Wednesday, January 9, 2019

ကြယ်ရောင်အောက်က ဝါးခယ်မ - သွေးအေး

* ကြယ်ရောင်အောက်က ဝါးခယ်မ *




အဖေါ်တသိုက်ရယ် စုံပြီဆို
လမ်းထိပ်က အုတ်ခုံအိုထက်
ဂီတာတလက်ကို တီးခတ်ရင်း
စည်းလွတ်ဝါးလွတ် သီချင်းတွေဟစ်ကြ
ဝါးခယ်မ ညလေးတစ်ည ၊


တပေါင်းရယ် လပြည့်ရက်
မြို့တဖက်ကမ်း လွမ်းစေတီ
ဥမ္မာဒန္တီ သော်ကဘုရားပွဲ
ဖုန်သောသောထဲ နွားလှည်းစီးရ
ဝါးခယ်မ ညလေးတစ်ည ၊


မြစ်ကြောင်းစုံဆန် အမြန်သင်္ဘော
ဆိပ်ခံနောက်ကျော ဆိုက်ကပ်ချိန်
မီးရောင်မှိန်မှိန် အိမ်အပြန်လမ်း
ခြေလှမ်းမှန်မှန် တိတ်တဆိတ်ချ
ဝါးခယ်မ ညလေးတစ်ည ၊


 မောင်ဗမာ စက်ဘီးစီးပြီး
စိတ်ကြီးရယ် ဝင်ချင်နေတဲ့
အိပ်မက်တွေနဲ့ ကုန်သွယ်နေဆဲ
သမဆိုင်မှာ မဲမပေါက်တော့မှ
အိပ်မက်ထဲက လန့်လန့်နိုးထ
ဝါးခယ်မ ညလေးတစ်ည ၊


သန်းခေါင်လွန် ပုဇွန်မျှားဖို့
တမှေးထလို့ လှော်တက်ငင်
မြစ်ပြင်ကျယ်မှာ မိုးပေါက်ကျ
မီးအိမ်ငယ်ရဲ့ အလင်းတစ
ဝါးခယ်မ ညလေးတစ်ည ၊


နက္ခတ်ရယ် ကြတ္တိကာ
ဗြိစ္ဆာရာသီ ပွင့်ပွင့်လင်း
ကထိန်ခင်းမဲ့ ကျောင်းကြီးမှာ
ပဒေသာပင်တွေ အလှပြ
ဝါးခယ်မ ညလေးတစ်ည ၊


သီတင်းကျွတ် တန်ဆောင်မုန်း
ကာတွန်းမီးပုံး အလှဆင်
မြင်သူငေးအောင် ပြင်
စာရေးကုန်းအဝင် မြေလမ်းမ
ဝါးခယ်မ ညလေးတစ်ည ၊


လက်ပြန်ကြိုးတုပ် ရေအောက်နစ်
ပေါ်တဲ့ရွာမှာ သူကြီးဖြစ်
ငခူနှစ် များများ မုန့်ဟင်းခါး
အလေးပြားနဲ့ ချိန်ရောင်းတဲ့ဒေသ
တဆယ်သားလောက် ဝယ်စားမှ
ဝါးခယ်မ ညလေးတစ်ည ။

သွေးအေး

( မူရင်းရေးသားသူက ကဗျာ ကို သီချင်းပုံစံ ရေးဖွဲ.ထားသည်ဟုဆိုပါသည် ။ အောက်ဆုံး အပိုဒ်မှာ Chorus အပိုဒ်ဟု ဆိုပါသည် )

No comments:

Post a Comment