Friday, April 10, 2015

လာချင်ရင် အနီးလေး ဆက်ဆက်ကြိုမယ်ရှင်….. ဒေါက်တာအေးအေးမြင်.



ပြုပြင်ဆဲ ကာလ ၀ါးခယ် ကားလမ်း

ဝါးခယ်မကနေရန်ကုန်ကို  ပြောင်းလာခဲ့တာ အခုဆို ၁၅နှစ်ရှိပါပြီ။
စပြောင်းခါစကတပတ်တခါ နောက်တော့ တလတခါ အခုနောက်ပိုင်းတော့ တနှစ်မှ တခါပဲ ပြန်ဖြစ်ပါတော့တယ်။နာဂစ်မုန်တိုင်းအပြီးမှာမုန်တိုင်းဒဏ် မခံရပဲနဲ့ ဆိုးဝါးသွားတဲ့ လမ်းအခြေအနေကြောင့်
ကျောက်ခဲမြိုသွားအစာကြေတယ်ပြောရလောက်အောင် ကားတခုန်ခုန် ဖုန်တလုံးလုံးနဲ့ သွားခဲ့ရပါတယ်။
၂၀၁၄ အောက်တိုဘာ၃၁ မှာ ကျောင်းကြီး ရွှေရတုကထိန်ပွဲ ပြန်ဖြစ်တဲ့အထိ လမ်းမကောင်းသေးပါဘူး။

၂၀၁၅ မတ်လထဲမှာတော့  ၀ါးခယ်မလမ်းတွေ ကောင်းသွားပြီ ဆိုတဲ့ သတင်းကောင်းကြားလိုက်ရပါတယ်။
ထုံးစံအတိုင်းမြို့ကို တနှစ်တခါ ပြန်နေကျအချိန်ကျလာတော့ မတ်လ ၂၈ရက်နေ့ညနေ ကျမတို့ မောင်နှမတွေ
စုပြီး ကားနဲ့ပြန်ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့ထဲမှာကားလမ်းတွေပိတ်နေလို့ မြေနီကုန်းကနေ ဘုရင့်နောင် တံတားအမှတ်(၂) ရောက်တဲ့ထိ ၁နာရီ မောင်းခဲ့ရပါတယ်။ဘုရင့်နောင်တံတားရောက်တော့ ညနေ ၄နာရီ တိတိ၊ရန်ကုန်မိုးကလည်း သည်းသည်းမဲမဲ ရွာလိုက်ပါတယ်။လမ်းမှာဖုန်မရှူရတော့ဘူးလို့ တွေးလိုက်ပါတယ်။
လှိုင်သာယာ၊ဒဂုံဧရာအဝေးပြေး၊ပန်တိုင်၊ထန်းတပင်လမ်းကတော့ နဂိုကတည်းက ကောင်းပြီးသားပါ။
ထူးခြားတာကတော့လမ်းဘေးတလျှောက် တည်ဆောက်ပြီး တည်ဆောက်ဆဲ စက်သုံးဆီဆိုင်တွေပါပဲ။
လမ်းမှာ ဆီပြတ်မှာမပူရတော့ဘူးပေါ့။ဆီဈေးနှုန်းတွေ ကြေငြာထားတာလည်း ရန်ကုန်မြို့ထဲနဲ့ သိပ်မကွာပါဘူး။တဆိုင်နဲ့တဆိုင်တော့ အနည်းအကျဉ်းကွာပါတယ်။

ဈေးကွက်ကိုတရားမျှတစွာ ယှဉ်ပြိုင်ခွင့်ပေးခြင်းကနေ စားသုံးသူတွေအတွက် စိတ်ကျေနပ်စွာ ၀ယ်ယူသုံးစွဲခွင့်ရလာမှာ ဖြစ်ပါတယ်။ဒါမှ လွတ်လပ်သော စစ်မှန်သော တိုးတက်ခြင်းပါ။

မဲဇလီရေထိန်းတံခါးကိုလွန်၊စည်ကားနေတဲ့ ဆားမလောက်လမ်းဆုံကနေ မအူပင်လမ်းခွဲကို ချိုး ၊ရေနံမြေလမ်းကနေ ဗိုလ်မြတ်ထွန်းတံတားပေါ်ရောက်တော့ညနေ ၅နာရီ ၁၅မိနစ်ရှိပါပြီ။ တံတား ၂ခုကြား တနာရီ ကီလို ၈၀ခန့် မောင်းတာ ၁နာရီ ၁၅မိနစ်မောင်းရပါတယ်။
အရင်က တံတားအဆင်းစားသောက်ဆိုင်တန်းက ပြည်ကြီးတံခွန်မှာ နားနေကျပေမယ့် ဒီတခါတော့ လမ်းမှာ ဆိုင်သစ်တွေအများကြီး ဖွင့်နေပြီ ကြားထားလို့ ရှေ့ကိုပဲ ဆက်မောင်းခဲ့ပါတယ်။
ဟိုင်းဝေးမောင်းတဲ့အခါကားမောင်းသူတွေကြားမှာ ချစ်စရာ ဓလေ့လေး တခုရှိပါတယ်။
ရှေ့ကားနောက်ကားကူညီ အချက်ပြပေးတာပါ။
ရှေ့ကားကိုနောက်ကားက ကျော်ချင်လို့ မီးပြပြီး တောင်းတဲ့အခါ ရှေ့ကားက လမ်းရှင်းပြီဆိုရင် ဘယ်ဖက်အချက်ပြမီးကိုပြပါတယ်။ ကျော်ပေတော့ ဆိုတဲ့ သဘောပေါ့။
မရှင်းသေးဘူး၊မျက်နှာချင်းဆိုင်ကားတွေဆိုင်ကယ်တွေ ရှိနေသေးရင် ညာဖက် အချက်ပြမီးကို ပြထားပါတယ်။
နေအုံး၊မကျော်သေးနဲ့ဆိုတဲ့ သဘောပါ။
ကားတစီးနဲ့တစီးလည်း အသိအကျွမ်းတွေ မဟုတ်ပေမယ့် ဦးတည်ရာတူတူ speed တူတူ မောင်းနေကြတဲ့အခါ မိတ်ဆွေလိုသဘောထားပြီး ရှေ့ကားက နောက်ကားကို ဖေးမ အချက်ပြခေါ်သွားတတ်ပါတယ်။
အခုဒီခရီးမှာလည်းကျမတို့ရဲ့ ရှေ့ကသွားတဲ့ CRV အဖြူလေး တစီးက ကျမတို့ကားကို ပန်တိုင်ကနေ ပန်းတနော် ရွှေခေတ်ရောက်တဲ့အထိအချက်ပြဖေးမခေါ်ပေးသွားတာကြောင့် သက်သက်သာသာ မောင်းသွားခွင့်ရလိုက်ပါတယ်။

ပန်းတနော်အ၀င်မှာရှိတဲ့  ရွှေခေတ်စားသောက်ဆိုင်က ဖွင့်တာ နှစ်မကြာသေးတာကြောင့်သန့်စင်ခန်းတွေ သန့်သန့်ပြန့်ပြန့် အသုံးပြုနိုင်ခဲ့ပါတယ်။မုန့်ဟင်းခါးကောင်းတယ်လို့ပြောကြပါတယ်။
မိုးရိပ်ကြောင့်ထင်ပါရဲ့၊စောသေးပေမယ့် မှောင်စပျိုးလာတာကြောင့် ခဏနားပြီး  ခရီးဆက်ခဲ့ပါတယ်။
ရန်ကုန်ပုသိမ်လမ်းမကြီးပေါ်ကနေ၀ါးခယ်မလမ်းဆုံရောက်တော့ ၅နာရီခွဲပါ။
ဝါးခယ်မလမ်းဆုံမှာတော့အရင်နဲ့မတူ ဖရဲသီးဆိုင်တွေ၊သစ်သီးမျိုးစုံဆိုင်၊မုန့်ဆိုင်၊လက်ဖက်ရည်ဆိုင် စည်ကားနေတာတွေ့ရပါတယ်။

အရင်ကဆိုဝါးခယ်မလမ်းဆုံကနေ ၁၅မိနစ်လောက်မောင်းလိုက်တာနဲ့ လမ်းစဆိုးတော့တာပါပဲ။
အခုတော့ လှိုင်းမရှိအောင်ကြိတ်ထားလို့ တနာရီ ကီလို ၉၀လောက်မောင်းလို့ရပါတယ်။
လမ်းဆုံကနေမအူချောင်းရွာကိုဖြတ် ရွှေလောင်းတံတားရောက်တော့ ၆နာရီ ၁၅မိနစ်ရှိပါပြီ။
လမ်းဘေးမှာတော့ပဲခင်း၊ငရုတ်ခင်းနဲ့ နေကြာခင်းတွေ တွေ့နေရပါတယ်။
အရင်ကဆိုရွှေလောင်းတံတားနဲ့ ၀ါးခယ်မတံတားကြားမှာ လမ်းဆိုးလွန်းလို့ ဖြည်းဖြည်းလေးမောင်းရပါတယ်။
တံတားတွေကလည်းပြင်နေဆဲမို့ လမ်းလွှဲက ဆင်းဆင်းမောင်းရတာနဲ့ ခရီးနီးနီးလေးကို ၁နာရီ ကျော်ကြာအောင်မောင်းခဲ့ရပါတယ်။

ရွှေလောင်း - ၀ါးခယ်မကြား ကားလမ်းပေါ်ရှိ တံတား တစ်စင်း တည်ဆောက်ဆဲ အချိန်က
 အခုတော့ လမ်းတွေကလည်းကောင်း၊တံတားတွေကလည်း ကွန်ကရစ်တံတားတွေ ဖြစ်နေလို့ အရှိန်မလျှော့ပဲ မောင်းနိုင်သွားပါပြီ

မရမ်းချောင်လမ်းဆုံ၊သဲကုန်းတံတား၊ဦးကြီးတော်ကိုလွန်တော့ဝါးခယ်မတံတားရှိတဲ့ ထော်ကနွတ်ရပ်ကွက်ကို ညနေ ၆နာရီ ၄၅မိနစ် မှာရောက်ပြီး ၀ါးခယ်မတံတားကိုဖြတ်၊အောက်မှာမီးရောင်ထိန်နေတဲ့ မြသိန်းတန်စေတီကို ဖူးရင်း ၀ါးခယ်မဖက်ကမ်းကို ရောက်ခဲ့ပါတယ်။
ဒီအချိန်ဆိုမြို့ထဲ ထမင်းဆိုင်တွေ ပိတ်လောက်ပြီဆိုပြီး တံတားအဆင်း အဝေးပြေးကားကွင်းထဲက ဧကရီချမ်းမှာပဲဝင်စားကြပါတယ်။လူကျနေလို့ နည်းနည်းစောင့်ရတာကလွဲရင် ရန်ကုန်အရသာ တရုတ်ဟင်းလျာမျိုးစုံစိတ်ကြိုက်စားနိုင်ပါတယ်။

၈နာရီမှာထမင်းစားပြီင်္းကြတော့ အိမ်ရှိတဲ့ ဆေးရုံလမ်းကို မောင်းထွက်ခဲ့ပါတယ်။လမ်းမှာတော့ မီးရောင်ထိန်ထိန်နဲ့တိုက်အိမ်သစ်တွေ လမ်းဘေး တဖက်တချက်မှာတွေ့နေရတာ ဘယ်သူဘယ်ဝါ့အိမ်တွေမှန်းတောင် မသိတော့ပါဘူး။ခမ်းနားတဲ့စိုးသိပ္ပံဟိုတယ်ကို ဖြတ်မောင်းပြီး ဆေးရုံသစ်ကြီးရှေ့ကနေ ဆေးရုံလမ်းကို ချိုးလိုက်တော့ကွန်ကရစ်အပြည့်ခင်းထားတဲ့ ဦးရှင်ကြီးကွင်းကို တွေ့ရပါတယ်။အိမ်ရှေ့မှာ ကားရပ် အထုပ်အပိုးတွေချပြီးအိမ်နားနီးတဲ့ ဆေးရုံလမ်းပေါ်က ဒေါက်တာမောင်မောင်ကြိုင်ရဲ့ ရွှေသုခဟိုတယ်
သစ်မှာ အခန်းသွားယူလိုက်ပါတယ်။ဟိုတယ်အသစ်က ရန်ကုန်ဟိုတယ်တွေထက်တောင် သာပါတယ်။အိပ်ရာဖုံး၊ခေါင်းအုံး၊စောင်တွေ သန့်ပြန့်လို့၊မျက်နှာသုတ်၊ကိုယ်သုတ်ပုဝါဖြူတွေနဲ့သွားပွတ်တံ၊သွားတိုက်ဆေး၊ဆပ်ပြာတွေလည်း
 ပေးထားတယ်။

အိမ်က ဘာမှ သယ်လာဖို့မလို၊ကိုယ်ပိုင်အ၀တ်အစားလေးပဲထည့်ပြီး ပေါ့ပေါ့ပါးပါးလာလို့ရပါပြီ။
တည်းခိုခကလည်းချိုသာပါတယ်။ ရိုးရိုးတယောက်ခန်း ကို ၃၀၀၀၊နှစ်ယောက်ခန်း ၆၀၀၀၊ air-cond +ရေချိုးခန်း+အိမ်သာတွဲလျက် နှစ်ယောက်ခန်း ၁၂၀၀၀၊သုံးယောက်ခန်း ၁၈၀၀၀ ပဲရှိပါတယ်။
မြို့အလှကြည့်ချင်ရင်ဝရံတာမှာ လေညှင်းခံရင်း ကြည့်လို့ရပါသေးတယ်။ဒီတခေါက် ကိုယ့်အိမ်မှာလည်း အိပ်ချင်သေးတော့လူတ၀က်က အိမ်မှာ၊တ၀က်က ဟိုတယ်မှာ အိပ်ကြပါတယ်။
နောင်ခါလာရင်တော့ဟိုတယ်မှာပဲ တည်းတော့မယ်လို့ ပြောမိကြပါသေးတယ်။

ပစ္စည်းတွေနေရာချပြီး လက်ဆောင်ထုပ်တွေယူလို့ အမျိုးအိမ်တွေ မီသလောက် လိုက်လည်ကြပါတယ်။
မြို့မလမ်းအတိုင်းမောင်းသွားတော့ ဈေးရပ်ကွက်က အိမ်တွေကလည်း တိုက်သစ်ကြီးတွေ ဖြစ်ကုန်ပါပြီ။ဆရာကန်တော့ပွဲနဲ့ရွှေရတုကထိန် ပြန်တုံးက ကျောင်းမှာပဲ အချိန်ကုန်ခဲ့တော့ မြို့ထဲ လှည့်မကြည့်ဖြစ်ခဲ့ပါဘူး။

ဦးမြင့်စိန်+ဒေါ်မြမုန့်ဆိုင်၊ဦးစုစိန်မိသားစုရဲ့စိန်စတိုး၊ဦးစံရှင်သားတွေဖွင့်တဲ့ Power Mart ၊ကိုသန်းဝင်း+နုနုရီတို့ရဲ့ ယုဇနမုန့်ဆိုင်တွေကလည်း မီးရောင်ထိန်ထိန်အောက်မှာ ရန်ကုန်မှာရတာမှန်သမျှ အကုန်ရှိနေပါလား။လက်ဆောင်ပေးဖို့မုန့်ဆိုရင် ရန်ကုန်မှာ ၀ယ်တာကမှ ဈေးကြီးချင်ကြီးနေမယ်။ဒီမှာပဲ ၀ယ်ရင် သယ်ရတာတောင်သက်သာသေးတယ်လို့ ပြောမိကြပါတယ်။

ဘုရားကြီးလမ်းကတော့လမ်းတခြမ်းခင်းနေတုံး။ည၁၁နာရီခွဲတဲ့အထိ အမျိုးအိမ်တွေ တအိမ်ဝင်တအိမ်ထွက်နှုတ်ဆက်၊ကလေးငယ်တွေကိုကိုယ့်မှတ်မိသွားအောင် စနောက် ၀က်အူကြပ်၊မနက်ကျမှ သချိင်္ုင်းမှာ ဆုံကြမယ်လို့ နှုတ်ဆက်ပြီးတဲ့နောက် အိမ်နဲ့ ဟိုတယ် လူခွဲပြီး အိပ်ကြပါတယ်။

ကိုယ်ပြန်ရောက်လို့ထင်ပါရဲ့၊ကြိုဆိုတဲ့အနေနဲ့ည ၂နာရီမှာ မီးပြတ်သွားပါလေရော။ဟိုတယ်ကလူတွေကတော့ ဇိမ်ပဲ၊မီးစက်မောင်းပေးထားတော့air-cond နဲ့ အိပ်လို့ရတာပေါ့။အိမ်မှာ အိပ်ရတဲ့လူလည်း နယ်မှာမို့ ရန်ကုန်လို ပူအိုက်စပ်မနေပဲမီးမရှိပေမယ့် သဘာဝလေအေးအေးလေးနဲ့ အိပ်ရပါတယ်။


မနက်စောစောထ၊စာတိုက်လမ်းက မုန့်ဟင်းခါးကို အကြော်၂ခုစီနဲ့ ၂ပွဲစီစားကြပြီး ပတ္တမြားမျက်ရှင်ရုံအဟောင်းနေရာမှာဖွင့်တဲ့ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ကြပါတယ်။အသိဦးမြင့်ဆွေနဲ့တွေ့လို့ လက်ဖက်ရည်တိုက်သွားသေးတယ်။
အဲဒီနောက်သင်္ချိုင်းသွား၊မိဘဘိုးဘွားတွေကို ကန်တော့ကြပါတယ်။သုသာန်မှာ အသိမိတ်ဆွေ အုတ်ဂူအသစ်တွေကတော့တိုးတိုးလာပါတယ်။ တရုတ်သုသာန်ကျောင်းကတော့ တထပ်ကျောင်းအဖြစ် ပြင်ဆောက်လိုက်ပါပြီ။ 

ဆရာတော်ကိုကန်တော့ပြီး မြို့ထဲပြန်၊ရေမိုးချိုးကြပါတယ်။ကျန်နေသေးတဲ့ အမျိုးတွေလိုက်တွေ့ကြပါတယ်။ဈေးဒေါင့်ကသူငယ်ချင်း ကြည်ကြည်မော့်ဆိုင်သွား၊၀ါးခယ်မရောက်မှ ၀ယ်လို့ကောင်းတဲ့ ပုသိမ်ချုပ်ဖိနပ်ကိုဝယ်ဖို့ကြံ(ဒီတခါတော့ သူငယ်ချင်းက လက်ဆောင်အတင်းပေးတော့ အားနာနာနဲ့ ၂ရံယူခဲ့လိုက်တယ်။)၀ါးခယ်မ မဟာစည်ရိပ်သာနဲ့ မြို့မကျောင်းသွား ကန်တော့၊ဒီ ၂ကျောင်းလည်း အဆောက်အဦးသစ်တွေနဲ့ခမ်းနားလို့ပါပဲ။
ဘုန်းကြီးကျောင်းကအပြန် အိမ်နီးတဲ့ ဆရာမ ဒေါ်ကျင်မိုင်အိမ်သွား နှုတ်ဆက်တော့ ဆရာမက သဘာဝကြံရည်ချိုချိုအေးအေးလေး တိုက်တာ အားနာပါးနာနဲ့ အားပါးတရ သောက်လိုက်ရသေး။

နေ့လည်ကျတော့ဝါးခယ်မရောက်တိုင်း မစားရ မနေနိုင်တဲ့ မေတ္တာမွန်ဆိုင်ကိုသွား၊

 
ပုဇါန်ချသ် နှင်. ပုဇွန်ရောကြော်ထားသော ဟင်းတစ်ခွက်


ဒီနှစ်တော့ ငါးသလောက်ဥ၊ငါးရံ့အူဟင်းမရဘူး။ပုဇွန်ချဉ်နဲ့ပုဇွန်ရောချက်တဲ့ ဟင်းပဲရတယ်။ငါးတန်ဆီပြန်ရတယ်။ ဒန့်ဒလွန်သီးနဲ့ချက်တဲ့ ကုလားဟင်းနဲ့စားကောင်းလွန်းလို့လိုက်ပွဲတွေ ထပ်ထည့်ကြရသေးတယ်။ဒီတခါလည်း နေ့ဆွမ်းဒကာတော် ကိုသက်ရှည်နဲ့ တွေ့သွားတယ်။သာဓုပါ။
ထမင်းစားပြီးဟိုတယ်က Check out လုပ်၊ပစ္စည်းတွေ အိမ်သယ်ထားတော့ ဟိုတယ်ပိုင်ရှင် ဒေါက်တာ မောင်မောင်ကြိုင်က မွေးပွပုဝါတွေ လက်ဆောင်ပေးလိုက်သေးတယ်။ အဲဒီနောက်ဝါးခယ်မမြစ်ကို ပဲ့ထောင်နဲ့ဖြတ်၊တရုတ်တန်းဖက်ကိုကူး၊အရှေ့ပိုင်းကျောင်းက ဆရာတော် ဦးဇင်းကုလားကိုဘုန်းကြီးစာချ တရားဟော၊ရပ်ကွက်သူရပ်ကွက်သားတွေကို ကိုယ့်ကျောင်းကိုယ့်ဆရာတော်ကို ၀န်းရံကြလို့ စည်းရုံး၊ကလေးတွေကို ပုံပြောပြိုင်ပွဲလုပ်၊အကျီင်္၊မုန့်နဲ့ စာရေးကိရိယာတွေ ပေး၊သာကူတိုက်ပြီးလို့ပြန်ကြတော့ ညနေ ၄နာရီခွဲနေပါပြီ။

အိမ်မှာတော့ဝါးခယ်မလက်ဆောင်တွေ ရောက်နေပြီ၊ငါးဖယ်မုန့်၊ငှက်ပျောကြော်၊ကန်စွန်းဥကြော်၊
ပုဇွန်ချဉ်၊
ငါးကျည်းခြောက်၊
ကင်းပဲမုန့်၊မအူပင်ပဲမုန့်၊ဒန့်ဒလွန်သီး၊ငရုတ်သီး၊ဘိုကိတ်ပဲ…စုံနေတာပါပဲ။အဲဒါတွေကားပေါ်တင်ပြီးမှ အိမ်နားက ကြည်ကြည်အေး မုန့်ဟင်းခါး ငရုပ်ကောင်းပူပူလေးကို နှုတ်ဆက်တဲ့အနေနဲ့စားကြပါတယ်။

(စိတ်မကောင်းစရာတခုကတော့စားသမျှ ဆိုင်တိုင်းမှာ ပုဇွန်ရှားလို့ မရဘူး ဆိုတဲ့ စကားချည်းပဲ ကြားရတာပါပဲ၊တချိန်ကအင်မတန် ပုဇွန်ပေါခဲ့တဲ့ ၀ါးခယ်မမှာ ပုဇွန်ဥတွေ စားပစ်လို့များ ပုဇွန်ရှားသွားလေရော့သလားဆင်ခြင်ကြည်ြ့ကသင့်ပါတယ်)

ညနေ ၅နာရီ၁၅မိနစ်မှာ အမျိုးတွေ အဆွေတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြပါတယ်။(သွားရတာ အချိန်မလောက်လို့ဘုရားကြီးလည်း မဖူးခဲ့ရ၊ဆရာ/ဆရာမတွေလည်း မကန်တော့ခဲ့ရပါဘူး)
အပြန်ကတော့ဖြည်းဖြည်းမောင်းပြန်ကြပါတယ်။ ရွှေလောင်းမှာ ဆေးလိုတာ ၀င်ဝယ်ရင်း အသိတွေတွေ့ နှုတ်ဆက်ရတော့နည်းနည်းကြာသွားပါတယ်။ ရွှေလောင်းကပြန်ထွက်တော့ ၆နာရီခွဲပါပြီ။
အပြန်တော့ပန်းတနော် ရွှေမင်္ဂလာ ဆီဆိုင်နဲ့ တွဲရက် စားသောက်ဆိုင်မှာ ခဏနားပါတယ်။
ဆားမလောက်ရောက်တော့ည ၇နာရီ ဖြစ်ပါပြီ။ ဦးထွန်းသိန်းဆိုင်မှာ ၀င်စားရင်း ဆိုင်ရှင် သဘောကောင်းရုပ်ချောမအိအိချောကို နှုတ်ဆက် ၊ပဲလိပ်ပြာကြော်ဝယ်ပြီး ၈နာရီမှာ ပြန်ထွက်ခဲ့ကြပါတယ်။ဘုရင့်နောင်တံတားရောက်တော့ည ၉နာရီပါ။ရန်ကုန်မြို့ထဲပြန်ရောက်တော့ ည ၉နာရီ ၄၅မိနစ်ဖြစ်ပါပြီ။

လမ်းမှာ မနားပဲမှန်မှန်မောင်းမယ်ဆိုရင် ဘုရင့်နောင်တံတားနဲ့ ၀ါးခယ်မတံတားကြားကို ၂နာရီခွဲသာကြာပါတယ်။ဖုန်းလိုင်းတွေလည်းCDMA 09-73 တွေကလွဲရင် ကျန်တာ မိတဲ့နေရာများပါတယ်။
Ooredoo ကတော့ပိုမိပါတယ်။




ဝါးခယ်မရဲ့ စည်ကားပုံတွေကတော့ ကိုအံ့ကြီးရဲ့ ကျေးရွာဝါဒ သီချင်းတောင် ကြားယောင်မိပါတယ်။မှတ်မိကြပါတယ်မလား။

(တခေါက်လောက်ကြွခဲ့စမ်းပါ…ကျုပ်နှမများကို ဖိတ်ကြားချင်ပါတယ်ခင်ဗျာ…
ရွှေဝါရောင်တိမ်တောင်တွေ…….. စိမ်းစိမ်းစို ကိုယ်တို့ရွာ၊……
ခုများတော့ဓာတ်မီးရောင်ထိန်၊
ပွဲတွေလမ်းတွေနဲ့သာသာယာသာ…
စာသင်ကျောင်းတွေနဲ့... 
ရှေးကနဲ့တော့ မတူပါ၊
ကျေးရွာဝါဒ…ပြောင်းလဲလိုက်ကြပေါ့ခင်ဗျာ…..)

ဝါးခယ်မ ပြန်မရောက်တာ ကြာတဲ့ ၀ါးခယ်မသူားတွေ ၀ါးခယိမရဲ့ ပြောင်းလဲပုံတွေ ကြည့်မြင်ရင်း ၀ါးခယ်မ မုန့်ဟင်းခါးစားရင်း ဒေသထွက် လက်ဆောင်တွေ ၀ယ်ရင်း ပြန်လာချင်ရင်တော့ နီးနီးလေးပါလို့ ဖိတ်ချင်ပါတယ်။

Written by Dr Aye Aye Myint 

No comments:

Post a Comment