Wednesday, August 10, 2016

ဧရာဝတီတိုင်း စိုက်ပျိုးရေး နှင်. စက်မှုဇုံ ကိစ္စ ဒေါက်တာထွန်းဝင်း - ဦးစောမြသိန်း - ဒေါက်တာစောထွန်းတို.အမြင် ( ၂၀၁၄ )



မြန်မာ့စပါးကျီအတွက် စိန်ခေါ်ချက်အသစ်

ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)


/

ရန်ကုန်ရှိ စက်မှုဇုန်များတွင် ခြေရှုပ်ခဲ့ကြသည့် မြေကွက်ရောင်းဝယ်ရေးသမားများသည် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်ကို စွန့်ခွာပြီး ယင်းနှင့်ကပ်လျက်ရှိသည့် ဧရာဝတီတိုင်းဘက်သို့ ခရီးဆက်လျက်ရှိသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းက မြန်မာနိုင်ငံတွင် အကျိုးအမြတ်အများဆုံးရရှိခဲ့သည့် ရင်းနှီးမြှပ်နှံမှုဖြစ်သည့် စက်မှုဇုန်ဖော်ဆောင်မည့် ဧရိယာများအတွင်းမှ လယ်မြေများကို ဈေးပေါပေါဖြင့် ၀ယ်ယူကာ ပြန်လည်ရောင်းချချိန်တွင် အကျိုးအမြတ်များစွာရရှိမည့် လုပ်ငန်းအတွက် ဧရာဝတီတိုင်းသို့ ခရီးဆက်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆန်အိုးကြီးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးတွင် စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း သတင်းများကြောင့် လယ်မြေများသည် လယ်ယာစိုက်ပျိုးသူများလက်ထဲမှ စီးပွားရေးသမားများလက်တွင်းသို့ လျင်လျင်မြန်မြန် ကျရောက်လျက်ရှိသည်။

အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးမှုအားနည်းခဲ့သည့် မြစ်ဝကျွန်းပေါ်ဒေသတွင် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် အစိုးရဘက်က ရည်ရွယ်ခဲ့သော်လည်း တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ မြေသြဇာအကောင်းဆုံးသော ဒေသမှ လယ်မြေများဆုံးရှုံးပြီး တိုင်းပြည်၏ စားနပ်ရိက္ခာလုံခြုံမှုကို ထိခိုက်မည့်အရေးအတွက်လည်း ပညာရှင်များက စိုးရိမ်နေကြသည်။

‘‘လယ်သမားတွေ ၀င်ငွေမကောင်းဘူး။ လယ်ယာလုပ်ငန်း လုပ်ကိုင်လို့ မကောင်းဘူးဆိုတဲ့ သုံးသပ်ချက်နဲ့ စက်မှုဇုန်တွေလုပ်တယ်။ ဘေးက စက်မှုနိုင်ငံတွေ ဆွဲဆောင်တိုင်း လိုက်လုပ်ရင်း နိုင်ငံတော်အစားအစာလုံခြုံရေးအတွက် ထိခိုက်နိုင်တယ်’’ဟု ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ရပ်တန့်သွားပါက ဖြစ်လာနိုင်သည့် အခြေအနေကို စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းကပြောသည်။

ဧရာဝတီသည် မြန်မာနိုင်ငံ၏ မြေသြဇာအကောင်းဆုံးသော လယ်မြေများတည်ရှိပြီး တစ်နိုင်ငံလုံးရှိ စိုက်ပျိုးမြေဧရိယာများ၏ ၁၅ ရာခိုင်နှုန်းခန့် တည်ရှိသည့် ဒေသဖြစ်သည်။ ၂၀၁၀ အတွင်း မြန်မာအစိုးရ၏ ထုတ်ပြန်ချက်များအရ မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံလူဦးရေ သုံးပုံတစ်ပုံခန့် တစ်နှစ်စာ စားသုံးနိုင်သည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ပေးရာ ဒေသလည်းဖြစ်သည်။

‘‘ဧရာဝတီမှာ ဘာပဲစိုက်စိုက်ရတယ်။ ဒါကို စိုက်ရကောင်းမှန်းမသိတာ။ နွေရာသီမှာစိုက်ပျိုးရင် မိုးတွင်းထက် သုံးဆထွက်နိုင်တယ်’’ဟု ဒေါက်တာထွန်းဝင်းကပြောသည်။

သဘာဝကပေးသည့် အခြေအနေကောင်းများ ရှိနေသော်လည်း မြစ်ဝကျွန်းပေါ်မှ စပါးစိုက်တောင်သူများသည် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရဆဲဖြစ်သည်။ လပေါင်းများစွာ လယ်ကွက်များအတွင်း ရုန်းကန်နေခဲ့သော်လည်း ၀မ်းဝရုံမျှသာ အကျိုးအမြတ်ရရှိခဲ့သည့် လယ်သမားများအတွက် အကျိုးအမြတ် လျင်လျင်မြန်မြန်ရရှိနိုင်မည့် အခွင့်အရေးများ ပေါ်ပေါက်လာခဲ့သည်။

တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် လုပ်ဆောင်သည့် စက်မှုဇုန်စီမံကိန်းသတင်းများကြောင့် လယ်ယာမြေများကို စီးပွားရေးလုပ်ငန်းရှင်များက လယ်သမားများထံမှ ဈေးသက်သာသည့် ဈေးနှုန်းများဖြင့် အလျင်အမြန်ဝယ်ယူနေကြသဖြင့် လယ်သမားများအတွက် လတ်တလောဝင်ငွေဖြောင့်နေခြင်းဖြစ်သည်။

‘‘အုပ်ချုပ်ရေးမှူးက ကြားပွဲစားလုပ်ပြီး ၀ယ်နေကြတာ။ တကယ်ပေါက်ဈေးထက်ပိုပေးပြီး ၀ယ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီလက်ထဲရောက်ရင် တက်လာမယ့် မြေဈေးနဲ့နှိုင်းယှဉ်ရင် ဆယ်ပုံပုံလို့ တစ်ပုံလောက်တောင် တန်ကြေးမရှိတဲ့ဈေးနဲ့ ၀ယ်တာပါ’’ဟု ကန်ကြီးထောင့်မြို့နယ်တွင် လယ်မြေရောင်းချလိုက်ရသူ ဦးစောမောင်ကပြောသည်။

အစိုးရသစ်မတိုင်မီကာလများကတည်းက ဧရာဝတီတိုင်းတွင် စက်မှုဇုန်ခြောက်ခုထက်မနည်း လုပ်ကိုင်လျက်ရှိသော်လည်း သိသိသာသာ လည်ပတ်သည့် စက်ရုံများသည် အနည်းငယ်သာရှိခဲ့သည်။

‘‘စက်မှုဇုန်တည်ထောင်တာ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းရအောင် လုပ်တာပါ။ အဲဒီမှာ ခွင့်ပြုမှာက အထည်ချုပ်လုပ်ငန်းတွေပါ။ ပုသိမ်မှာ အဓိကပါပဲ။ ကိုယ့်တိုင်းထဲမှာ စက်မှုဇုန်ရှိတော့ ကလေးတွေ အလုပ်ရတာပေါ့။ အခုရန်ကုန်မှာ သွားလုပ်နေရတယ်။
အဓိကစက်မှုဇုန်တွေရှိတော့ ဒေသဖွံ့ဖြိုးတယ်’’ဟု ၀န်ကြီးဦးစောမြင့်သိန်းကပြောသည်။

ရည်ရွယ်ချက်ကောင်းများရှိသည့်တိုင် အစိုးရအနေဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် စက်မှုဇုန်စီမံကိန်းများဆောင်ရွက်ပါက သတိကြီးကြီးထားကာ ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက
 ပြောသည်။

‘‘လယ်ယာမြေတွေကို စက်မှုဇုန်လုပ်ပြီး လယ်ယာသီးနှံအတွက် အထောက်အကူဖြစ်အောင် လုပ်နိုင်ရင် အကျိုးရှိမယ်ထင်ပါတယ်။ စက်မှုဇုန်တွေက ဧရာဝတီတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးအတွက် အထောက်အကူဖြစ်နိုင်မယ်။ ထိခိုက်မှုရှိ၊ မရှိက စက်မှုဇုန်ပမာဏကလည်း အရေးကြီးတယ်။ အရမ်းများရင် ထိခိုက်နိုင်တယ်’’ဟု ၀ါးခယ်မရောင်းဝယ်ရေးကုမ္ပဏီ၏ Managing Director လည်းဖြစ်သူ ဒေါက်တာစိုးထွန်းကပြောသည်။

စက်မှုဇုန်များတည်ထောင်ခြင်းဖြင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် အစိုးရဘက်က ရည်ရွယ်သော်လည်း တစ်ချိန်က ရန်ကုန်တွင် ဖြစ်ခဲ့သည့် ပြဿနာအတိုင်း ဧရာဝတီသည် ပြဿနာများရင်ဆိုင်ရရန် တာစူနေသည်။

ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ



တစ်ချိန်က လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ခဲ့သည့် ရန်ကုန်ဆင်ခြေဖုံးများ၏ လယ်မြေများကို အစိုးရက စက်မှုဇုန်စီမံကိန်းအကြောင်းပြချက်ဖြင့် လယ်သမားများထံမှ စီးပွားရေးလုပ်ငန်းရှင်များသို့ ဈေးချိုချိုဖြင့် လွှဲပြောင်းပေးခဲ့သည်။

သို့သော်လည်း အဆိုပါမြေနေရာများကို စီးပွားရေးလုပ်ငန်းရှင်များက မည်သည့်လုပ်ငန်းမျှ လုပ်ကိုင်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားခဲ့သည်။ ယင်းမြေများကို လယ်သမားများ စွန့်လွှတ်ခဲ့ရခြင်းကြောင့် မိသားစုပေါင်းများစွာ ဒုက္ခရောက်ခဲ့ပြီး လုပ်ငန်းမလုပ်ကိုင်ဘဲ မြေကွက်များ နေရာဦးထားခြင်းကြောင့် စက်မှုဇုန်မြေကွက်များ ဈေးနှုန်းကြီးမြင့်နေရကြောင်း အစိုးရက၀န်ခံခဲ့သည်။

‘‘စက်မှုဇုန်ဆောက်တာ မကန့်ကွက်ပါဘူး။ မျှမျှတတ ဆောင်ရွက်ပေးကြဖို့တော့ လိုပါတယ်။ တောင်သူတွေအတွက် မြေဆိုတာ အမြဲတမ်းစားလို့ရမယ့် ပဒေသာပင်ကြီးပဲလေ။ လောလောဆယ် ငွေလိုလို့ရောင်းတာကို တန်ရာတန်ကြေးနဲ့ စနစ်တကျလုပ်ပေးဖို့ လိုအပ်ပါတယ်’’ဟု မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့မှ မိုင် ၁၂၀ ခန့်ကွာဝေးသည့် ပုသိမ်မြို့နှင့် ရန်ကုန်မြို့မှ မိုင် ၅၀ ကျော်ကွာဝေးသည့် မအူပင်မြို့များတွင် စက်မှုဇုန်စီမံကိန်းများ ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောမြသိန်းကပြောသည်။

အစိုးရဘက်က အဆိုပါနေရာနှစ်ခုတွင်သာ စက်မှုဇုန်စီမံကိန်းများ ဆောင်ရွက်မည်ဟုဆိုသော်လည်း အခြားဒေသများတွင်လည်း လယ်ယာမြေများကို စက်မှုဇုန်အဖြစ် လိုက်လံဝယ်ယူရန် ကြိုးစားနေကြသည်။

‘‘အခုဧရာဝတီမှာ ဂျပန်က စက်မှုဇုန်ဆောက်ဖို့လုပ်နေတာကြားလို့ မြေတွေလိုက်ဝယ်တယ်၊ ခြံခတ်တယ်။ လယ်သမားတွေက ဈေးရရင် လယ်ယာမြေတွေ ရောင်းမှာပဲ။ အခု လယ်မြေတွေကို အကွက်ရိုက်ရောင်းစားနေတာ။ လယ်ယာမြေဈေးတွေ လှုပ်နေပြီ။ ငွေရအောင် စက်မှုဇုန်ဆောက်တာ စိတ်ကူးယဉ်တာပဲ။ စက်မှုဇုန်ဆောက်ပြီး စိုက်ပျိုးမြေတွေကို ဖျက်ဆီးတာ အစိုးရရဲ့ ဦးနှောက်တိမ်တိမ်နဲ့ လုပ်ရပ်ပဲ’’ဟု ဒေါက်တာထွန်းဝင်းက ဝေဖန်သည်။

မြန်မာနိုင်ငံ၏ လူဦးရေသုံးပုံတစ်ပုံခန့်အတွက် စားနပ်ရိက္ခာများ ထုတ်လုပ်ပေးနေသော်လည်း အခြေခံအဆောက်အအုံများ အားနည်းချက်ကြောင့် ဒေသခံလယ်သမားများမှာ အစဉ်အဆက်ခက်ခဲစွာ ရုန်းကန်နေခဲ့ကြရသည်။  အစိုးရသစ်လက်ထက်တွင် စက်မှုဇုန်အပါအ၀င် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်လျက်ရှိသည်။

ဖွံ့ဖြိုးရေးနှင့် စားနပ်ရိက္ခာ လုံခြုံရေးတို့ ထိပ်တိုက်တွေ့လာနိုင်သည့် မြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးရေးအတွက် တစ်ဖက်ဖက်မှ အစွန်းမရောက်ရန်လိုကြောင်း ဒေါက်တာမျိုးအောင်ကျော်က သတိပေးခဲ့သည်။

‘‘စက်ရုံတည်ဆောက်တဲ့သူတွေကလည်း လိုအပ်ချက်ထက် ပိုလုပ်တာတော့ မဖြစ်ဖို့လိုတယ်။ မြေဧရိယာအကုန်လုပ်ရင်တော့ ဒါအစွန်းရောက်သွားတာပဲ။ ဧရာဝတီတိုင်းမှာက ဆန်စပါးသာ အဓိကထုတ်ပေးနိုင်တာ။ အခြေခံအဆောက်အအုံတွေက တော်တော်အားနည်းတယ်။ ဖွံ့ဖြိုးလာမယ်ဆို ကုန်သွယ်ရေး အဆင်ပြေလာပြီး လယ်ယာကဏ္ဍလည်း တိုးတက်လာမှာဖြစ်တယ်။ နှစ်ဖက်စလုံးက ဘက်ညီညီသွားဖို့လိုတယ်’’ဟု ဒေါက်တာမျိုးအောင်ကျော်က ပြောသည်။

  7DAY DAILY  - 2014  November

No comments:

Post a Comment