Sunday, September 30, 2018

ကနစိုးကုန်း - မောင်သက်ငြိမ်


 ကနစိုးကုန်း





ပြန်မလော့မြစ်ဝမှာ အိပ်နေတာကြာပြီ

မင်းတို့တွေမမွေးခင်ထဲကဆို အတော်ကြာပြီ

ကရင်-ဗမာငြိမ်းချမ်းရေးအတွက် ဗိုလ်ချုပ်

မြစ်ဝကျွန်းပေါ်လာတော့ သိတာပေါ့

အဲဒီအချိန် --ခေါင်းကဆံပင်တွေမီးလောင်လို့

ကတုံးရိတ်ပြီးစပဲရှိသေးတယ်

စတီဗင် တို့ ယောဟန် တို့ ပေတလူး တို့

မာရီ တို့ မေရီအာနား တို့ မြေမြုပ်ပြီးစပဲရှိသေးတယ်

ညှော်နံ့တွေ အပုတ်နံ့တွေ ငိုညည်းသံတွေ

အံကြိတ်သံတွေနဲ့ ဘုရားကျောင်းခေါင်းလောင်းကို

ထိုးမယ့်သူမရှိခဲ့ဘူး

မျက်ရည်တွေဟာ သွေးဖြစ်လို့ ပြန်မလော့မြစ်ထဲ

စီးဝင်သွားတယ်



လိုချင်တာငြိမ်းချမ်းရေးပါ တန်းတူရေးပါ

ကရင်တစ်ကျပ် ဗမာတစ်ကျပ်ပါ ဒါပေမယ့်

မေယုသင်္ဘောဆီက ပေါင်ဒါအမြောက်ဆံတွေပဲရခဲ့တယ်

မီးလောင်နေတဲ့ ဘုရားကျောင်းဆီက ဓမ္မတေးသံတွေ

ဆိတ်သုဉ်းချိန်ပေါ့



လူငယ်လေးတွေပျောက်ပျောက်သွားတယ် သူတို့

ပြန်မလာကြတော့ဘူး ကြားပါတယ်

ဒုက္ခသည်စခန်းတွေမှာ တတိယနိုင်ငံတွေမှာ



တစ်ခါတော့ပြန်လာကြတယ် မုန်တိုင်းနဲ့အတူ

အဲဒီချိန်-- ကောင်းကင်မှာ ရဟတ်ယဉ်တွေဝဲလို့

လမုပင်ကြားပုန်းအိပ်နေရတယ် ခေါင်းပေါ်ကဖြတ်သွားတဲ့ ကျည်ဆံတွေ

ငုံ့ရှောင်နေရတယ် တစ်ခါမှ မငြိမ်းချမ်းတဲ့ဘဝ

ငြိမ်းချမ်းပါရစေ



ခရစ္စမတ်မှာ ဧည့်သည်တွေလာကြတယ်

သင်္ကြန်ဆိုသူတို့ဆီ သွားလည်တယ် အားလုံး

ဒေါင်းလန်းကြီးရဲ့အလည်မှာ ချစ်လို့ ခင်လို့

ငြိမ်းချမ်းလို့

စပါးလင်ပင်ကြက်သွေးလောင်းပြီး သူရဲမွေးသူတွေကို

မုန်းတယ်



ပြည်ကလာသူ နှစ်ထပ်သင်္ဘောတစ်စီးဟာ

လောကဓံထက်ပြင်းတဲ့ ဆတ်သွားရွာသူ မချစ်ချက်တဲ့

အရက်လို

ငါးတန်ချောင်းဘေးက မေရီချက်တဲ့အရက်ကို

သောက်ဖူးတယ် လမုသီးလေးတွေကိုက်လို့



ကောင်းကင်မျှားသူ ရဟန်းတစ်ပါး လာဖူးတယ်

မွှေးတို့ရဲ့မြို့ ကဗျာကိုရွတ်လို့



ပေစုတ်စုတ်ကဗျာဆရာတစ်ယောက်နဲ့

ကရင်မလေးတစ်ယောက်ကို အောင်သွယ်ပေးဘူးတယ်

ထမ်းပိုးပြီး စီလောင် ချောင်းကို ရေကူးပို့ပေးရင်းပေါ့



ခမ်းနားမှုမရှိပါဘူး

မာနမရှိပါဘူး

ရိုးသားသူတွေနေထိုင်တဲ့ဒေသ



ကနစိုးပင်တစ်ပင်မှမရှိဘူး (ဒါပေမယ့်)

ငါ့ကိုခေါ်ကြတယ် ကနစိုးကုန်း တဲ့

ပြန်မလော့မြစ်ဝ မှာနေပါတယ် ။ ။

မောင်သက်ငြိမ်