Wednesday, April 1, 2015

အချစ်နဲ. စစ်သား - သောင်းဝေဦး




ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၃၆)တွင် ကျွန်တော်သည် အသေးကွေးဆုံးလေးငါးဦး၌ ပါဝင်၏။ တပ်စု(၁)တွင် ကျွန်တော်၊ ကိုသန်းအောင်၊ တပ်စု(၂)တွင် ကိုမောင်မောင်ရင်၊ ကိုတင်ထွန်း၊ တပ်စု(၃)တွင် ကိုစိုးဝင်း(မျောက်ကလေး)၊ ကိုမြင့်စန်း(ခွေးပုလေး)၊ တပ်စု(၄)တွင် ကိုစိုးလွင်(ဖီလော်ဆော်ဖာ) စသူတို့သည် ဗိုလ်လောင်ဖြစ်လာသူများပါပေ။

ထိုကဲ့သို့သော လူကောင်သေးသေးလေးများရှိသလို ပေါင် ၁၅၀ ကျော်သောလူထွားကြီးများလည်း ရှိ၏။ ထွားထွားကျိုင်းကျိုင်းနှင့်ကြွက်သားအဖုဖုထုထုပြီး ခရာချင်စရာကောင်းသော မြို့မငြိမ်း၏သီချင်းထဲ ကလို မောင်ဘွဲ့ရထားသည့် ဗိုလ်လောင်းကြီးများကလည်း လေးငါးခြောက်ဦးရှိ၏။ ထိုသူများကား ကိုမြင့်ဇော်၊ ကိုမျိုးသန့်၊ ကိုသာလင်း၊ ကိုမြသိန်း၊ ကိုကီဆိုင်နှင့် ကိုမောင်မောင်သန်းတို့ပင်တည်း။

ထိုအထဲ၌ အထူးခြားဆုံးကား ကိုမောင်မောင်သန်းပင်။ ကိုမောင်မောင်သန်းသည် ကာယဗလနှင့် ကာယအလှကို ငယ်စဉ်ကပင်လိုက်စာခဲ့၏။ ၀ါးခယ်မမြို့သားဖြစ်သည်။ အစ်ကို ကိုချစ်မောင်သန်းကလည်း ကာယဗလလိုက်စားသူ၊ ရန်ကုန်တက္ကသိုလ်မောင်ဘွဲ့ရထားသူ၊ အစ်ကို၏ အားပေးကူညီမှုဖြင့် အထက်တန်းကျောင်းသားဘ၀မှာပင် ၀ါးခယ်မ မောင်ဘွဲ့ရခဲ့၏။ ရန်ကုန်တက္ကသိုလ်ရောက်တော့ ပထမနှစ် မှာပင် ရန်ကုန်တက္ကသိုလ်မောင်ဖြစ်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားဖြစ်ပြီးသည်နှင့် အားကစားနယ်ပယ်ကျယ်ပြန့်လာ၍ ရန်ကုန်၌ မောင်ပြိုင်ပွဲ များ အပွဲပွဲနွှဲခဲ့ရာ မောင်ဒဂုံ၊ ပဲခူးတိုင်းမောင်၊ တိုင်းနဲ့ပြည်နယ်မောင်၊ လွတ်လပ်ရေးမောင်မှသည် မောင်ဗမာ ထိဖြစ်လာခဲ့၏။ ဗိုလ်လောင်းဖြစ်တော့ မောင်ဘွဲ့ ၉ ခုတောင် ရခဲ့ပြီးပြီ။

ကိုမောင်မောင်သန်းကား ကိုယ်ကာယသာလှသည်မဟုတ်။ လူကလည်းယောက်ျားပီသကာ ချော မော၏။ Handsome ဟုခေါ်လေမလား။ Manly beauty ဟုခေါ်ရလေမလားမသိ။ ရုပ်ကသာချောရုံမက အပြောကလည်း အလွန်ကောင်း၏။

ကျွန်တော်တို့ ဗိုလ်လောင်သင်တန်း(၃၆)၏ function များ၊ ပျော်ပွဲရွှင်ပွဲများ၌ အပြောကောင်းသော ကိုမောင်မောင်သန်းကို နည်းပြများက အမြဲတမ်း Master of Ceremony အခမ်း အနားမှူးတာဝန်ပေးလေ့ရှိ၏။

အထူးသဖြင့် ကျောင်းဆင်းပွဲနေ့က ဥရောပ၀တ်စုံနှင့်အခမ်းအနားမှူးလုပ်သည့် ကိုမောင်မောင်သန်း၏ အမူအရာ၊ အပြောအဆို၊ လေယူလေသိမ်းကို မှော်ဘီတပ်နယ်က အရာရှိကြီးများက အလွန်သဘောကျကြ၏။ “ ဟ ဒီဗိုလ်လောင်းက ရုပ်ဖြောင့်ပြီး တယ်အပြောကောင်းပါ လားကွ၊ ဓာတ်ရှင်မင်းသားတောင် လုပ်လို့ရတယ် ” ဟု ချီးကျူးကြ၏။

ကျွန်တော်သည် ဗိုလ်လောင်းဘ၀က ကိုမောင်မောင်သန်းနှင့် မခင်မင်ပါ။ သူကတပ်စု(၄)၊ ကျွန်တော်က တပ်စု(၁)ဆိုတော့ တပ်စုချင်းမတူတာလည်းပါပါသည်။ သဘောသဘာဝမတူကြတာလည်း ပါပါသည်။ ကိုမောင်မောင်သန်းက ဘယ်သူနဲ့မဆို တည့်အောင်နေတတ်သည့် သဟဇာတသမား၊ စိတ်မဆိုးတတ်သည့် အလှအပသမား၊ ကျွန်တော်က လူတကာနှင့် ရန်ဖြစ်ချင်သည့် ရန်လိုတတ်သူ၊ ကိုယ့် ထိရင် ဆတ်ဆတ်ထိမခံနိုင်သည့် Sensitive ဖြစ်သူ။

သို့ရာတွင်ထူးထူးခြားခြား ရန်ကုန်တက္ကသိုလ်တက်စဉ်က အညာသား ရေငန်သောက် မြက်ခြောက် စား ရေဦးသားကျွန်တော်သည် မြစ်ဝကျွန်းပေါ်က ၀ါးခယ်မသားများနှင့် ညီရင်းအစ်ကိုတမျှရင်းနှီးခဲ့၏။

ကျွန်တော်ယူခဲ့သည့် ဘာသာတွဲ Combination ၌ ၀ါးခင်မသားများစုနေ၏။ ကိုရီ၊ ကိုသိန်းကြည်၊ ကိုကျင်ဝ၊ ကိုဝင်းမြင့်၊ ကိုမင်းစိန်၊ ကိုမြင့်သော်၊ ကိုစိန်ထွန်း၊ မမြင့်မြင့်သန်း၊ မချောချော စသူတို့ပါပေ။ သူတို့တစ်တွေက Hosteller အဆောင်နေကျောင်းသူ၊ ကျောင်းသားများဖြစ်ကြသည်။ သူတို့က ချို့ချို့တဲ့ ကျောင်းတက်နေရသည့် Day Scholar ကျွန်တော့်အား ကျွေးမွေးစောင့်ရှောက်ကြ၏။ ခင်ခင်မင်မင်ပေါင်းသင်းကာ အားပေးကြ၏။ ကိုယ့်မြို့ ကိုယ့်ရွာမှလူတွေက သိပ်ပြီး အဖက်လုပ်မခံရသော ကျွန်တော်သည် မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးမို့ ၀ါးခယ်မသား လုံးလုံး ဖြစ်ခဲ့ရတော့၏။

ကိုမောင်မောင်သန်းကိုကား ကျွန်တော်တို့ထက် စီနီယာမို့ မသိကျွမ်းမခင်မင်ခဲ့ပါ။ ခင်မင်ကြသူ အားလုံးကား Same Batch များသာဖြစ်၏။ သို့ရာတွင် သူတို့နှင့်ပတ်သက်ပြီး ၀ါးခယ်မအသင်းနှင့်ဆိုင် သည့်ကိစ္စများသို့ မကြာခဏ၀င်ပါခဲ့မိရာ။

“ အဲဒါ တို့မြို့က ဘီအေနောက်ဆုံးတန်းတက်နေတဲ့ မောင်တက္ကသိုလ် ကိုမောင်မောင်သန်း ” ဟု ၀ါးခယ်မသား သူငယ်ချင်းများပြသဖြင့် မြင်ဖူးခဲ့၏။ ဤလိုနှင့် ၁၉၆၆ ခုနှစ်၊ မှော်ဘီတွင် ဗိုလ်သင်တန်းတက်တော့ ကျွန်တော်ကလည်း ဘွဲ့ရဗိုလ်လောင်း၊ ကိုမောင်မောင်သန်းကလည်း ဘွဲ့ရ ဗိုလ်လောင်းအဖြစ် ဗိုလ်သင်တန်းအမှတ်စဉ်(၃၆)၌ ကြုံကြ ဆုံကြလေတော့၏။ ထိုရောအခါတွင်ကား တစ် ယောက်နှင့် တစ်ယောက် မသိချင်လို့မရတော့ပါ။ တစ်နှစ်နီးပါးနေ့စဉ် မြင်တွေ့နေကြရာ ငယ်ကျိုးငယ်နာ များ အကျင့်များကစပြီး သိကြရတော့၏။ အတူအိပ်၊ အတူသွား၊ အတူစား၊ အတူနေဖြစ်ကြတော့ ဘာကိုမှ ဖုံးလို့ဖိလို့မရတော့ပါခင်ဗျာ။ ကောင်းတာတွေရော၊ မကောင်းတာတွေရော အကုန်သိကြရတော့၏။ ယောက်ျားသားချည်းစုနေကြရာ ရေချိုးတာတောင် All Naked ဆိုတော့ ဘယ်နေရာမှာ ဘာရှိတယ်ဆို တာကို တစ်ယောက်နှင့်တစ်ယောက် အူတွင်းချေးခါးမကျန်သိကုန်ကြတော့၏။

ထိုအခါ ကိုမောင်မောင်သန်းနဲ့ ကျွန်တော်လည်း သိကျွမ်းခင်မင်ခဲ့ရတော့၏။ ထူးဆန်းသည်က ၀ါးခယ်မသားထဲမှ သူတစ်ဦးသာ ကျွန်တော်နဲ့ စစ်တပ်ထဲအတူဝင်ဖြစ်ပြီး ကျန် ကျွန်တော်နဲ့အလွန်ရင်းနှီး သည့် ၀ါးခယ်မသား သူငယ်ချင်းအားလုံးနီးပါး ကျောင်းဆရာဖြစ်သွားကြကုန်သည်။

အထူးသဖြင့် အင်းယားလေနှင့် ကံ့ကော်ပန်းနံ့ကို နှစ်သက်ကြသဖြင့် ရန်ကုန်တက္ကသိုလ်က ကျောင်းဆရာများဘ၀ကို ခံယူလိုက်ကြ၏။

ဤသည်မှာ လူသေးသေးကွေးကွေးလေး ကျွန်တော်နှင့် လူထွားထွားကျိုင်းကျိုင်းကြီး ကိုမောင်မောင်သန်းတို့ ဆုံစည်းမှုအစပိုင်းပါခင်ဗျား။

x x x

ကျွန်တော်တို့တက်ရသည့် မှော်ဘီဗိုလ်သင်တန်းကား တစ်နှစ်နီးပါးကြာ၏။ ပြင်းထန်သောစစ်လေ့ ကျင့်ခန်းများကြောင့် လူဝလူထွားကြီးများ ပိန်သွားကြပြီး လူသေးလူညှက်ကလေးများက ၀လာကြ၏။ အညာသားဖြစ်ပါလျက် ပဲကောင်းကောင်းမစားခဲ့ဖူးသည့် ကျွန်တော်သည်လည်း တပ်မတော်ကုလားပဲ ပုံမှန်စားရပြီး အအိပ်၊ အစားမှန်လာသဖြင့် ကိုယ်အလေးချိန်များတိုးလာသည်။

ဤနေရာတွင် ရယ်စရာလိုလိုတစ်ခုအား ပြောလိုပါသေးသည်။ ကျွန်တော် တပ်ထဲဝင်မယ်လုပ် တော့ ကောလိပ်တွင်တွဲနေသော ကျွန်တော်၏ Girl Friend အစ်မကြီးက “ နင်က ငသေးငညှက် ရှူနာ ရှိုက်ကုန်းလေး၊ စစ်တပ်က သိပ်ပင်ပန်းတာတဲ့ဟဲ့၊ နင့်လိုရောဂါသည်လေးက စစ်သားလုပ်လို့မရပါဘူး ” ဟု လည်းကောင်း။

“ ငါ့အစ်ကိုတွေက ကျားကျားလျားလျားစစ်သားတွေ၊ နင့်လိုပျော့အိပျော့နဲ့နဲ့ စစ်သားလုပ်လို့ရမှာ မဟုတ်တဲ့ ကောင်ပေါက်စလေးကို အမေတို့၊ အစ်မတို့က သဘောမကျဘူး။ သူတို့က ကျားကျားလျားလျားမှ ” ဟု လည်းကောင်း။

ကျွန်တော်က သူမကို ချစ်ရေးဆိုပြီး လက်ထပ်ခွင့်တောင်းသောအခါ “ ငါက ငါ့ထက်ငယ်တဲ့သူ မယူဘူးဟဲ့ ” ဟု လည်းကောင်း ပြောခဲ့ဖူးသည်။

ပြောပေမပေါ့။ သူမက ထွားထွားကျိုင်းကျိုင်းကြီး။ အားလုံးအကြီးစားများ။ ကျွန်တော်က သေးသေးကွေးကွေး၊ လက်ထပ်ခွင့်တောင်းခဲ့မိစဉ်က လှောင်ပြုံးပြုံးပြီး “ နင်စစ်သားလုပ်ကြည့်ပါလား ” ဟု ခနဲ့၏။ စစ်သားဖြစ်သွားရင် သူယူမယ်ဆိုတဲ့သဘော။

ထိုစကားကို အသည်းစွဲအောင်မှတ်ထားပြီး ကျွန်တော်တပ်ထဲစွတ်ရွတ်ဝင်ခဲ့သည်။ ဗိုလ်လောင်းဖြစ် တော့ လေထီးတပ်က လာတွဲနေသည့် သရုပ်ပြတပ်ခွဲသို့သွား၍ အလေးမ တော့၏။ အလေး မသည့်အခါ ပထမ ကိုမောင်မောင်သန်း၊ ကိုကီဆိုင်၊ ကိုမြင့်ဇော် စသည့်မောင်တက္ကသိုလ်ကြီးများထံ နည်းနာနိဿယ များ မေးမြန်းခံယူ၏။

အထူးသဖြင့် အရိုးပြိုင်းပြိုင်းထနေသည့် ချိုးရင်အုပ်ကလေးကို ပုံမှန်ယောက်ျားပီသအောင် တစ်နေ့ အကြိမ်တစ်ရာခန့် ဒိုက်ထိုးရသည်။

Biceps နဲ့ Triceps ခေါ် လက်မောင်းကြွက်သားများကြီးလာအောင် အလေးများ အကြိမ်ရာနှင့်ချီပြီး မ , ရသည်။ တွန်းတင်ရသည်။ ပြီးတော့ ကိုယ်လုံးပေါ်မှန်ကြီးရှေ့၌ ကိုယ့်ကိုယ်လုံးကို အကြိမ်ကြိမ်ပြန်ကြည့်ရသည်။ ကြွက်သားတွေ ညှစ်ထုတ်ရသည်။ ကြိုးစားရတာ တကယ်မလွယ်ပါခင် ဗျာ။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပါသည်။

လေထီးစစ်သားများကလည်း ကျွန်တော့်ဇာတ်ကြောင်းကိုသိသည့်အခါ “ လုပ်ထားဗိုလ်လောင်း၊ လုပ်ထား၊ လုပ်ထား ” ဟု အလေးမ , တိုင်း ရယ်ရယ်မောမောနှင့် လာရောက်အားပေးကြသည်။ သူတို့၏ အထူးရိက္ခာဖြစ်သော ချောကလက်နှင့်ကြက်ဥများကျွေးကြသည်။

ရံဖန်ရံခါ၌ ကျွန်တော်က ကလေးဆန်ဆန် အလေးပြားများကို ဆောင့်တွန်းတင်ရင်း “ ဟိုမိန်းမကြီးဟေ့ ” ဟု အော်လိုက်သည့်အခါမျိုးတွင် “ သိပ်ပြီးဒေါသမကြီးပါနဲ့ဗိုလ်လောင်းရာ၊ အရိုးတွေ ကျိုးကုန်ပါအုံးမယ် ” ဟု စကြနောက်ကြပြန်သည်။

တစ်ခါသော် သရုပ်ပြတပ်ခွဲမှ ကျွန်တော်နဲ့ အလွန်ရင်းနှီးသည့် ကိုမောင်မောင်စိုးနှင့် ကိုဌေးတို့က အောက်ပါအတိုင်းမေးလာ၏။

“ ဗိုလ်လောင်း၊ ခင်ဗျားမမကြီးက ခင်ဗျားထက် ဘယ်လောက်ကြီးလဲ ”

“ ဘာကိုပြောတာလဲ ” “ အသက်လေဗျာ ” “ လေးနှစ်လောက်ကြီးတယ် ” “ ကိုယ်လုံးကိုယ်ထည်ကကောဗျာ ” “ ဟဲ - ဟဲ နှစ်ဆ၊ သုံးဆလောက်ကြီးမယ်ထင်တယ်။ မမကြီးက ထွား ထွားကျိုင်းကျိုင်းကြီးဗျ ”

“ သြော် - ဒါဆို ဗိုလ်လောင်းက ” “ ကျွန်တော်ကသူ့ပေါင်တစ်လုံးစာလောက်ပဲရှိမယ်ထင်တယ် ” “ ဒါဆို ခင်ဗျား မမကြီးပြောတာ မလွန်ပါဘူးဗျာ၊ နို့နေစမ်းပါအုံး - ခင်ဗျားက ဘာဖြစ်လို့ အဲဒီဟာကြီးကိုမှ သွားသဘောကျရတာလဲ ”

“ အချစ်ဆိုတာ ဆန်းကြယ်တယ်လေ၊ ဘာကန့်သတ်ချက်မှမရှိဘူး။ အဓိက , ကတော့ ကိုယ်မရှိတာကို ကြိုက်တဲ့သဘောဖြစ်မှာပေါ့ဗျာ၊ ကျွန်တော်ကသေးတော့ ကြီးတာလိုချင်တာပေါ့ ”

“ အဲဒါ ဟုတ်မယ်၊ ဟား - ဟား ဟား - ဟား - ဟား ”

ဤသို့ဖြင့် လေထီးတပ်ခွဲက ရဲဘော်ရဲဘက်များနှင့် စရင်းနောက်ရင်း ပြောင်ရင်း သူတို့အကူအညီ၊ သူတို့အားပေးမှုဖြင့် အလေးမ , ခဲ့ရာ ဗိုလ်သင်တန်းဆင်းတော့ ကျွန်တော့်ကိုယ်အလေးချိန်ပေါင် ၂၀ တိုး လာကာ လက်မောင်းကြွက်သား၊ ရင်အုပ်ကြွက်သားများ တင်းတင်းရင်းရင်းဖြစ် ယောက်ျားပီသသော ကိုယ်လုံးကိုယ်ထည်ကို ပိုင်ဆိုင်ခဲ့တော့၏။ အရပ်ကလည်း ၁ လက်မပိုရှည်လာသည်။

အင်္ကျီချွတ်ပြီး မမကြီးကို အမှီခိုင်းချင်စိတ်ပင် ပေါက်မိပါသေးသည်။ “ ကဲ - ဗိုလ်လောင်း၊ ကျောင်း လည်းဆင်းပြီ၊ ဗိုလ်လည်းဖြစ်ပြီ၊ လူကလည်း ညောင်ရမ်းညီနောင်ကားထဲက မင်းသားမြင့်အောင်လို အင်္ကျီ ချွတ်ပြီး ရုပ်ရှင်ရိုက်လို့ရပြီ၊ ခင်ဗျားမမကြီးကို သွားကြွားတော့ဗျာ ”

အထက်ပါအတိုင်း လေထီးတပ်ခွဲက ရဲဘော်ရဲဘက်များက မြှောက်ပေးကြသည်။ သူတို့မြှောက်ပေး သည့်အတိုင်းလည်း သွားခဲ့ပါသည်။ ကြွားခဲ့ပါသည်။

မမကြီးက ကျွန်တော်၏စစ်ဝတ်စုံနှင့် တောင့်တင်းသော ကိုယ်လုံးကိုကြည့်ပြီး အားရ၀မ်းသာစွာနှင့် “ ဟယ် - နင် အခုမှ စစ်သားနဲ့တူလာတယ်ဟဲ့ ” ပဋိသန္ဓာရပြုရှာ၏။

မလိမ္မာ ဗာလနမိုက်ခဲ ပြုတ်မနူး ကျွန်တော်က ဆောင့်ကြွားကြွားနှင့် “ စစ်သားမဟုတ်ဘူးဗျ၊ ကျုပ် ကစစ်ဗိုလ်၊ စစ်ဗိုလ် ” ဟု မာရေကျောရေပြောခဲ့၏။ ထိုကဲ့သို့ Diplomatic မဖြစ်သော၊ လူရည်မလည်သော အပြောအဆိုများကြောင့် မမကြီးနှင့် ဝေးခဲ့ရပါသည်။

မည်သို့ဆိုစေကာမူ ကိုမောင်မောင်သန်းတို့ကဲ့သို့ အားကျအတုယူဖွယ်ကောင်းသော ကာယဗလသမားကြီးများ၊ ရဲဘော်စိတ်ရှိသော လေထီးတပ်ခွဲမှ မိတ်ဆွေများကြောင့် စစ်သားဘ၀အစပိုင်း မှာပင် ယောက်ျားပီသသော ခန္ဓာကိုယ်နှင့် ကျွန်တော် လူတစ်လုံးသူတစ်လုံးဖြစ်ခဲ့ရပါ သည်ခင်ဗျား။

x x x

ဗိုလ်သင်တန်းဆင်းတော့ ကျွန်တော်တို့ဗိုလ်လောင်းများ တကွဲတပြားစီဖြစ်သွားကြသည်။ ကိုယ်တာဝန်ကျရာ ကိုယ်သွားကြရတော့၏။

ကျွန်တော်လည်း မမကြီးနဲ့မရပါ။ ဒုတိယဗိုလ်ဘ၀မှာပင် အေးအတူပူအမျှ တပ်ထဲတွင် ဒေါင်ကျကျ၊ ပြားကျကျနေမည့် တိုင်းရင်းသူမေနှင့် အိမ်ထောင်ကျခဲ့ပါသည်။

မမကြီးလည်း ကုန်သွယ်ရေးမှ အရာရှိတစ်ဦးနှင့် အကြောင်းဆက်ပေါင်းဖက်သွား၏။ သူမအမျိုးသားက သူမထက် အသက်ဆယ်နှစ်ခန့်ကြီးသည်ဆို၏။

“ ငါက ငါ့ထက်ငယ်တဲ့သူ မယူဘူးဟဲ့ ” ဟု ဆိုထားသဖြင့် သူ့ထက် ဆယ်နှစ်လောက်ကြီးသူ ရှာယူ သွားလေသလားမသိပါ။ ကျွန်တော့်ဇနီးကတော့ ကျွန်တော့်ထက်ငါးနှစ်ခန့်ငယ်ပါသည်။ ထားပါတော့ခင်ဗျာ။

ကျွန်တော်နဲ့ ကိုမောင်မောင်သန်းတို့ ပြန်ဆုံပုံ၊ ကြုံပုံလေးကို ပြောချင်ပါသေးသည်။

၁၉၇၉ ခုနှစ်၊ စစ်သက် ၁၃ နှစ်တွင် ခြေလျင်တပ်မှ ဗထူးတိုက်ခိုက်ရေးကျောင်းသို့ ကျွန်တော်ပြောင်းရသည်။ ဘုရင့်နောင်ခြေလျင်ဌာနခွဲ၌ နည်းပြတာဝန်ထမ်းဆောင်ရ၏။ မကြာခဏ ဗထူးမှ ရွှေညောင်သို့ သင်တန်းသားပို့ကြိုလုပ်ရသည်။ ထိုအချိန်မျိုးတွင် တောင်ကြီးရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သို့ ၀င်ရောက်သတင်းပို့ရသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တောင်ကြီးတွင် ရန်ကုန်တက္ကသိုလ်မောင် ကိုမောင်မောင်သန်းနှင့် မန္တလေးတက္ကသိုလ်မောင် ကိုမြင့်ဇော်တို့ရောက်နှင့်နေကြ၏။ ကိုမောင်မောင်သန်းက စစ်ဆင်ရေးဌာန တွင် စစ်ဦးစီးမှူး(တတိယတန်း) ကိုမြင့်ဇော်က တိုင်းစခန်းရုံး လုံခြုံရေးတပ်ခွဲမှ တပ်ခွဲအရာရှိ။ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်ရောက်သည်နှင့် သူတို့နှင့်ဝင်တွေ့ဖြစ်သည်။

“ ဟိတ် - သူငယ်ချင်းလေး၊ လာကွ၊ ဘယ်လိုလဲ၊ အလေးတွေ ဘာတွေမ , ဖြစ်သေးလား ”

လူချင်းတွေ့သည်နှင့် ကိုမောင်မောင်သန်းက စမေးသည်။ ဗိုလ်သင်တန်းကျောင်းမှာ ကျွန်တော့် ခံစားချက်နှင့် အလေးမ , သည်ကို သူကသိ၏။ သူ့စကားကြောင့် ကျွန်တော်ပြုံးရသည်။

“ မ , မတော့ပါဘူးဗျာ၊ ဟိုတုန်းကတော့ ဟိုမိန်းမကြီးကြောင့် မ , တာပါ၊ သူနဲ့မရဘူးဗျ ”

“ နော့ သူငယ်ချင်းလေးက ဘယ်သူနဲ့ရတာလဲ ”

“ ကရင်ပြည်နယ်မှာ တာဝန်ကျတော့ ကရင်မလေးနဲ့ပဲ ရတာပေါ့ဗျာ၊ သူကပိန်ပိန်လေး၊ ၀ိတ်မစရာ မလိုတော့ပါဘူး။ ၀ိတ်မ , မဘဲနဲ့လည်း ကိုယ့်မိန်းမကိုယ် ပွေ့နိုင်ပါတယ်၊ ကိုမောင်မောင်သန်းကော မ , သေးသလား ”

ကျွန်တော့်စကားကြောင့် သူက တစ်ပြန်တစ်လှဲ့ပြုံးသည်။ “ ကိုယ်ကတော့ Title တွေရထားတဲ့သူဆိုတော့ Body ပျက်မသွားအောင် ထိန်းထားရတာပေါ့၊ နည်းနည်းပါးပါးတော့ အမြဲမ , တယ်ကွ ”

သူပြောတာဟုတ်ပေလိမ့်မည်။ သူ၏ရုံးခန်း၌ ကမ္ဘာကျော်ကာယဗလသမားကြီးများဖြစ်သည့် မောင် စကြ၀ဠာ Steeve Reeve , Mark Forest , Zein , Columbo စသည့် ဗလမောင်ကြီးများ၏ ရုပ်ပုံများ အနှံ့ကပ်ထားသည်။ သူသည်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်က သောင်းကျန်းသူများအကြောင်းကို ဂဃနဏပြောနိုင်သလို မောင်စကြ၀ဠာများ၏ အတ္ထုပ္ပတ္တိကိုလည်း လုံးစေ့ပတ်စေ့ပြောနိုင်သူဖြစ်၏။

ထိုနေ့က သူနဲ့ကျွန်တော်စကားပြောနေကြစဉ် တိုင်းမှူးဗိုလ်ချုပ်လှဦး အခန်းတွင်းဝင်လာ၏။ ကျွန်တော်တို့နှစ်ဦးလုံးထရပ်ပြီး အလေးပြုလိုက်ကြသည်။

“ ဟေ့ - ဘာလုပ်နေကြတာလဲကွ ”

“ တိုက်ခိုက်ရေးကျောင်းက ကျွန်တော်နဲ့ တစ်ပတ်စဉ်တည်းဆင်း သူငယ်ချင်းရောက်နေလို့ ရှေးဟောင်းနှောင်းဖြစ်တွေပြောနေကြတာပါ တိုင်းမှူး။ သူနဲ့ကျွန်တော်က ဗိုလ်သင်တန်းဆင်းကတည်းက မတွေ့ကြတာ၊ အခုမှပြန်တွေ့တာခင်ဗျ ”

“ သြော် - အေးအေး၊ ဟေ့ မင်းအခန်းက ကာယဗလပုံတွေ အများကြီးပါလားကွ ”

တိုင်းမှူးကလည်း ကာယဗလ၊ ကာယအလှကို နှစ်သက်သူဖြစ်၍ သူ့တပည့်ကြီး၏ အခန်းတွင်းမှ မောင်စကြာဝဠာများ၏ပုံများကို နှစ်သက်သဘောကျစွာကြည့်ရင်းမေး၏။

“ ဟုတ်ကဲ့ - ရှေးဖြစ်ဟောင်း၊ အောက်မေ့ဖွယ်ပါခင်ဗျ ” “ သူတို့အကြောင်းပြောစမ်းပါအုံးကွ ”

တိုအခါ ကာယဗလနဲ့ ကာယအလှအကြောင်းကို အားပါးတရပြောတတ်လှသည့် ကိုမောင်မောင် သန်းက တိုင်းမှူးအား သူ့ဇာတ်လိုက်များ၏ ကိုယ်ရေးရာဇ၀င်နှင့် Activity များ၊ Performance များကို ရွှန်းရွှန်းဝေအောင်ပြောတော့၏။ စစ်ဆင်ရေး Briefing လုပ်သလိုပါပင်။ သူ့စကားဆုံးတော့ တိုင်းမှူးက ပြုံးလိုက်သည်။

“ မင်းအပြောကောင်းတာနဲ့ ငါတောင် မောင်စကြ၀ဠာဖြစ်ချင်လာပြီ၊ ကဲ - ရပါပြီကွာ၊ မင်းတို့သူငယ် ချင်းချင်းပြောစရာရှိတာပြောကြတော့၊ သြော် - ဟေ့ တိုက်ခိုက်ရေးကျောင်းက အရာရှိလေး၊ အပြန်သတိထားသွားကွ၊ တောင်နီနားတစ်ဝိုက်က ရန်သူဖြတ်သွားဖြတ်လာရှိတတ်တယ်နော် ”

“ ဟုတ်ကဲ့ပါခင်ဗျ ”

တိုင်းမှူးထွက်သွားပြီးနောက် အတန်ကြာစကားပြောကာ ကျွန်တော်လည်း တိုက်ခိုက်ရေးကျောင်း သို့ ပြန်ခဲ့ပါတော့သည်။

လအနည်းငယ်အကြာ၌ ကိုမောင်မောင်သန်း ဗထူးသို့ခြေလျင်တပ်ခွဲမှူးသင်တန်းလာတက်၏။ ထိုအခါ ကျွန်တော်နှင့် ပြန်တွေ့ကြပြန်သည်။ သူကသင်တန်းသား၊ ကျွန်တော်ကနည်းပြ၊ သင်တန်း၌ သင်ခန်းစာများအကြောင်းမပြောဖြစ်ဘဲ ၀ါးခယ်မသား တက္ကသိုလ်တုန်းက သူငယ်ချင်းများအကြောင်း၊ ဗိုလ်သင်တန်းကျောင်း၌ ကျွန်တော်မခံချင်စိတ်နှင့် အလေးမ , ဖြစ်သည့်အကြောင်းများကိုသာ ပြောဖြစ်ခဲ့၏။ သင်တန်းပြီးတော့ သူနှင့်ကျွန်တော်ကွဲကွာသွားကြပြန်သည်။

၁၉၈၁ ခုနှစ်၌ သူရောကျွန်တော်ပါ တစ်ဆင့်မြင့်ရာထူးတပ်ခွဲမှူး ဗိုလ်မှူးတာဝန်ဖြင့် အသီးသီးပြောင်းကြရသည်။ ကျွန်တော်က မြေလတ်ဒေသ မကွေးသို့၊ သူက မြစ်ဝကျွန်းပေါ်ဒေသ ဓနုဖြူသို့။

တပ်မတစ်ခုတည်းဖြစ်၍ သံလွင်အရှေ့ခြမ်း ကျိုင်းတုံဒေသသို့ စစ်ဆင်ရေးဝင်ကြရသည်။ တစ်ရက် တွင် ကျိုင်းတုံမှပြန်ဆင်းလာသည့် သူတို့တပ်ရင်းနှင့် ကျိုင်းတုံသို့တက်လာသည့် ကျွန်တော်တို့တပ်ရင်း ကားတန်းခြင်း တာကော်နှင့် ကွန်ဟိန်းကြား ဆင်မောင်းရွာကလေး၌ ဆုံကြ၏။ သူ့တပ်ရင်းမှူးနှင့် ကျွန်တော့်တပ်ရင်းမှူးကလည်း သူနှင့်ကျွန်တော့်လိုပင် ဗိုလ်သင်တန်းတစ်ပတ်တည်းဆင်းများဖြစ်ကြ၏။ သူတို့က ဆင်မောင်းအရင်ရောက်နေပြီး နေ့လယ်စာစားရန် ပြင်ဆင်နေကြ၏။

သူ့တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကျော်စိန်က ကျွန်တော့်တပ်ရင်းမှူးကို မြင်သည်နှင့် “ လာဟေ့ ဖိုးကိုလေး၊ နေ့လယ်စာအတူစားလိုက်ရအောင် ” ဟု ၀မ်းသာအားရခေါ်သည်။ တစ်ပတ်တည်းဆင်းဖြစ်ကြ၍ သူတို့မှာလည်း ပြောစရာစကားတွေများလှချေ၏။

“ သူက ဘယ်သူလဲ ”

ဗိုလ်မှူးကြီးကျော်စိန်က ကျွန်တော့်ကိုကြည့်ပြီးကျွန်တော့်တပ်ရင်းမှူးအားမေးလိုက်၏။“ ကျွန်တော့် ဆီက တပ်ခွဲမှူး ဗိုလ်မှူးပါ ” “ သြော် ”

“ ကျွန်တော်က ဗိုလ်မှူးကြီးတို့ဆီက ဗိုလ်မှူးမောင်မောင်သန်းနှင့် တစ်ပတ်စဉ်တည်းပါခင်ဗျာ ”

ကျွန်တော် စကားဆုံးသည်ဆိုလျှင်ပင် Convoy ယာဉ်တန်းနောက်ပိတ် Rear Guard လိုက်ပါ လာသည့် ဗိုလ်မှူးမောင်မောင်သန်းရောက်လာ၏။ သူက ပြုံးပြုံး၊ ပြုံးပြုံးနှင့် အလေးပြုပြီးဝင်ထိုင်လိုက်သည်။

“ ကားတွေအားလုံး စုံပါတယ်တပ်ရင်းမှူးကြီး ” သူ့တပ်ရင်းမှူးကြီးကို ကားစုံကြောင်းသတင်းပို့၏။ ပြီးတော့ ကျွန်တော့်ကို လှမ်းနှုတ်ဆက်လိုက်သည်။

“ ဟိတ် - သူငယ်ချင်းလေး ” ကျွန်တော်က ပြန်ပြုံးပြလိုက်သည်။

ကျွန်တော့်တပ်ရင်းမှူးကြီးသည် တစ်ရံရောအခါက ရေတပ်မှဖြစ်၍ အဏ္ဏ၀ါမောင်ဘွဲ့ရ ကာယဗလ သမားကြီးဖြစ်သည်။ ကိုမောင်မောင်သန်းလိုပင် ကာယဗလအကြောင်းဆိုလျှင် မမောနိုင်၊ မပန်းနိုင်ပြောတတ်၏။ ထို့ကြောင့် -

“ တပ်ရင်းမှူးကြီးခင်ဗျာ၊ ဒီဟာ ဗိုလ်မှူးမောင်မောင်သန်းပါ၊ ကျွန်တော်နဲ့ တစ်ပတ်စဉ်တည်းခင်ဗျ၊ သူက ရန်ကုန်တက္ကသိုလ်မောင်ဘွဲ့နဲ့ မောင်ဗမာဘွဲ့ရထားတာ ”

ကျွန်တော်က ကိုမောင်မောင်သန်း၏ ဂုဏ်ပုဒ်ကိုဖော်ကာ မိတ်ဆက်ပေးလိုက်ပါသည်။ ကျွန်တော့် တပ်ရင်းမှူးကြီးက နှစ်လိုဖွယ်ရာပြုံးပြီး -

“ သြော် - ဟုတ်လား၊ ကောင်းတယ်ဗျာ၊ ကျွန်တော်လည်း ရေတပ်မောင်ဘွဲ့ရထားတာဗျာ၊ တက္ကသိုလ်တက်တော့ ရေတပ်ကနေပြီး တက်တယ်၊ ရန်ကုန်တက္ကသိုလ်မောင်ပြိုင်ပွဲလည်း ၀င်ပြိုင်သေး တယ်ဗျ၊ ဆုရဖို့သေချာနေတာ၊ ဒါပေမဲ့ ကျွန်တော်နဲ့အတူ ၀ိတ်မ , နေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုချစ် မောင်သန်းကဗျာ၊ ကျွန်တော့်ကို တက္ကသိုလ်ကျောင်းသားအစစ်မဟုတ်ဘူးဆိုပြီး အတင်းလိုက်ကန့်ကွက်လို့ ရန်ကုန်တက္ကသိုလ်မောင် မဖြစ်လိုက်ရတော့ဘူး။ ကိုချစ်မောင်သန်းက အဲဒီတုန်းက Complexion က သိပ်မကောင်းဘူးဗျ။ ကျွန်တော်နဲ့ပြိုင်ရရင် သူရှုံးမှာ ” ဟု အားပါးတရပြော လေတော့သည်။

ထိုအခါ ကိုမောင်မောင်သန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် “ တပ်ရင်းမှူးကြီးပြောတဲ့ ကိုချစ်မောင်သန်း က ကျွန်တော့်အစ်ကိုအရင်းခင်ဗျ ” ဟု ဆိုလေတော့သည်။

“ သြော် - ဟုတ်လား၊ ဆောရီးဗျာ၊ ဆောရီး၊ ဆောရီး ” “ ဟား - ဟား - ဟား - ဟား - ဟား - ဟား ”

ဤသို့ဖြင့် ကိုမောင်မောင်သန်း၊ ကျွန်တော့်တပ်ရင်းမှူး ဗိုလ်မှူးကြီး ကိုလေး၊ သူ့တပ်ရင်းမှူး ဗိုလ် မှူးကြီး ကျော်စိန်နှင့် ကျွန်တော်တို့သည် ဆင်မောင်းရွာကလေး၌ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်ကြပါသတည်း။

x x x

ဆယ်စုနှစ် နှစ်ခေတ်ကြာသွားခဲ့ပါပြီ။ ကျွန်တော်တို့တစ်တွေ ရာထူးတွေတိုးတက်ရရှိကာ အရာရှိ ကြီးများအဖြစ်ဖြင့် တပ်မတော်မှ နယ်ဘက်သို့ ပြောင်းလွှဲတာဝန်ထမ်းဆောင်ရသည်။

ကိုမောင်မောင်သန်းနှင့် ကျွန်တော်တို့ ရန်ကုန်တွင် ပြန်ဆုံတွေ့ကြသည်။ နယ်ဘက်တွင် ဆယ်နှစ် နီးပါး တာဝန်ထမ်းဆောင်ရပြီး သူရောကျွန်တော်ပါ တာဝန်မှအနားယူကြပါသည်။

ဝါသနာပါရာ စာပေအနုပညာအလုပ်များကို လုပ်ဖြစ်သည်။ ကျွန်တော်က ကိုယ်ပိုင်မဂ္ဂဇင်းတစ်စောင်ထောင်သည်။ သူကလည်း လက်သွေး၍ စာတွေရေးနေသည်။ မြန်မာ့ရုပ်သံတွင် မှုခင်းဇာတ်လမ်းတိုလေးများလည်း ရေးသားထုတ်လွှင့်သည်။

ကျွန်တော်မဂ္ဂဇင်းထုတ်တော့ စာတွေရေးပို့သည်။ လူချင်းလည်း မကြာခဏတွေ့ဆုံဆွေးနွေးဖြစ်သည်။ ထိုရောအခါများ၌ စစ်သားဘ၀အမှတ်တရများသာမက ငယ်ဘ၀က အကြောင်းများပြော၍ ငယ်မူပြန်ကြသည်။

ကျွန်တော်က ကျောင်းသားဘ၀က ၀ါးခယ်မသူ စာရေးဆရာမကြီး ခင်နှင်းယုကို အလွန် Crazy ဖြစ်ခဲ့သူမို့ ခင်နှင်းယု၏ “ မွှေး ” ၀တ္ထုအစပိုင်းမှာပါသည့် “ ယခုလိုအချိန်ရောက်ပြီဆိုလျှင် အတွတ်နှင့် မွှေး တို့အတူတကွ မွေးဖွားလာခဲ့သော ၀ါးခယ်မမြို့ပြင်၌ လယ်ကွက်များထဲတွင် စပါးစေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည် ” ဆိုသောစာပိုဒ်ကို အလွတ်ရွတ်ပြလိုက်၏။

“ ဟာ - ကိုယ့်သူငယ်ချင်းခံစားချက်က မသေးပါလား၊ ကိုယ်မှသာ ခံစားသလားအောက်မေ့တယ် ” ဟုဆိုလေတော့သည်။ ထို့နောက် သူနှင့်ကျွန်တော် First Love အကြောင်းကို ဆွေးနွေးကြပြန်သည်။ ကျွန်တော်ပထမဆုံးရေးခဲ့သည့် First Love နှင့်ဆိုင်သော “ ချစ်၍ခေါ်သည် လိုက်တော်မူခဲ့ မပျောင်းနွဲ့ နှင့် ” အမည်ရ ၀တ္ထုလေးကို ပြောပြဖြစ်သည်။

နှစ်ပေါင်းများစွာ ချစ်ခဲ့ရပြီး ကံမပါ၍ ချစ်ဦးသူနှင့်ကွဲခဲ့ရသော ကျွန်တော်၏ဇာတ်ကြောင်းကို နားထောင်ပြီးသည့်အခါ -

“ ဒီလိုပဲသူငယ်ချင်းရေ ချစ်တာနဲ့အိမ်ထောင်ကျတာ တစ်ထပ်တည်းတော့ မကျဘူး၊ ချစ်တိုင်းလည်း မညားဘူး၊ ညာတိုင်းလည်းမချစ်ဘူး၊ ကိုယ်လည်းသူငယ်ချင်းလိုပါပဲကွာ၊ ငယ်ချစ်ဦးနဲ့လွဲခဲ့ တယ်၊ လွဲရုံဘယ်ကမလဲ ပြန်တွေ့ကြတော့လည်း အဆန်းတကျယ်ပြန်တွေ့ရတယ် ”

“ ဘယ်လိုပြန်တွေ့ကြတာလဲ ”

“ စစ်သားဖြစ်ပြီးမှ တောကြီးမျက်မည်းမှာ ပြန်တွေ့ကြတာသူငယ်ချင်းရေ၊ တွေ့ကြတော့လည်း ကြေကွဲစရာပါပဲ ”

ကိုမောင်မောင်သန်းက သူ၏ငယ်ချစ်ဦးအကြောင်းကို ဆွေးဆွေးမြည့်မြည့်ပြောလေ၏။ “ အဲဒီတုန်း က စစ်သားကြီးကိုယ့်မှာ ယောက်ျားရင့်မာကြီးဖြစ်လျက်နဲ့ မျက်ရည်လည်ခဲ့ရတယ်သူငယ်ချင်း ”

“ဟာ - ကိုမောင်မောင်သန်းကလည်း ကျွန်တော့်သာပြောတာ ခင်ဗျားကလည်း အသည်းအသန်ပါ လား ”

“ ဟုတ်တယ်သူငယ်ချင်း ”

“ ဒါဆိုလည်း နောင်တော်ကြီးရဲ့ဇာတ်လမ်းလေးကို ၀န်မလေးရင် ကြားချင်တယ်ဗျာ၊ ပြောပြလို့ရရင် ပြောပြပါအုံး။

ထိုအခါ မောင်ဘွဲ့တွေအများကြီးရထားသည့် စစ်သားကြီး၏ လွမ်းဆွေးဖွယ် အချစ်ဇာတ်လမ်းကို အောက်ပါအတိုင်းနားထောင်ရပါတော့သည်။

သူ့ဇာတ်ကြောင်းကို ကာယကံရှင်ခံစားထားသည့်အတိုင်း ကာယကံရှင်၏အပြောဖြင့် ဖော်ပြသွားပါ မည်။ ကာယကံရှင်နောင်တော်ကြီး ကိုမောင်မောင်သန်း ကျွန်တော့်ကို နားလည်ခွင့်လွှတ်နိုင်ပါစေ။

ကိုမောင်မောင်သန်းနဲ့ မှုံခေါ်သူ၏ငယ်ချစ်ဦးဇာတ်လမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်ခင်ဗျား။

x x x

မှုံနဲ့အမောင်တို့ရဲ့ဇာတိမြို့ ၀ါးခယ်မ

မှုံနဲ့ကျွန်တော်တို့နေသည့် ၀ါးခယ်မမြို့ကလေးသည်ကား ဧရာဝတီမြစ်ဝကျွန်းပေါ်မြို့ကလေးမို့ မြစ်ချောင်း၊ အင်းအိုင်များနှင့် ၀န်းရံထားလေသည်။ ချောင်းတွေ၊ မြောင်းတွေနှင့်အတူ ပတ်ဝန်းကျင်တစ် မျှော်တစ်ခေါ်၌ လယ်ကွင်းများက ကျယ်ပြောပြန့်ပြူးလှပါ၏။

ဝါးခယ်မသည် မွန်စကားဖြစ်၏။ ၀ါးကြယ်မမှ ၀ါးဟရယ်မ။ ထိုမှသည် ၀ါးခယ်မဖြစ်လာသည်ဟု မြန်မာ့စွယ်စုံကျမ်းက ဆိုထားသည်။ ၀ါးဟူသည် ကွင်း၊ ကြယ်မ , ဟူသည် မျိုးကြဲသည်။ ထို့ကြောင့် ၀ါးကြယ်မ၊ သို့မဟုတ် ၀ါးခယ်မဆိုသည်မှာ မျိုးကြဲသောကွင်းဟု အဓိပ္ပာယ်ရ၏။

ထိုဝါးခယ်မအမည်ရသည့် လယ်ကွင်းများဝန်းရံနေသော မြို့ကလေး၌ ကျွန်တော့်ချစ်ဦးသူမှုံနှင့် ကျွန်တော်တို့ မွေးဖွားစကြီးပြင်းခဲ့ကြ၏။ ပမာဆိုသော် ဆရာမကြီးခင်နှင်းယု၏ မွှေးဝတ္ထုထဲက အတွတ်နှင့် မွှေးတို့နှယ်ပါပင်တည်း။

ဝါးခယ်မသည် မြစ်ချောင်း၊ အင်းအိုင်တို့ဝန်းရံထားသည်မို့ နွေတွင် မြစ်ချောင်းများကို ဖြတ်တိုက်လာသည့် လေနုအေးကြောင့် ပူနွေးမှုသက်သာသလို ဆောင်းတွင်လည်း နွေးသော ရေခိုးရေငွေ့များကို ဖြတ်သန်း တိုက်ခိုက်လာသောလေကြောင့် နွေးပြီးအအေးသက်သာ၏။ မိုးအခါတွင်မူ တစ်ခါတစ်ရံ မြစ်ရေများလျှံတတ်၏။ ထိုအခါမျိုး၌ သပြေကသီး ရေကကြီးသနှင့် မှုံနဲ့ကျွန်တော်ကား ငယ်သူတို့ဘာသာဘာဝ သပြေပင်ကြီးများအောက် သပြေသီးကောက်ရင်း သပြေသီးမှည့်ကြီးများ ရကြသည့်အခါ “ ရော့ - အမောင်စား ” ၊ “ ဟင့်အင်း - မှုံစား ” ဟု တစ်ယောက်နဲ့တစ်ယောက်အကြင်နာပို ခဲ့ကြရသည်။

ရံဖါရံခါ၌တွင်ကား သပြေသီးကောက်ရင်း ချစ်စနိုးကျီစယ်ကာ သပြေသီးနဲ့ ပေါက်ကြနောက်ကြသည်။ စိတ်မဆိုးနိုင်ကြ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးပျော်ကြည်နူး ခဲ့ကြသည်။

မိုးတွင်းတစ်နေ့ သပြေသီးကောက်ပြီးစ၌ ကျွန်တော်အမြတ်တနိုးယူလာခဲ့သည့် အနံ့မွှေးမွှေးစံပယ် ပန်းကုံးလေးကို မှုံ့ခေါင်းမှာ ပထမဆုံးအကြိမ် ယုယုယယပန်ပေးမိသည်။ ကျွန်တော်ပေးတဲ့ပန်းမို့လားမသိ “ မှုံက စပယ်ပန်းသိပ်ကြိုက်တာအမောင် ” ဟု ကျေနပ်ကြည်နူးသည့်မျက်နှာဖြင့် မှုံကဆိုခဲ့သည်။

သြော် - ဒီလိုဆိုတော့လည်း အမောင်ရင်ခုန်ရပါလားမှုံရယ်။

မှုံကမြစ်ဝကျွန်းပေါ်သူ၊ အဲ - ၀ါးခယ်မသူဆိုတော့ နာမည်နဲ့လိုက်အောင် သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာ မှည့်စပြုနေသည့် ၀ါရွှေရောင်စပါးခင်းနှယ် အသားဝါ၀ါနှင့် မှုံနေအောင်လှပါသည်။ အသားသာမက မျက်လုံးမျက်ခုံးကအစ လှသည်။ နှုတ်ခမ်းပါးလေးကလည်း ပြုံးလဲ့လဲ့နှင့် ချစ်စရာကောင်း သည်။ ကျွန်တော်ပေးတဲ့ စံပယ်ပန်း ပန်လိုက်သည့်အခါ သွယ်လျလျမှုံက ပိုပြီးလှလာသည်။

“ ပန်းပန်ရင် နန်းဆန်သတဲ့အမောင်၊ ပြီးတော့ မှုံက စံပယ်ပန်းလည်း သိပ်ကြိုက်တာ ” ဟု ဆိုခဲ့သ ဖြင့်လည်း ကျွန်တော့်မှာ မှုံ့အတွက် နေ့စဉ်ရက်ဆက် စံပယ်ပန်းဆက်သည့် ပန်းဆက်သမားဗျတ္တဖြစ်ခဲ့ရ၏။ တစ်ရက်မှ ပျက်ကွက်ခဲ့သည်မရှိ။

ဒီလိုနဲ့မှုံနဲ့ ကျွန်တော်တို့နှစ်ယောက် ကလေးဘ၀က မောင်ချစ်၊ နှမချစ်၊ ကလေးချစ်၊ မူလတန်းလွန် လို့ အလယ်တန်းရောက်တော့ သူငယ်ချင်းချစ်။ အထက်တန်းကျောင်းသားဖြစ်ကြတော့ သူငယ်ချင်းမက သမီးရည်းစားမကျ။ ရန်ကုန်တက္ကသိုလ်ကြီးအတူရောက်ကြတော့ သစ်ပုပ်ပင်ကြီးအောက် နှစ်ယောက်တည်း ချစ်ရည်ရွှန်းလဲ့တဲ့မျက်လုံးများနဲ့ ပါးစပ်က ဘာမှမပြောကြသေးပေမယ့် အသည်းနှလုံးက စကားတွေပြောခဲ့ကြပြီပဲ။

x x x

မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာ

မှုံက စာသမား၊ အထူးသဖြင့် နိုင်ငံရေးသိပ္ပံ Political Science ကို အလွန်စိတ်ဝင်စားသူမို့ ငယ် ကတည်းက စာစုံအကုန်ဖတ်ခဲ့တဲ့မှုံတစ်ယောက် တက္ကသိုလ်မှာ နိုင်ငံရေးစာပေတွေကို ပိုလေ့လာသည်။

ကျွန်တော်က ကာယဗလသမား၊ အလယ်တန်းကျောင်းသားဘ၀ကစခဲ့တဲ့ ကာယလေ့ကျင့်ခန်းတွေ ကို တက္ကသိုလ်ရောက်တော့ နေ့စဉ်တက္ကသိုလ်ရှိ အားကစားရုံကိုသွားပြီး လေ့ကျင့်သည်။

ဥပစာတန်းမှာ မှုံနဲ့ကျွန်တော်ဘာသာတွဲတစ်ခုတည်းယူပြီး ကျောင်းတက်ကြသည်။ သွားအတူလာတူ မခွဲအတူတူ၊ အမြဲအတူတူ။ ကြာတော့ ဘေးကတောင် မနာလိုဖြစ်လာကြသည်ထင်ရဲ့။

“ ဟင်း - ဒီအတွဲက သည်းကိုသည်းတယ် ” တဲ့။ ဟုတ်မှာပေါ့။

ညနေ Class ပြီးလို့ ကျွန်တော်အားကစားရုံကိုသွားပြီး ကာယဗလလေ့ကျင့်တဲ့အခါ မှုံက အတူတူ လိုက်လာတတ်သည်။ ပြီးတော့ ကျွန်တော်လေ့ကျင့်နေတဲ့ အချိန်တစ်နာရီကျော်လောက်မှာ အားကစားရုံ ဘေးမှာရှိနေတဲ့ ကျောင်းသားသမဂ္ဂ Student's Union အဆောက်အအုံမှာ စာဖတ်ရင်း မှုံကစောင့်သည်။ ကျောင်းသားသမဂ္ဂတွင် စာဖတ်သည့်ကာလကြာလာသည့်အခါ မှုံတစ်ယောက် နိုင်ငံရေးစာပေများကို ပိုဖတ်လာသည်။

ဒါကိုကျွန်တော်သတိထားမိပါသည်။ မှုံလည်း မှုံ့ဝါသနာ၊ ကျွန်တော်လည်း ကျွန်တော့်ဝါသနာမို့ ကျွန်တော်ဘာမှ မပြောခဲ့မိပါ။

ဥပစာအောင်ပြီး ၀ိဇ္ဖာတန်းရောက်တော့ ကျွန်တော်က မှုံ့ကိုချစ်ရေးဆိုသည်။ ဆယ်ကျော်သက်က ကျွမ်းချစ်သဒ္ဒါကြိုးသူမှာမူ ဆိုတဲ့စကားလို ကလေးဘ၀က စခဲ့ကြတဲ့အချစ်ကို တက္ကသိုလ်ကျောင်းသားကြီး ဖြစ်မှ ဖွင့်မပြောလျှင် ဘယ်တော့ပြောရမှာလဲ။ ဒါ့ကြောင့် အနှစ်နှစ်အလလမျိုသိပ်ထားခဲ့တဲ့ ကျွန်တော့်အချစ်ကို မှုံသိအောင် တရားဝင်ချစ်ခွင့်ပန်လိုက်ရခြင်းပါ။

“ သူရယ်ကိုယ်ရယ် ဖွင့်မပြောဘဲ xxxx အသည်းချင်းသိလို့နေ xxxx ပန်းချစ်တဲ့သူရေ xxxx လှမ်းလင့်လို့ကြိုနေ xx ဘယ်အခါ ဘယ်ကမ္ဘာမှများ အသည်းအသက်နှင်းလို့ချစ်ရမလေ xx အို ပြောပါချစ်သူရေ xx ”

အဲဒီတုန်းက ကျွန်တော်က ၀ါးခယ်မသား စန္ဒရားလှထွဋ်ရဲ့ သီချင်းကိုဆိုပြဖြစ်သည်။ ကျွန်တော်ရဲ့ ချစ်ခွင့်ပန်ခြင်းက သာမန်မဟုတ်ပါ။ လက်ထပ်ခွင့်ပါ တစ်ပါတည်းတောင်းခံခဲ့ခြင်းဖြစ်ပါ၏။

ကျွန်တော်ရဲ့ချစ်ခွင့်ပန်မှုကို မှုံက အပြုံးလှလှဖြင့် လက်ခံသည်။ လက်ထပ်ဖို့ကျတော့ “ ဘွဲ့ရပြီးမှ ပေါ့ အမောင်ရယ် ” ဟု မဆိုင်းမတွပြောသည်။

ကျွန်တော့်ဆီက Propose ကို ကြိုတွက်ထားပုံရ၏။ ထို့ကြောင့်အဖြေကို ချက်ချင်းပေးနိုင်သည်။ ဒီနောက်တော့ မှုံနဲ့ကျွန်တော်တို့ တရားဝင်ရည်းစားဖြစ်ကြပြီး ပွင့်ပွင့်လင်းလင်းချစ်စကားအလှများ ပြောနိုင် ခဲ့ကြသည်။ ပြီးတော့ ကိုယ်ဝါသနာပါသည်များကို လွတ်လွတ်လပ်လပ်ဆောင်ရွက်ခဲ့ကြသည်။

ထုံးစံအတိုင်းကျွန်တော်က ကာယဗလ၊ မှုံကတော့ သူမ, ၀ါသနာထုံခဲ့သည့် နိုင်ငံရေးစာပေများ၊ ပြီးတော့ ကျောင်းသားအသင်းအဖွဲ့ကိစ္စများ၊ ပြီးတော့ ဆွေးနွေးဟောပြောပွဲများ၊ ၀ိဇ္ဖာတန်းတွင် နိုင်ငံရေး သိပ္ပံ ( Political Science ) ယူထားသည့်မှုံက ဆွေးနွေးပွဲများတွင် နိုင်ငံရေးစကားပင် ပြောလာသည်။

ထိပ်တန်းကျောင်းသားခေါင်းဆောင်များအနက်မှ တစ်ဦးဘ၀အထိပင် ရောက်လာသည်။ မှုံက ထိုသို့ ကိုယ်ဝါသနာပါသည်ကို တစိုက်မတ်မတ်ဆောင်ရွက်နေချိန်မှာ ကျွန်တော်ကလည်း ရန်ကုန်တက္ကသိုလ်မောင်ဘ၀ကို ခံယူနိုင်ရုံမက မောင်ဗမာဘွဲ့ကိုပင် ပိုင်ဆိုင်ခဲ့ပြီး အားကစားလောကမှာ ကျယ်ကျယ်ပြန့်ပြန့်ကျက်စားမိသည်။

မှုံနဲ့ ကျွန်တော်တို့ ဗာဟီရတွေများလာပြီး အရင်ကလောက် တစ်ယောက်နဲ့တစ်ယောက် မတွေ့နိုင် ကြတော့။ တွေ့ကြချိန်တွင်လည်း ကိုယ်ကိစ္စများနှင့်ကိုယ် စကားကြာကြာ ပြောချိန်မပေးနိုင်ကြတော့။ လူတွေဟာ သူတို့အကြောင်းနဲ့ သူတို့ပါပဲလေ။

ဝိဇ္ဖာနောက်ဆုံးနှစ်စာမေးပွဲကြီး မဝေးတဲ့နေ့တစ်နေ့မှာ မှုံက ကျွန်တော့်ကို သည်သို့ပြောလာ၏။

“ အမောင့်အောင်မြင်မှုတွေကို မှုံဝမ်းသာပါတယ်၊ ဒါပေမဲ့ အားကစားထဲမှာ သိပ်ဝါသနာပါသွားပြီး အမောင်စာမေးပွဲကျမှာ မှုံစိုးတယ်။ အဲဒါဆို မှုံနဲ့ နီးဖို့ ကြာသွားအုံးမယ် အမောင်ရယ် ”

မောင်ဘွဲ့တွေအများကြီးနဲ့ ကျွန်တော့်ကို မှုံက စိုးရိမ်စကားဆိုလာသည်။ ကျွန်တော်ကလည်း မှုံရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို စိုးရိမ်နေမိသည်မှာ ကြာပြီ။ ချစ်သူဆိုတော့ ပြောမထွက်ခဲ့။ ယခုလို မှုံကြေ့ပာလာ တော့ ကျွန်တော်ကလည်း ပြောရတော့မည်။

“ မှုံစကားကို အမောင်နားထောင်ပါ့မယ်။ မှုံကိုလည်း အမောင်ပြောပါရစေ၊ Political Science ယူထားတာမို့ နိုင်ငံရေးစာပေတွေ မှုံလေ့လာတာ၊ ဆွေးနွေးတာတွေကို အမောင်ဘာမှ မပြောလိုပါဘူး၊ ဒါပေမဲ့ နိုင်ငံတော်နဲ့ သဘောထားချင်းမတူတဲ့ အရောင်ရှိတဲ့ ကျောင်းသားအဖွဲ့အစည်းတွေနဲ့တော့ မှုံမပတ် သက်ပါနဲ့မှုံရယ်၊ မှုံ အမောင့်ကိုစိုးရိမ်သလို အမောင်လည်း မှုံအတွက် စိုးရိမ်မိပါတယ် ”

အမှန်လည်း မှုံ့အတွက် စိုးရိမ်မိပါသည်။ မှုံက အလွန်တက်ကြွကာ တက္ကသိုလ်ကျောင်းသားလောကမှာ Popular ဖြစ်နေပြီ။ ကိုသက်၊ ကိုဘဆွေလေး စတဲ့ကျောင်းသား ခေါင်းဆောင်များနှင့်အတူ ဒိုးတူပေါင်ဖက် ရင်ပေါင်တန်းကာ အစိုးရဆန့်ကျင်ရေး၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဆန့်ကျင်ရေးစကားများကို ပြောတတ်နေပြီ။ မှုံတို့မျိုးရိုးကိုက နိုင်ငံရေးအဆက် အနွယ်များမို့ အသွေးအသားထဲကပင် မှုံသည် ဘိုးစဉ်ဘောင်ဆက်နိုင်ငံရေးကို ၀ါသနာပါလာသူဖြစ်ပါ၏။ ဒါကိုလည်း ကျွန်တော်သိထားပါသည်။

“ အမောင်ရယ် - မှုံတို့အမျိုးအကြောင်းလည်း အမောင်သိသားနဲ့၊ ၀ါသနာဘာဂီ ဆက်တိုင်းမှီလေ၊ မှုံကိုမှုံနိုင်ပါတယ်၊ အမောင်သိပ်မစိုးရိမ်ပါနဲ့ ”

ချစ်တုန်းခင်တုန်း တပြုံးပြုံးမို့ ချစ်သူက ပြေရာပြေကြောင်းပြောလေတော့ “ သြော် - ကိုယ်လည်း ကိုယ့်ဝါသနာနဲ့ကိုယ်၊ သူလည်း သူ့ဝါသနာနဲ့သူ ဘာမှမဖြစ်တန်ကောင်းပါဘူးလေ ” လို့ ယူဆပြီး မှုံရဲ့စကားကို ကျွန်တော်လက်ခံခဲ့ပါသည်။

မှုံပြောခဲ့တဲ့ “ ၀ါသနာဘာဂီ ဆက်တိုင်းမှီပေါ့ အမောင် ” ဆိုတဲ့စကားရဲ့ အတိမ်အနက်ကိုတော့ မသိခဲ့ရိုး အမှန်ပါခင်ဗျား။

x x x

ဘ၀ဆိုတာများ မရေရာ

ဝိဇ္ဖာဘွဲ့ရပြီး အလုပ်အကိုင်အတည်တကျဖြစ်မှ မှုံ့အားလက်ထပ်ယူမည်ဟုကျွန်တော်ဆုံးဖြတ်ထားသည်။ မှုံကလည်း သူမ , ၀ါသနာပါသည့် အသင်းအပင်းများနှင့် အလုပ်ရှုပ်နေ၏။

ဘွဲ့ရပြီးတော့ မှုံနဲ့ကျွန်တော်အရင်ကလို မဆုံဖြစ်တော့ တစ်ယောက်တစ်ကွဲစီ ဖြစ်သွားခဲ့ကြသည်။ မှုံက ၀ါးခယ်မပြန်သွားသည်။ ကျွန်တော်က ရန်ကုန်မှာ အလုပ်များနေသည်။ မှတ်မှတ်ရရ နောက်ဆုံးတွေ့ ခဲ့ကြသည်ကား ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးတွင် ဘွဲ့ယူစဉ်ကဖြစ်သည်။

ထိုစဉ်က ကျွန်တော်က ကျွန်တော့်အဖေနှင့် ဘွဲ့လာယူသည်။ မှုံက သူမအမေနှင့် ဘွဲ့လာယူသည်။ မှုံ၌ ဖခင်မရှိရှာတော့။ အမေတစ်ခု သမီးတစ်ခုသာ။ ထိုစဉ်ကလည်း မှုံနှင့်ကျွန်တော် စကားကြာကြာမပြောဖြစ်ခဲ့။ မပြောနိုင်ခဲ့။ ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ခဏသာတွေ့ဖြစ်ကြရသည်။

ဘွဲ့ယူပြီးတော့ ကျွန်တော် တပ်မတော်ထဲဝင်ဖြစ်သည်။ တက္ကသိုလ်အရန်တပ်ရင်းကိုပင် မ၀င်ခဲ့ဖူး သော ကျွန်တော်သည် တပ်မတော်အကြောင်းကို ထဲထဲဝင်ဝင်သိသူမဟုတ်ခဲ့။

“ တပ်မတော်မှ သင့်ကို အလိုရှိသည် ” ဟူသော စာသားကြော်ငြာကြည့်ခါမျှဖြင့်ပင် တပ်ထဲဝင်ခဲ့သည်ဟုဆိုလျှင် ပိုအံ့မထင်ပါ။ တပ်ထဲဝင်ဝင်ရေး လုံးပန်းနေသဖြင့် ဗိုလ်သင်တန်းတက်ဖြစ်ချိန် ထိ မှုံနှင့်မဆုံဖြစ်ခဲ့ပါ။

တစ်နှစ်ခန့်ဗိုလ်သင်တန်းတက်ခဲ့ရသည်။ ဗိုလ်သင်တန်းသို့လည်း မှုံထံက စာမလာခဲ့ပါ။ မှုံနဲ့ပတ်သက်ပြီး ကျွန်တော့်အတွက် အရာရာသည် မှုန်ဝေေ၀၊ မှုန်ဝါးဝါးဖြစ်စပြုခဲ့ပါပြီ။ ၀ါးခယ်မရှိ ဆွေမျိုး သားချင်းများဆီက စာလာတိုင်းလည်း မှုံ့သတင်းစကား ဘာမှမကြားရပါ။

ဗိုလ်သင်တန်းဆင်းလျှင်ဆင်းချင်း ခွင့်ရ၍ ၀ါးခယ်မသို့ အပြေးအလွှားပြန်ခဲ့သည်။ လက်ထပ်ဖို့အရေးဆွေးနွေးရန် မှုံ့ကိုရှာသည်။ ၀ါးခယ်မမှာ မှုံမရှိပါ။ ရွာပြန်သွားသည်ဆိုသည်။ မှုံတို့ဇာတိ ခတ္တိယရွာကလေးအထိ ကျွန်တော်လိုက်သွားသည်။ မှုံ့ကိုထပ်ရှာသည်။ ခတ္တိယမှာ မှုံ့အမေ ကွယ်လွန်သွားခဲ့ပြီးပြီ။ အမေကွယ်လွန်သွား၍ အမေတစ်ခု သမီးတစ်ခုနေခဲ့သော မှုံတစ်ယောက် ရွာမှ စိတ်ပြေလက်ပျောက်ခရီးထွက်မည်ဟုပြောပြီး ကြက်ပျောက်ငှက်ပျောက် , ပျောက်သွားကြောင်း သတင်း အစရခဲ့ပါ၏။

ဦးကြော့ရဲ့ စုံနံ့သာမြိုင်မင်းသမီးလေးလို ကျွန်တော် မှုံ့ကိုရှာခဲ့မိသည်။ ခွင့်စေ့၍ပြန်တော့ လွမ်းမော ဖွယ်ဝါးခယ်မ၀န်းကျင်က လယ်ကွင်းပြင်များပေါ်မှ ဖြတ်သန်းတိုက်ခိုက်လာတဲ့ လေနုအေးလေးနဲ့ တောရိပ် တောင်ရိပ်တွေကိုကြည့်ပြီး “ မှုံ ဘယ်မှာလဲ အချစ်ရယ် ” လို့ ငယ်ဘ၀ကို သတိရပြီး လွမ်းလွမ်းဆွေးဆွေး မှုံ့ကို တမ်းတမိပါသည်။ မှုံ့ကို ဆက်ပြီးရှာမိပါသေးသည်။

တာဝန်တွေထမ်းဆောင်နေရပြီဖြစ်သည့် တပ်မတော်သားတစ်ဦးအနေနှင့် ကိုယ့်ကိုယ်ကို မပိုင်တော့လို့ တောတောင်ရေမြေအနှံ့ တစ်နိုင်ငံလုံးသွားပြီး မရှာနိုင်ပေမယ့် တတ်နိုင်သမျှနည်းတွေသုံးပြီး မှုံ့ကိုရှာသည်။ 


နောက်ဆုံးတော့ -

မှုံ

ရောက်ရာအရပ်က အမြန်ဆက်သွယ်ပါ။

မှုံသာ မောင့်ဘ၀၊ မှုံသာ မောင့်ကမ္ဘာ၊ မှုံသာ မောင့်ကဗျာ၊ မှုံသာ မောင့်အဖော်မွန်ပါ။

မှုံ့ကို ထာဝရစောင့်မျှော်နေလျက်ပါ။

အမောင်

မတတ်နိုင်သည့်အဆုံး အထက်ပါ ကဗျာမပီ၊ စာမပီသည့် ကြော်ငြာလေးကို သတင်းစာမှာရက်ပေါင်းအတော်ကြာ ကျွန်တော်ထည့်ခဲ့မိပါတော့သည်။ အချည်းနှီးသာတည်း။

ခြေရာလည်းပျောက်၊ ရေလည်းးနောက်ပြီး မှုံပျောက်ချင်းမလှပျောက်ခဲ့ပါသည်။ မှုံ့ကို ပြန်မတွေ့ရ၊ မကြုံရတော့သည့်အဆုံးတွင်ကား မှုံ့ကို မှန်းဆတမ်းတပြီး ကျွန်တော် အချစ်သစ်မရှာဖြစ်တော့ပါ။ ပန်းဆို လျှင်လည်း စံပယ်ဖူး၊ အချစ်ဆိုလျှင်လည်း ငယ်ချစ်ဦးဆိုပြီး ကျွန်တော်တစ်ယောက် တစ်ကိုယ်ရေစစ်သား ဘ၀နှင့် ပျော်အောင်နေခဲ့မိပါတော့သည်။ သြော် - မှုံရေ၊ မင်းဘယ်မှာလဲအချစ်ရယ်။

  တစ်ကိုယ်ရေစစ်သားဘဝ

မှုံ့ကိုတမ်းတရင်း ကျွန်တော့်ဘ၀ကို တပ်မတော်သားများနှင့် အေးအတူပူအမျှ အတူတကွလက်ရည်တစ်ပြင်တည်းနေထိုင်ရင်း ပျော်ခဲ့ရသည်။

ငယ်စဉ်ကပင် တစ်စုံတစ်ရာသောအတိုင်းအတာအထိ ဂီတနှင့် တေးသီချင်းများကို ၀ါသနာပါသူမို့ တစ်ကိုယ်ရေစစ်သားဘ၀တွင် အားလပ်ချိန်များ၌ ဂီတနှင့်အဖော်ပြုခဲ့မိသည်။ ဂီတသာမက စာပေ၀ါသနာ ကလည်းရှိပြန်သဖြင့် ကောင်းနိုးရာရာစာပေများကိုလည်း ဖတ်ဖြစ်သည်။

ငယ်ချစ်ဦးနှင့်ပတ်သက်ပြီး ခံစားချက်ရှိနေသူမို့ သီချင်းများဆိုလျှင်လည်း ကျွန်တော်နဲ့ မှုံတို့၏ဘ၀နှင့် ဆက်စပ်ပတ်သက်နေသည့် သီချင်းများကိုသာ နားထောင်ဖြစ်ခဲ့သည်။ အများဆုံးနားထောင်ဖြစ်သည့် သီချင်းများကား ကိုမြသိန်းရဲ့ “ ငယ်ချစ်ဦး ”၊ ကိုရဲဝင်းရဲ့ “ ငယ်ချစ်ဦးနဲ့ တွေ့ဆုံခြင်း ” ၊ ကိုသန်းဖေလေးရဲ့ “ ငယ်ကအချစ် အနှစ်တစ်ရာမမေ့သာ ” စသည် စသည်များသာ ဖြစ်ခဲ့ပါသည်။ 


ဗိုလ်သင်တန်းဆင်းလျှင်ဆင်းချင်း ဖွဲ့စည်းခါစ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ကွပ်ကဲမှုအောက် က တပ်ရင်းတစ်ရင်းတွင် ကျွန်တော်တာဝန်ကျခဲ့ပါသည်။ စစ်ဆင်ရေးဒေသကမူ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါ် ဗကပများ ကြီးစိုးမင်းမူနေသည့် ပဲခူးရိုးမဒေသပင်ဖြစ်ပါ၏။ ထိုစဉ်က ပဲခူးရိုးမတွင် ဗကပတို့ အာဏာနီ တည်ဆောက်နေစဉ်ကာလ။

ဗကပတို့သည် ပဲခူးရိုးမအနောက်ခြမ်းဖြစ်သော ပြည်၊ ပေါင်းတည်၊ ပေါက်ခေါင်းဒေသများ၌ ၎င်းတို့ ၏ အာဏာနီကို စတင်တည်ဆောက်ခဲ့ကြ၏။

ဗကပတို့သည် ပြည်၊ ပေါင်းတည်၊ ပေါက်ခေါင်းဒေသများ၌ အာဏာနီတည်ဆောက်သည်ဆိုပြီး ဒေသခံပြည်သူများကို ရက်စက်စွာသတ်ဖြတ်၍ ဒုက္ခအမျိုးမျိုးပေးလေတော့သည်။

အမျိုးဘာသာ သာသနာကိုပါ ထိပါးစော်ကားမှုများ ပြုလုပ်လာသည်။ သို့ဖြင့် ကျွန်တော်တို့ အမှတ် (၇၇)ခြေမြန်တပ်မဌာနချုပ်မှ ဗကပတို့ အာဏာနီတည်ဆောက်နေသော ပြည်၊ ပေါင်းတည်၊ ပေါက်ခေါင်း အရှေ့ခြမ်းဒေသများအား ၀င်ရောက်ရှင်းလင်းတိုက်ခိုက်ရတော့သည်။

ဗကပတို့၏ အာဏာနီဌာနချုပ်မှာ ပြည်ခရိုင်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ ဗဟိုဌာနချုပ်ပါ ပြည်ခရိုင် အတွင်းသို့ ရွှေ့ပြောင်းခဲ့ကြသည်။ ပြည်ခရိုင်အတွင်း၌ ဗဟိုဆေးကျောင်းကိုပါထားရှိသည်။ ဗဟိုဆေးကျောင်းနှင့် ဗဟိုကော်မတီတို့သည် ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ ပဲခူးခရိုင်၊ သရက်ခရိုင်အရှေ့ခြမ်း စသည်တို့၌ လည့်လည်သွားလာကာ အာဏာနီတည်ဆောက်နေကြသည်။

အာဏာနီတည်ဆောက်နိုင်ရန် ပီကင်းပြန်ဗိုလ်တင်ရှိန်နှင့် မစိန်ဝင်းတို့ကို ဗဟိုမှ တိုက်ရိုက်တာဝန် ပေးခဲ့သည်။ ဗိုလ်တင်ရှိန်သည် သာယာဝတီခရိုင်ကော်မတီနှင့် စစ်ရေးတာဝန်ခံဖြစ်သည်။ ပီကင်းပြန် မစိန်ဝင်းမှာ တရုတ်ပြည်တွင် ဆေးသင်တန်းတက်လာပြီး ဗဟိုဆေးကျောင်းကို တာဝန်ယူထားသူဖြစ်၏။

ဗိုလ်တင်ရှိန်နှင့် မစိန်ဝင်းတို့သည် ဗဟို၏လမ်းညွှန်ချက်များကို လက်တွေ့အကောင်အထည်ဖော် ကြရသည်။ မစိန်ဝင်းသည် သာယာဝတီခရိုင်တွင် တပ်နီအမျိုးသမီးများနှင့် တပ်နီလူငယ်များကို အထူးအာရုံစိုက်၍ လေ့ကျင့်မွေးမြူခဲ့သည်။ အားသစ်များကို တည်ဆောက်ခဲ့သည်။ အားသစ်များထဲ၌ ရန်ကုန်တက္ကသိုလ်မှ တောခိုလာကြသော ကျောင်းသား၊ ကျောင်းသူများပါရှိခဲ့လေသည်။ ကျောင်းသူအချို့ကို ၎င်း၏အနားတွင် အနီးကပ်ခေါ်ယူထားရှိပြီး လက်သပ်မွေးမြူသင်ကြားပေးလေသည်။

၁၉၆၇ ခုနှစ်၊ နှောင်းပိုင်းတွင် ဗဟို၏လမ်းညွှန်မှုအရ မစိန်ဝင်းသည် ဗဟိုဆေးကျောင်း၌ ပထမဆုံး အကြိမ် ပြည်သူ့ကျန်းမာရေးနှင့် တော်လှန်ရေးဆေးသင်တန်းကို ဖွင့်လှစ်ခဲ့၏။ ထိုသင်တန်းကျောင်းမှ နီလည်းနီ၊ ချွန်လည်းချွန်သောကေဒါများကို လေ့ကျင့်ပေးခဲ့၏။ ဤလုပ်ငန်းများ၏ ဦးစီးဦးကိုင်မှာလည်း မစိန်ဝင်းပင်ဖြစ်၏။

ဤနေရာတွင် မစိန်ဝင်း၏ ကိုယ်ရေးရာဇ၀င်အား အနည်းငယ်ဖော်ပြလိုပါသည်။ ပီကင်းပြန်များထဲ၌ မစိန်ဝင်းသည် အတက်ကြွဆုံးဖြစ်၏။ မစိန်ဝင်း၏အမည်ရင်းမှာ ခင်ခင်ကြည်ကြည်ဖြစ်၏။ မစိန်ဝင်းတို့ ညီအစ်မနှစ်ယောက်သည် ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် အထက်မြန်မာပြည် “ မသုံးလုံးဒေသ ” ၌ တောခို လာကြခြင်းဖြစ်၏။

မစိန်ဝင်း၏အစ်မမှာ မပွင့်ရီဖြစ်၏။ မစိန်ဝင်းနှင့်မပွင့်ရီတို့ဖခင်မှာ မန္တလေးမြို့တွင်နေထိုင်သော စက်ရှင်တရားသူကြီးဟောင်းတစ်ဦးပင်။ မစိန်ဝင်းသည် တောခိုလာပြီးနောက်တွင် “ မမျိုးသန့်” ဟူ`၍ဖြစ် လာ၏။ ၁၉၅၃ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုအဖွဲ့ဝင်သခင်သန်းမြိုင်၏ဆန္ဒအရ တရုတ်ပြည်သို့ ဆေးမှူးအဖြစ်ဖြင့် လိုက်ပါသွားခဲ့ရ၏။

တရုတ်ပြည်တွင်မူ “ မတ်စ်လီနင်ဝါဒ နိုင်ငံရေးတက္ကသိုလ် ”၌ မတ်စ်ဝါဒ၊ လီနင်ဝါဒတို့ကို လေ့လာခဲ့၏။ အထူးသဖြင့် မော်စီတုန်း၏ အကြမ်းဖက်ရေး၊ တော်လှန်ပုန်ကန်ရေးအတွေးအခေါ်များကို သင်ကြားနာယူခဲ့၏။

တရုတ်ပြည်တွင် မစိန်ဝင်း၏ အမည်မှာ “ ၀မ်ယွင် ” ဖြစ်၏။ ၁၉၆၁ ခုနှစ်တွင် ရဲဘော်မျိုးတင့်(ခ) ယွီကြုနှင့်လက်ထက်ခဲ့၏။ မစိန်ဝင်းသည် ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလတွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေး နွေးပွဲကို အကြောင်းပြု၍ မြန်မာနိုင်ငံသို့ တရုတ်ပြည်ပီကင်းမြို့မှတစ်ဆင့် ပြန်လည်၍ ရောက်ရှိလာခဲ့၏။ ၁၉၆၄ ခုနှစ်တွင် မစိန်ဝင်းအား ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်မှ သာယာဝတီခရိုင်ကော်မတီတွင် တိုက်ရိုက်တာဝန်ပေးအပ်ခဲ့လေသည်။

ဤသည်ကား မစိန်ဝင်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းပင်ဖြစ်ပါသည်။


ငယ်ချစ်ဦးနှင့်တွေ့ဆုံခြင်း

မစိန်ဝင်း၏သတင်းက ပြည်ခရိုင်၌ အလွန်ကြီးသည်။ သတ်ရဲဖြတ်ရဲ လုပ်ရဲကိုင်ရဲသည်။ မိန်းမတန်ပဲ နှင့် အလွန်ရက်စက်သည်။ ထို့ကြောင့် “ နှစ်ယောက်မရှိ နိုးတူးစိန် ” ဟု ဆိုသူတို့က ဆိုကြသည်။ အချို့က မူ ပြက်ရယ်ပြုသလိုလိုနှင့် “ နို့တစ်လုံးစိန် ” ဟု ခေါ်သူတို့ကခေါ်ကြသည်။ မစိန်ဝင်းကို ဗကပဗဟိုက အလွန်အားထား၏။

ထိုမစိန်ဝင်းခေါင်းဆောင်သော ဗဟိုဆေးတပ်နှင့် ဆေးကျောင်းကို ကျွန်တော်တို့တပ်ရင်းမှတိုက်ခိုက်ရန် အကြောင်းတိုက်ဆိုင်လာသည်။

အချိန်ကား ၁၉၆၈ ခုနှစ်၊ နှောင်းပိုင်းကာလဖြစ်သည်။ ကျွန်တော်တို့တပ်ရင်းသည် ပေါင်းတည်အရှေ့ခြမ်း တောင်ညိုဒေသ၌ ဗကပများအား ရှင်းလင်းလျက်ရှိသည်။ တစ်နေ့တွင် ဘန့်ဘွေး ကုန်းအမည်ရရွာကြီး၌ ခေတ္တအခြေပြုနေခိုက် -

“ဗကပနှစ်ယောက် လက်နက်ချလာတယ် ” ဟု ကင်းအဖွဲ့က၈ သတင်းပို့လာသည်။ လက်နက်ချလာသူများမှာ မစိန်ဝင်း၏ ဗဟိုဆေးတပ်မှဖြစ်၏။ ကျွန်တော့်တပ်ရင်းမှူးက ချက်ချင်းပင် သတင်းမေးမြန်းဖော်ထုတ်သည်။ ရရှိသောသတင်းပေါ်မူတည်၍ မစိန်ဝင်း၏ ဗဟိုဆေးတပ်နေရာကို ရှင်းလင်း တိုက်ခိုက်ရန် စီမံသည်။ ထို့နောက် ကျွန်တော်တို့တပ်ရင်းနှင့် မလှမ်းမကမ်း၌ လက်ရင်းကပ်ခို အောင်းနေသည့် မစိန်ဝင်း၏ ဗဟိုဆေးတပ်အား မြန်မြန်ဆန်ဆန်ပင်သွားရောက်တိုက်ခိုက်သည်။ သိပ်ပင် ပင်ပန်းပန်းမရှာလိုက်ရဘဲ တိုက်ခိုက်လိုက်နိုင်၏။

ထိုတိုက်ပွဲ၌ ကျွန်တော့်တပ်ခွဲက ပွိုင့်မှ ချီတက်တိုက်ခိုက်ရန် တာဝန်ကျသည်။ ကျွန်တော်တို့၏ ချီ တက်မှုမှာ ညချီတက်မှုဖြစ်သဖြင့် ရန်သူများအငိုက်မိပြီး အလောင်း၊ လက်နက်အများအပြားစွန့်ပစ်ကာ စခန်းမှ ကစဥ့်ကလျား၊ တကွဲတပြား ထွက်ပြေးသွားခဲ့ကြ၏။

“ ဗိုလ်ကြီးမောင်မောင်သန်းရေ - ဒီတိုက်ပွဲမှာ မစိန်ဝင်းမရလိုက်တာနာတယ်ဗျာ။ ဒါပေမဲ့ ကစဥ့်ကလျား တကွဲတပြားဖြစ်သွားတော့ ကျွန်တော်တို့ တပ်ခွဲတွေအားလုံး ဖြန့်ပြီးလိုက်ရှင်းဖို့ လိုတယ်ဗျာ။ ဒါဆို နောက်ထပ်အမြတ်ရနိုင်သေးတယ် ”

တပ်ရင်းမှူးကြီးညွှန်ကြားချက်အရ တိုက်ပွဲနေရာပတ်ဝန်းကျင် လေးငါးဆယ်မိုင်အတွင်း ကျွန်တော် တို့တပ်ခွဲများ အသေးစိတ်လိုက်လံရှင်းလင်းကြသည်။ ထို့ကြောင့် နောက်ထပ်အလင်းဝင်သူများ၊ ဖမ်းဆီးရ မိသူများရှိခဲ့၏။

တစ်ပတ်ခန့်အကြာတွင် ဗဟိုဆေးတပ်မှ အမျိုးသမီးစစ်ရေးတာဝန်ခံဆိုသူတစ်ဦး ပြင်းထန်သောသေနတ်ဒဏ်ရာများနှင့် လက်နက်ချဝင်ရောက်လာ၏။ သူမကို အနီးဆုံးကျေးရွာမှ ထမ်းစင်ဖြင့်လာပို့ခြင်းဖြစ်သည်။ ပြင်းထန်သောသေနတ်ဒဏ်ရာကို ဆေးမထည့်ရဘဲ တောထဲတွင် တစ် ပတ်ခန့်နေခဲ့ရသဖြင့် ဒဏ်ရာရခြေထောက်များမှာ ရောင်ကိုင်းနေပြီး မျက်နှာမှာလည်း သစ်ကိုင်းဝါးကိုင်းများရိုက်ထားသဖြင့် မျက်လုံးများပင် ပိတ်လုမတတ်ဖြစ်နေ၏။

“ ကဲ ကိုမောင်မောင်သန်းရေ - ဒီတိုက်ပွဲမှာ ခင်ဗျားတပ်ခွဲက ပွိုင့်ကသွားပြီး ပစ်ခတ်တိုက်ခိုက်ထားတာ ဒီအမျိုးသမီးက ခင်ဗျားလက်ချက်ပဲဖြစ်မယ်၊ ကျွန်တော် နည်းနည်းပါးပါးမေးပြီး ပြီ၊ သူက တော်တော်ယုံကြည်ချက်ပြင်းထန်တယ်ဗျ၊ ဒါပေမဲ့ အခု သူ့ပါတီကို သိပ်စိတ်နာလွန်းလို့ လက်နက်ချလာတာ၊ အဲဒီလိုမဟုတ်ရင် အသေခံမယ့်သဘောရှိတယ်၊ လိုအပ်တဲ့ပဏာမ ကုသမှုတွေတော့ တပ်ရင်းက လုပ်ပေးပြီးပါပြီ။

ဒါပေမဲ့ အခြေအနေမကောင်းဘူး။ အနီးဆုံး ပေါင်းတည်ဆေးရုံကို ပို့ပေးမှ အသက်ရှင်လိမ့်မယ်၊ ဒဏ်ရာအရှိန်နဲ့ ဖျားလည်းဖျားနေတယ်ဗျာ၊ ခင်ဗျားက ပြောတာဆိုတာ ပြေပြေလည်လည်၊ ညက်ညက်ညောညောနဲ့ ပြောတတ်ဆိုတတ်ရှိတော့ ဒီအမျိုးသမီးကို သွားတွေ့လိုက်ပါ၊ ကျွန်တော်တို့ တပ်မတော်ရဲ့ သဘောထားလည်းရှင်းပြလိုက်ပါ။ ရနိုင်မယ့်သတင်းလေးလည်း နည်းနည်းပါးပါး မေးကြည့် ပေါ့ဗျာ ”

တပ်ရင်းမှူးက စကားကို အရှည်ကြီးပြော၍ ရပ်နားလိုက်သည်။ တပ်ရင်းမှူး၏ညွှန်ကြားချက်ကြောင့် ဗဟိုဆေးတပ်၏ စစ်ရေးတာဝန်ခံ ထိုအမျိုးသမီးအား ကျွန်တော်သွား ရောက်တွေ့ဆုံပါသည်။ တပ်ရင်းဆေးခန်း ယာယီလူနာဆောင်၌ သူမကိုတွေ့ရ၏။ ကျွန်တော်က ပဏာမ စကားအနည်းငယ်ပြောပြီး သူမကို မေးမိသည်။

မျက်လုံးဒဏ်ရာကြောင့် သူမက ကျွန်တော့်ကို မြင်ဟန်မတူ၊ အသံသာကြားပုံရ၏။ “ ဘယ်လိုဖြစ်ခဲ့တာလဲ၊ ဖြစ်စဉ်ကိုတော့ နည်းနည်းပြောပေးပါဗျာ ”

ကိုယ်က သွားတိုက်သူဆိုတော့လည်း သူမထံမှဖြစ်စဉ်ကိုတော့ သိလိုပါသေးသည်။ “ ကျွန်မတို့ ဆေးကျောင်းဖွင့်နေတဲ့အချိန်မှာ ဆေးကျောင်းလုံခြုံရေးနဲ့ ပတ်ဝန်းကျင်လှည့်လည်တိုက်ခိုက်ရေးအတွက် ကျွန်မက တာဝန်ယူရပါတယ်၊ အဲဒီနေ့က ကျွန်မတပ်က ရဲဘော်နှစ်ယောက် ရိက္ခာနဲ့ ဟင်းသီးဟင်းရွက်သွားရှာတယ်၊ မနက်သွားပြီး ညနေပြန်လာနေကျ၊ ဒါပေမဲ့ အဲဒီနေ့က ပြန်ရောက်မလာ ဘူး။ ဒါကြောင့် သိပ်မဝေးတဲ့ ဗိုလ်ကြီးတို့တပ်ကို လက်နက်ချသွားပြီလို့ ကျွန်မတို့ ခေါင်းဆောင်ပိုင်းကယူဆတယ်၊ မသေချာသေးလို့ မနက်မှစခန်းပြောင်းမယ်လို့ စီစဉ်ထားတာ၊ မမျှော်လင့် ဘဲ ဗိုလ်ကြီးတို့တပ်တွေက လာတိုက်လိုက်တော့ ကျွန်မတို့အငိုက်မိသွားတာပေါ့ ”

“ ဘယ်လိုဖြစ်ပြီး တစ်ယောက်တည်း ကွဲကျန်ခဲ့ရတာလဲ ”

“ ကျွန်မတို့နေရာက တောင်စောင်းလေး၊ ဗိုလ်ကြီးတို့က ညအငိုက်ဖမ်းပြီး နှစ်ဖက်၊ သုံးဖက်က ၀ိုင်းပစ်တော့ စပစ်ခံရကတည်းက ကျွန်မခြေထောက်မှန်သွားတယ်၊ အကုန်လုံးလည်း တောင်စောင်းက လှိမ့်ချပြေးကုန်ကြတယ်၊ ကျွန်မဒဏ်ရာရတာကို တွဲခေါ်ဖို့ပြောတာတောင မကူညီကြတော့ဘူး။ မစိန်ဝင်း ကအစ ပြေးတော့တာပဲ၊ ကျွန်မလည်း ဒဏ်ရာနဲ့ အောက်ကိုလှိမ့်ချပြီး အောက်ကလျှိုကြီးထဲမှာ ပုန်းနေခဲ့ရ တယ်၊ လေးငါးရက်ကြာတဲ့အထိ ကူမယ့်သူ ကယ်မယ့်သူမရှိခဲ့ပါဘူး။ ဗိုလ်ကြီးတို့ဆီ လက်နက်ချရင်လည်း သတ်ပစ်တယ်လို့ ဗဟိုခေါင်းဆောင်တွေက ပြောထားတယ်၊ နောက်ဆုံးမှ ရွာသားတွေကတွေ့လို့ ဘယ်လို မှ မတတ်နိုင်တော့တာနဲ့ ဗိုလ်ကြီးတို့ဆီရောက်လာတာ၊ ဗိုလ်ကြီးတို့ သတ်ချင်လည်းသတ်ပါ ”

“ ဟာ - မဟုတ်ပါဘူးဗျာ၊ ဘာဖြစ်လို့သတ်ရမှာလဲ၊ ဒီလိုအလင်းဝင်တဲ့သူတွေကို ကျွန်တော်တို့က လိုအပ်တဲ့ဆေးဝါးကုသမှုပေးပါတယ်။ ကောင်းကောင်းမွန်မွန်ထားပါတယ်၊ ခင်ဗျားကိုလည်း ဒီနေ့ပဲ ပေါင်း တည်ဆေးရုံကို ဆက်ပို့ပေးဖို့ လုပ်ထားပါတယ်၊ နေကောင်းတဲ့အခါ ကျွန်တော်တို့လူကြီးတွေနဲ့ တွေ့ကြတာပေါ့ဗျာ ”

“ ဒါဆိုလည်း ကျေးဇူးပါပဲရှင် ”

“ ဗဟိုဆေးတပ်ရဲ့ အခြေအနေကော ဘယ်လိုရှိပါသလဲဗျာ ”

“ ဗိုလ်ကြီးသိပြီးသားဖြစ်မှာပါ၊ ကျွန်မတို့ခေါင်းဆောင် မစိန်ဝင်းက ကျေးလက်အာဏာနီတည်ဆောက်ရေးနဲ့ နီရေး၊ ချွန်ရေးသင်ကြားပို့ချပေးနေတာပဲ ”

“ ဖြုတ်၊ ထုတ်၊ သတ်တွေကော မရှိဘူးလားဗျာ ”

“ ကျွန်မတို့ရဲ့ချမှတ်ထားတဲ့မူဝါဒ သဘောထားနဲ့ ဆန့်ကျင်တဲ့ပါတီတွင်းက လူတွေရော၊ ကျေးလက်ဒေသကလူတွေပါ တောက်လျှောက်ရှင်းလင်းသုတ်သင်နေတာပါပဲ ”

“ သြော် ”

လက်နက်ချစစ်ဆင်ရေးတာဝန်ခံ အမျိုးသမီးမှာ ထိုစကားများပြောစဉ် အသံအနည်းငယ်မာလာ၏။ တော်တော်ခေါင်းမာတဲ့အမျိုးသမီးပါလား။ ဗကပတွေဟာ ဒီလို ဒဏ်ရာအသည်းအသန်ရထားတာတောင် သူ့ဝါဒကို မစွန့်လွှတ်ဘဲ ၀ါဒစွဲပြင်းထန်ကြပါကလားဟု အမြင်တစ်ခုကို သူမအားမေးမြန်းရင်း ကျွန်တော်သိ ခဲ့ရ၏။

ပြီးတော့ သူမရဲ့အသံကို ကျွန်တော်ရင်းရင်းနှီးနှီးကြားခဲ့ဖူးသည်ထင်၏။ ဘယ်မှာကြားခဲ့ဖူးပါလိမ့်။ လုပ်ငန်းတာဝန်တွေကြားမှာ ပြေးလွှားသွားလာနေရသဖြင့် အတိတ်မှာမှုန်ဝါးဝါးနှင့်ဖြစ်နေခဲ့ပါပြီ။ ထိုအတွေး နှင့် ဆက်မေးမိပြန်သည်။

“ ကိုယ်ရေးရာဇ၀င်နဲ့ ဇာတိဒေသလေးကော မသိရဘူးလားခင်ဗျာ ” “ နောက်မှ အေးအေးဆေးဆေး ပြောပါရစေရှင်၊ အခုလောက်ပြောရတာကို မောနေပါပြီ ”

ကျွန်တော်လည်း သူမထံမှ သိလာသမျှကို တပ်ရင်းမှူးထံ သတင်းပို့လိုက်သည်။ ထို့နောက်တပ်ရင်းမှူး၏ ညွှန်ကြားချက်အရ သူမကို သိပ်မဝေးသော ပေါင်းတည်မြို့နယ်ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးသည်။ ဆေးရုံတွင် သူမကို မြို့နယ်ဆရာဝန်ကြီးမှ လိုအပ်သည်များစစ်ဆေး၍ လက်ခံ ကုသပေးသည်။

“ ဗိုလ်ကြီး - အပြင်မှာတပ်ရင်းမှူးကြီးလွှတ်လိုက်တဲ့ဧည့်သည်တွေရောက်နေတယ် ”

ကျွန်တော့်ရုံးအဖွဲ့မှ လာရောက်သတင်းပို့သည်။

“ ဟာ ဦးတင်ရှိန် ”

“ ဟုတ်တယ်ဗိုလ်ကြီးရေ၊ ဗဟိုဆေးကျောင်းက စစ်ရေးတာဝန်ခံဆိုလို့ ဗိုလ်ကြီး တပ်ရင်းမှူးကြီးက ဦးတင်ရှိန်သိမှာပါ။ လိုက်ကြည့်ပေးပါခင်ဗျာဆိုလို့ လိုက်လာတာပါ ”

ဦးတင်ရှိန်မှာ မကြာသေးမီကမှ ကျွန်တော်တို့ထံ လက်နက်ချအလင်းဝင်လာသည့် ဗကပသာယာဝတီခရိုင် စစ်ရေးတာဝန်ခံ ဗိုလ်တင်ရှိန်ဖြစ်၏။

သူ့အား အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်ပြီး ဗဟိုမှ ဖြုတ်၊ ထုတ်၊ သတ်လုပ်ရန်စီစဉ်နေစဉ် ထွက်ပြေးလွတ်မြောက် အလင်းဝင်လာသူဖြစ်၏။ ဗဟိုဆေးကျောင်းနှင့် အချိန်ကြာမြင့်စွာနေဖူးသဖြင့် မစိန် ၀င်းကအစ အောက်ခြေရဲဘော်အဆင့်အထိ သူအကုန်သိလေသည်။

“ ကဲ ဦးတင်ရှိန်ရေ - ခင်ဗျားက သူတို့ဆေးကျောင်းကအဖွဲ့တွေ အကုန်သိတဲ့လူဆိုတော့ ဒီအမျိုးသမီးကို ၀င်ကြည့်ပေးပါ ”

ဦးတင်ရှိန်က ဆေးရုံအတွင်းဝင်ကြည့်သည်။ ခဏအကြာတွင် ပြန်ထွက်လာသည်။

“ ဗိုလ်ကြီးရေ - ဗိုလ်ကြီးတို့ ရလာတာ တကယ့်အမျိုးသမီးပဲဗျ ”

“ ဘာဖြစ်လို့လဲဗျာ ”

“ သူက ဗိုလ်ကြီးတို့ ရန်ကုန်တက္ကသိုလ်က ကျောင်းသားခေါင်းဆောင်တွေနဲ့ ရှေ့ဆင့်နောက်ဆင့် တောခိုလာတဲ့ အမျိုးသမီးပဲလေ၊ ကိုဘဆွေလေးတို့၊ ကိုသက်တို့ တောထဲရောက်ပြီး နှစ်နှစ်လောက်မှာ ကျွန်တော်တို့ဆီရောက်လာတာ၊ ဗဟို မတ်စ်လီနင်ဝါဒ ကျောင်းဆင်းပဲ၊ ရောက်လာတဲ့အဖွဲ့ထဲမှာ အတက် ကြွဆုံးလေ၊ တက္ကသိုလ်ကျောင်းသူတွေထဲမှာ မစိန်ဝင်းရဲ့ ညာလက်ရုံးပေါ့၊ ဇာတိက ဗိုလ်ကြီးတို့ ဧရာဝတီ တိုင်းကပဲ ”

“ နာမည်က ဘယ်သူတဲ့လဲဗျာ ”

“ တော်လှန်ရေးရဲမေပြောက်ကျား မှုံဝါးဝါးတဲ့ဗျာ ”

“ ဗျာ ”

ဦးတင်ရှိန်စကားက ကျွန်တော်၏ခေါင်းသို့ မိုးကြိုးပစ်သလိုနှယ် ဒိန်းခနဲဝင်ဆောင့်လိုက်၏။

အို - ဒါဆို သူမက ကျွန်တော့်ငယ်ချစ်ဦး မှုံများလေလား။ ဆေးရုံအတွင်းသို့ ကျွန်တော်အပြေးအလွှား ပြန်ဝင်သွားခဲ့၏။

မြို့နယ်ဆရာဝန်ကြီးနှင့်တွေ့သည်။ ဆရာဝန်ကြီးက ကျွန်တော့်ခံစားချက်ကို မသိရှာပါ။

“ ဗိုလ်ကြီးမောင်မောင်သန်းရေ - ဗိုလ်ကြီးလာပို့တဲ့လူနာတော့ အကုန်စစ်ပြီးပြီ၊ မျက်စိကတော့ စိုးရိပ်စရာမရှိဘူး။ ပြန်ကောင်းမှာပါ၊ ခြေထောက်ကတော့ Gangarine ရိုးတွင်းခြင်ဆီလိုက်နေလို့ ဖြတ်ရ လိမ့်မယ်ထင်တယ်၊ နှလုံးလည်း သိပ်အားနည်းနေတယ်၊ အဖျားလည်းရှိတယ်၊ အခြေအနေကတော့ စိုးရိမ် ရပါတယ်ခင်ဗျာ ”

“ ဒါဆိုလည်း ကျွန်တော်ထပ်သွားကြည့်ပါရစေအုံးခင်ဗျာ “

“ ရပါတယ်ခင်ဗျာ၊ ကြည့်ပါ ”

“ စစ္စတာရေ - ဗိုလ်ကြီးကို လိုက်ပို့လိုက်ပါ ”

“ ကျွန်တော့်လိုက်ပို့သည့် သူနာပြုဆရာမလေးက ဘာကြောင့်ရယ်မသိ၊ စံပယ်ပန်းကုံးများကိုင်ထား၏။

“ စစ္စတာရေ ကျွန်တော့်ကို စံပယ်ပန်းတစ်ကုံးလောက် ကျေးဇူးပြုပါ ”

ကျွန်တော်က အနူးအညွတ် တောင်းခံလိုက်သည်။ ကျွန်တော်နှင့်သူနာပြုဆရာမလေးတို့ လူနာခန်း အတွင်းသို့ ၀င်လိုက်ကြသည်။ ဦးတင်ရှိန်စကားကြောင့် သူမကို သေသေချာချာကြည့်တော့မှ သွယ်သွယ် လျလျငယ်ရုပ်က တဖြည်းဖြည်းပေါ်လာသည်။ ဟုတ်ပါပြီ၊ သေချာပါပြီ၊ သူမကား ကျွန်တော့်ရဲ့ငယ်ချစ်ဦး မှုံပါလား။ မှုံ သို့မဟုတ် ဝေေ၀မှုံ၊ ကျွန်တော်က စံပယ်ပန်းကုံးလေးအား သူမ၏ မျက်နှာနားကပ်၍ အညင် သာဆုံးလေသံနှင့် သူမကို ခေါ်မိသည်။

“ မှုံ .... မှုံ ..... မှုံရေ ”

ကျွန်တော့်ခေါ်သံကြောင့်လားမသိ။ သူမ အနည်းငယ်လှုပ်ရှားလာသည်။ ပြီးတော့ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။

“ စံပယ်ပန်းအနံ့ရတယ် ”

တိုးတိုးလေးဆိုလိုက်၏။

“ ဟုတ်တယ်မှုံ၊ စံပယ်ပန်းအနံ့ပဲ၊ ဒီမှာလေ အမောင်ယူခဲ့တဲ့စံပယ်ပန်း၊ ပန်းပန်ရင် နန်းဆန်တယ်ဆို တဲ့ မှုံ့ကို ပန်ပေးဖို့ယူလာတဲ့ စံပယ်ပန်းလေ၊ မှုံ့ရဲ့ ငယ်ငယ်ကတည်းက ပန်းဆက်သမား အမောင်လေ ”

ကျွန်တော်က မှုံ့နားကပ်၍ တိုးတိုးပြောပြီး စံပယ်ပန်းကုန်းကို မှုံ့လက်ထဲထည့်ပေးလိုက်သည်။

“ မှုံ့ကို နောက်တစ်ခါပြန်ခေါ်ပါအုံး ”

“ မှုံ၊ မှုံ၊ မှုံ အမောင်ရဲ့မှုံရေ ”

“ ဟုတ်တယ်၊ အမောင်ရဲ့မှုံပဲ၊ ၀ါသနာဘာဂီ ဆက်တိုင်းမှီ ဆိုတဲ့စကားအတိုင်း လက်နက်ကိုင်တော် လှန်ရေးအတွက် မှုံ တောထဲရောက်ခဲ့တယ်၊ တောထဲမှာ အနာဂတ်ပျောက်သွားတယ်၊ ဘ၀တစ်ခုလုံး မှုန် ၀ါးဝါးဖြစ်သွားတယ်။ လေးဝါးဝါး၊ ထွေးဝါးဝါးဆိုတဲ့ တောခိုဖက် ကရင်အမျိုးသမီးလေးတွေနဲ့ ဆင်တူဖြစ် အောင် မှုံ့နာမည်ကိုလည်း မှုံဝါးဝါးလို့ ပြောင်းခဲ့တယ်၊ တကယ်တော့ ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်၊ ခတ္တိယရွာကလေးက အမောင့်ရဲ့ငယ်ချစ်ဦး မှုံပါအမောင် ”

“ သြော် - အမောင့်ကို မှုံမှတ်မိပြီနော်၊ အမောင်လေ မှုံ့ကို ဗိုလ်သင်တန်းဆင်းဆင်းချင်း အမော တကောရှာခဲ့တယ်၊ မတွေ့ခဲ့ပါဘူး၊ နောက်ဆုံးတော့ အရူးတစ်ယောက်လို သတင်းစာထဲကတောင် ကြော်ငြာထည့်ခဲ့တယ်၊ ဒါပေမဲ့ မတွေ့ခဲ့ဘူး၊ ခြေရာလည်းပျောက်၊ ရေလည်းနောက်ပါပဲ၊ ဘယ်လိုတွေ ဖြစ် သွားရတာလဲ မှုံရယ် ”

“ အမောင်ပြောတဲ့ နိုင်ငံရေးစာပေတွေ သမဂ္ဂမှာ လေ့လာရင်း မှုံလမ်းမှားကို လိုက်ခဲ့မိတယ်အမောင်၊ ဒီရောက်တော့ သူတို့သိမ်းသွင်းတာခံရပြီး လက်နက်ကိုင်မိတာပါပဲ၊ သူတို့စကား တွေလည်း ယုံခဲ့တယ်လေ၊ နောင်တရချင်ချင်ဖြစ်လို့ ပြန်မယ် စဉ်းစားတော့လည်း အမောင်တို့တပ်က ပြန် လာတဲ့သူတွေကို သတ်တယ်၊ ဖြတ်တယ် ဆိုတော့ မှုံ ဘယ်လိုမှပြန်မလာနိုင်တော့ဘူး ”

“ ဒီလိုမဟုတ်ပါဘူးမှုံ၊ အမောင်တို့က ရန်သူပေါ်မှာ နေလို၊ မီးလိုကျင့်ပေမယ့် အမှားမြင်လို့ ပြန်ဝင် လာတဲ့ မှုံတို့လို လူတွေကို ရင်ဖွင့်ပြီး ခွင့်လွှတ်ကြိုဆိုလျက်ပါမှုံ၊ အမောင်တို့ကို ယုံပါမှုံ၊ မလိမ်ပါဘူးမှုံရယ်၊ ကိုယ့်ချစ်သူကို လိမ်ရဲတဲ့သတ္တိ အမောင့်မှာမရှိပါဘူး ”

“ ပြောတတ်လှချေလား တပ်မတော်သားကြီး အမောင်ရယ်၊ အမောင့်စကားကြားရတော့ မှုံဝမ်းသာ လိုက်တာ ”

စကားပြောရင်း မှုံမောနေသည်။ အသက်ပြင်းပြင်းရှူနေရသည်။ ထိုစဉ် အနားမှာရှိသည့် သူနာပြု ဆရာမလေးက ကျွန်တော့်ကို မျက်ရိပ်ပြ၍ခေါ်သည်။

“ အားနာပါတယ် ဗိုလ်ကြီးရယ်၊ ဗိုလ်ကြီးတို့ ဒီလိုပြောဆိုနေကြတာကို ကြားရရုံနဲ့ ကျွန်မဇာတ်ရည် လည်ပါပြီ၊ လူနာကိုလည်း သနားပါတယ်၊ ဗိုလ်ကြီးကိုလည်း ကရုဏာသက်ပါတယ်၊ ဒါပေမဲ့ လူနာဟာ သေနတ်ဒဏ်ရာအပြင်၊ နှလုံးအားနည်းတဲ့ ရောဂါပါရှိနေတဲ့အတွက် ၀မ်းသာဝမ်းနည်းတွေ ခုလိုချက်ချင်း မဖြစ်သင့်ဘူးလို့ ပြောပါရစေရှင် ”

“ ကျွန်တော် သဘောပေါက်ပါတယ်ခင်ဗျာ၊ သူ့ကို အားပေးစကား ခဏလေးပြောပြီးရင် ကျွန်တော်ပြန်ပါ့မယ် ”

ဆရာမလေးနှင့် စကားပြောပြီး မှုံ့ဆီ ကျွန်တော်ပြန်ခဲ့သည်။

ကျွန်တော်ပေးခဲ့တဲ့ စံပယ်ပန်းကုံးလေးကို မှုံက ခေါင်းမှာ ပန်ထားသည်။ စံပယ်ပန်းကုံးလေးနဲ့ လှ လိုက်သည့်မှုံ၊ ချစ်စရာကောင်းလိုက်သည့်မှုံ၊ မှုံမျက်နှာက ပြုံးနေသည်။

“ မှုံ - အမောင့်ကို မမုန်းဖူးပေါ့၊ ဒါ့ကြောင့် အမောင်ပေးတဲ့ ပန်းကုံးလေးပန်ထားတာ၊ အို မှုံရယ် - မှုံ့ ကို အမောင်သိပ်ချစ်တယ်၊ ဆေးရုံက ဆင်းရင် မှုံ့ကို အမောင်လက်ထပ်မယ်၊ ဘယ်သူတွေဘာပြောပြော လက်ထပ်မယ်သိလား ”

ကျွန်တော်က ရင်တွင်း၌စကားတွေ တတွတ်တွတ်ပြောပြီး မှုံ့အနားပြန်ရောက်လာ၏။ မှုံကတော့ ခုတင်ပေါ်မှာ ခေါင်းအုံးနှစ်လုံးဆင့်ပြီး မှီထိုင်နေသည်။ မှုံ့ လက်နှစ်ဖက်က ခေါင်းက စံပယ်ပန်းကုံးလေးကို တယုတယ ကိုင်ထားသည်။ မျက်နှာကလည်း ပြုံးယောင်သန်းနေ၏။

သူနာပြုဆရာမလေးက မှုံ့ခေါင်းထက်က လက်နှစ်ဖက်ကို သွားကိုင်လိုက်၏။ ပြီးတော့ အောက်သို့ အသာချပေးလိုက်သည်။

ဆရာမလေး ရုတ်တရက် မျက်နှာပျက်သွား၏။ မှုံ့လက်မှ သွေးကိုစမ်းသည်။ ပတ်တီးဖြေထားပြီးစ ပွင့်နေသော မှုံ့ရဲ့မျက်လုံးနှစ်လုံးကို ဂွမ်းစလေးနှင့် တို့လိုက်၏။ ပြီးတော့ မျက်လုံးနှစ်လုံးကို လက်ဖြင့်အသာပိတ်ပေးလိုက်၏။

“ လူနာဆုံးသွားပါပြီ ဗိုလ်ကြီးရှင် ”

“ ဗျာ ”

“ ဗိုလ်ကြီးရဲ့မှုံ ဆုံးသွားပါပြီရှင် ”

“ ဖြစ်မှဖြစ်ရလေမှုံရယ်၊ အမောင်နဲ့ ပြန်တွေ့ကြမှ ဆုံးရတယ်လို့၊ ကုသိုလ်ကံက နည်းလှချေလား ”

ကျွန်တော် ရင်နဲ့အပြည့်ကြေကွဲခြင်းများနှင့် ၀မ်းနည်းပန်းနည်းရေရွတ်လိုက်၏။ ထိုစဉ် အခန်းပြင်ဘက်မှ ရေဒီယိုသံက သဲ့သဲ့လေး ပျံ့လွင့်လာနေ၏။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်အလွန်ကြိုက်ခဲ့သော အဆိုတော်ကြီး ကိုရဲဝင်းရဲ့ “ ငယ်ချစ်ဦးနဲ့တွေ့ဆုံခြင်း ”။

“ ငယ်ချစ်ဦးနဲ့ လွဲရသည်မှကွယ် xxxxx မမျှော်လင့်ပါပဲ ပြန်လည်၍ တွေ့ဆုံကြတော့ရင် xxxxx အံ့သြရင်းနဲ့ နှောင်းလေသော်အချိန်များကို နှမြောရင်းသာ ငယ်ချစ်ဦးလေးနဲ့ တွေ့ဆုံ xxxxxx မမေ့နိုင် အောင် ချစ်ခဲ့ပုံတွေရယ် xxxxxx နေ့စဉ်မှန်းဆ တမ်းတဗျာပါကြွယ်။ ဘုရားသွားကျောင်းတက် အတူတူ ကွယ် ဖူးစာမဆုံခဲ့တယ် xxxxxx နေ့နဲ့ညနဲ့ ကိုယ်တို့နှစ်ဦး မေတ္တာလမ်းမှ ခွဲကာရယ် xxxxx တစ်ယောက် တစ်ကမ္ဘာ တစ်နယ်စီခြား ဝေးပေမယ့်လည်းကွယ် xxxxx ၀ိညာဉ်လေးများ သူ့ထံမယ် မောင့်ငယ်ချစ်ဦး မေ့ဘူး ယနေ့တိုင်ကွယ်။

သြော် ဒီကလွမ်းသလို ငယ်ချစ်လည်း လွမ်းရှာလေသလား xxxxx မမေးဝံ့ပါတယ်၊ ကေသာဝယ် စံပယ် တစ်ကုံး၊ သူပန်ဆင်လေတုန်းမို့ xxxxxx ကိုယ့်ကို မမုန်းသေးကြောင်းတော့ နားလည်မိသေးတယ် xxxx ရာသီတွေ ဘယ်လိုသစ်စေ၊ ငယ်ချစ်ကိုမေ့မရနိုင်တယ် ”

မှုံ၊ မှုံ၊ သေတာတောင် အမောင်စံပယ်ပန်းကုံးလေးကို ပန်သွားတဲ့မှုံ။ မှုံကွယ်လွန်သွားပြီဆိုတော့ မှုံနဲ့ ကျွန်တော်ရဲ့ ဇာတ်လမ်းက ဒီမှာတင် နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့ပါပြီ။

သူများတွေ ငယ်ချစ်ဦးနဲ့ ပြန်ဆုံကြတာတော့ အမျိုးမျိုးအဖုံဖုံဖြစ်ကြပါလိမ့်မည်။ ကျွန်တော့်မှာတော့ ငယ်ချစ်ဦးနဲ့ တွေ့ဆုံခြင်းမှာကား စစ်သားရင့်မာကြီး တစ်ယောက်ဖြစ်ပါလျက် ကိုယ့်လက် ချက်နဲ့ အသက်ပါ ပါသွားရရှာတယ်လို့ ဆိုရမယ့်အဖြစ်မို့ အမောင်ဘယ်လိုဖြေရမှာလဲမှုံရယ်။

အမောင့်ကို ခွင့်လွှတ်ပါလေမှုံ၊ နောင်ဘ၀ဆိုတာရှိပါစေ မှုံ၊ နောင်ဘ၀ဆိုတာရှိခဲ့လျှင်ဖြင့် ဖြစ်လေ ရာဘ၀တိုင်းမှာ ချစ်သောမှုံနဲ့ ပြန်ဆုံရပါစေသားလို့ အမောင် ထာဝစဉ် ဆုတောင်းနေမှာပါမှုံ။

ချစ်သောမှုံတစ်ယောက် ကောင်းရာသုဂတိသို ရောက်ပါစေသတည်း။ ။

( ဇာတ်ကြောင်းပြန်ပြောင်းပြောပြသည့် ဗိုလ်မှူးကြီး မောင်မောင်သန်းအား ကျေးဇူးတင်လျက်)



သောင်းဝေဦး

မှီငြမ်းကိုးကားသည့်စာအုပ်များ

၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ပထမတွဲ)

၂။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ ( ဒုတိယတွဲ)

၃။ ဇင်ချစ် နောက်ဆုံး(၂)

Fully Copy from http://www.myanmartatmadaw.net/ 

No comments:

Post a Comment