Thursday, August 20, 2015

သမ္မတ ဖြစ်နိုင်ခြေ သုံးသပ်မှုများ နှင်. ဖြစ်စဉ်အပေါ် ပါတီခေါင်းဆောင်အချို.၏ အမြင်များ








ဒီဖြစ်ရပ်တွေ မတိုင်ခင်က ၂၀၁၅ မှာ ဘယ်သူ သမ္မတ ဖြစ်နိုင်လဲ ဆိုတဲ့ ခေါင်းစဉ်နဲ. သုံးသပ်မှု တစ်ခု ပေါ်ထွက်လာခဲ့ပါသေးတယ် ။အဲ့ဒီမှာ သုံးသပ်ပြထားတာကတော.

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တစ်နှစ်အလို မြန်မာ့နိုင်ငံရေး ရပ်ဝန်းမှာ ၂၀၁၅ ဘယ်သူ သမ္မတဖြစ်မှာ လဲဆိုတဲ့ မေးခွန်းက အလွန်ကို ရေပန်းစားနေပါတယ်။ လက်ရှိ အခြေအနေမှာ သမ္မတ ဖြစ်နိုင်ခြေရှိတယ်လို့ တစ်ပြေး နေတဲ့ ၄ ဦးကတော့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ လက်ရှိသမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယကသူရ ဦးရွှေမန်းနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။ ၄ ဦးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း အတိအလင်း ပြောကြားခဲ့ကြပေမယ့် ဦးသိန်းစိန်နဲ့ ကာချုပ်ကတော့ မတင်မကျ၊ မယုတ်မလွန် သာ ပြောကြားထားပါတယ်။ အခြေခံဥပဒေပုဒ်မ ၆၀ အရဆို ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း အစုအဖွဲ့တို့က သမ္မတဖြစ်မယ့် ဒုသမ္မတ ၃ ဦးကို ရွေးချယ် တင်မြှောက်ရပါတယ်။ ပြီးမှ သမ္မတ ရွေးချယ်ရေး အဖွဲ့က လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့မဲနဲ့ သမ္မတကို ရွေးချယ်ရပါတယ်။

သမ္မတလောင်း (ဒုသမ္မတ) ရွေးချယ်ရာမှာ တပ်မတော်အစုအဖွဲ့က တစ်ပန်းသာ နေတာ ကို တွေ့ရပါ တယ်။ ပြည်သူက ရွေးကောက် တင်မြှောက်ခြင်းမဟုတ်ဘဲ နေရာရတဲ့ တပ်မတော် အစုအဖွဲ့က ဘာမဲမှခွဲပြီး ဆုံးဖြတ်စရာ မလိုဘဲ သမ္မတလောင်းဖြစ်တဲ့ ဒုသမ္မတကို တိုက်ရိုက် ရွေးချယ်ခွင့် ရှိနေလို့ပါပဲ။ တပ်မတော် အစုအဖွဲ့က ဘယ်သူ့ကို သမ္မတလောင်းအဖြစ် ရွေးချယ်မလဲဆိုတာ မြန်မာ့နိုင်ငံရေး ရပ်ဝန်းမှာ စိတ်ဝင် စား နေကြတဲ့အတွက် လက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်းဖြစ် နိုင်ခြေရှိ၊ မရှိကို ပထမဦးစွာ သုံးသပ် ကြည့်ရအောင်ပါ။

ကာချုပ်သမ္မတမဖြစ်နိုင်ခြေ ရှုထောင့်များ



(၁) စစ်အာဏာရှင်စနစ်နှစ် ၅၀ ကျော် လွှမ်းမိုးနေခဲ့တဲ့ မြန်မာနိုင်ငံမှာ ကာချုပ်က ယူနီဖောင်းချွတ်ပြီး သမ္မတ ဖြစ်လာမယ်ဆိုရင် နိုင်ငံတကာနဲ့ ပြည်သူ့အမြင်မှာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်လွှမ်းမိုးမှု မကွယ်ေ ပျာက် သေးဘူး ဆိုတဲ့ ပုံရိပ်ဆိုးတစ်ခု ဖြစ်လာနိုင်ခြေရှိလို့ လက်ရှိကာချုပ် မင်းအောင်လှိုင်ကို သမ္မတလောင်း အဖြစ် တင်မြှောက်ဖွယ် မရှိဘူးလို့ ယူဆရပါတယ်။

(၂) ကာချုပ်သာ နိုင်ငံရေး ရည်မှန်းချက် ကြီးမားတယ်ဆိုရင် လက်ရှိအတိုက်အခံ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ကို တွေ့ဆုံသင့်ပါတယ်။ ကာချုပ်သမ္မတ ဖြစ်ပြီဆိုပါစို့။ ၂၀၁၅ အလွန်နိုင်ငံ ရေးရပ်ဝန်းမှာ ခိုင်ခိုင် မာမာ ရပ်တည်နေဦးမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တင်ကြိုယူ ထားရမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး ရှောင်ဖယ်နေတာက ကာချုပ် သမ္မတဖြစ်လာဖို့အတွက် အလားအလာ မကောင်းတဲ့ အချက်ပါ။ နောက်ပြီး သမ္မတအဖြစ်သာ ကာချုပ် ရည်မှန်း ထားတယ်ဆိုရင် နိုင်ငံရေး ရပ်ဝန်းက အတိုက်အခံပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံနေဖို့ လိုအပ်ပါတယ်။ နောက်အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး ကောင်းဖို့ လိုအပ်သလို အခြေခံ ပြည်သူတွေနဲ့လည်း တင်ကြိုတွေ့ဆုံမှုတွေ လိုအပ်ပြီး ၂၀၁၅အလွန် မြန်မာ့နိုင်ငံရေး ရပ်ဝန်းနဲ့ မကင်းကွာအောင် ဗျူဟာတစ်ရပ် ချမှတ်ပြီး နိုင်ငံရေးရပ်ဝန်းထဲ အခုလက်ရှိ အချိန်က တည်းက ၀င်ဆံ့နိုင်အောင် တင်ကြိုပြင်ဆင် ထားသင့်ပါတယ်။ ခုလက်ရှိ အနေအထားအရတော့ ကာချုပ်ဟာ နိုင်ငံရေး နယ်ပယ်နဲ့ ထိတွေ့မှု နည်းပါးတာကို တွေ့ရတဲ့အတွက် ကာချုပ်ဟာ သမ္မတ ဖြစ်လာရင်တောင် နိုင်ငံရေး နယ်ပယ်မှာ တစ်က ပြန်စရမယ့် သဘော ရှိတဲ့အတွက် ကာချုပ် သမ္မတမဖြစ်နိုင်ပါဘူး။

(၃) ကာချုပ်သမ္မတ မဖြစ်နိုင်ခြေ နောက်တစ်ချက်က တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု ကျဆင်းလာခြင်းပါ။ သမ္မတရွေးချယ်ပွဲမှာ တိုင်းရင်းသား အမတ်တွေရဲ့ ထောက်ခံမှုမရဘဲ သမ္မတဖြစ်ဖို့ ခဲယဉ်းမှာပါ။ ၂၀၁၅ မတိုင်ခင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး နိုင်ရင်တော့ ကာချုပ်ဟာ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုရမှာ ဖြစ်ပေမယ့် လက်ရှိအနေ အထားအရ တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ အပစ်အခတ် ရပ်စဲရေး စာချုပ်ရေးထိုးဖို့ နှောင့်နှေးနေတာတွေကြောင့် တိုင်းရင်းသား ထောက်ခံမှု မရနိုင်တဲ့ ကာချုပ်သမ္မတ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။

(၄) နောက် သမ္မတတစ်ယောက် အတွက် မရှိမဖြစ် လိုအပ်တဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံရေးတွေ၊ အရပ်သား သမ္မတတစ်ယောက်အတွက် လိုအပ်မယ့် အရပ်သား အတွေးအခေါ်နဲ့ ဦးဆောင်ဖို့ တပ်မတော်သား တစ်ယောက်ရဲ့ လုပ်နည်းလုပ်ဟန်တွေကိုပြောင်းလဲဖို့ ပြင်ဆင်ပြီးပြီလား ဆိုတာလည်း ကာချုပ် သမ္မတ ဖြစ်ရေးအတွက် အလွန်အရေးပါတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ နှိုင်းယှဉ် ပြောရရင် ဦးသိန်းစိန်ဟာ အရင် အာဏာပိုင် အကြီးအကဲရဲ့ လက်သပ် စီမံ မွေးထုတ်ထားတဲ့ သမ္မတလို့ ပြောလို့ရပါတယ်။ အမျိုးသား ညီလာခံဥက္ကဋ္ဌ အဖြစ်နဲ့ နှစ်ရှည် တာဝန်ယူခဲ့ပြီး လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေကြီး ပေါ်ပေါက်အောင် စွမ်းစွမ်းတမံ အားစိုက်ထုတ် အကောင်အထည် ဖော်ခဲ့သူ တစ်ဦးပါ။ ဒါကြောင့် ဦးသိန်းစိန်ဟာ အခြေခံဥပဒေကို တစ်ဖက်ကမ်းခတ် နားလည်နိုင်သလို ဥပဒေပြုရေး ကဏ္ဍကိုလည်း နားလည်နိုင်စွမ်း ရှိတယ်လို့ ယူဆရပါတယ်။ နောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် မှာလည်း နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ နောက်တစ်ချက်က တပ်မတော်အတွင်း အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး အသံ သိပ်မထွက်ခဲ့ ပါဘူး။ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် ရုပ်ထွက်ကောင်းမွန်သူမို့ အရင်အာဏာပိုင် အကြီးအကဲက သမ္မတ အဖြစ် လျာထားခဲ့တယ်လို့ ယူဆပါတယ်။ အရင်အာဏာပိုင် အကြီးအကဲရဲ့ အထူးယုံကြည် စိတ်ချရသူ လို့လည်း တပ်မတော်ရပ်ဝန်းက သုံးသပ်ကြပါတယ်။ သမ္မတ ဦးသိန်းစိန်လို နှစ်ရှည်ဗျူဟာကျကျ စီမံအားထုတ်ထားတဲ့ အရည်အချင်းတွေနဲ့ နှိုင်းယှဉ်ရင် ကာချုပ်သမ္မတဖြစ်ဖို့ အခွင့်အလမ်း နည်းပါတယ်။

ကာချုပ် သမ္မတဖြစ်နိုင်ခြေ ရှုထောင့်များ

(၁) ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ၂၀၁ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဖွဲ့စည်းခြင်း ပုဒ်မမှာ““နိုင်ငံတော် သမ္မတဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်””ဆိုတဲ့ စကားရပ်သာပါပြီး ကာ/လုံကို သမ္မတက ဖွဲ့စည်းပေးရမယ်ဆိုတာ မပါပါဘူး။ ဒါဆို လက်ရှိ ကာ/လုံမှာ အဓိက အရေးအပါဆုံး နေရာယူထားတဲ့ ကာချုပ်ကို ၂၀၁၀ ကာလမှာ ဘယ်သူ ခန့်အပ်ခဲ့တာလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ ပုဒ်မ ၃၄၂ မှာ သမ္မတက ကာလုံရဲ့ ထောက်ခံချက်နဲ့ ကာချုပ်ကို ခန့်အပ်ရမယ် ဆိုတာပါရှိပေမယ့် လက်ရှိကာချုပ်ကိုတော့ လက်ရှိသမ္မတ ဦးသိန်းစိန်က ခန့်အပ်တာ မဟုတ်ဘဲ အရင်အာဏာပိုင် အကြီးအကဲက ခန့်အပ်ခဲ့တယ်လို့ နိုင်ငံရေး ရပ်ဝန်းက သုံးသပ်ပါတယ်။ ကာ/ချုပ် ဟာ ယခင်အာဏာပိုင် အကြီးအကဲရဲ့ အထူးယုံကြည် စိတ်ချခံရသူ ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အရင်အာဏာပိုင် အကြီးအကဲရဲ့လမ်းညွှန်မှု သြဇာဟာ လက်ရှိအာဏာပိုင်တွေ အပေါ်မှာလွှမ်းမိုးမှု ရှိနေ သေးတယ် ဆိုတဲ့ ယူဆချက် ရှုထောင့်က ကြည့်ရင်တော့ အရင်အာဏာပိုင် အကြီးအကဲဟာ လက်ရှိကာချုပ်ကို သမ္မတလောင်းအဖြစ် ထောက်ခံမှု အပြည့်အ၀ ပေးနိုင်ပါတယ်။

(၂) အခြေခံဥပဒေ ပြင်ဆင်ရာမှာ တပ်မတော် အခန်းကဏ္ဍ တိုးမြှင့်တဲ့ အချက်တွေ အတည်ပြုဖြစ်ခဲ့ရင် တပ်မတော် ဟာ မြန်မာ့နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်လာနိုင်ပါတယ်။ ဒီတစ်ခါ နောက်တက်မယ့် သမ္မတဟာ တပ်မတော်၊ လွှတ်တော်တို့ကို အပြန်အလှန် ထိန်းကျောင်းပြီး အာဏာမျှခြေညီဖို့ တပ်မတော်ကို ကွပ်ကဲခဲ့တဲ့ တပ်မတော်သားဟောင်း ကာချုပ်ဟာ ယူနီဖောင်းချွတ်ပြီး သမ္မတ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

(၃) စစ်တပ်ပုံရိပ်လွှမ်းမိုးမှုကို ဖျောက်ပြီး ကာချုပ်ဟာ အရပ်ဝတ်လဲပြီး ပြည်ခိုင်ဖြိုး ပါတီကို ဦးဆောင်ပြီး ပါတီက တစ်ဆင့် သမ္မတလောင်း ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ ယူဆချက် တစ်ရပ်လည်း ရှိပါတယ်။

သူရဦးရွှေမန်း သမ္မတမဖြစ်နိုင်ခြေ ရှုထောင့်များ

Photo by The Voice


(၁) အရင်အာဏာပိုင် အကြီးအကဲရဲ့ သမ္မတ လျာထားချက်ထဲမှာ သူရဦးရွှေမန်း မပါဘူးလို့ နိုင်ငံရေး သုတေသီတွေက သုံးသပ်ပါတယ်။ အရင်အာဏာပိုင် အကြီးအကဲဟာ ဦးသိန်းစိန်နဲ့ ကာချုပ် အပေါ်မှာ ယုံကြည် စိတ်ချမှု အပြည့်ရှိပေမယ့် သူရဦးရွှေမန်း အပေါ်မှာတော့ ယုံကြည်မှု အားနည်းတယ်လို့လည်း နိုင်ငံရေး သုတေသီတွေရဲ့ သုံးသပ်မှုတွေအရ လေ့လာ သိရှိရပါတယ်။ သမ္မတ လျာထားချက်ထဲမှာ ဦးရွှေမန်း မပါဝင်ခဲ့ ဘူးဆိုရင် ကိုယ်တိုင် အားထုတ်မှု နည်းလမ်းကလွဲရင် ဦးရွှေမန်း သမ္မတလောင်း ဖြစ်နိုင်ဖွယ် မရှိပါဘူး။

(၂) လက်ရှိ သမ္မတဦးသိန်းစိန်နဲ့ မတူတဲ့ တစ်ချက်က သူရဦးရွှေမန်းရဲ့ မိသားစုဟာ မြန်မာ့စီးပွားရေး ဗျူရို ကရေစီ ယန္တရားကြီးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး နိုင်ငံတကာမှာ မျက်နှာပြဖို့ ရုပ်ထွက် သိပ်မလှဘူးလို့ ယူဆချက်အရဆို သူရဦးရွှေမန်းအတွက် သမ္မတဖြစ်နိုင်ခြေ အလားအလာဟာ မှေးမှိန်တယ်လို့ ဆိုရမှာပါ။

(၃) သူရဦးရွှေမန်းဟာ နိုင်ငံရေး ရည်မှန်းချက် ကြီးမားလွန်းတာကြောင့် အရင်အာဏာပိုင် အကြီးအကဲက မနှစ်မြို့ဘူးလို့ နိုင်ငံရေး သုတေသီတချို့က သုံးသပ်ထားပါတယ်။ အာဏာရ အသိုင်းအ၀ိုင်းမှာတော့ ဦးရွှေမန်း ဟာ ရေပန်းမစားဘူးလို့လည်း ဆိုကြပါတယ်။ မြန်မာ့အရေး လေ့လာသူ ဘာတီးလင့်တနာက သူရဦးရွှေမန်းကို ရည်မှန်းချက်ကြီးသူ၊ power hungry လို့ သုံးသပ်ထားပါတယ်။

သူရဦးရွှေမန်း သမ္မတဖြစ်နိုင်ခြေ ရှုထောင့်များ



(၁) ပုဒ်မ ၅၉(စ)မပြင်ဖြစ်ဘဲ NLD ပါတီ မဲအများစုရရင် NLD အမတ်တွေရဲ့ ထောက်ခံမှုနဲ့ ဦးရွှေမန်း သမ္မတလောင်း ဖြစ်လာနိုင်ခြေရှိပါတယ်။

(၂) သူရဦးရွှေမန်းမှာ မဟာဗျူဟာကျကျ နိုင်ငံရေး ရည်မှန်းချက်ရှိထားတဲ့ တစ်ချက်ကလည်း သမ္မတလောင်း ဖြစ်ဖို့ရာ အားသာနိုင်ခြေ ရှိတဲ့တစ်ချက်ပါ။ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သူရဦးရွှေမန်းရဲ့ နိုင်ငံရေး စည်းရုံးမှုတွေကလည်း သိသာ ထင်ရှားလာပါတယ်။ အောက်ခြေလူထုနဲ့ ထိတွေ့ ဆက်ဆံမှုတွေ များလာပြီး တိုင်းရင်းသားတွေအကြိုက် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးစားရမယ် ဆိုတာမျိုး တွင်တွင် ပြောလာတာကို တွေ့ရပါတယ်။ လစာတိုးမယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ၀န်ထမ်းတွေကို စည်းရုံးထားသလို ၂၀၁၅ လွှတ်တော်ထဲ အမတ်အများစု ပြန်ဝင်လာရင် ထောက်ခံမှုရအောင် လွှတ်တော် ကိုယ်စားလှယ် လစာတွေကို ၁၀ သိန်းကျော်အထိ တိုးမြှင့် ပေးလိုက်ပါတယ်။ အနိမ့်ဆုံးလစာ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းမှုနဲ့အတူ အလုပ် သမားထုကိုလည်း စည်းရုံးပြီးသား ဖြစ်သွားပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ယုံကြည်မှု တည်ဆောက်တဲ့ ဗျူဟာကို အခိုင်အမာ ဖြစ်အောင် ကြိုးပမ်း နေတာ တွေ့ရပါတယ်။ ၆ ပွင့်ဆိုင် တွေ့ ဆုံရေး တောင်းဆိုမှုနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် တစ်ရပ်လုံးရဲ့ ထောက်ခံမှု ရရှိထားသူဖြစ်ပါတယ်။ သူရဦးရွှေမန်း ရဲ့ ရည်မှန်းချက်ကြီးမားတဲ့ နိုင်ငံရေး ဗျူဟာ တွေကြောင့် ၂၀၁၅ မှာ NLD လွှတ်တော်အမတ် အများစု အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတ မဖြစ်နိုင်တော့ရင် NLD ရဲ့ ထောက်ခံမှုနဲ့ သူရဦးရွှေမန်း သမ္မတ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ယူဆ သုံးသပ် မှုများလည်း ရှိပါတယ်။ NLD မှာ Second Leader မရွေးရသေးဘူးဆိုတဲ့အတွက် ဒီယူဆချက် ခိုင်မာလာတယ် လို့ ဆိုရမှာပါ။

သမ္မတဦးသိန်းစိန် သမ္မတဖြစ်နိုင်ခြေ၊ မဖြစ်နိုင်ခြေ ရှုထောင့်များ

လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ နောက်သက်တမ်း သမ္မတ မလုပ်တော့ဘူးလို့ ပြောဆိုဖူးသလို ပြည်သူဆန္ဒရှိရင် သမ္မတ ထပ်လုပ်ပါ့မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။သမ္မတ ဦးသိန်းစိန်ရဲ့ဆန္ဒအရတော့ ““ကျွန်တော် ကတော့ အေးအေးဆေးဆေး နားချင်ပြီပေါ့ဗျာ””လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ပြည်သူတွေ ဆန္ဒရှိရင် သမ္မတ ဆက်လုပ်ပါမယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ့်တကယ် ဦးသိန်းစိန်ကို နောက် သက်တမ်း သမ္မတ ဆက်လုပ်ဖို့ ဆန္ဒပြင်းပြသူတွေဟာ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အ၀န်းအ၀ိုင်းက ဦးသိန်းစိန်နဲ့ နီးစပ်မှုရှိတဲ့ လက်အောက်ငယ်သား ၀န်ကြီးတွေသာ ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ ရာထူး သက်တမ်း တစ်နှစ်သာ ကျန်တဲ့ အခြေအနေမှာ ဦးသိန်းစိန် သမ္မတ သက်တမ်းကုန်ရင် သမ္မတရဲ့ နောက်လိုက် အပေါင်း အပါတွေလည်း မြန်မာ့နိုင်ငံရေး ရပ်ဝန်းက ပျောက်ကွယ်ကုန်မှာမို့ သမ္မတနဲ့ နီးစပ်တဲ့ ၀န်ကြီးတွေ၊ အကြံပေးတွေက ဦးသိန်းစိန်ကို နောက်ထပ် သက်တမ်း ၀င်ရွေးဖို့ တိုက်တွန်းမှုတွေ ရှိတယ်လို့လည်း ဝေဖန် သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိ သမ္မတ သက်တမ်းမှာတော့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးမူဝါဒ မအောင်မြင်မှုတွေ၊ အခြေခံ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀တွေ နိမ့်ကျနေမှုကို မမြှင့်တင် နိုင်တာတွေ၊ လယ်သိမ်း၊ ယာသိမ်း ပြဿ နာ တွေကို မဖြေရှင်းနိုင်တာတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထစ်ငေါ့နေတာ၊ အခွင့်ထူးခံ လူတစ် စုကြောင့် မြေဈေးတွေ ကြီးမြင့်နေမှုကို မထိန်းချုပ်နိုင်တာတွေ၊ အကျိုးဆက် အနေနဲ့ သက်တမ်း ၄ နှစ်ရောက် တဲ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာတာတွေ၊ ဆင်းရဲသား၂၆ ရာခိုင်နှုန်း ရှိတယ်လို့ပြောပြီး အခြေခံ ပြည်သူတွေရဲ့ တစ်နေ့တာ ၀င်ငွေတိုးပွားအောင် မဆောင်ရွက်နိုင်တာတွေ၊ ကျူးကျော် ရှင်းလင်းမှု ပြဿနာတွေ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကို ထိရောက်စွာ မကိုင်တွယ် နိုင်တာတွေကြောင့် လူထု ထောက်ခံမှု ကျဆင်းနေတဲ့ ပြဿနာကတော့ ဦးသိန်းစိန် သမ္မတဖြစ်ရေးအတွက် အဟန့်အတား ဖြစ်နေတာ အမှန်ပါပဲ။

ဖွဲ့စည်းပုံကြောင့် ကာချုပ် လက်အောက်ခံ ကာကွယ်ရေးဆိုင်ရာ၊ ပြည်ထဲရေးဆိုင်ရာ၊ နယ်စပ်၊ စည်ပင် ဆိုင်ရာ ပြဿနာတွေကို ကာချုပ်ကိုကျော်ပြီး ထိန်းချုပ် မဆောင်ရွက်နိုင်တာတွေက သမ္မတ ဦးသိန်းစိန်အတွက် အကျပ်အတည်းတစ်ရပ် ပေါ်ပေါက်စေပြီး လူထုထောက်ခံမှု ကျဆင်းရတဲ့ အချက်တစ်ချက် ဆိုရင်လည်း မမှားပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် နိုင်ခြေ ရှိ/မရှိ

Photo by BBC


(၁) ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ တောင်ပြိုကမ်းပြို နိုင်စေဦးတော့ ဖွဲ့စည်းပုံ ပုဒ်မ၅၉(စ)ကို မပြင်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။

(၂) ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ခဲ့မယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဖို့ NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာ ၇၀ ရာခိုင်နှုန်း အနိုင်ရဖို့ လိုအပ်ပါတယ်။ (တိတိကျကျဆိုရရင် ၆၇ ရာခိုင်နှုန်း)

၅၉(စ) ပြင်ဆင်ပေးပေမယ့် အမတ်နေရာ ၇၀ ရာခိုင်နှုန်း အောက်ရခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူး ဆိုရာမှာ သမ္မတ ရွေးချယ်ပွဲမှာ ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ ပြည်ခိုင်ဖြိုး မိတ်ဖက်ပါတီ အမတ်တွေ ၃၄ ရာခိုင်နှုန်း (တပ်၂၅ ရာခိုင်နှုန်းမပါ) အနိုင်ရခဲ့ရင် တပ် ၂၅ ရာခိုင်နှုန်း အကူနဲ့ ပြည်ခိုင်ဖြိုး (သို့) တပ်က တစ်ယောက် သမ္မတ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

(၃) ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်မယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ၇၀ ရာခိုင်နှုန်း အနိုင်ရထားမယ် ဆိုရင်တော့ သမ္မတ ရွေးချယ်ပွဲမှာ NLD အမတ်တွေ မဲသက်သက်နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် လာနိုင်ပါတယ်။ ၆၇ ရာခိုင်နှုန်းအောက်သာ အနိုင်ရခဲ့မယ် ဆိုရင်တော့ သမ္မတရွေးချယ်ပွဲမှာ NLD မိတ်ဖက်ပါတီ အမတ်တွေရဲ့ အကူမဲများ ထောက်ခံမှုနဲ့သာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ပါလိမ့်မယ်။

အနှစ်ချုပ် သုံးသပ်ရရင်တော့ ၂၀၁၅ ရွေးကောက်ပွဲအလွန် အစိုးရရဲ့ သမ္မတဟာ ဘယ်သူ ဖြစ်နိုင်မ လဲဆိုတဲ့ မေးခွန်းက မရေရာမှုတွေများစွာနဲ့ ပြည်သူကြားမှာေ၀၀ါးနေတုန်းပါပဲ။ ၅၉(စ) မပြင်နိုင်ရင် NLD ပါတီ အမတ်နေရာ အများစု ၂၀၁၅ မှာ လွှတ်တော်ထဲ ရောက်လာနိုင်ပေမယ့် NLD ပါတီအတွက် ဒုတိယ ခေါင်းဆောင်ေ နရာေ၀၀ါးနေမှုကြောင့် သမ္မတနေရာ ရွေးချယ်မှု အကျပ်အတည်း ပေါ်ပေါက်နိုင်သလို လက်ရှိ အာဏာပိုင်တွေ ဘက်မှာလည်း သမ္မတလောင်း တင်မြှောက်ရေးအတွက် အရေးတကြီး ခေါင်းချင်းရိုက်နေ ကြမှာ ဧကန်မလွဲပါပဲ။

ပုဒ်မ၅၉(စ)သာ မပြင်နိုင်ခဲ့ရင် ၂၀၁၅ အလွန် အစိုးရရဲ့သမ္မတဟာ ဘယ်သူမှ ထင်မထားသူ တစ်ယောက် လည်း ဖြစ်လာနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

ဒီဖြစ်ရပ်နဲ. ပတ်သက်ပြီးပြည်တွင်းက အချို.ရဲ. အမြင်တွေကို The Voice ကမေးမြန်းခဲ့ရာမှာ
Voice ။ ။ အာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ ပါတီအတွင်း အပြောင်းအလဲ ဖြစ်လာတဲ့အပေါ်မှာ ဘယ်လိုသုံးသပ်ရနိုင်မလဲ ခင်ဗျ။

UTN ။ ။ သူတို့ ပါတီစည်းကမ်း နည်းလမ်းနဲ့အညီ လုပ်တာပဲလေ၊ သမ္မတကြီး ဦးသိန်းစိန်က ညီလာခံက ရွေးထားတဲ့ ဥစ္စာလေ၊ အခြေခံဥပဒေမှာက သမ္မတဖြစ်တာနဲ့ သူ့ပါတီက ထွက်ရမယ်လို့ မပါဘူးလေ။ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရလို့ပဲ ပါထားတာလေ။ အဲဒါကြောင့် အခုပါတီဥက္ကဋ္ဌ တာဝန်ကို နောက်တက်လာမယ့်သူက ယာယီဥက္ကဋ္ဌ သို့မဟုတ် တွဲဖက်ဥက္ကဋ္ဌ ဆိုပြီးပဲ သုံးရမယ်လေ၊ နော် အဲဒီထဲက သူတို့ ပါတီအတွင်းမှာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတက်ပြီလို့ သိပြီလေ။ ဒီမိုကရေစီခေတ်မှာ ပါတီစည်းကမ်းနဲ့အညီ ဆောင်ရွက်တာကတော့နော် ကျွန်တော်တို့က နားလည်ပေးရမှာပေါ့။

Voice ။ ။ အန်ကယ်ပြောသလိုဆို ဒါက ပါတီရဲ့ စည်းကမ်းနဲ့ အရေးယူတယ်ပေါ့နော်၊ ဒါပေမဲ့ ဒီမတိုင်ခင်မှာလည်း သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းဖို့ တပ်မတော်သား မဲဆန္ဒရှင်တွေက လုပ်ဆောင်ခဲ့တာ ရှိတော့ ဒါက ဆက်စပ်နေမယ် မထင်ဘူးလား။

UTN ။ ။ ကျွန်တော် လွှတ်တော်ထဲမှာ သတိထားမိသလောက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေမှာ ခံစားချက်တွေ ရှိနေတယ်လေ၊ သို့သော် ဘာဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းဖို့ ဆိုတာက တပ်မတော်သားတွေက လုပ်တယ်ဆိုကတည်းက သတိထားသင့်တာပေါ့။ လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို မပြဋ္ဌာန်းနိုင်သေးဘူးလေ။ ဒါကို သိရက်နဲ့ လုပ်တယ်ဆိုတာက တပ်မတော်သားတွေက သူရဦးရွှေမန်းအပေါ် သဘောထားကို ထုတ်ပြလိုက်တာပဲလေ။ အဲဒီလို ဖြစ်လာကတည်းက ဒီလိုအကျိုးဆက်တွေ ဖြစ်လာမယ်လို့ သိထားပြီးသားလေ။

Voice ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမ္မတ လုပ်ဆောင်လိုကြောင်း ပြောထားတဲ့ သူရဦးရွှေမန်းနဲ့ ဒုတိယသက်တမ်း ထမ်းဆောင်လိုကြောင်း ပြောဆိုတဲ့ ဦးသိန်းစိန်အကြားက အကွဲအပြဲလို့ ပြောလို့ရမလား ခင်ဗျ

UTN ။ ။ သူတို့က ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရလဒ်ဘယ်လိုရမလဲ။ ကျန်တဲ့ပါတီတွေနဲ့ ဘယ်လို လက်တွဲပြီးတော့ ဆောင်ရွက်နိုင်မလဲ ဆိုတာကို မဖြေရှင်းခင်မှာ အခုလိုပေါ့။ သမ္မတလောင်း အိပ်မက်ကို လူတိုင်းမက်လို့ ရတာပဲလေ။ အဲဒီ သမ္မတလောင်း ကိစ္စရပ်ကြောင့်လို့တော့ ကျွန်တော်မယူဆပါဘူး၊ ဒါတွေက ဖြစ်မြဲဓမ္မတာလို့ပဲ မြင်ပါတယ်။

Voice ။ ။ သူရဦးရွှေမန်းက အခုနောက်ပိုင်းမှာ အတိုက်အခံနဲ့ ပိုပြီးနီးနီးကပ်ကပ် ဆောင်ရွက်နေတာလည်း ရှိတော့ ဒီအပေါ်မှာ ပါတီရဲ့ မူဝါဒနဲ့ ကိုက်ညီမှု မရှိဘူးလို့ သူ့ပါတီတွင်းမှာ ဝေဖန်ကြတာတွေ ရှိခဲ့တယ်ပေါ့၊ ဆိုတော့ ဒါကရော ဒီလိုမျိုး ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခံရလောက်တဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်နေမလား ခင်ဗျ။

UTN ။ ။ သူတို့ ပါတီဝင် တော်တော်များများက နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့ကြတဲ့ လူတွေပေါ့။ သူတို့ရဲ့ NLD အပေါ်မှာ သဘောထားက တစ်ခုတည်းပဲ ရှိတာလေ။ အဲဒီလိုအချိန်မှာ သူတို့ခေါင်းဆောင်နဲ့ NLD ခေါင်းဆောင်တို့ နီးနီးကပ်ကပ် ဆောင်ရွက်နေတာကို မြင်ရတော့ ဒါကို လက်ခံတဲ့လူ ရှိသလို လက်မခံတဲ့လူလည်း ရှိတာပဲ။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ မြင်နေရတယ်လေ။ ဒါက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း လွှတ်တော်ထဲမှာ ကိစ္စတော်တော်များများမှာ နက်နက်ရှိုင်းရှိုင်း ပတ်သက်ကြတာ ရှိတာကိုး။ ဗမာပြည်နိုင်ငံရေးမှာ ပုံစံအမျိုးမျိုးနဲ့ ဖြေရှင်းခဲ့ကြတာ ရှိတာကိုး အဲဒီလို ဖြေရှင်းတဲ့အခါမှာတော့ လောလောဆယ်အခါမှာတော့ ကျွန်တော်တို့က ရှေ့ဘယ်လိုဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာပေါ့။ အရေးကြီးဆုံးက ဘယ်လိုဖြေရှင်းကြပါစေ အဲဒီဖြေရှင်းချက်က သူ့ပါတီ စည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်ရင်၊ နောက်တစ်ခု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်တယ်ဆိုရင် ကျွန်တော်တို့က ဒီဖြေရှင်းမှု အားလုံးကို ဥပဒေကြောင်းအရ တရားဝင်တယ်လို့ ပြောရမှာပေါ့။

Voice ။ ။ သူရဦးရွှေမန်းရဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးနဲ့ ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ကိုရော ဖြုတ်ချမယ်လို့ ရနိုင်မယ်ထင်လားဗျ။

UTN ။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ နာယကတို့ ဆိုတာ ဥပဒေအရ ရွေးကောက်ခံရတဲ့သူတွေလေ။ သူတို့ကို ဥပဒေအရ ဘယ်လိုရွေးချယ်ရမလဲဆိုတာ ပါသလို ဘယ်လိုရုပ်သိမ်းရမယ် ဆိုတာလည်း ပါတာပဲလေ။ ဆိုတော့ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဥပဒေအရ မဟုတ်ဘူးဆိုရင် ဥက္ကဋ္ဌတာဝန်ကို ရုပ်သိမ်းနိုင်မှာ မဟုတ်ပါဘူး။

Voice ။ ။ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ ဒီအာဏာရပါတီတွင်း အပြောင်းအလဲဟာ မြန်မာနိုင်ငံရေးအတွက် သက်ရောက်မှု တစ်စုံတစ်ရာ ရှိလာနိုင်မယ် ထင်သလား ခင်ဗျ။

UTN ။ ။ ဘယ်အခြေခံဥပဒေ အောက်မှာပဲဖြစ်ဖြစ် နိုင်ငံရေးတိုက်ပွဲဆိုတာ ရှိမှာပဲလေ။ အခု နိုင်ငံနဲ့ လူမျိုးအတွက်လို့ ပြောတဲ့လူတွေက ဗိုလ်ချုပ်အောင်ဆန်းမှ မဟုတ်ကြတာပဲလေ။ ဗိုလ်ချုပ်အောင်ဆန်းမှတစ်ပါး ကျန်ခေါင်းဆောင်တွေဟာ အာဏာရလိုတဲ့ လောဘမီး ဟုန်းဟုန်းတောက်နေကြတာပဲ။ အဲဒီလို အာဏာရယူလိုစိတ် ပြင်းထန်နေကြမယ့် ခေါင်းဆောင်မျိုးတွေ ပေါ်နေတာ ဗမာပြည်အတွက် ဝမ်းနည်းစရာပေါ့။


ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း

 
Photo by Arkan News

Voice ။ ။ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးကနေ ထုတ်ပယ်တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတယ်ပေါ့၊ ရွေးကောက်ပွဲကလည်း နီးကပ်လာတဲ့အချိန်မှာ အာဏာရပါတီရဲ့ အပြောင်းအလဲကို ဘယ်လိုသုံးသပ်နိုင်မလဲ ခင်ဗျ။

Dr AM ။ ။ ဒါကဗျာ ပါတီတွင်းကိစ္စ ဆိုတော့ ပြောရတော့ ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တစ်ခုစိုးရိမ်တယ်လေ၊ ဘာလို့လဲဆိုတော့ အာဏာရပါတီ ဖြစ်နေတဲ့အတွက် အင်မတန် အရေးကြီးတဲ့ပါတီ၊ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကိုလည်း တစ်ဦးတည်း မပြိုင်ချင်လို့ တခြားပါတီလေးတွေနဲ့အတူ ရွေးကောက်ပွဲကျင်းပပြီး သူတို့ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အသက်သွင်းတဲ့ သဘောမှာတော့ ရှိတာပေါ့နော်၊ အဲလိုဖြတ်သန်းခဲ့တဲ့ သမိုင်းလေးတွေတော့ ရှိတာပေါ့။ အဲဒီအထဲမှာ အခုကိစ္စနဲ့ ပတ်သက်ပြီး ဒီပါတီကြီးက ဒီမိုကရေစီကျင့်စဉ်ကျခြင်း မကျခြင်းကတော့ သုံသပ်ကြဖို့တော့ လိုတာပေါ့၊

အခုအချိန်မှာ ဖြုတ်ထုတ်သတ်တယ် ဆိုတာ ကျွန်တော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပဲခူးရိုးမ ဖြစ်စဉ်ကို ပြန်ကြည့်ရမှာပေါ့။ နေပြည်တော်ကြီးဟာ ပဲခူးရိုးမရဲ့ သခင်သန်းထွန်းရဲ့ နေရာမှာ တည်ဆောက်ထားတာ ဖြစ်တော့ ပဲခူးရိုးမမှာပဲ ထပ်ပြီးအာဏသိမ်းတဲ့ ဖြစ်စဉ်လို ဖြစ်နေတာပေါ့။ မြန်မာ့သမိုင်းအတွက် သိပ်မကောင်းဘူး၊ ပြည်ခိုင်ဖြိုးပါတီအတွက် သိပ်မကောင်းတာ မဟုတ်ဘူး၊ မြန်မာ့သမိုင်းအတွက် သိပ်မကောင်းဘူး ဖြစ်သွားတာပေါ့နော်။ ခုနလို အစိုးရတစ်ရပ်ရဲ့ မြို့တော်မှာ ဖြစ်ပျက်သွားတာက ကျွန်တော်တို့ သွားချင်တဲ့ ဒီမိုကရေစီစနစ်နဲ့ အများကြီး ဆန့်ကျင်နေပါတယ်၊ ဒါကတော့ သိပ်မကောင်းဘူး၊ အဲဒီအတွက် ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ကျင့်သုံးဖို့ ပြည်ခိုင်ဖြိုးပါတီကို ကျွန်တော်တို့ တောင်းဆိုလိုတယ်၊ ဘာလို့ဆို ကျွန်တော်တို့ရဲ့ ရှေ့ဆောင်လမ်းပြကြီး ဖြစ်တော့ ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုတာပေါ့။

သူက ဒီပါတီအတွင်းမှာ ဖြစ်တာဟာ သူ့ပြဿနာ ဖြစ်ပေမယ့်လို့ မြန်မာသမိုင်းကို ပြန်ကြည့်တဲ့အခါမှာ အစ်ကိုက ညီကိုသတ်၊ ညီက အစ်ကိုကိုသတ်၊ သားက အဖေကို သတ်ဆိုတဲ့ သက်ဦးစံပိုင်စနစ်ကို တွေ့ရမှာပါ၊ အဲဒီအခါကျတော့ ဆင်ခြင်ဖို့တော့ လိုပြီလို့ ပြောချင်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြေပြေလည်လည်နဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဖြတ်သန်းသွားဖို့လိုတဲ့ အချိန်မှာ ကျွန်တော်တို့လည်း စောင့်ကြည့်နေပါတယ်။

Voice ။ ။ ကြံ့ခိုင်ရေးပါတီ အတွင်းမှာတင် သမ္မတလုပ်ချင်တဲ့လူ နှစ်ဦးဖြစ်နေတာက ပါတီကွဲသွားနိုင်မလားလို့ သုံးသပ်တာတွေ ရှိပေမယ့် အခု အာဏာသိမ်းတဲ့ ပုံစံမျိုး ဖြစ်လာတယ်ပေါ့နော်၊ အဲဒါကို ဘယ်လိုမြင်သလဲ ခင်ဗျ။

Dr AM ။ ။ ကျွန်တော်တို့ ဖဆပလကို ပြန်ကြည့်ရင် ခါးပိုက်ဆောင်တပ်ဆိုတာ ရှိတာပဲလေ၊ ဂဠုန်ဦးစောဟာလည်း သူရဲ့တပ် ရှိသလို ဗိုလ်ချုပ်အောင်ဆန်းတို့ကလည်း အာဏာရဆိုတော့ သူတို့ကတော့ ရဲတို့၊ တပ်မတော်တို့ကို သုံးမှာပေါ့၊ ဆိုတော့ ဖြတ်သန်းမှုကို ကျွန်တော်ပြောတာ၊ မြန်မာနိုင်ငံရေးဟာ ခုထိမတည်ငြိမ်ဘူး၊ စိတ်မကောင်းဘူးနော် အဲဒီတော့ သမ္မတဖြစ်ချင်လို့ အာဏာသိမ်းတာမျိုး ဆိုတာတော့ ကျွန်တော်တို့ မလိုလားပါဘူး၊ ပါတီညီလာခံကနေ တစ်ဆင့် အများသဘောတူတာကိုပဲ လုပ်စေချင်ပါတယ်၊ ဒီမိုကရေစီစနစ်နဲ့ အညီပေါ့လေ။ အဲဒါက ဆင်ခြင်တုံတရား ရှိရမယ့် ပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတကြီးပဲ ဖြစ်ပါတယ်။

Voice ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အကြောင်းပြပြီး တပ်မတော်သား မဲဆန္ဒရှင်တွေက သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ပြန်ရုပ်သိမ်းဖို့ ကြိုးစားခဲ့ကြတယ်ပေါ့၊ ဆိုတော့ အဲဒီကနေ ပြိုင်ဆိုင်မှုက ပိုပြီး ပြင်းထန်လာတယ်လို့ ပြောလို့ရနိုင်မလား။

Dr AM ။ ။ အဲဒါမျိုး သုံးသပ်တာပေါ့ဗျာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒီအခြေခံဥပဒေထဲမှာ ပါတဲ့နည်းအတိုင်း လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ ကြိုးစားခဲ့တာပဲလေ။ အဲဒီကြိုးစားမှုကို ဦးဆောင်တာဟာ ဦးရွှေမန်း ဖြစ်တယ်၊ ဒါ ဘယ်သူမှ မငြင်းနိုင်ဘူး၊ ဆန့်ကျင်တာက ဦးသိန်းစိန် အပါအဝင် တပ်မတော်ခေါင်းဆောင်များ ဖြစ်တယ်၊ ဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်သွားချင်တဲ့ ပုဂ္ဂိုလ်တွေလက်ထဲကို အာဏာရပါတီ ရောက်သွားမယ်ဆိုရင် ဆက်ဖြစ်လာမယ့် အခင်းအကျင်းက ကျွန်တော်တို့ ပြည်သူလူထုနဲ့ မဆိုင်တော့ဘူး၊ အဲဒါကြောင့် လာမယ့်ရွေးကောက်ပွဲဟာ လက်ရှိ အာဏာရပါတီရဲ့ ဆက်လုပ်မယ့် ခြေလှမ်းအပေါ်မှာ မူတည်သွားပြီ၊ အဲဒီအချိန်မှာ လူထုရဲ့ဆန္ဒကို မလိုက်နာနိုင်လို့ ဖြစ်လာမယ့် ပြဿနာတွေဟာ အာဏာရပါတီအတွက် အင်မတန်မှ အနုတ်လက္ခဏာ ပြပါတယ်။

Voice ။ ။ ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားတယ်ဆိုတော့ ထပ်ပြီးတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးနဲ့ ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကနေ ဖယ်ရှားဖို့ ကြိုးစားလာနိုင်မလား။

Dr AM ။ ။ လုပ်လို့မရပါဘူး၊ ဥပဒေကလည်း ခွင့်ပြုမထားပါဘူး၊ ဘာလို့လဲဆိုသူက ရွေးကောက်ခံပုဂ္ဂိုလ်ပါ၊ ကျန်ရှိတဲ့သက်တမ်း အတွင်းမှာ ဆက်ပြီး တာဝန်ထမ်းဆောင်ရမှာပါ။ ကျွန်တော်တို့ကလည်း လိုလားပါတယ်။ မိမိပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အကျိုး၊ မိမိပါတီရဲ့ အကျိုးကိုပဲ မကြည့်ပဲနဲ့ နိုင်ငံတော်ရှိ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးကို ကြည့်ပြီး ဆောင်ရွက်ကြပါလို့ ကျွန်တော် ဒါပဲ ပြောချင်ပါတယ်။


သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းနှင့် တွေ့ဆုံခြင်း



Voice ။ ။ အခု ကြံ့ခိုင်ရေးပါတီက ဥက္ကဋ္ဌနေရာမှာ သူရဦးရွှေမန်းကို ဖယ်ရှားလိုက်တယ်ပေါ့၊ အဲဒီအပေါ်မှာ ဘယ်လိုမြင်သလဲ ခင်ဗျ။ 

UYT ။ ။ ကျွန်တော့်အမြင်တော့ ဒီလိုဖြစ်တဲ့ကိစ္စက ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ရွေးကောက်ပွဲအတွက် မကောင်းနိုင်ဘူးပေါ့နော်၊ ဘာလို့လဲဆို ပြည်သူလူထုက သူရဦးရွှေမန်းကိုတော့ ပြုပြင်ပြောင်းလဲရေး လိုလားသူပေါ့၊ အစိုးရအဖွဲ့ကို ထိန်းညှိပေးနိုင်တဲ့ ပုဂ္ဂိုလ်အနေနဲ့ မြင်ထားတာပေါ့ဗျာ၊ အခုကျတော့ ပါတီဥက္ကဋ္ဌ ရာထူးက ဖယ်လိုက်တဲ့ အခါကျတော့ ရွေးကောက်ပွဲအတွက် ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူးပေါ့၊ ကျွန်တော် အဲဒီလိုမြင်ပါတယ်။

Voice ။ ။ ပါတီတွင်းမှာ ဦးသိန်းစိန်ရော၊ သူရဦးရွှေမန်းရောက သမ္မတလုပ်လိုကြောင်း ထုတ်ဖော်ပြောဆိုထားတော့ ဒီသမ္မတဖြစ်ချင်တဲ့ ကိစ္စနဲ့ တစ်ယောက်ကို ရှင်းထုတ်လိုက်တယ်လို့ ပြောလို့ရမလား ခင်ဗျ။

UYT ။ ။ ဒီဟာက မူလက ၁၂ ရက်နေ့ မတိုင်ခင် အနေအထားကတော့ သူရဦးရွှေမန်းကလည်း အဲဒီလို ခန့်မှန်းထားတယ်၊ ဦးသိန်းစိန် အနေနဲ့ကလည်း ပါတီကို ထိန်းချုပ်နိုင်ခြင်း မရှိတော့တဲ့ အခါကျတော့ ဦးသိန်းစိန်ကို တပ်မတော်ကပဲ သမ္မတနေရာတင်မယ် ဆိုတာကို ကျွန်တော်ယူဆခဲ့တယ်၊ ပါတီကတင်မယ့် သူရဦးရွှေမန်းနဲ့ တပ်ကတင်မယ့် ဦးသိန်းစိန် သူတို့နှစ်ယောက် ပြိုင်ကြလိမ့်မယ် ဒီလိုပဲထင်ခဲ့တာပေါ့၊ အခု ၁၂ ရက်နေ့ နောက်ပိုင်း ပြောင်းလဲလာတဲ့ အနေအထားကတော့ ပြည်ခိုင်ဖြိုးအနေနဲ့ ရွေးရင် ဦးသိန်းစိန်ကိုပဲ ရွေးလိမ့်မယ်၊ တပ်မတော်အနေနဲ့လည်း ထောက်ခံရင် ဦးသိန်းစိန်ကိုပဲ ထောက်ခံလိမ့်မယ်ပေါ့နော်၊ အဲဒီတော့ သူတို့ မူလက မကြာခဏ ပြောပြောနေတဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၂၆ ရာခိုင်နှုန်းကိုသာ နိုင်လို့ရှိရင် တပ်မတော်က ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းပြီး သူတို့အနေနဲ့က သမ္မတ တင်လို့ရမယ် ဆိုတာမျိုးပေါ့၊ အခုတော့ အဲဒီလို ဖြစ်လာနိုင်ခြေ ရှိတာပေါ့၊ သို့သော် လာမယ့်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၆၄ ယောက်ရဲ့ ၂၆ ရာခိုင်နှုန်းကို ရပါ့မလားပေါ့၊ အဲဒါကို စောင့်ကြည့်ရမှာပေါ့။

Voice ။ ။ သူရဦးရွှေမန်းကို တပ်မတော်သား မဲဆန္ဒရှင်တွေက ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းဖို့ ကြိုးစားတာမျိုး ရှိခဲ့တယ်ပေါ့။ အဲဒါကရော ဒီကိစ္စတွေဖြစ်ဖို့အတွက် ရှေ့ပြေးလို့ ပြောနိုင်မလား ခင်ဗျ။

UYT ။ ။ ဒီကောင်က အဖြစ်အပျက်တွေရဲ့ တစ်စိတ်တစ်ပိုင်းလို့ ပြောရမှာပေါ့၊ လွှတ်တော်တွေ စပေါ်လာကတည်းက ခုံရုံးကို စွပ်စွဲပြစ်တင်တဲ့ကိစ္စမှာ သူတွေအချင်းချင်း မတည့်ဘူး ဖြစ်လာတာပေါ့။ တစ်ဖက် သုံးသပ်တာက ဦးရွှေမန်းဟာ အချင်းချင်းကို ထောက်ထားညှာတာမှု မရှိဘူးလို့ သုံးသပ်တာပေါ့နော်၊ အဲကနေပြီး စလာတဲ့ ဥစ္စာဟာ သမ္မတ လုပ်ဆောင်လိုကြောင်း ဦးရွှေမန်းက ထုတ်ပြောလာတယ်။ အဲဒီနောက် ဦးသိန်းစိန်က သမ္မတ မလုပ်လိုတော့ဘူးလို့ ဦးရွှေမန်းက ဦးသိန်းစိန်ကိုယ်စား ထုတ်ပြောလာတာ ရှိတယ်ဆိုတော့။ သမ္မတဖြစ်ချင်တဲ့ အပြိုင်အဆိုင်က သိသာလာတယ်ပေါ့။ အဲဒီအခါမှာလည်း အတွင်းပိုင်း ကိစ္စတွေပေါ့ အပြိုင်အဆိုင်တွေ ဖြစ်လာတာပေါ့။

နောက်ဆုံး အခြေခံဥပဒေ ပြင်ဆင်ရေး အထိပေါ့နော်၊ တပ်မတော်ရော၊ အစိုးရရော၊ ပြည်ခိုင်ဖြိုးပါတီရော ညှိနှိုင်းပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ရမယ့် ကိစ္စကို ဦးရွှေမန်းက သူရဲ့ နိုင်ငံရေး ပုံရိပ်ကောင်းဖို့အတွက်ကို လုပ်လိုက်တာကို တွေ့ရတယ်ပေါ့၊ အသုံးချပြီးတော့ လုပ်သွားတယ်၊ တပ်မတော်က ပြည်သူလူထုကြားမှာ အသုံးချခံ ဖြစ်သွားတယ် စသဖြင့် အဲဒီလိုတွေ မြင်လာပြီး နောက်ပိုင်းမှာ အခု ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးတဲ့အခါမှာ ဒီပြဿနာတွေက အထွတ်အထိပ်ကို ရောက်လာတယ်၊ နောက်ပြီး ဦးရွှေမန်းနဲ့ ဦးသိန်းဇော်ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ပြန်ရုပ်သိမ်းဖို့ တပ်မတော်သားတွေက လက်မှတ်ထိုးလိုက်တဲ့ ကိစ္စပေါ့၊ အဲဒါက ဥပဒေ မပြဋ္ဌာန်းရသေးလို့ အရေးယူလို့ မရဘူးဆိုတာ သိသိရက်နဲ့ လုပ်တာဟာ နိုင်ငံရေးအရ ထိုးနှက်လိုက်တဲ့ သဘောပေါ့နော်၊

ကိုယ်စားလှယ်လောင်းစာရင်းတွေ တင်လာတဲ့အချိန်မှာ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖြုတ်ချဖို့ ဆွေးနွေးကြဟန် တူပါတယ်၊ နောက်ပြီး ရွေးကောက်ပွဲဝင်မယ့် ဝန်ကြီးတွေ ဒုဝန်ကြီးတွေကို နုတ်ထွက်ခွင့် ပေးလိုက်တယ်လေ၊ နုတ်ထွက်ခွင့် ပေးလိုက်တာကလည်း သူတို့အတွင်းပိုင်းမှာ ကြိုတင်စီစဉ်ပြီးသား ရှိပါလိမ့်မယ်၊ ဒါမှသာ ပါတီအစည်းအဝေးကို တက်ခွင့်ရမှာပေါ့၊ နောက်ပြီး ဥပဒေအရ နုတ်ထွက်ခွင့်ပြုမှပဲ ပါတီရဲ့ လုပ်ငန်းတာဝန်တွေကို လုပ်လို့ရမှာပေါ့၊ အဲဒီနောက်မှ ဒီပါတီတွင်း ထုတ်ပယ်တာတွေ၊ တာဝန်အစားထိုး ယူတာတွေ လုပ်လို့ရမှာကိုး၊ ဆိုတော့ ဖြစ်စဉ်တွေက တစ်ခုနဲ့တစ်ခု ဆက်စပ်မှု ရှိပါတယ်၊ နောက်ဆုံး ဒီလောက်ထိ ဖြစ်သွားတာပေါ့နော်။

Voice ။ ။ သူရဦးရွှေမန်းက ပြုပြင်ပြောင်းလဲလိုတဲ့လူ၊ အခု လွှတ်တော်သက်တမ်း အတွင်းမှာလည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ အဆင်ပြေအောင် နေနိုင်တယ်လို့ သုံးသပ်ကြတာ ရှိတယ်ဗျ၊ ဆိုတော့ သူ့ကို ပါတီထိပ်ပိုင်းကနေ ဖယ်ရှားလိုက်ရင် ကြံ့ခိုင်ရေးပါတီ အတွင်းမှာ သဘောထား တင်းမာသူအုပ်စုက ပိုပြီးအင်အားတောင့်လာမယ်လို့ ပြောလို့ရမလား။

UYT ။ ။ အခုကတော့ အဲဒီလို အနေအထားမျိုး ဖြစ်သွားတာပေါ့။ မီဒီယာ လွတ်လပ်ခွင့် ပြုလိုက်တဲ့အခါမှာ ပါတီက ခေါင်းဆောင်တချို့က မီဒီယာမှာ ပြောကြဆိုကြတာ ရှိတာပေါ့၊ အဲဒီလို ပြောကြတဲ့အခါ မှာ အဓိကကတော့ အစိုးရရဲ့ အားနည်းချက်တွေကို ပြောရတာပေါ့၊ အဲဒီလို ပြောခံရတဲ့ အစိုးရဘက်ကလည်း ဘယ်နှစ်ခါ ဘယ်သူပြောသလဲ မှတ်ထားတယ်၊ အခု ဦးရွှေမန်းကို ဥက္ကဋ္ဌ တာဝန်ကနေ ဖယ်လိုက်တဲ့အခါကျတော့ အဲဒီကိစ္စတွေကို ပြောတဲ့လူတွေပါ ဖယ်ရှားခံရတော့တာပေါ့၊ ဆိုတော့ ပါတီတွင်းတိုက်ပွဲမှာ သဘောထား တင်းမာတဲ့သူတွေ သို့တည်းမဟုတ် အပြောင်းအလဲကို ထိထိရောက်ရောက် ထင်သာမြင်သာ အပြောင်းအလဲ မလုပ်ချင်တဲ့ လူတွေက အနိုင်ရသွားတဲ့ သဘောများ ဖြစ်နေတာပေါ့။

Voice ။ ။ ကြံ့ခိုင်ရေးပါတီ အကွဲအပြဲက လာမယ့်ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် ကာလအတွက် နိုင်ငံရေးတည်ငြိမ်မှုအတွက် ထိခိုက်လာနိုင်ဖွယ် ရှိမလား ခင်ဗျ။

UYT ။ ။ ကျွန်တော်တို့က အများကြီး စိုးရိမ်တာပေါ့နော်၊ ဒီ ၁၂ နေ့ မတိုင်ခင်ကတော့ အစိုးရ၊ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်ဆိုပြီး ခွဲမြင်လို့ရတယ်၊ ကော်မရှင်က ဘယ်ဘက်ကို လိုက်မှာလဲပေါ့နော်၊ ကျွန်တော်တို့ ဒီမိုကရက်တစ် အင်အားစုတွေ အတွက်ကတော့ အဲဒီအနေအထားလေးက မျှတတယ်ပေါ့နော်၊ အခုကျတော့ ပြည်ခိုင်ဖြိုးပါတီ၊ အစိုးရ၊ တပ်မတော်နဲ့ ရွေးကောက်ပွဲကော်မရှင်တို့က ၂၀၁၀ တုန်းကလို တစ်ဖွဲ့တည်း တစ်စုတည်းလို ပြန်ဖြစ်သွားတယ်လို့ မြင်ရတယ်၊ ဒါက ကျွန်တော်တို့ ခံစားချက်ပေါ့နော်၊ ၂၀၁၀ တုန်းကလို ရွေးကောက်ပွဲ တရားမမျှတမှုတွေ ပြန်ဖြစ်လာမလားပေါ့နော်၊ ဘာလို့လဲဆို အပြန်အလှန် ထိန်းညှိမယ့်ဟာလည်း မရှိတော့ဘူးလေ။


Ref ; Kamayut Media , Bagyithet B/S ၊ 7 Day Daily & The Voice


ဆက်စပ်လေ.လာရန်များ













No comments:

Post a Comment