Thursday, August 14, 2014

ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၂ )



ခေါင်းလောင်းတော်  နစ်မြုပ်သည်ဟု ယူဆသော နေရာ

 သမိုင်းဆိုင်ရာ မှတ်တမ်း အချို.

မြန်မာ့သမိုင်းတွင် မွန်တို့၏ မဂဒူမင်းဆက်(၁၆)ဆက်မြောက်မွန်ဘုရင်စမ္မစေတီမင်းသည် ဟံသာဝတီ(ယခုပဲခူး)မှအုပ်စိုးပြီး ၁၄၈၀ ခုတွင် အမတ်ကြီး ဗညားအိန်အားခေါင်းလောင်းအဖြစ်သွန်းစေခဲ့ရာ ပဲခူးရွှေမော်စောဘုရား ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်၌၁၄၈၄ ခုဖေဖော်ဝါရီ(၅)ရက်၊ ခရစ်နှစ်(၁၄၇၆)ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့တွင်  ပွဲသဘင်ကျင်းပ၍  သွန်းလောင်းခဲ့ကြောင်းသိရှိရပြီး သမိုင်းမှတ်တမ်းအချို.အဆိုအရမူ ခေါင်းလောင်းကြီးမှာ အရွယ်အစားအားဖြင့် စောက်(၁၂)တောင်၊အ၀(၈)တောင်ရှိပြီး အလယ်ဖောင်းရစ်ရစ်တွင်   နှစ်ကျိပ်ရှစ်ဆူ ပါသောဖောင်းကြွဘုရား(၂၈)ဆူပါပြီး ၄င်း၏အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား(၄၅)လုံးပါရှိ ရှိသော အတွဲ(၄၅)တွဲ၊ အတန်း(၂)တန်းပါရှိသဖြင့်စုစုပေါင်းကျောက်သံပတ္တမြားပေါင်း (၄၀၅၀)လုံးပါရှိကြောင်းရေးသားထားသည် ။

ထိုစဉ်က အခါပေးသော ဆရာတို့မှာဇေယျဗာဟု၊ ရာဇဗာဟု၊ပဲခူးသမုတ္တရာနန္ဒစည်သူကျော်၊   သံဃရာဇာဆရာတို့ဖြစ်ကာ   လောကညဏပဏ္ဍိတ်အမတ်ကခေါင်းလောင်းသွန်းလောင်းသောအချိန်မှာ မိချောင်းနက္ခတ်ဖြစ်သဖြင့်အသံကောင်းစွာမမြည်နိုင်ဟု   ပြောကြားခဲ့ သည်။

၎င်းပြောကြားချက်နှင့်ပတ်သက်၍ဘုရင်ကမမှန်လျှင်ဆွေခုန်နှစ်ဆက်မျိုးခုနှစ်ဆက် အပြစ် ပေးမည်။မှန်လျှင်သူကောင်းပြုမည်ဟု မိန့်တော်မှုခဲ့ရာခေါင်းလောင်းကြီးပြီးသောအခါတွင် အသံမမြည်သော ကြောင့်လောကညဏပဏ္ဍိတ်အမတ်အား  `ရာဇပရောဟိတ´ဘွဲ့တော်ချီးမြှင့်ခဲ့ကြောင်းလေ့လာသိရှိရသည်။

ဓမ္မစေတီမင်းက သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံစေတီပေါ်သို့  တင်လှူပူဇော်ခဲ့သည်။

အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးအား ရွှေတိဂုံစေတီတော်ကြီး၌ နှစ်ပေါင်း(၁၂၃)နှစ် အပူဇော်ခံ ထားရှိခဲ့ရာခရစ်နှစ် (၁၆၁၂)ခုနှစ်အောက်တိုဘာ(၂၈)ရက်နေ့တွင် သံလျင်မြို့စားပေါ်တူဂီလူမျိုး ဖီးလစ်ဒီဘရစ်တို (ဇင်ကာ)က လက်နက်ခဲယမ်းပြုလုပ်ရန်ရွှေတိဂုံစေတီတော်ပေါ်မှ သန်လျှင်သို့သယ်ယူခဲ့ရာ ပဲခူးမြစ်ငမိုးရိပ်ချောင်းနှင့် ရန်ကုန်မြစ်တို့ဆုံရာဒေါပုံမြစ်၊ပန်းအလွဲမြစ်တွင်ဖောင်နစ်မြှပ်ကာရေသို့ ကျခဲ့ခြင်းဖြစ်သည်ဟုဆိုသည် ။



နစ်မြုပ်နေမှု အခြေအနေ

 သမိုင်းအထောက်အထားများအရ ၁၈၀၀-ခုနှစ်တွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိချေ။ ယခုခေတ် လူကြီးများ ပင် ၄င်းဝဲကတော့ကို မျက်မြင်ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ-၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထပ် ပေ-၄၀ လောက် ရှိမည်ဖြစ်ပြီး ၄င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။

ဘိုးတော်ဘုရားခေါင်းလောင်း (ခေါ်) ခေါင်းလောင်းအသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၆-ခုတွင် ရွှေတိဂုံစေတီတော် မှချကာ မြစ်ထဲကျခဲ့ပြန်သည်။ သို့သော် ဗြိတိသျှတို့ စွန့်လွှက်ခဲ့သော် ၄င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက် သို့ ပြန်ပို့ခဲ့သည်။


ဗြိတိသျှ တို့၏ ဆယ်ယူရန် ကြိုးပမ်းမှု

ဗြိတိသျှတို့ ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူရန် အကြိမ်ကြိမ် ကြိုးစားသော်လည်းမအောင်မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလတည်ရှိရာ  သို.ပြန်ပိုလျှင် ကူညီမည် ဆိုသဖြင်. ဗြိတိသျှ တို.ကလည်းသဘောတူခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက်ရှိသည်။ ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်း သယ်ယူထဲ့ပြီး စုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေမည်။ ၄င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေး စိတ်ဓါတ်များအရှိန်မြင်.တက်စေခဲ့သည်။



ပြည်ပကမ်းလှမ်းမှုတစ်ခု

၂၀၁၁ ခုနှစ် သတင်းတစ်ရပ် အရမူ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး နစ်မြုပ်ရာ နေရာအား ရှာဖွေတွေ့ရှိထားသော်လည်း နည်းပညာ လိုအပ်ချက်ကြောင့် ဆယ်ယူမှု မပြုနိုင်သေး၍ နည်းပညာ အသုံးပြုဆယ်ယူပေးရန် အင်္ဂလန်နိုင်ငံမှ ကမ်းလှမ်းထားကြောင်း Global 9 Education Centre မှသတင်း ရရှိခဲ့သေးသည် ။

ဓမ္မစေတီ ခေါင်းလောင်းတော် ရှာဖွေမှုကို လွန်ခဲ့သောနှစ်များကပင် ဘူမိဗေဒပညာရှင်များ ပူးပေါင်းရှာ ဖွေခဲ့ရာ နစ်မြုပ်ရာ နေရာအားရှာဖွေ တွေ့ရှိထားပြီးဖြစ်သည်။ ယင်း နောက်၂၀၁၀ ပြည့်နှစ်တွင် သြစတြေး လျမှ ပညာရှင်များ လာရောက်ကာ ဓမ္မစေတီခေါင်းလောင်းတော်ရှာဖွေ မှုအားလုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဓမ္မစေတီခေါင်းလောင်းတော် ရှိရာနေရာကို အတည်ပြုနိုင်ခဲ့သည်။ သို့သော် ဓမ္မစေတီခေါင်း လောင်းတော်အား လုပ်ရိုးလုပ်စဉ် နည်းအတိုင်း ဆယ်ယူပါက ပျက်စီးကြေမွနိုင်သည်ဟု ပညာရှင်များက တွက်ဆနိုင်ခဲ့သည့်အတွက် ဆယ်ယူ မှုမပြုနိုင်ခဲ့ကြောင်း သိရသည်။

“သြစတြေးလျက လာရှာတော့ နှစ်နေရာဖြစ်နေပေမယ့် ကျွန်တော်တို့ ပူးပေါင်းပြီး ကျွန်တော်တွေ့ရှိ ထားတဲ့နေရာကို ထောက်ပြလိုက်တော့ တွေ့သွားပါတယ်။ ဒါပေမယ့် ဆယ်မဖို့အတွက် နည်းပညာလိုနေတယ်။ လုပ်ရိုးလုပ်စဉ်နည်းအတိုင်း ဆယ်လိုက်ရင် အပေါ်ရောက်တဲ့အခါ ကြေမွသွားမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရေထဲမှာ နှစ် ၃၀၀ ကျော်မြုပ်နေတာဖြစ်တဲ့အတွက်ပါ။ လိုအပ်နေတဲ့ နည်းပညာက ပြင်သစ်မှာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဓမ္မစေတီခေါင်းလောင်းကို အင်္ဂလန် က လာဖော်ပေးမယ်လို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ အင်္ဂလန်က ဒုတိယကမ္ဘာစစ် အတွင်းတုန်းက သူတို့ပစ္စည်းတွေ မြန်မာနိုင်ငံမှာ မြုပ်ထားတာ ရှိပါတယ်။ အဲဒါကို သူတို့ က လာဖော်ချင်တယ်။ မြန်မာနိုင်ငံ ကခွင့်ပြုပေးရမယ်။ ခွင့်ပြုပေးရင် သူတို့က ဓမ္မစေတီခေါင်းလောင်းကို အကောင်းအတိုင်း ဆယ်ယူပေးမယ်လို့ ကမ်းလှမ်းထားတာပါ။ သူတို့ ပစ္စည်းကိုဖော်ပြီးရင်ပစ္စည်းကို ဆယ်ပုံပုံပြီးနှစ်ပုံကို မြန်မာကိုပေးခဲ့မယ်၊ ကျန်ပစ္စည်းရှစ်ပုံကိုတော့ ပြတိုက်နဲ့ ဟိုတယ်တွေကို ရောင်းချပြီး ရန်ပုံငွေရှာမယ်လို့ ပြောပါတယ် ၊ ဓမ္မစေတီခေါင်းလောင်း ရှာဖွေ တွေ့ရှိမှုမှာ ကျွန်တော်တို့တွေ့ရှိတုန်းက ဓမ္မစေတီခေါင်းလောင်း နစ်မြုပ်နေမှုမှာ အပေါ်ရေထုက ၆၀ နဲ့မြေထုက ၂၀ စမ်းသပ်ချက်တွေ့ရှိ ခဲ့တာပါ။ ဒါပေမယ့် သြစတြေးလျ ပညာရှင်တွေ စမ်းသပ်ချက်ကတော့ အပေါ်ရေထုက ၆၀နဲ့ မြေထုက ၁ မီတာ(၃ ပေ) ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ အဲဒီတော့မြေကြီးက ဖုံးရုံပဲဖုံးနေတာပေါ့။ ဆယ်ဖို့ လွယ်ပေမယ့် နည်းပညာနဲ့ မဆယ်ရင် ခေါင်းလောင်းကို အကောင်းအတိုင်း ရရှိမှာ မဟုတ်ပါဘူးဟု ” ဟု ဓမ္မစေတီ ခေါင်းလောင်းတော် နစ်မြုပ်နေသည့် နေရာအား ရှာဖွေတွေ့ရှိထားသူ ဘူမိ ဗေဒပညာရှင် ဦးစိုးသိမ်း(ပါမောက္ခငြိမ်း)  က ထိုစဉ်က ရှင်းပြခဲ့ပါသည်။




မြန်မာ တို.၏ ကြိုးပမ်းမှုများ

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေရန် စတင်လှုံ့ဆော်သူမှာ သမိုင်းပညာရှင် ဒေါက်တာ ဒေါ်ရီရီ ဖြစ်ပါသည်။

မြန်မာ အစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်း နှင့် စွမ်းအင် ပညာရှင် မိုက်ဟက်ခြာ (Mike Hatcher)အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည်ပို့ဆောင်ရန် အကူအညီ ရယူခဲ့ပါသည်။ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန် တို့ပါဝင်သော ၄င်းလုပ်ငန်းကို ဟက်ခြာက သဘောတူခဲ့ပါသည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ်ဂရီက အားတက်သရော ပါဝင်၍ ရံပုံငွေရှာခဲ့သည်။ ၄င်းလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယရှိစရာ မလိုပါ။ ဂျာမန်ရုပ်ရှင်ကုမ္ပဏီ တစ်ခုကလည်း ၄င်းစွင့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည် ဖြစ်ပြီး "ဒီတူးဖေါ်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာနဲ့ပတ်သက်၍ ဒါဟာ ခရစ်ယာန်မှာ လိုတရခွက် (Holy Grail) ရသလိုပါပဲ"ဟု ဆိုခဲ့သည်။

ဘာသာရေး ကိုင်းရှိုင်းသော မြန်မာတို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိန်းသိမ်းခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကံ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်းနှင့် သူ၏ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည်ရရှိကြမှာ သေချာပါသည်။ ထို့ပြင် ၄င်းခေါင်းလောင်းကြီးတွင် ရေးထိုးထားသော ခေါင်းလောင်းစာများက သမိုင်းနှင့် ဘာသာစကားပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။
ခေါင်းလောင်းတော်ကြီးပြန်လည်ဆယ်ယူရေးလုပ်ငန်းများကိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာတွင် ထူးခြားစွာတွေ့ရှိချက်များအနေဖြင့် (၁၉၈၇)ခုနှစ်တွင် ရှာဖွေခဲ့သော ဒေါက်တာမျိုးမြင့်နှင့် ဦးကျော်တို့အဖွဲ့အနေဖြင့် ခေါင်းလောင်းတော်ကြီးအား   ရေငုပ်ရှာဖွေရာ တွင်ရေငုပ်ရှာဖွေခဲ့သူ ဦးကြိုင်နှင့် ဦးထွန်းရင် တို့သည်ခေါင်းလောင်းတော်ကြီး  နေရာတွင်ရပ်မိခဲ့ကြောင်းဂျင်းကောင်များ ကပ်နေကြောင်း၊ အဖွဲ့ဝင်ဦးဖုန်းမြင့်ကျော်ရေအောက်သို့ဆင်းသွားသော် ဂျင်းပုံကြီးပေါ်မရောက်ပေ။ ယင်းအဖွဲ့တွင်ပါဝင်သော သမိုင်းညာရှင် ဦးကျော် ကိုယ်တိုင်ယင်းနေရာသို့ဆင်း၍ရှာဖွေခဲ့ရာ ဂျင်းပုံကြီး ရှိသော နေရာသည်ခေါင်းလောင်းတောင်ကြီးရှိသော   နေရာဟု ရေငုပ်သူ (၃) ဦးစလုံးက အသိအမှတ်ပြုခဲ့ကြသည်။

(၁၉၈၈)ခုနှစ်တွင် ဦးကြိုင်နှင့်အဖွဲ့ဝင်သုံးဦး၏အဖွဲ့သည်ဒုတိယအကြိမ်အဖြစ် ခေါင်းလောင်းတော်ကြီး ကို ဆက်လက်ရှာဖွေခဲ့ကြရာပထမအကြိမ်ရှာဖွေစဉ်က တက်နင်းမိခဲ့သော ခေါင်းလောင်းတော်ကြီးအပေါ်ထိပ်ဝိုင်း ဂျင်းပုံကြီးကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

တတိယအကြိမ်ရှာဖွေရာတွင် အမေရိကန်နိုင်ငံသားများ ဂျင်မ်ဘလန့် Jim Blunth က(၁၉၉၅)ခုနှစ် တွင်သက်ဆိုင်ရာသို့ခွင့်ပြုချက် ရယူပြီးခေါင်းလောင်းတော်ကြီးအား ရှာဖွေမူပြုခဲ့ရာတွင် ခေတ်မီရေအောက် ရှာဖွေရေးကိရိယာ Solar ခေတ်မီရေငုတ် ကိရိယာများဖြင့် သုံးလအတွင်းရေငုပ်စူးစမ်းရှာဖွေမှု (၁၁၅)ကြိမ် ပြုလုပ်ခဲ့ရာ ဂျင်မ်ဘလန့်ကခေါင်းလောင်းတော်ကြီးကိုလက်ဖြင့် ထိစမ်းခဲ့ဖူးပါတယ်ဟု အတိအလင်းအခိုင်အမာပြောခဲ့ကြောင်း သိရသည်။

၁၉၉၇-ခုနှစ်၊ စက်တင်ဘာ (၂၉)ရက်နေ့တွင် ဓမ္မစေတီမင်း ခေါင်းလောင်းတော် ရှာဖွေဆယ်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ(၄)၌ ကျင်းပခဲ့သည်။

၎င်းလုပ်ငန်းကို ကန့်ကွက်သူ မရှိ တော့ မဟုတ် ။ အချို့သော ဒီမိုကရေစီလိုလားသူများက ၄င်းဆယ်ယူမှုသည် မြန်မာနိုင်ငံ၏ ( ထိုစဉ်က ) စစ်အစိုးရအား အားပေးအားမြှောက်ပြုရာ ရောက်သည်ဟု ဆိုသည်။ ယခုခေတ်ကိုကျော်ပြီး နောင် ဒီမိုကရေစီအစိုးရ ဖြစ်မှ ထိုလုပ်ငန်းကို စသင့်သည် ဟုဆိုသည်။

မိုက်ဟက်ခြာနှင့် ၄င်း၏အဖွဲ့များက ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀၀၁-ခုနှစ်တွင် စရန် ရည်ရွယ်ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေငြာချက်ကြောင့် လူအများ ၄င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စားခဲ့သောလည်း မဖြစ်မြောက်ခဲ့ပေ။ ထင်မြင်ယူဆချက်အရ ၂၀၀၀-ခုနှစ်၊ ဇွန်လတွင် ၄င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာကြောင့် ကြံ့ကြာခဲ့ခြင်း ဖြစ်ဟန်တူသည်။

ထိုဆယ်ယူခြင်း လုပ်ငန်းသာစခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွပ်များဖြင့် အတူ copper sulphate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။
ခေါင်းလောင်းတော်ကြီးအားပြန်လည်ဆယ်ယူရေးအတွက် ခေတ်အဆက်ဆက်တွင်အားထုတ်ကြိုးပမ်း
 ဆောင်ရွက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် ဒေါက်တာမျိုးမြင့်ဦးဆောင်သော အဖွဲ့မှ ပထမအကြိမ် ရှာဖွေခဲ့ပြီး (၁၉၈၉)ခုနှစ်တွင် ပက်စီဦးသိန်းထွန်း၏   ငွေကြေးအကူ အညီဖြင့် ဒုတိယအကြိမ် (၁၉၉၇) ခုနှစ်တွင်နိုင်ငံတော်မှ ဆယ်ယူရန် ခေါင်းလောင်းတော်ကြီး ဆယ်ယူရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ (၁၉၉၈)ခုနှစ် မေလ (၉)ရက်မှ (၁၈)ရက်အထိဒေါ်ခင်အေးသိန်းနှင့် အဖွဲ့ကထပ်မံရှာဖွေခဲ့ရာ မအောင်မြင်ခဲ့ပေ။

၁၉၉၈ ခုနှစ် ဇွန်လတွင် ဒေါ်ခင်အေးသိန်းအဖွဲ့မှ ရေငုပ်လုပ်သားကိုအောင်ကျော်သည် ရေငုပ်ရှာဖွေစဉ် အမြင့် (၁၂) ပေ၊   အောင်ခြေ ပေ(၃၀)ကုန်းကမူတစ်ခုကို တွေ့ရှိကာ အခြားရေငုပ်သမား တစ်ဦး ဖြစ်သူကိုထွန်းနိုင်ကလည်း ယင်းကုန်း ကမူကို တွေ့ရှိခဲ့ပြီး ဒေါ်ခင်အေးသိန်းကအခြားရေငုပ်သမား နှစ်ဦး ဌားရမ်းရေးငုပ်ရှာဖွေခဲ့ရာ ယခင်အတိုင်းကုန်းကမူကြီးရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။

  ဆဋ္ဌမအကြိမ် သြစတေးလျနိုင်ငံမှ မှတ်တမ်းသတင်းရိုက်ကူးသူနှင့်စူးစမ်းရှာဖွေရေးသမားများ မစ္စတာ ဒါမီယန်လေး (Mr. Damien Lay)နှင့်အဖွဲ့ကလည်း (၂၀၁၀) ပြည့်နှစ်တွင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့်ခေါင်းလောင်းတော်ကြီးကို ရှာဖွေခဲ့ရာ Sonar လို့ ခေါ်တဲ့ အသံလိုင်းပြန်ကိရိယာနှင့် မြစ်ကြောင်းတစ်လျှောက် Scan လုပ်ကြည့်တဲ့အခါခေါင်းလောင်တော်ကြီးပုံနှင့် အတော်တူတဲ့ ခေါင်းလောင်းကြီးပုံစံတစ်ခုတွေ့ရှိခဲ့ ကြောင်း သိရှိရသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီး ဂုဏ်သတင်းမှာ  မြန်မာနိုင်ငံတော်ကြီးတွင် သာမဟုတ်တော့ပဲ ကမ္ဘာနိုင်ငံ အသီးသီးကပင် စိတ်ဝင်စားလာကြရာ   စင်ကာပူ နိုင်ငံ S.D MarkInternational LLP ကုမ္ပဏီအနေဖြင့် ဒေါက်တာချစ်စံ (ချစ်စံဝင်း)၊ MasterMariner (F.G) ကပ္ပတိန် ဦးရဲမြင့်ထွန်းတို့မှ တစ်ဆင့်ငွေကြေးကိစ္စဆက်စပ်ဆောင်ရွက်ပေးပြီး ဒေါ်လာ ၁၀ သန်း အကုန်အကျခံ တူးဖော်၇န်လည်းဆောင်ရွက်ခဲ့ဖူးကြောင်း လည်းသိရှိရသည်။



ယဉ်ကျေးမှုဝန်ကြီးဌာန သ မိုင်းသုတေသနဦးစီးဌာနနှင့် စင် ကာပူ ကုမ္ပဏီတို့ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ် ဇွန် (၃၀)ရက် နံနက် (၉) နာရီတွင်Chartrium ဟိုတယ်၌ ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်   ပြည်ထောင်စုဝန်ကြီးများရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယဝန်ကြီးများ၊မြန်မာသမိုင်းအဖွဲ့ဝင်များ၊ သမိုင်းပညာရှင်များ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ပါမောက္ခများအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီးဓမ္မစေတီခေါင်းလောင်းတော်ကြီး   ပြန်လည်ဆယ်ယူရေးနှင့် ပတ်သက်၍ဖတ်ကြားခဲ့ကြရာ အခမ်းအနား တက်ရောက်လာသူများမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေး  ခဲ့ကြ သော်လည်း အခြားဦးစားပေး ဆောင်ရွက်ရ မည့် နိုင်ငံတော်အဆင့်ကိစ္စများ ကို ဆောင်ရွက်ရမည်ဖြစ်သော ကြောင့် ယဉ်ကျေးမှု ၀န်ကြီးဌာန က ပြင်ဆင်ထားခြင်း မရှိဟု ပြော ခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီးဌာနက အဆိုပါ ခေါင်းလောင်းသည် ဒေါ ပုံမြစ်ဝရေအောက်တွင် နစ်မြုပ် နေသည်ဟု ပြောဆိုခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီးဌာနက ခေါင်းလောင်းနှင့်ပတ်သက်ပြီး ၁၉၈၇ ခုနှစ်တွင် စတင်လေ့လာ သုတေသနပြုခဲ့ပြီးနောက် ၁၉၈၇၊ ၁၉၈၉၊ ၁၉၉၇-၁၉၉၈ ခုနှစ်များတွင် ရှာဖွေခဲ့ကြောင်း ယခင်က သတင်းထုတ်ပြန်ထားသည်။

ထို.အပြင် ၂၀၁၃ အောက်တိုဘာ ၉ ရက်နေ.ကလည်း ခေါင်းလောင်းတော်ကြီးအကြောင်း စာတမ်းဖတ်ပွဲ ကျင်းပခဲ့သေးသည် ။ 




 ကျိုက်ထီးဆောင်း ဆရာတော် ကြိုးစားမှု
 
ထိုခေါင်းလောင်းတော်ကြီး ကို ကျိုက်ထိးဆောင်းဆရာတော်ကြီး လည်းတူးဖော်ရန်ကြိုးစားခဲ့ဖူးပြီး ငွေကြေး အနေဖြင်. ဇေကမ္ဘာ က ထောက်ပံ.လှုဒါန်း၇န် တာဝန်ယူခဲ့ခြင်းဖြစ်သည် ။ ထိုစဉ်က ကျိုက် ထီးဆောင်းဆရာတော်အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တပညာဒီပ ဆရာတော်က မိန်.ကြားတော် မူသည်မှာ 

ပြည်တွင်းပြည်ပ ပညာရှင်အချို့ ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ရန်ကုန်တိုင်းအစိုးရထံမှ ခွင့်ပြုမိန့်ရပြီးဖြစ်ကြောင်း ၊ သတ္တမ သင်္ဂါယနာတင်သည့်အချိန်တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကိုထိုး၍ အမျှအတမ်းဝေမည်ဖြစ်သည့် အ တွက်ကြောင့် ပြန်လည်ဆယ်ယူခြင်းဖြစ်ပြီး အဆိုပါ ခေါင်း လောင်းကိုဆယ်ယူရန် နိုင်ငံတော်အကြီးအကဲများကလည်း သဘောတူလက်ခံကြောင်း လိုအပ်သည့်ကိစ္စများကို ကူညီ မည်ဟုပြောကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။

”ပဉ္စမသင်္ဂါယနာ မန္တလေးမှာတင်ခဲ့ပြီးပြီ။ ဆဋ္ဌမသင်္ဂါ ယနာ ရန်ကုန်မှာတင်ခဲ့ပြီးပြီ၊ နောင် သတ္တမသင်္ဂါယနာ တင်တဲ့အခါကျရင် ဒီခေါင်းလောင်းကြီးကို ထိုးမလို့၊ သောင်း တိုက်စကြဝဠာအထိ၊ အဲဒီအခါကျရင်တော့ရှေးတုန်းက ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ နေထိုင်တဲ့နိုင်ငံပဲ။ ဒါမျိုးတွေ ပေါ်ပေါ်ထွန်းထွန်း အခက်အခဲတွေကနေ အောင်မြင် ကျော်လွှားတယ်ဆိုရင် တိုင်းပြည်ရော ဘာသာသာသနာ ရော လူမျိုးရောအားလုံး ကုသိုလ်တွေ လိုက်ဖက်ညီအောင် ဖွံ့ဖြိုးလာမယ်၊ ကုသိုလ်တွေ …စည်ပင်ဖွံ့ဖြိုး သလို တိုင်းပြည်တွေပါ အားလုံးစည်ပင် ဖွံ့ဖြိုးတိုးတက်မယ်၊ နယ်မြေအစိုးရ မင်း ရာဇာတွေလည်းပဲ မင်းကောင်းမင်းမြတ် တွေ ပေါ်ထွန်းမယ်၊စီမံခန့်ခွဲအုပ်ချုပ်မင်း ပြုတဲ့သူတွေ၊ အဲဒီထဲမှာ ထင်ရှားတာ တော့ ခေါင်းလောင်းကြီးရဲ့ဒါယကာ၊ရွှေတိဂုံဘုရားကြီးရဲ့ဒါယကာ ဓမ္မစေတီမင်း ကြီး လုပ်ရတာ၊ အဲဒီအလုပ်ဆိုတော့ အဲဒါနဲ့ ညီမျှတာ အောင်မြင် မှုရရင် ရွှေ တိဂုံဘုရားကြီးရဲ့ ကုန်းတော်ပေါ်ရောက် ရင် ဝမ်းမြောက်စရာလည်းရှိမယ်၊ အဲဒါ ကြောင့် ဒီက အဖုံဖုံ အင်အားကြီးသလို ကမ္ဘာအထိပါ အကြောင်းဆက်နေ တယ်၊ ကောင်းဖို့ပါ”ဟု ဆရာတော်က ခေါင်း လောင်းဆယ်ယူရသည့် အကြောင်းရင်း နှင့်အကျိုးဆက်ကို မိန့်ကြားသည်။

လက်ရှိတွင် ယင်း ဓမ္မစေတီခေါင်း လောင်းသည် သန်လျင်မြို့အနီး ပဲခူးမြစ် နှင့် ရန်ကုန်မြစ် ဆုံရာတွင် ရှိသည်ဟု ပြည်တွင်းပြည်ပ ပညာရှင်များက ခန့် မှန်းပြောဆိုေ နသော်လည်း တိကျသည့် တည်နေရာ အထောက်အထား တစ်စုံ တစ်ရာ မရရှိသေးပေ။ ဆရာတော်အနေ ဖြင့်လည်း ယခု ထိုခေါင်းလောင်းကို ဒိဋ္ဌ ပြန်လည်ဆယ်ယူရ ရှိနိုင်မည်ဟု မဆိုလို ကြောင်း၊ ကံအလုပ်သည် ဒိဋ္ဌပြောဆို၍ မရ၊ ခြွင်းချက်ရှိကြောင်း မိန့်ခဲ့ခြင်းဖြစ်သည်။

ဘုရားဂုဏ်၊တရားဂုဏ်၊ သံဃာ့ ဂုဏ်ကြောင့် အခြေခံထားပြီး လုပ်ကြည့် မယ်။ အခုချိန်ထိ ပြောဆိုကြတဲ့အထဲမှာ ငါလုပ်လို့ရမယ်လို့မပြောသေးဘူး။ ပြော ကြတာ အပြင်က ပြောကြတာ။ ဒီကဆံ တော်ရှင်တွေလည်း သူများလုပ်လို့ မရ တာလုပ်လို့ရကြတယ်။ကျိုက်ဓနုတ်ဘု ရားကြီးလည်း ခဏခဏပြိုတယ်၊အခက် အခဲတွေကို လည်း အောင်မြင်တယ်။ ဒီ ခေါင်းလောင်းကြီးလည်း ရနိုင်ပါတယ်။ ဒါကတော့ သူတို့ပြောတာ။ ဒီက အမြင် ကတော့ ဘာမဆို လောကကံကိစ္စဆို တာ အမြဲ ခြွင်းချက်ထား တယ်။ ရနိုင် အောင်ကြိုးစား၊ နည်းအမျိုးမျိုးသာသနာ မှာ ရှိတယ်။ ကုသိုလ်နဲ့တော့အကြောင်း ခံရတယ်။ အဲဒီ နည်းလမ်းများနဲ့ လုပ် ဆောင်ရမယ်။ သို့သော်အခုချိန်ထိ မလုပ် သေးဘူး။ မလုပ်သေးတာ။ လိုချင်တဲ့ပုံစံ ကိုမဖြစ်သေးဘူး”ဟု ဆရာတော်က မိန့် သည်။

သို.သော် ထိုစဉ်က အကြောင်းတရား အသေချာ မသိရပဲ  ရပ်နားခဲ့ရပြန်သည် ။ ကျိုက်ထီးဆောင်းဆရာတော်သည် ကျိုက်ဓနုတ် ဆံတော်ရှင်စေတီတော် ပြိုပျက် ထိခိုက်ပျက်စီးခြင်းကို ပြုပြင်ရာ မှ အကြောင်းဆက်ကာ ယခု ခေါင်း လောင်းကြီးအား ဆယ်ယူရန် အဓိဋ္ဌာန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




Ref ;   Myanmar Express Group , Myit Makha Mediagroup , Popular Myanmar News Journal , 7Day Daily , Irrawaddy ,Mizzima  , mmcpcommunity & Mon Heritage


ဆက်စပ်လေ.လာ ဖတ်ရှုရန် 

 * ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၁ )

No comments:

Post a Comment