နှစ် သက်ပြီး ရွေးချယ်မယ့်သူပဲ တပ်ချုပ်သစ်ဖြစ်လာမှာပေါ့။

ဖြေ။ မှန်တယ်။ ဒါပေမယ့် အရင်ကတည်းက ဘယ်သူပြီး ဘယ်သူတက်မယ်ဆိုတာ တိုင် ပင်ပြီး Line up လုပ်ထားခဲ့ပုံပဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက Line Up လုပ်ထားခဲ့ပြီးသားလို့ ကျနော်က မြင်တယ်။ ၂၀၂၅ အထိ သူ လုပ်ထားခဲ့ပုံရတယ်။ ၂၀၂၅ အလွန် တပ်ချုပ် ရာထူး အတွက်ကတော့ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ Line Up လုပ်မှာပေါ့။

မေး။ ရာထူးပေးတဲ့အခါမှာ နီးစပ်မှုနဲ့ ပေးတယ်။ အစဉ်အလာအရမဟုတ်တဲ့အခါမှာရော ရေရှည်မှာ ပြဿနာ မရှိနိုင်ဘူးလား။

ဖြေ။ ပြဿနာ မရှိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရ တင်ဦး အဖြုတ်ခံရတဲ့ ကိစ္စလောက်ရဲဘော်တွေ မကျေနပ်တာရှိမလား။ ရဲဘော်တွေက သူ့ကို အရမ်းချစ်ကြတာ။ ချစ်တာက ချစ်တာ တစ်ပိုင်းပဲ။ စစ်တပ်မှာက အုပ်စုဖွဲ့ပြီး ကလန် ကဆန် လုပ်မယ်ဆိုတာ လုံးဝမရှိဘူး။ အပေါ်နဲ့အောက်မှာဆိုရင် သားနဲ့အဖ ချင်းတောင်မှ တည့်တာ မှမဟုတ်တာ။ ပွတ်တိုက်မှုဆိုတာကတော့ရှိတယ်။ လူ့သဘာဝအရ ကတောက် ကဆ ဆိုတာ တော့ ရှိမယ်။ တပ်မှာက အစဉ်အလာမကောင်းတာတွေကို လုပ်ဖို့ တပ်မတော် သားတွေက ၀န်လေးတယ်။

မေး။ ဘယ်အချိန်လောက်မှ တပ်မတော်က နိုင်ငံရေးက ပြန်ပြီး ဆုတ်ခွာမလဲ။ ခန့်မှန်းခြေ ဆိုရင် ဘယ်တော့လောက်မှ တပ်က နိုင်ငံရေးက ထွက်မလဲ။

ဖြေ။ အရင်ခေတ်မှာ အာဏာရှိခဲ့တဲ့ လူတွေလည်းမရှိတော့တဲ့အချိန် ကျနော်တို့ တွေ လည်း အိုပြီး ဘာမှ မလုပ်နိုင်တော့တဲ့အချိန် ကျရင်တော့ ဖြစ်မယ်။ မျိုးဆက်သစ် လက်ထက်မှာမှဖြစ်မယ်။ အဲဒါကလည်း တားလို့မရဘူးနော်။ ဖြစ်ကိုဖြစ်မှာ။ တားလို့ကို မရဘူး။ တားရင် သမိုင်းတရားခံ ဖြစ်မှာ။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ( စစ်ဦးစီးအရာရှိချုပ်(ကြည်း)) ညာအစွန်

မေး။ တပ်ချုပ်သစ်ရွေးချယ်တာနဲ့ပတ်သက်လို့ အရပ်သားအစိုးရကနေ ရွေးချယ် ခန့်အပ် တာမျိုးဖြစ်လာဖို့က မလွယ်သေးဘူးပေါ့။

ဖြေ။ အဲဒါကတော့ စောင့်ရမယ်။ တပ်မတော်က လက်ရှိလည်း အရပ်သား သမ္မတ လက်အောက်မှာပဲ။ သမ္မတက နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပဲ။ တပ်မတော်က အရပ်သား သမ္မတ လက်အောက်မှာ ရှိနေတယ်။ ရှိနေတာကိုလည်း လက်ခံပေးရမယ်။ ပြီးတော့ သမ္မတက သူ့ကိုလည်းခေါ်ပြီး ညွှန်ကြားချက်ပေး။ သူ့အခက်အခဲကိုလည်း မေး။ ကိုယ်လိုချင်တာလည်း ပြော၊ ခိုင်း။ အဲဒီလိုဖြစ်စေချင်တယ်။ အခုလက်ရှိက ဒီဇင်ဘာ ၂၉ ရက်နေ့ နိုင်ငံပိုင်သတင်းစာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သတင်းက စာမျက်နှာ မှာ ရောက်နေတယ်။ အဲဒါက မသိလို့ ဖြစ်တာလား၊ မတော်တဆဖြစ်သလား။ မသိဘူး။ တကယ်တော့ ရှေ့မျက်နှာဖုံး မထည့်နိုင်ရင် နောက်ကျောဖုံး။ မရရင်ရင် နိုင်ငံပိုင် သတင်းစာ စာမျက်နှာ မှာ ထည့်သင့်တယ်။ စာမျက်နှာ ရောက်နေတာ တပ်မတော်လူတွေ စိတ်ကောင်းမှာမဟုတ်ဘူး။

မေး။ ဆက်စပ်မေးခွန်းပါ။ အခု အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက မကောင်းတဲ့ အနေ အထားလား။

ဖြေ။ ပြောရရင်တော့ ကွဲနေတာပေါ။ အခုက Opposition အဆင့် လွန်သွားပြီ။ Division ဆိုတဲ့ အဆင့်ရောက်နေတယ်။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက Division ရောက် နေ တယ်။ ကွဲနေတော့ နိုင်ငံရေး စစ်ရေးမှာ မအောင်မြင်နိုင်တော့ဘူး။ နိုင်ငံရေးမှာလည်း မအောင် မြင်ဘူး။ စစ်ရေးမှာလည်း မအောင်မြင်ဘူး။ တိုင်းပြည်မှာ ကြည့်မယ်ဆိုရင်မဲအများဆုံး ရလို့သာ အစိုးရတက်ဖြစ်နေပေမယ့်လည်း တဖက်မှာ ဆန့်ကျင်ဘက် အုပ်စုကြီးကလည်း နည်းတာမဟုတ်ဘူး။ Division ဖြစ်နေတာက မကောင်းဘူး။ အားလုံးညီညွတ်မှ တိုင်းပြည် တိုးတက်မယ်။



ဒေါက်တာအောင်မျိုး၏ကိုယ်ရေးအကျဉ်း


အမည်-ဒေါက်တာအောင်မျိုး (အငြိမ်းစားဗိုလ်မှူး)

မွေးနေ့- မြန်မာသက္ကရာဇ် ၁၃၂၀ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက်

ပညာအရည်အချင်း- B.A (History). M.A(History). M.Res. Ph.D သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းထံတွင် ပညာသင်ယူခဲ့။

အလုပ်အကိုင်- ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၆၁ တက်ရောက်ပြီး ၁၉၈၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကာ ဗိုလ်မှူး ရာထူးဖြင့် အငြိမ်း စားယူ။
- ၂၀၀၂ ဒီဇင်ဘာတွင် အမျိုးသားမော်ကွန်းတိုက် ညွှန်ကြားရေးမှူးချုပ်အဖြစ် စတင်တာဝန်ယူ။
- ၂၀၀၈ မှ ၂၀၁၂ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်။
- ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံး ရုံးအဖွဲ့မှူး။
- နိုင်ငံတော်ပိုင် အဆောက်အအုံများရောင်းချရေး ကော်မတီရုံး ရုံးအဖွဲ့မှူး နိုင်ငံပိုင်သိမ်းဆည်းပစ္စည်းများ စီမံခန့်ခွဲ့ရေးကော်မတီရုံး ရုံးအဖွဲ့မှူး၊ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပေဒ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး။
-၂၀၁၅ ခုနှစ်တွင် အမျိုးသားမော်ကွန်းတိုက် ညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် အငြိမ်းစားယူခဲ့။

(၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြထားပြီးဖြစ်သော အင်တာဗျူးဖြစ်ပါသည်)