Friday, July 8, 2016

ဝါးခယ်မမြို.၊ ဝါးခယ်မမြို့နယ်အသင်းနှင့် သခင်သိန်းဖေ



 
ဝါးခယ်မမြို.နယ် အသင်းအမှုဆောင်များ နှင်. သခင်သိန်းဖေ

၁။ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ ဝါးခယ်မနယ်သားများ အတော်အတန်ရောက်ရှိအခြေချနေထိုင်ပြီး မြို့တော်ဝန်၊ ရဲမင်းကြီး၊ ဆရာဝန်၊ အင်ဂျင်နီယာချုပ်၊ ကုန်သည်များလည်း ရှိလာပြီဖြစ်သဖြင့်၊ မြို့သားများ မကြာခဏဆုံတွေ့ကြရာမှ ရန်ကုန်ရောက် ဝါးခယ်မနယ်သားများကို ကူညီနိုင်ရန် အသင်းတစ်သင်းဖွဲ့စည်းရေးအတွက် ဆွေးနွေးခဲ့ကြပြီး " ရန်ကုန်ရောက် ဝါးခယ်မအသင်း "ဟူ၍ စတင်ဖွဲ့စည်းခဲ့ပါသည်။
၂။ ပထမဆုံး အသင်းဥက္ကဋ္ဌအဖြစ် ရန်ကုန်မြို့၏ပထမဆုံးမြို့တော်ဝန် ဦးထွန်းတင်ကအစပြုပြီး သစ်တောမင်းကြီးချုပ် စည်သူဦးမှန်၊ ဆရာဝန်ကြီး ဒေါက်တာဦးတင်၊ ရဲမင်းကြီး ဦးကျော်စိန့်တို့ တာဝန်ယူခဲ့ကြပါသည်။ အသင်းဖွဲ့စည်းရန်စည်းရုံးဆောင်ရွက်စဉ်ကပင် ဝါးခယ်မနွယ်ဖွားလူငယ်တစ်ချို့နှင့်အတူ သခင်သိန်းဖေလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်၊ တစ်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် အသင်းယိုင်လာသဖြင့် သခင်ကြင်နှင့်အတူ သခင်သိန်းဖေ၊ ကိုသိန်းမောင်၊ ကိုအောင်ခိုင်၊ ကိုစိန်မြ စသည့်လူငယ်များက အသင်းကိုပြန်လည်ဖွဲ့စည်းနိုင်အောင်ကြိုးစားခဲ့ကြရသည်။
 ၃။ ၁၉၇၀ ပြည့်နှစ်တွင် သခင်သိန်းဖေသည် ( ၅ )ဦးမြောက် ဥက္ကဋ္ဌဖြစ်လာပါသည်။ " ရန်ကုန်ရောက် ဝါးခယ်မအသင်း "ကိုဖွဲ့စည်းစဉ်က ဝါးခယ်မမြို့ပေါ်နေခဲ့သော မြို့သူမြို့သားများသာ အများစုပါဝင်နေရာက မြို့နယ်တစ်ခုလုံးမှရောက်လာသည့် ဝါးခယ်မမြို့နယ်ဖွားအားလုံး လွှမ်းခြုံ၍ပါဝင်လာနိုင်ရန် ရည်ရွယ်ပြီး ၁၉၇၄ ခုနှစ် မေလ ၁၂ ရက်နေ့တွင် အသင်း၏အမည်ကို " ဝါးခယ်မမြို့နယ်အသင်း "ဟု ပြင်ဆင်ခြင်းနှင့်အတူ အသင်း၏ စည်းမျဉ်းဥပဒေကိုလည်း ရေးဆွဲအတည်ပြုခဲ့သည်။

အသင်းစတင်ဖွဲ့စည်းစဉ်က ချမှတ်ထားသည့် မူလရည်ရွယ်ချက်များဖြစ်ကြသော-
က။ အသင်းဝင် အချင်းချင်း ချစ်ခင်ရင်းနှီးမှုရှိကြ၍ စည်းလုံးညီညွတ်စွာ ဆက်ဆံမှုကို တိုးတက်ရရှိစေရန်
ခ။ အသင်းဝင်အချင်းချင်း အစစအရာရာ ရိုင်းပင်းကူညီကြရန်
ဂ။ ဘာသာရေး၊ နာရေးနှင့် လူမှုရေးတို့တွင် စည်းလုံးညီညွတ်စွာ စွမ်းအားရှိသမျှ ဝိုင်းဝန်းကူညီနိုင်ကြရန်
ဆိုသော ရည်ရွယ်ချက် ( ၃ )ရပ်အပြင်၊ ဝါးခယ်မမြို့နယ်က တက္ကသိုလ်ကျောင်းသားများအား ပံ့ပိုးနိုင်ရန် ရည်ရွယ်ချက်အသစ်တစ်ခုကို ထပ်မံဖြည့်သွင်းပေးခဲ့သည်-
ဃ။ ဝါးခယ်မမြို့နယ်မှ ကျောင်းသားများ၏ တက္ကသိုလ်ပညာရေးကို အားပေးကူညီရန်။
ထို့ပြင် " ပညာ၊ ကျန်းမာ၊ သာယာ " ဆိုသော အသင်း၏ဆောင်ပုဒ်ကို ချမှတ်ပေးခဲ့ပြီး အသင်းတံဆိပ်ကို ဝါ၊ စိမ်း၊ နီ အရောင်နောက်ခံဖြင့် တီထွင်ခဲ့ရာ နှစ် ( ၇၀ )ကြာယနေ့တိုင် ခေတ်နှင့်အံဝင်ဂွင်ကျ ဖြစ်နေသဖြင့် ဘဘ၏ ညဏ်အမျှော်အမြင်နှင့် ခေတ်ရှေ့ပြေးမှုကို အသင်းသားများက ဂုဏ်ယူ ကျေးဇူးတင်လျက်ရှိကြပါသည်။

၎။ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလတွင် အသင်းအမှုဆောင် (ယခု နာယကကြီး) ဒေါ်ခင်မြင့်၏ အသင်းတိုက်နေရာ သီးခြားရှိသင့်ကြောင်း အကြံပြုချက်ဖြင့် ရန်ကုန်မြို့၊ လသာမြို့နယ်၊ စဉ့်အိုးတန်းလမ်း၊ အမှတ် (၁၂)ပထမထပ်ကို ၁၂၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူ၍ အသင်းတိုက်ဖွင့်လှစ်ခြင်း၊ မြို့မှ သင်္ဘောဖြင့် ဈေးရောင်းဈေးဝယ်၊ အလုပ်ကိစ္စ၊ ဆေးကုစသည်ဖြင့်လာကြသူများ တည်းခိုရန်စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။



၅။ အသင်းစည်းမျဉ်းဥပဒေတွင်ပါရှိသော ရည်ရွယ်ချက်(၄)အရ မြို့နယ်ဖွား ကျောင်းသားများ၏ တက္ကသိုလ်ပညာရေးကို အားပေးကူညီရာတွင် ယခင်က အမှုဆောင် (သို့မဟုတ်) အသင်းသားတစ်ဦးဦးကသော်လည်းကောင်း၊ ပေါင်းစပ်၍သော်လည်းကောင်း ထူးချွန်ကျောင်းသားအချို့ကို အဆင်ပြေသလို ဆန္ဒပြု ထောက်ပံ့ပေးခဲ့ရာက အသင်းဥက္ကဋ္ဌ သခင်သိန်းဖေက ၁၉၈၀ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်) ချီးမြှင့်ခံရသဖြင့် ရရှိငွေ(၃၀,၀၀၀) ကျပ်ကို မိမိဖြည့်စွက်ငွေ(၂၀,၀၀၀)ပေါင်း (၅၀,၀၀၀)ကျပ်အား အသင်းသို့ ပညာရေးရန်ပုံငွေအဖြစ် မတည်လှူဒါန်းခဲ့ပါသည်။ အသင်းသားနှင့်အမှုဆောင်များ၏ ထပ်မံလှူဒါန်းငွေများပါပေါင်းစပ်၍ ဘဏ်တွင်အပ်နှံပြီး အသင်း၏ တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ခြင်းအစီအစဉ် စတင်ခဲ့ပါသည်။

၆။ ၂၀၀၉ ခုနှစ်၊ အသင်း၏ ( ၁၁ )ဦးမြောက်ဥက္ကဋ္ဌဖြစ်သော ဦးအံ့ကျော်လက်ထက်တွင် ယခင်ရှိပြီးသော ရံပုံငွေအခြေအနေအရ တက္ကသိုလ်ပေါ်မူတည်၍ ၃,၀၀၀ - ၅,၀၀၀ ကျပ်နှုန်းပေးနေရာတွင် ဖြစ်ပေါ်လာသော ကုန်ဈေးနှုံးကြီးမြင့်ခြငိးနှင့် ငွေကြေးဖေါင်းပွမှုတို့ကြောင့် ပိုမိုထောက်ပံ့နိုင်ရန် စီစဉ်ရပါသည်။ ၎င်း၏မိသားစုက ၅၅၅ သိန်းမတည်ပြီး အခြားအလှူရှင်များထပ်မံလှူဒါန်းငွေအပါအဝင် သိန်း ၆၅၀ ကျော်ဖြင့် အရင်းမပျောက်စနစ် ကျင့်သုံး၍ ၂၀၁၀ ခုမှစတင်ကာ " အဆင့်မြင့်ပညာသင်ဆု "အမည်ဖြင့် တက္ကသိုလ်ပေါ်မူတည်ပြီး ၃၀,၀၀၀ - ၈၀,၀၀၀ ကျပ်ထိ ထောက်ပံ့ခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် ပညာ ထူးချွန်/ချို့တဲ့သူ များပြားလာခြင်း၊ အင်ဂျင်နီယာပညာသင်များကို တိုးချဲ့ထောက်ပံ့လိုခြင်းတို့အပေါ် ငွေကြေးမလုံမလောက်ဖြစ်နေစဉ် ဘဘ သခင်သိန်းဖေက သူ၏ (၉၈)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်တွင် သိန်း ၅၀၀ ကျပ်ထဲ့ဝင်လှူဒါန်းရာ ပညာသင်ထောက်ပံ့ရေး တိုးချဲ့ဆောင်ရွက်မည့် လိုအင်ဆန္ဒပြည့်ဝခဲ့ပါသည်။ ထိုလှူဒါန်းပွဲတွင်ပင် ဥက္ကဋ္ဌ ဦးအံ့ကျော်၏ အဆိုပြုချက်အရ တက်ရောက်လာသည့် အမှုဆောင်များ၏ သဘောတူညီမှုဖြင့် ပညာသင်ဆုအမည်ကို " သခင်သိန်းဖေ ပညာသင်ဆု " ဟုပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ခဲ့ပါသည်။

၇။ အဆိုပါ " သခင်သိန်းဖေ ပညာသင်ဆု "စတင်ချိန် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ (၆) နှစ်တာကာလအတွင်း ဝါးခယ်မမြို့နယ်၏ ထူးချွန်/ချို့တဲ့ ကျောင်းသားကျောင်းသူပေါင်း (၁၉၉)ဦးကို တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်ရန် အားပေးကူညီခဲ့ပြီး၊ ဤ ၂၀၁၆ ခုနှစ်တွင်လည်း တက္ကသိုလ် (၁၅) ခုမှ ကျောင်းသား(၆၄) ဦးကို ပညာသင်ဆုပေးလျက်ရှိပါသည်။ ယခုအခါ သခင်သိန်းဖေ ပညာသင်ဆုရံပုံငွေမှာ စုစုပေါင်း သိန်း ၁၈၀၀ ကျော် ရှိနေပြီဖြစ်ပြီး ရှေ့ဆက်၍ ရံပုံငွေတိုးပွားဘို့နှင့် ကျောင်းသားပိုမိုထောက်ပံ့ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သခင်သိန်းဖေ ၁၉၇၀ ခုနှစ် အသင်းကြီး၏ ဥက္ကဋ္ဌဖြစ်ခဲ့စဉ်က စိုက်ပျိုးခဲ့တဲ့ " ဝါးခယ်မမြို့နယ်မှ ကျောင်းသားများ၏ တက္ကသိုလ်ပညာရေးကို အားပေးကူညီရန် " ဆိုသော အသင်းရည်ရွယ်ချက် (၄) ပါအတိုင်း အကောင်အထည်ဖေါ်မှု၏ ရရှိလာသော ဤ "သခင်သိန်းဖေပညာသင်ဆု"အရိပ်အာဝါသနှင့် အသီးအပွင့်များကို အကျဉ်းမျှတင်ပြရခြင်းဖြစ်ပါသည်။

နှစ်တစ်ရာပြည်.မွေးနေ.သို.တက်ရောက်လာသော သခင်သိန်းဖေ

၈။ သခင်သိန်းဖေသည် ဝါးခယ်မမြို့နယ်အသင်းကို ၁၉၇၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်တိုင်အောင် သက်တမ်း (၁၈) နှစ်တိုင်တိုင် ကာလရှည်ကြာစွာ ဥက္ကဋ္ဌအဖြစ် အသင်းကြီး၏ " ပညာ၊ ကျန်းမာ၊ သာယာ " ဟူသောဆောင်ပုဒ်နှင့်အညီ ဝါးခယ်မမြို့နယ်တစ်ခုလုံးကို လွှမ်းခြုံ၍ ဖွံ့ဖြိုးတိုးတက်လာအောင် ဦးဆောင်မှုပေးခဲ့ပါသည်။ ထို့ပြင် ဥက္ကဋ္ဌအဖြစ်မှ ( စစ်အစိုးရတက်လာပြီးနောက် )အခြေအနေအရ အနားယူရပြီး ဂုဏ်ထူးဆောင်နာယကဖြစ်ချိန်တွင်လည်း ၊ ပညာသင်ဆုအတွက် ကျပ်သိန်း ( ၅၀၀ )လှူခဲ့သည့်ပြင်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းကို အသက် (၉၉)နှစ်ပြည့်အထိမ်းအမှတ်ဖြင့် ဆောက်လုပ်လှူဒါန်းခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ရုပ်တုတည်ဆောက်ရေးနှင့် အားကစားရုံအတွက် မတည်လှူဒါန်းခြင်း၊ မြို့၏ တန်ဘိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးကို ငွေကြေးအားဖြင့်အကူအညီပေးခြင်းစသည်တို့ကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

၉။ ထို့အပြင် ဘဘသခင်သိန်းဖေသည် မြို့နယ်သူမြို့နယ်သားများကို ဝံသာနုရက္ခိတစိတ်ဓါတ်မြင့်မားရေး၊ နိုင်ငံရေးအသိအမြင်တိုးတက်ရေးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများစွာပ်ါပေါက်ရေးတို့ကိုလည်း ထိုစဉ်ကမြို့နယ်ရှိ အခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူ လမ်းပြခဲ့ပါသည်၊ ဥပမာအနည်းငယ်တင်ပြရသော်-

(ကက) ( ၁၉၃၄ ) ခုနှစ်တွင် သခင်သိန်းဖေသည် ဟိုက်စကူးကျောင်း၌ ပညာသင်ကြားနေစဉ် သပိတ်မှောက်မှုဖြစ်ပွားရာ ကျောင်းသားခေါင်းဆောင်အဖြစ် ကါဝင်လှုပ်ရှားခဲ့သဖြင့် ကျောင်းထုတ်ခံရပြီး ဝါးခယ်မသို့ပြန်ကာ တက်လူအဖွဲ့ကို တည်ထောင်သည်၊ ကြီးပွားရေးစာဖတ်အသင်းအတွင်းရေးမှူးအဖြစ်ဆောင်ရွက်သည်၊ ထိုမှ ( ၁၉၃၅ ) ခုနှစ်တွင် တို့ဗမာအစည်းအရုံး ( ဝါးခယ်မ )တွင် အတွင်းရေးမှူးဖြစ်လာပါသည်။ ( ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှ )

(ခခ) ( ၁၉၃၇ ) ခုနှစ် အိန္ဒိယပြည် ခေါင်းဆောင်ကြီး မစ္စတာနေရူးနှင့် သမီးမစ္စအင်ဒီရာဂန္ဒီတို့ ဝါးခယ်မမြို့ကိုရောက်စဉ် တရားပွဲ၌ လူထု၏နိုင်ငံရေး၊ နယ်ချဲ့ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားမှုကို အကဲခတ်ပြီး မိန့်ခွန်းပြောရာတွင် အောက်ပါစကားကို ထည့်သွင်းပြောကြားခဲ့ပါသည်-
" On your attitude, I assure you, you will get Independent very soon ".
" မင်းတို့ရဲ့ တက်ကြွလှုပ်ရှားနေသော စိတ်ဓါတ်တွေကြောင့် မင်းတို့ဟာ အလွန်လျင်မြန်စွာ လွတ်လပ်ရေးရမယ်လို့ ငါအာမဝန္တာခံပါတယ် "
( စာရေးသူ အောင်တိုး အမည်ဖြင့် ဝါးခယ်မမြို့နယ်သူ နယ်သားများ၏ ဝံသာနုစိတ်ဓါတ် ဆောင်းပါး၊ ဝါးခယ်မ ရွှေရတုမဂ္ဂဇင်း )

(ဂဂ) ( ၁၉၃၈ ) ခုနှစ် ဒီဇင်ဘာလတွင် ၁၃၀၀ ပြည့် ရေနံမြေသပိတ်တပ်ကြီး ချီတက်လာစဉ် လမ်းရွာမြို့၌ သပိတ်လုပ်သားများနှင့် လူထုကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြောကြားသောမိန့်ခွန်းတွင် အောက်ပါစကားကို ထည့်သွင်းပြောခဲ့ပါသည်-
" တို့ဗမာပြည်မှာ ဝါးခယ်မမြို့လိုမြို့တွေ ဆယ်မြို့လောက်ရှိရင် ဗမာပြည်လွတ်လပ်ရေး စောစောရမယ်လို့ ဆရာယုံကြည်တယ် "
( စာရေးသူ အောင်တိုး အမည်ဖြင့် ဝါးခယ်မမြို့နယ်သူ နယ်သားများ၏ ဝံသာနုစိတ်ဓါတ် ဆောင်းပါး၊ ဝါးခယ်မ ရွှေရတုမဂ္ဂဇင်း )

 Written by U Than Htay

ဆက်စပ်လေ.လာရန်
  





No comments:

Post a Comment